ရက်စက်သည့် အမှန်တရား
Vol. 145 Ch. 2173
မြေပြင်တွင် ဒူးထောက်နေလျက် ရှိသည့် လျိုဟွာရှန်း၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့သည်။
ထိုအချိန်ကျတော့မှပဲ လင်းရီထုတ်လွှတ်နေသည့် ကြီးစိုးနိုင်လွန်းလှသည့် အရှိန်အဝါများကို သူ အမှန်တကယ် ခံစားမိသွားခဲ့လေသည်။
ယင်းက မွန်းကြပ်ဖွယ်ရာ ကောင်းလှ၏။
မြေပြင်တွင် အသက်သေဆုံးနေသည့် အလောင်း ဘယ်လောက်များများ ရှိလဲ သူမသိ။ ဒါဇင်ထက် ပိုနေမည်ကတော့ ကျိန်းသေသည်။
ရဲအရာရှိ တစ်ဦး ဖြစ်နေလျှင်ပင် ထိုမျှ ရက်စက်သည်က မဖြစ်သင့်ပေ။
ဤတစ်ချက်တည်းကပင် သူ သတ်ခဲ့ဖူးသည့် လူအရေအတွက်က ထိုမျှမကကြောင်းကို သိသာစေသည်။
လင်းရီ လျိုဟွာရှန်း၏ ပခုံးကို ပုတ်ပေးလိုက်သည်။ “ ကိုယ့်အခြေအနေကိုယ်သိ … မေးသမျှကို သိတဲ့အတိုင်းဖြေ …. အဲ့လိုဆိုရင် ခင်များ သေချင်မှသေမှာ … ပြီးတော့ အဲ့စကားက ခင်များရဲ့ အနောက်မှာ ရှိတဲ့ မိသားစု အတွက်ရောပဲနော်…”
လျိုဟွာရှန်း၏ ခန္ဓာကိုယ်မှာ နေရာတွင် အေးခဲသွားခဲ့ပြီး တုတ်တုတ်မျှ မလှုပ်ဝံ့တော့ချေ။ လင်းရီ၏ စကားက သူ့နှလုံးသားကို ကျောက်ခဲနှင့်ဆွဲထားသကဲ့သို့ လေးလံသွားစေခဲ့၏။
ထိုခေတ္တခဏ၌ … သေခြင်းတရားက သူ့အတွက် အကောင်းဆုံး ဖြစ်မည်ဟုပင် တွေးတောမိသွားခဲ့သည်။ စိတ်ဝိဉာဏ်ကို ညှင်းပန်းနေသည်က တကယ့်ကို ခံစားရခဲယဉ်းလွန်းလှသည်။
ထိုအချိန်မှာပဲ အဝေးမှနေ၍ ရဲကား အချက်ပြသံတို့ ဆူညံလာသည်။
လှမ်းမျှော်ကြ်ည့လိုက်သည့်အခါ၌ အဝေးမှ ရဲကား ဒါဇင်ကျော်ခန့် ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့ ယာဉ်တန်းထဲတွင် လူနာတင်ယာဉ်တစ်စီးလည်း လိုက်ပါလာသည်။
ရဲကားတစ်ချို့က လုံဟူ ရဲစခန်းက ဖြစ်ပြီး ကျန်သည်များကတော့ အနီးနားရှိ ရဲစခန်းများမှ ဖြစ်သည်။
သူတို့အားလုံး ဤနေရာသို့ အချိန်မီ ပြေးလာခဲ့ကြခြင်း ဖြစ်၏။
မာရှန်းလုံ၊ ရွှီကျင်းနှင့် အခြားသူများ သူတို့ကားထဲက ထွက်လာခဲ့သည့် အချိန်၌ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ရှော့ခ်ရသွားခဲ့ကြ၏။
သူတွေ့ အစက တွေးထင်ထားခဲ့ကြသည်မှာ လူနှစ်ရာကျော်သည် ရဲများ ရောက်လာသည်နှင့် အေးအေးဆေးဆေး လက်မြှောက်အရှုံးပေးလိုက်ကြသည် ဟူ၍ပင်။
လူတစ်ရာကျော်ခန့်က သွေးအိုင်ထဲတွင် ပက်လက်လဲလျာင်းနေသည့် မြင်ကွင်းကို သူတို့ တွေးပင် မတွေးမိခဲ့ကြ။ မျက်စိရှေ့ရှိ မြင်ကွင်းမှာ စစ်တလင်းနှင့် မခြားနားပေ။
“ ဒါ … ဒီလူတွေက …..” မာရှင်းလုံ မယုံကြည်နိုင်စွာ မေးမြန်လာခဲ့သည်။
“ သူတို့က ခုခံလိုပြီး ကျွန်မတို့ကို ဒီနေရာမှာ ကိစ္စတုံးချင်ကြတယ်လေ … ဒါပေမယ့် အစ်ကိုရီက သူတို့ကို ကိုင်တွယ်လိုက်နိုင်လို့ပေါ့ …” ကျန်းဇီရှင်းက ဖြေပေးလိုက်၏။
“ ကိုင်တွယ်လိုက်တယ် …. တစ်ယောက်တည်းလား ….”
