မင်းအန်တီနဲ့ သေချာညှိထား
Vol. 145 Ch. 2174
“ သေစမ်း ...”
လင်းရီ စားပွဲကို လက်ဝါးဖြင့် ကျယ်လောင်စွာ ရိုက်လိုက်ပြီး ဆက်ပြီး စားသောက်လိုစိတ် မရှိတော့ချေ။
“ ညီကိုရီ … စိတ်အေးအေးထားပါ … ဥပဒေက ဒီလိုလူတွေကို အပြစ်ပေးပါလိမ့်မယ် …”
“ သူတို့ကို အပြစ်ပေးရုံနဲ့တင် မလုံလောက်ဘူး … လျိုဟွာရှန်း သေသွားခဲ့ရင်တောင် ကျန်းဟွာရှန်း ၊ လီဟွာရှန်းတွေ ပေါ်လာခဲ့ဦးမှာပဲ … အထက်က ဝယ်နေတဲ့လူတွေကို ငါတို့ မရှာတွေ့သေးသရွေ့ ဒီကိစ္စကြီးက ဘယ်တော့မှ ပြီးဆုံးသွားမှာ မဟုတ်သလို လူတွေလည်း အေးအေးချမ်းချမ်း နေနိုင်မှာ မဟုတ်ဘူး ….”
အခန်းထဲရှိ လေထုအခြေအနေက ရုတ်ချည်း လေးလံလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လင်းရီ စောနက ပြောသွားခဲ့သည်များက သူတို့ စိတ်ထဲ ရှိနေသည့် စကားများ ဖြစ်နေသောကြောင် ဖြစ်၏။
“ ဝယ်သူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်ကိုရော သူ့ဘက်က ထုတ်ပြောသေးလား ….”
“ သူမပြောဘူး …” ကူရိရန် ခေါင်းခါလိုက်ပြီး “ သူပြောတာ နှစ်ဖက်လုံးက လျှို့လျှို့ဝှက်ဝှက်နဲ့ပဲ ငွေလွှဲပြောင်းတာတွေ လုပ်တယ် … ပြီးတော့ တစ်ဖက်လူက အတော်လေးလည်း သတိထားတယ် … ငွေတစ်ခါလွှဲတိုင်း ဖုန်းကတ်ကို အသစ်ပြောင်းတယ် … ပြီးတာနဲ့ တစ်ခါတည်း ဖျက်စီးပစ်တာပဲ … ဘာသဲလွန်စမှ မချန်ထားဘူး ….”
“ သူ အမှန်အတိုင်း ပြောနေတာ ဖြစ်မယ် … သူ့ကို ထပ်ပြီး မေးကြည့်လိုက် … တခြားကိစ္စတွေ ပိုပြီး သိရလို သိရငြားပေါ့ …”
“ ငါလည်း အဲ့လိုတွေးနေတာ … ဒါပေမယ့် တစ်ညလုံး စစ်မေးပြီးတာတောင် ဘာမှလည်း မရဘူး … သူ့ထွက်ဆိုချက်ကို နင် သံသယဝင်နေသေးဆိုရင် ကိုယ်တိုင် စစ်မေးကြည့်ရင်ကော ….”
“ ကောင်းပြီလေ … ဒီက ကိစ္စတွေ မင်းပဲ ကြည့်လုပ်ထားလိုက် … ငါ ခဏထွက်သွားပြီး သူ့ကို စစ်မေးပြီးရင် ပြန်လာခဲ့မယ် …”
“ ဒါဆို နင်နဲ့ပဲ အပ်ထားလိုက်တော့မယ် … ငါတို့လည်း တစ်ညလုံး အိပ်ကို မအိပ်ရသေးဘူး …”
“ သွားအိပ်နေလိုက် … ငါ ကျန်တာတွေ ကိုင်တွယ်ထားလိုက်မယ် ….”
အဆင်သင့် ဖြစ်သည်နှင့် လင်းရီသည် လုံဟူ ရဲစခန်းထဲက ထွက်ခွာသွားခဲ့သည်။
ဖုန်းကိုင်ရင်း နင်ချဲ့ကို ခေါ်ဆိုတော့မည့် အချိန်မှာပဲ လျန်ရူရွှယ်ဆီက ဖုန်းဝင်လာလေသည်။
“ နင် ရှန်းဝေ့မှာ ရှိနေတုန်းလား ….”
“ ငါ ဒီမှာရှိတာ မင်းဘယ်လိုလုပ် သိတာ ….”
“ မနေ့ညက ကြားလို့လေ … လူ ၂၀ ကျော်သေပြီး ၇၀ ကျော် ဒဏ်ရာရသွားခဲ့တယ်ဆို … နင်က သိပ်ရက်စက်တာပဲ …”
“ အစကတော့ ငါလည်း အဲ့လိုတွေ မဖြစ်ချင်ပါဘူး … ဒါပေမယ့် အဲ့ကောင်တွေက ငါ့ကို သတ်ချင်လာကြတယ်လေ … ငါသာ ပြန်မလုပ်ဘူးဆိုရင် မင်း နောက်နှစ် ဒီအချိန် ငါ့အတွက် ငွေစက္ကူတွေ မီးရှို့ပေးနေရလောက်ပြီ ….”
