← Chapters

မင်းရဲ့ ဘဝကို သေတာထက် ဆိုးအောင် လုပ်ပေးမယ်

Vol. 145 Ch. 2172

မင်းရဲ့ ဘဝကို သေတာထက် ဆိုးအောင် လုပ်ပေးမယ်

Vol. 145 Ch. 2172

အချိန်က တရွေ့ရွေ့နှင့် ကုန်ဆုံးသွားခဲ့ပြီး လင်းရီ၏ တစ်ဖက်သတ် လူသတ်ကွင်းကြီးကလည်း ဆက်လက် ဖြစ်ပွားနေခဲ့သည်။

ကူရိရန်နှင့် တခြားသူများမှာ လင်းရီအတွက် ကျယ်ဝန်းသည့် နေရာတစ်ခုကို ဖန်တီးပေးထားခဲ့ပြီး ကြုံရာ လူကို ဆွဲ၍ စီရင်ချင်သလို စီရင်ခွင့် ဖန်တီးပေးနေတော့သည်။

သူတို့ဘက်က အရေအတွက် အသာစီး မရရှိနေသော်လည်းပဲ သူတို့တွင် သေနတ်များရှိသည်။ ဦးနှောက်မရှိသည့် အရူးများသဖွယ် ပြေးလာနေသူတိုင်းကို သူတို့ ပစ်ခတ်ရင်း မိမိကိုယ်ကို ကာကွယ်နိုင်သည်။

ထို့ပြင် ဤလူများ အကြောက်ရွံ့ဆုံးက ကူရိရန်တို့ လက်ထဲတွင် ရှိနေသည့် သေနတ်မဟုတ် ။ လင်းရီ လက်ထဲ ကိုင်ထားသည့် ဓားတစ်လက်ကိုပင်။

အဘယ်ကြောင့်ဆိုသော် သူ့နား နီးကပ်သွားသည့် လူတိုင်း မထိမခိုက်ဘဲ ပြန်ထွက်မလာနိုင်ခဲ့သောကြောင့်ပင်။

နောက်ထပ် မိနစ်များစွာ ကုန်ဆုံးသွားခဲ့ပြီး လူငါးဆယ်ကျော်လောက်က မြေပြင်သို့ လဲကျသွားခဲ့ကြပြီ ဖြစ်၏။

ပရမ်းပတာ ဖြစ်နေသည့် မြင်ကွင်းကလည်း ဆက်လက်ဖြစ်ပေါ်နေဆဲပင်။ သို့သော် လင်းရီ၏ ရဲစွမ်းသတ္တိက ပြိုင်ဘက်များ၏ အဟုန်ကို ကြီးစွာ ဖိနှိပ်သွားစေခဲ့၏။

လင်းရီ မောပမ်းနွမ်းနယ်သွားမည့် အချိန်ကို လူတိုင်းက စောင့်ဆိုင်းနေခဲ့ကြသည်။ ထို့နောက်တွင်မှ အားနည်းချက် ပေါ်လာသည်နှင့် ချက်ချင်း နှိမ်နင်းလိုက်မည် ဖြစ်၏။

သို့သော် သူတို့၏ အဆိုပါ အကြံအစည်လေးမှာ မဖြစ်မြောက်နိုင်ဘဲ ဖြစ်နေရလျက် ရှိသည်။

သူတို့ရှေ့ရှိ ဤလူက မမောပမ်းနိုင်သည့် လူသတ်စက်ရုပ် တစ်ခုလိုပင်။

ဤမျှ အချိန်ကြာအောင် တိုက်ခိုက်ပြီးသည့်တိုင် သူ၏ သက်လုံက တစ်စက်လေးမျှ မလျော့ကျသွားခဲ့ဘဲ အားပြည့်အင်ပြည့်နှင့် ဆက်လက် တိုက်ခိုက်နေလျက် ရှိ၏။