“ အနည်းနဲ့ အများပေါ့ … အဲ့ထဲ လူများစုကို သူတစ်ယောက်တည်း ကိုင်တွယ်ခဲ့တာပဲ …”
မသိစိတ်အလျောက် မာရှင်းလုံနှင့် ရွှီကျင်းတို့ လင်းရီရှိရာဘက်သို့ အကြည့်ပို့မိလိုက်ကြပြီး သူ့တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေသည်ကို ၎င်းတို့နှစ်ဦးလုံး မြင်တွေ့သွားခဲ့ကြသည်။
လူတစ်ယောက်က လူနှစ်ရာကျော်နဲ့ ရင်ဆိုင်ပြီး အယောက်တစ်ရာလောက်ကို အမှောက်သိပ်လိုက်တယ် …
ထိုအတွေးက သူတို့၏ ဦးရေပြားကိုပင် ကျိန်းစပ်သွားစေခဲ့သည်။
“ လောလောဆယ် အဲ့ကိစ္စကို မေ့ထားကြစို့ …”
လင်းရီသည် လျိုဟွာရှန်းကို ညွှန်ပြလိုက်ပြီး “ သူက ကလေးတွေကို ကုန်ကူးနေတဲ့ နောက်ကွယ်က တရားခံပဲ … သူ့ကို စစ်ဆေးမေးမြန်းဖို့ ပြန်ခေါ်သွားလိုက် … ခင်များတို့တွေ အသုံးဝင်တဲ့ အချက်အလက် တစ်ချို့လောက်တော့ ရနိုင်မှာပါ …”
“ အိုကေ အိုကေ …."
မာရှင်းလုံ ခေါင်းညိတ်လိုက်၏။ လင်းရီကို ဆက်ပြီး အထင်မသေးဝံ့တော့ဘဲ အခြားသူများကို အချက်ပြလိုက်ကာ တရားခံ ရာဇဝတ်သားများအား ကားထဲသို့ ခေါ်သွားခိုင်းလိုက်သည်။
လင်းရီက သူ့ကားထဲသို့ အရင်ဦးဆုံး ရောက်လာခဲ့၏။ ဤလူများအား ကိုင်တွယ်ရသည်မှာ သူ့အတွက် မခဲယဉ်းသော်လည်းပဲ ခွန်အားဆုံးရှုံးမှုကိုတော့ လျစ်လျူရှုထား၍ မရချေ။ သူပြန်ပြီး အားမွေးဖို့လိုသည်။
“ ညီကိုရီ … ဆေးလိပ်လေး သောက်ပြီး နားလိုက်ဦး …”
ကျန်းဖန့် ပြောလိုက်သည်။
လင်းရီ မငြင်းခဲ့။ တစ်လိပ် မီးညှိ၍ ခပ်ပြင်းပြင်းရှိုက်လိုက်၏။
“ မင်းကတော့ တကယ့် အမိုက်စားပဲ … လူတွေ ဒီလောက်အများကြီးနဲ့ ရင်ဆိုင်ရတာတွေ ခြစ်ရာပွန်းရာလေးတောင် မရှိလိုက်ဘူးဆိုပဲ …” ကျန်းဖန့်က အားတက်သရော အမူအရာဖြင့် ပြောဆိုလာခဲ့ပြီး “ မင်း ချနေတာတွေ ကြည့်ရတာ မာဗယ်ဇာတ်ကား ကြည့်နေရသလိုပဲ ….”
“ အဲ့တာကြောင့် များများလေ့ကျင့်ပါ ပြောတာပေါ့ … တစ်နေ့ ဒီလိုမျိုးတွေ မကြုံလာနိုင်ဘူးလို့ ပြောမရဘူးလေ …”
“ ငါ သင်ယူလိုက်ရပြီ… ပြန်ရောက်တာနဲ့ သေချာ လေ့ကျင့်တော့မယ် …” ကျန်းဖန့်က ကိုယ့်ကိုယ်ကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး ပြောလိုက်၏။ “ တကယ်လို့ မင်းသာ ဒီနေ့ ပါမလာခဲ့ရင် ငါတို့ကောင်တွေအကုန် သေကုန်မှာပဲ ….”
“ ကိစ္စက အခုပြီးသွားပြီ … ထပ်ပြောမနေနဲ့တော့ …” လင်းရီ ပြောလိုက်သည်။ “ နောက်ပိုင်း စစ်ဆေးတဲ့ ကဏ္ဍမှာတော့ ငါ ဝင်မပါတော့ဘူး …. တကယ်လို့ မင်းတို့ မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ ငါ့ကို ခေါ်လိုက်ပေါ့ ….”
တစ်နာရီလောက် အလုပ်ရှုပ်ပြီးနောက် လျိုဟွာရှန်းနှင့် ကျန်သူများအားလုံးကို လုံဟူရဲစခန်းသို့ ခေါ်သွားနိုင်လိုက်သည်။
သို့သော် လူဦးရေက အင်မတန် များပြားလွန်းလှသဖြင့် အခြား ရဲစခန်း အသီးသီးကလည်း အနည်းငယ်စီ ခွဲယူကြ၏။ သို့တိုင် အဓိက လက်သည်တရားခံကတော့ လုံဟူ ရဲစခန်းသို့ လိုက်ပါလာလေသည်။
ဌာနကိစ္စများ စီစဉ်နေစဉ်တွင် လေးယောက်မှာ ဆိုဖာတွင် အတူစုဝေးကြ၏။
“ နင်ကတော့ ကိုယ့်လက်စကို မထိန်းခဲ့ဘူးပဲ ..” ကူရိရန်ပြောလိုက်ပြီး “ ၂၃ ယောက် သေသွားတယ် … ၇၉ ယောက်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့တယ် … ၂၇ ယောက်ကတော့ အသေးစား ဒဏ်ရာလေးတွေ ရသွားခဲ့တယ် … တခြား စခန်းက ခေါင်းဆောင်တွေဆို အဲ့သတင်းကြားတာနဲ့ ထိတ်လန့်ကုန်ကြတာပဲ ….”
“ အဲ့လောက် ဆိုးလို့လားဟ …” လင်းရီ ခေါင်းကုတ်၍ ပြောလိုက်ပြီး “ စစချင်း လူနည်းနည်းလေးလောက်ကို ဓားနဲ့ ထိုးတာကလွဲ၍ နောက်ပိုင်းမှာ ငါတကယ်ကြီး လက်စ ညှင်သာပေးထားတာ …”
“ ငါတော့ နင် လူတွေကို တရစပ် ရိုက်သတ်နေတာပဲ မြင်တယ် … ဘယ်နေရာ ညှာတာပေးလဲဆိုတာကို မမြင်မိတာ …” ကူရိရန် ပြောလိုက်သည်။ “ ဒါပေမယ့် ငါ့အထင်တော့ တော်တော်များများက ဒီနေရာကို လာတဲ့လမ်းမှာ သွေးလွန်ပြီး အသက်ဆုံးရှုံးသွားခဲ့တာနဲ့ တူတယ်…”
“ အစ်မရိရန် .. လူတွေ တစ်ခါတည်းနဲ့ ဒီလောက် အများကြီး သေသွားခဲ့တာဆိုတော့ ပြဿနာ တက်နိုင်လောက်လားဟင် …”
ကျန်းဇီရှင်း စိတ်ပူနေသည်ကလည်း ကျိုးကြောင်း မဆီလျော်သည်တော့ မဟုတ်။ တစ်ဖက်အဖွဲ့က ထိုသို့ ဖြစ်အောင် အရင်စတင်ခဲ့သည်မှာ မှန်သော်လည်း တစ်ခါတည်းနှင့် လူတွေ ဒီလောက် အများကြီး သေသွားခဲ့သည်က ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရန်အတွက်ဟု ပြောလျှင်ပင် အကျိုးသင့် အကြောင်းသင့် ရှင်းပြဖို့ရာ ခက်ခဲလှသည်။
ကူရိရန်၏ အမူအရာသည်လည်း လေးနက်သွားခဲ့ပြီး “ ငါ အစ်ကိုလီ သတင်းပို့ထားတယ် … သူပြောတာတော့ ဒီကိစ္စက နည်းနည်းတော့ ပြဿနာ များနိုင်မယ်တဲ့ ….”