“ ဘော့စ် … အခြေအနေကတော့ သိပ်မဟန်ဘူး….” ကျူးရှန်းရုံ စိုးရိမ်ကြောင့်ကြစွာ ပြောဆိုလိုက်သည်။ “ ဒီလူက ငါတို့ ထင်ထားတာထက် မာတယ် … ငါတို့ သူ့ကို လျှပ်တစ်ပြက် ချောင်းပြီး တိုက်ခိုက်သင့်တယ်လို့ ထင်တယ် …”

“ အဲ့လိုလုပ်ဖို့က အခုချိန်မှာ အင်မတန် ခဲယဉ်းသွားပြီ … သူ့ လူတွေက အပြင်ဘက်ကနေ သူ့ကို ကာဗာပေးနေကြတယ်… ငါတို့ကို အခွင့်အရေး ပေးမှာ မဟုတ်ဘူး … မဟုတ်ရင် ငါ လုပ်ပြီးတာ ကြာလှပေါ့ …” လျိုဟွာရှန်း တည်ငြိမ်စွာ အကဲခတ်ရင်း တုံ့ပြန် ဖြေဆိုလိုက်သည်။ “ သူ့အရည်အချင်းတွေက တကယ်ကို အသိအမှတ်ပြုရလောက်တယ် … ဒါပေမယ့် သူ ဒီထက်ပိုပြီး ကြာကြာ တောင့်ခံနိုင်တော့မယ် မထင်ဘူး … ခဏဆို သက်လုံကျသွားတော့မှာ … အဲ့ခါကျရင် ငါတို့ အတွက် အခွင့် အရေးပဲ ….”

ကျူးရှန်းရုံ ဘာစကားမျှ မဆိုပေ။ သူ၏ အမြင်တွင် လူနှစ်ရာကျော်ကို လူတစ်ယောက်တည်း ဆန့်ကျင်တိုက်ခိုက်သည်က မဖြစ်နိုင်သည့် အရာဖြစ်သည်။

လူတစ်ဦးက မည်မျှပင် အရည်အချင်း ရှိသည် ပြောပြော ၊ သူ့တွင် အကန့်အသတ်ဆိုတာ ရှိသည်။

ကြမ်းကြုတ်သည့် ခြင်္သေ့ရိုင်းများပင် ဝံပုလွေတစ်အုပ်ကို မယှဉ်နိုင်ပေ။ လူနှစ်ရာနှင့် တစ်ယောက်ယှဉ်မည်ဆိုပါက လူဦးရေ အသာစီးရရှိသည့်ဘက်က အနိုင်ရမည်ကို ကလေးပင် သိသည်။

သူတို့နှစ်ဦး၏ ထင်မြင်ချက်က မမှား။ သို့သော် ယနေ့တွင်တော့ သူတို့ ခြွင်းချက်ဆိုသည့်အရာကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကြုံတွေ့လိုက်ရပြီ ဖြစ်၏။

လင်းရီ၏ အရည်အချင်းက သူ၏ ဦးနှောက်ဉာဏ်ရည်အကန့်အသတ်ထက်ကို ကျော်လွန်နေသည်။

ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ၏ ခေါင်းဆောင် တစ်ယောက် အနေဖြင့် လက်ရှိ အခြေအနေက ပရမ်းပတာ ဆန်နေသော်လည်းပဲ ကိုင်တွယ်နိုင်သည့် အတိုင်းအတာအတွင်း၌သာ ရှိသေးသည်။ သူ့အတွက် အချိန်ပိုသုံးရရုံမျှသာ ဖြစ်၏။

နှစ်ယောက် စကားပြောနေစဉ်မှာပဲ နောက်ထပ် လူ အယောက် သုံးဆယ်ကျော်မှာ မြေပြင်သို့ အတုံးအရုံး လဲကျသွားခဲ့ကြပြန်သည်။

အောက်လက်ငယ်သားများ၏ လျိုဟွာရှန်းအပေါ် သစ္စာရှိမှုမှာ အတော်လေး ထိခိုက်သွားခဲ့ရသည်။ တခြား အကြောင်းအရင်းကြောင့်တော့ မဟုတ်။ သူတို့ရှေ့ရှိ လူက ဖွဲ့နှိုင်းပြစရာ စကားလုံး ရှာမရအောင် ကြမ်းတမ်းလွန်းလှသည်။

သူနှင့် တစ်မီတာအတွင်း နီးကပ်လာသည့်လူတိုင်း အရိုးများ ကျိုးကြေလျှင်ကြေ၊ မကြေပါက ဓားဖြင့် ဖြတ်တောက်ခြင်းကို ခံရ၏။

ထိုကဲ့သို့သော လူစားမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရာ၌ သူတို့ မကြောက်ရွံ့ဟု ပြောဆိုလျှင် မုသားဆိုရာ ကျပေလိမ့်မည်။ အဆိုပါ အကြောင်းပြချက်ကြောင့်ပဲ လူတိုင်း၏ စိတ်ထဲတွင် သူရဲဘောကြောင်သည့် သွေးတွေ စတင် ဖြစ်ပွားလာခဲ့ရ၏။

သူတို့ အတော်လေး သိချင်လာခဲ့မိသည်။ ဤလူသားရဲ့ အကန့်အသတ်က ဘာများ ဖြစ်မည်နည်း။

ကူရိရန် ၊ လီဟောက်နှင့် ကျန်သူများလည်း ထပ်တူထပ်မျှ ရှော့ခ်ရနေခဲ့ကြ၏။

လင်းရီက ထူးချွန်သည့် တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်မှန်း ကူရိရန်သိသည်။ သို့သော် ဤကဲ့သို့ တိုက်ခိုက်နိုင်လိမ့်မည်လို့တော့ သူမ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ကြည့်ခဲ့မိဖူးချေ။

လူတစ်ယောက်တည်းက ဒါဇင်ချီတဲ့ လူမိုက်တွေကို ရင်ဆိုင်နေတယ်။ ဒါတောင် သူ့ရဲ့ တိုက်ခိုက်နေတဲ့ အရှိန်နှုန်းနဲ့ အင်အားက လုံးဝကို မတုန်မလှုပ်ပဲ။

လီဟောက်နှင့် ကျိုးမင်တို့မှာ ချွေးအေးတို့ ပြိုက်နေခဲ့ကြ၏။

လင်းရီ၏ ရက်စက်ကြမ်းကြုတ်မှုက သူတို့စိတ်ထဲ နက်နက်ရှိုင်းရှိုင်း အမြင်တစ်ခုကို ချန်ထားရစ်ခဲ့လေသည်။ အကယ်၍ လင်းရီနေရာတွင် သူတို့သာ ဖြစ်ခဲ့မည်ဆိုပါက် သေသွားမည်မှာ ဟိုး အစောကြီးကတည်းကပင်။

မိနစ် နှစ်ဆယ် အတွင်းမှာပဲ တိုက်ခိုက်လာသူ တစ်ဝက်ကျော်လောက်က မြေပြင်တွင် မှောက်အိပ်လျက် ၊ မလှုပ်မယှက် ရှိနေကြပြီး သူတို့၏ ခန္ဓာကိုယ်ထဲရှိ အသက်သွေးတို့မှာ ရေအိုင်လေးတစ်ဖွယ် အပြင်ပိုင်းတွင် ဖြစ်တည်လို့နေသည်။

တစ်ချို့ဆို လူချင်းထပ် ၊ မျက်လုံးကြီးများ ပွင့်နေခဲ့ကြပြီး ကျောချမ်းဖွယ်ရာ မြင်ကွင်းတစ်ခုကို ဖန်တီး ဖြစ်ပေါ်နေစေတော့သည်။