“ အစ်ကိုရီ အပေါ်မှာ ထိခိုက်မှု ရှိလာနိုင်လား ….”
“ အစ်ကိုလီက အဲ့လိုတော့ မပြောခဲ့ဘူး … အထက်ကို မေးဦးမယ်ပဲ ပြောတာ … ရုတ်တရက်တည်း လူနှစ်ဆယ်လောက် သေသွားခဲ့တာက နည်းနည်းတော့ ရှော့ခ်ရစရာပဲလေ …..”
“ စိတ်ပူနေတာတွေ တော်လိုက်ကြတော့ … ဘာမှ ထွေးထူးဟုတ်တာလည်း မဟုတ်ဘူး ….”
လင်းရီ အမှုမထားဟန်ဖြင့် ဆိုလိုက်ပြီး “ ငါ ခဏအိပ်လိုက်ဦးမယ် … စစ်ဆေးမေးမြန်းတဲ့ ရလဒ်တွေ ထွက်လာပြီဆိုမှ ငါ့ကို နှိုးလိုက် …”
“ နင် ခဏ အိပ်နေလိုက် … ငါတို့ အပြင်သွားဦးမယ် …”
“ အင်း ….”
သုံးယောက်သား ထွက်ခွာသွားခဲ့ကြပြီး လင်းရီလည်း အလွန်လျင်မြန်စွာဖြင့် အိပ်မောကျသွားခဲ့၏။ နောက်တစ်နေ့ နံနက် ကိုးနာရီဝန်းကျင်လောက်မှသာ ပြန်နိုးလာခဲ့သည်။ ကူရိရန်နှင့် အခြားသူများက ရုံးသို့ ပြန်ရောက်နေကြလေပြီ။ လင်းရီ ပျင်းရိစွာ အညောင်းဆန့်ရင်း ဆိုဖာပေါ်က ထလိုက်သည်။
“ အစ်ကိုရီ … မနက်စာ စားပါဦး … ရှင့်အတွက် ဘဲသားအစာသွပ်မုန့် ဝယ်ခဲ့ပေးတယ် … သိပ်အရရှိတာနော်….”
“ တွေးပေးတတ်လိုက်တာ ကြည့်စမ်း … ကူရိရန်နဲ့များ တခြားစီပဲ ….”
“ အာ … အဲ့လိုပြောလို့တော့ ဘယ်ရမှာ … ဒါက အစ်မရိရန်ရဲ့ ပိုက်ဆံနဲ့ ဝယ်လာတာတွေ ….”
“သူ့မှာ ငွေလေး နည်းနည်းပဲ ရှိတာပါကွာ … မင်းကိုယှဉ်လို့ မနိုင်သေးပါဘူး ….”
“ ငါ နင့်ကို တစ်ခါတည်း သေအောင် ကန်ပစ်လိုက်ချင်တော့တယ် သိလား ….”
ကူရိရန် မျက်လုံးလှန်လိုက်၏။
လင်းရီ ရယ်မောပြီး ရေချိုးခန်းဘက်သို့ သွားကာ ကိုယ်လက်သန့်စင် ဆေးကြောလိုက်သည်။ ထို့နောက် ပြန်လာပြီး မနက်စာ စား၏။
“ စစ်ကြောရေး လုပ်တာရော ဘယ်လိုလဲ … ဟိုက ဝန်ခံပြီတဲ့လား …”
“ အနည်းနဲ့ အများပေါ့ ….” ကူရိရန် ပြောလိုက်ပြီး “ အဲ့လူ လျိုဟွာရှန်းက ငါတို့ ထင်ထားတာထက်တောင် ပိုပြီး ရှုပ်ထွေးနေသေးတယ် … သူက မူးယစ်ဆေးဝါးတွေ ၊ တားမြစ်ထားတဲ့ ပစ္စည်းတွေ ၊ ဥပဒေနဲ့ မလွတ်ကင်းတာတွေ အကုန် လုပ်နေတနဲ့လူ … ဒီတော့ လည်ပတ်နေတဲ့ လုပ်ငန်းက အတော်လေး ကြီးတယ် ပြောရမယ် … မနေ့က ငါတို့ ဖမ်းမိခဲ့တဲ့လူတွေက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်လို့ ပြောရမယ် …”
“ အဲ့တာကတောင် တစ်စိတ်တစ်ပိုင်းလေးတည်း ဟုတ်လား ….”