ကျန်သည့် လူတစ်ရာကျော်တို့မှာ မပြောဘဲ သဘောတူညီမှု ရထားသကဲ့သို့ ၎င်းတို့၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ကြပြီး လင်းရီကို သတိထား ကြောက်လန့်နေသည့် မျက်လုံးတို့ဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

မြေပြင်တွင် ဖြစ်ပေါ်နေသည့် မြင်ကွင်းက သူတို့၏ မိုက်ရူးရဲဆန်သည့် စိတ်ဓာတ်ကို ကောင်းကောင်းကြီး လှုပ်ခါသွားစေဖို့ လုံလောက်လေသည်။

လျိုဟွာရှန်းလည်း ချွေးအေးတို့ ပြိုက်နေပြီ ဖြစ်ပြီး အတွင်းခံ လီနင်ထည်မှာ ချွေးအေးတို့ဖြင့် ရွှဲနစ်နေခဲ့သည်။

သို့သော် သူ့တွင် အခြားသော ရွေးချယ်စရာ လမ်းကား မရှိ။

“ သူ့ကြောင့် မကြောက်သွားကြနဲ့ … ငါတို့မှာ ရွေးချယ်စရာ မရှိဘူး … ငါတို့ ဖမ်းမိသွားခဲ့ရင် တစ်ယောက်မှ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး … သူ့ကို အဆုံးသတ်ပစ် ….”

ဤသည်ကို ကြားတော့ ကျန်သည့် လူရာကျော်တို့မှာ အန်ဒရီနယ်လင်း ထိုးခံလိုက်ရသည်နှယ် သတ္တိများ ပြန်ရလာခဲ့ကြသည်။

သူတို့လည်း သူတို့ကိုယ်သူတို့ သိသည်။ အကယ်၍ ရှေ့ရှိ ဤလူကို မချေမှုန်းနိုင်ဘူးဆိုပါက သူတို့ လွတ်လမ်းရှိမှာ မဟုတ်ချေ။

ထိုသို့ တွေးတောရင်း ရွာသားများက စိတ်ဖြင့် ထိန်းချုပ်ခံထားရသူများနှယ် တစ်ဖန်ပြန်ပြီး တိုက်ခိုက်လာခဲ့ကြသည်။

“ ဘော့စ် … ငါတို့ ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်တော့ဘူး … အနှေးနဲ့ အမြန် ပြန်ဆုတ်မှဖြစ်မှာ … အခုချိန် ထွက်ပြေးသွားကြရင်ကော …..” ကျူးရှန်းရုံက အကြံပြုလာခဲ့သည်။ “ ငါ့စိတ်တွေ အတော်လေး လေးနေတယ် ..”

လျိုဟွာရှန်းလည်း မည်းမှောင်နေသည့် မျက်နှာအမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ “ သွားစို့ … သတိထားပြီး ဆုတ် …”

ထွက်ပြေးမည့် အကြံကို သဘောတူပြီးသည်နှင့် သူတို့နှစ်ယောက်မှာ ဂရုတစိုက်နှင့် ဆုတ်ခွာသွားခဲ့ကြပြီး ကလန်ခန်းမ အနောက်တံခါးမှနေ၍ ထွက်ခွာရန် ဟန်ပြင်လိုက်ကြသည်။

ထိုအချိန်မှာပဲ ကူရိရန်၏ ကျယ်လောင်သည့် အော်ဟစ်သံက နားထဲ ရောက်လာသည်။

“ အဲ့မှာ ရပ်လိုက်စမ်း ….”

နှစ်ဦးလုံး၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ကြပြီး ကလန်ခန်းမ အနောက်ဘက်သို့ အလျင်အမြန် အရှိန်တင်လိုက်ကြ၏။

ကူရိရန် များများတွေးတောမနေတော့ပါဘဲ သူတို့နှစ်ဦး ထွက်ခွာသွားသည့်ဘက်သို့ ပြေးလိုက်သွားခ့သည်။

ထိုအချိန်တွင် လီဟောက်နှင့် ကျိုးမင်တို့လည်း ဘာဖြစ်နေလဲဆိုတာကို သတိထားမိသွားခဲ့ကြပြီး ကူရိရန်နှင့် ပူးပေါင်းလိုက်ကြ၏။

“ ချီးပဲကွာ …”

လျိုဟွာရှန်း နှုတ်က ကျိန်ဆဲပြီး အနောက်တံခါးဘက်သို့ လှမ်းနေသည့် သူ့ခြေလှမ်းများကို အားထပ်စိုက်ထုတ်၍ အရှိန်တင်လိုက်၏။

သူတို့ ခေါင်းဆောင် ထွက်ပြေးသွားသည်ကို မြင်တော့ လင်းရီနှင့် တိုက်ခိုက်နေကြသူများလည်း ချက်ချင်း လက်ငင်းဆိုသလို စိတ်ပြိုလဲကုန်ကြသည်။

ဤသည်ကို အခွင့်ကောင်းယူ၍ လင်းရီ ခါးမှ သေနတ်ထုတ်ယူလိုက်ပြီး မိုးပေါ်သို့ တစ်ချက် ထောင်ပစ်လိုက်၏။

“ တစ်ယောက်မှ မလှုပ်နဲ့ ….”

ရွာသားများအားလုံး မလှုပ်မယှက် အေးခဲသွားခဲ့ကြ၏။ မြေပြင်တွင် သံမှိုနှင့် တွယ်ကပ်ခံထားရသည်နှယ် မည်သူ တစ်ဦးတစ်ယောက်ကမျှ ကမူးကရှူးနိုင်စွာ မလုပ်ဝံ့ကြတော့ချေ။

“ မင်းတို့ ဘော့စ်က ထွက်ပြေးသွားပြီ … ဒါကို မင်းတို့က သူ့အတွက် ထိုးကျွေးခံ ဖြစ်ချင်နေတာလား ….”

လူတိုင်း ငြိမ်ကျသွားခဲ့၏။ သူတို့၏ စည်းလုံးညီညွှတ်သည့် စိတ်ဓာတ်လေးသည်လည်း ယခုအခါ လေလျှော့ခံလိုက်ရသည့် ပူဖောင်းနှယ် ပြားချပ်သွားခဲ့သည်။

လျိုဟွာရှန်း၏ ထွက်ပြေးသွားမှုက သူတို့၏ စိတ်ပိုင်းဆိုင်ရာအတွက် အကြီးအကျယ် ထိုးနှက်ချက်ကြီး ဖြစ်၏။ အားကိုးရသည့် သူတို့၏ အိမ်များ လဲပြိုကျသွားသကဲ့သို့ပင်။

များမကြာမီ မလှမ်းမကမ်း၌ သေနတ်ပစ်ခတ်သံတို့ ဆက်တိုက် ထွက်ပေါ်လို့လာသည်။

လင်းရီ တစ်ချက် လှမ်းကြည့်လိုက်၏။ ကူရိရန်တို့ အကြမ်းနည်းသုံးပြီး ဖမ်းဆီးနေပြီ ဖြစ်ကြောင်း လင်းရီ ခန့်မှန်းလိုက်သည်။

သူ မှန်းထားသည့် အတိုင်းပဲ မိနစ် အနည်းငယ်ကြာပြီးသည့်နောက် ငါးဦးက ကလန်ခန်းမထဲမှ ပြန်ထွက်လာခဲ့ပြီး လျိုဟွာရှန်းနှင့် ကျူးရှန်းရုံတို့ကတော့ ချုပ်နှောင်ခံထားရလျက် ဖြစ်နေသည်။

ထိုအချိန်၌ လျိုဟွာရှန်း၏ စကားကို နာခံသည့် လက်အောက်ငယ်သားများ၏ စိတ်ဓာတ်မှာ အဆုံးစွန်သို့တိုင် ထိုးကျသွားခဲ့ပြီး မည်သည့် ခုခံလိုစိတ်မျှ မရှိကြတော့ချေ။