“ အင်း … အမှန်ပဲ … ဘာလို့ဆို သူက ထောက်ပံ့ရေး ကွင်းဆက်မှာ ကြားပွဲစားလုပ်တဲ့လူလေ … တစ်ချို့ သူဌေးကြီးတွေက သူနဲ့ပဲ အပေးအယူလုပ်ရတာ ကြိုက်တာ … ဒါကြောင့်မို့ သူ့လက်အောက်မှာ လူတွေ အများကြီး ရှိနေတာပေါ့ ….”
“ တခြား ကိစ္စ ပြောကြစို့ .. ကျိုးဟိုင်ရဲ့ အမှုကရော ဘာထူးလဲ …” လင်းရီသည် သူ့အပေါ် စိတ်ဖိစီးမှု အများဆုံး ဖြစ်နေစေသည့် မေးခွန်းအား မေးလိုက်၏။ “ လူတွေ ဝယ်ဖို့ ပိုက်ဆံပေးတယ် … ဘယ်လိုပဲကြည့်ကြည့် ဒါကြီးက ယုတ္တိကို မရှိတာ…”
ကူရိရန် ဘာမျှ မဆိုလာချေ။ သူမတစ်ဦးတည်းမဟုတ်။ ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့လည်း နှုတ်ဆိတ်နေခဲ့ကြသည်။
သူတို့၏ အမူအရာများမှာ နက်မှောင်နေခဲ့ကြလေသည်။
“ ဘာလို့ အကုန်လုံး တိတ်နေကြတာ … ဘာဖြစ်လို့လဲ …”
“ ဘာလို့ဆို သူ့ဖောက်သည်တွေက တော်ရုံလူတွေ မဟုတ်ဘဲ တကယ့် ကျိကျိတက် ချမ်းသာတဲ့ သူဌေးကြီးတွေပဲ …” ကူရိရန် ပြောလိုက်ပြီး “ ဝမ်သုန်ကျားလို ကလေးတွေကိုကျတော့ ဈေးက ယွမ်တစ်သန်းအထိပေါက်တယ် … ဒီတော့ ယွမ်တစ်သိန်းပေးတာက သူတို့အတွက် ကြီးကြီးမားမား ပြဿနာ မဟုတ်ဘူး …”
လင်းရီ မျက်မှောင်ကြုတ်ရင်း အတွေးနက်သွားခဲ့သည်။ စားရင်းတစ်ဖက်နှင့် မေးမြန်းလိုက်၏။
“ ဒါပေမယ့် အဲ့ဒီ သူဌေးကြီးတွေက ဈေးကောင်းပေးပြီး ဘာလုပ်မလို့လဲတဲ့ …”
အချိန်အတော်ကြာအောင် တိတ်ဆိတ်ပြီးနောက်တွင် ကူရိရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လေးနက်သည့် အမူအရာဖြင့် စာတစ်ကြောင်းကို ရွတ်ဆိုလိုက်သည်။
“လူသားဆေးလုံး …”
(T/N- Plumbum refining - ဒီနေရာမှာတော့ လူသားယဇ်ပူဇော်တာကို ဆိုလိုချင်တာပါ။ ကလေးငယ်ငယ်လေးတွေရဲ့ အသက်သွေးကို သန့်စင်ပြီး သက်ရှည်ဆေးလုံး ဖန်တီးဖို့ သူဌေးကြီးတွေက ဈေးကောင်းပေး၀ယ်တာပေါ့။ ဒီနေရာမှာတော့ အဲ့လို ယဇ်မပူဇော်ခင် ဘာတွေလုပ်လဲ ကျနော်လည်း သေချာမပြောတတ်။ )