အကယ်၍ ဆက်ပြီး တိုက်ခိုက်နေလျှင်ပင် သူတို့ရှေ့ရှိ ဤလူက မည်သို့သော အခွင့်အရေးကိုမျှ ပေးမှာ မဟုတ်ချေ။

မြေပြင်တွင် အသက်ကင်းမဲ့စွာ လဲလျောင်းနေသည့် လူအုပ်ကြီးက ထင်ရှားသည့် သက်သေသာဓကပဲ ဖြစ်၏။

အရာအားလုံး ထိန်းချုပ်မှုအောက်သို့ ရောက်သည်နှင့် လီဟောက်သည် လုံဟူရဲစခန်းသို့ ဖုန်းဆက်လိုက်ပြီး သူတို့ထံ စေလွှတ်ထားသည့် အကူတပ်တို့က လမ်းတွင် ရောက်တော့မည် ဖြစ်ကြောင်း သိလိုက်ရ၏။ ထိုအခါမှပဲ အပြည့်အဝ စိတ်သက်သာရနိုင်တော့သည်။

“ ခင်များတို့ကောင်တွေက တစ်ခုခုတော့ တစ်ခုခုပဲ … အစိုးရ အရာရှိတွေကိုတောင် တိုက်ခိုက်ဝံ့တဲ့အထိ သတ္တိကောင်းနေတယ်ဆိုတော့ အသေခံတပ်ဖွဲ့ထဲ ပို့လိုက်မှလား မသိဘူး …”

လျိုဟွာရှန်း ခေါင်းကို တစ်ဖက်သို့ လှည့်သွားပြီး လင်းရီကို ကြည့်မလာခဲ့ချေ။

ကျရောက်လာမည့် ကံကြမ္မာက မည်သည့်အရာပဲ ဖြစ်နေပါစေ ၊ သူ့ဘက်က လက်ခံထားပြီး ဖြစ်နေပုံပင်။

“ နှုတ်ဆိတ်နေတာနဲ့ပဲ အဆင်ပြေသွားမယ် ထင်မနေနဲ့ … စခန်းကို ရောက်တာနဲ့ ခင်များ သိသမျှ အကုန် ပြောပြဖို့ အကြံပေးလိုက်မယ် … ကျုပ်တို့ကို လေကုန်ခံရအောင် လုပ်ရင် ခင်များလည်း ချောင်မှာ မဟုတ်ဘူး …”

“ ဟက် …..”

လျိုဟွာရှန်းက အထင်တသေး နှာမှုတ်လိုက်ပြီး “ ငါ့ရာဇဝတ်မှုက ဘယ်အတိုင်းအတာအထိ ရှိလဲ ငါသိတယ် … သေဒဏ်ပေးခံရမှာကျိန်းသေပေါက်ပဲ … မင်းပြောသလိုမျိုး သိထားတဲ့ဟာတွေ ထုတ်ပြောပြီး မင်းရာထူးတိုးနိုင်အောင် လုပ်ပေးမယ် ထင်လား … အိပ်မက်မက်နေလိုက် …”

လင်းရီလည်း ပြုံးလိုက်သည်။ သူ အနားသို့ ကပ်လာပြီး လျိုဟွာရှန်း၏ နားထဲသို့ တီးတိုးပြောလိုက်၏။

“ မြေပြင်မှာ လဲနေတဲ့လူတွေကို ကြည့်လိုက် … အနည်းဆုံး လူသုံးဆယ်လောက်တော့ သေသွားမှာပဲ … ခင်များလည်း သူတို့လို သေချင်တယ်ဆိုရင် ကျုပ် ဖြည့်ဆည်းပေးဖို့ ဝန်မလေးဘူး …”

All Chapters