“ အင်းပါ… နင်နောက်တစ်ခါဆို ဂရုစိုက်ဦး …”
“ ငါ့ဆီ ဖုန်းခေါ်လာတာ ဒီကိစ္စ ပြောဖို့လား …”
“ မဟုတ်လို့ ဘာရှိရမှာ … နင်က ရှန်းဝေ့မှာလေ … နင်နဲ့ ပြောစရာလည်း ဘာမှမရှိ …. “ လျန်ရူရွှယ်က တစ်ချက် ရယ်ရင်း ပြောလိုက်ပြီး “ ဒါပေမယ့် ဒီကိစ္စက ပြင်းထန်တယ်ရယ်လည်း မဟုတ်ပါဘူ … နင်ပြီးတာနဲ့ တစ်ခါတည်း တန်းပြန်လာတော့ … ဒီတိုင်း အလုပ်အတွေ့အကြုံ ရအောင် လုပ်နေတာပဲဟာ အရမ်းကြီး နစ်မြောနေစရာ မလိုပါဘူး …”
“ နောက်ဆက်တွဲ လုပ်ရမှာတွေ ကျန်သေးတယ် … အချိန်တစ်ခုလောက်အထိတော့ ပြန်လာဖြစ်သေးဦးမှာ မဟုတ်ဘူး ….”
“ အဲ့လူက ဖမ်းခံလိုက်ရပြီ မဟုတ်ဘူးလား … ကျန်တာကို ရှန်းဝေ့ရဲတပ်ဖွဲ့ကပဲ ကိုင်တွယ်ပါစေလေ ….”
“ သူတို့အပြင်ကို အထက်က ဝယ်လက်တွေလည်း ကျန်နေသေးတယ် … တကယ်လို့ ဒီကိစ္စကို မကိုင်တွယ်ဘူးဆိုရင် နောင်ကျ အလားတူ အမှုတွေ ထပ်ဖြစ်လာနိုင်တယ် … သေချာကိုင်တွယ်မှ ရမှာ …”
ဖုန်းတစ်ခြမ်းရှိ လျန်ရူရွှယ်မှာ ခေတ္တကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
လင်းရီ၏ လေသံကို နားထောင်ကြည့်ရသလောက်တော့ ဤကိစ္စက သူ၏ နောက်ဆုံးစည်းကို ထိပါးလိုက်သည့်ဟန်ပင်။
သူ၏ အသိစိတ်က သူ့ကို လျစ်လျူရှုထားဖို့ရာ ခွင့်ပြုမှာ မဟုတ်ချေ။
သူက ချစ်ဖို့ကောင်းပြီး စိတ်တိုချင်စရာလည်း ကောင်းလှသည်။
“ ဒါဆိုလည်း လုပ်လေ … ငါ တစ်ခုခု လုပ်ပေးဖို့ လိုသေးလား ….”
“ မင်းပြောလာပြီဆိုတော့ ငါမင်းကို လုပ်ပေးစေချင်တာ တစ်ခု ရှိတယ် …”
“ တစ်ခါတည်း ပြောလိုက် ….”
“ မင်း အန်တီနဲ့ သေချာညှိထား … နောက် ရက်နည်းနည်းကြာတဲ့အထိ မလာဖို့ ပြောထားလိုက် … ဘာလို့ဆို ငါ ပြန်လာတော့မှာမို့လို့ပဲ….”
“ လစ်စမ်း …”
ကျိန်ဆဲပြီးနောက် လျန်ရူရွှယ် ဖုန်းချသွားခဲ့သည်။
လင်ရီ တဟားဟား ရယ်မောပြီး နင်ချဲ့၏ နံပါတ်ကို ဆက်သွယ်လိုက်၏။
“ ခေါင်းဆောင်လင်း … ဘာတွေကများ ကျွန်မဆီ ဖုန်းဆက်လာရအောင် လုပ်လိုက်တာပါလိမ့် … နင် အခု ရန်ကျင်းမှာလား ….”
“ ငါ အခု အမှုတစ်ခု ကိုင်တွယ်ရင်းနဲ့ ရှန်းဝေ့ရောက်နေတာ … ငါ ဆေးနည်းနည်းလိုတယ် ….. မင်းဖန်တီးပေးနိုင်မယ်မလား ….”
“ ဟင် … ရုတ်တရက်ကြီး ဘာလို့လဲ … နင့်မိသားစုထဲ တစ်ယောက်ယောက်က အတော်လေး နာမကျန်း ဖြစ်နေလို့လား …နင့်အဆက်အသွယ်တွေနဲ့ဆို ဆေးရုံကို ဖုန်းဆက်လိုက်တာနဲ့ ရနေပြီလေ …”
“ အဲ့လိုဆေးမျိုး မဟုတ်ဘူး … ပုံမှန် အပ်နဲ့သုံးရတဲ့ ဆေးမျိုး လိုချင်တာ … စီစဉ်ပေးနိုင်လား …”
“ ပြဿနာ မရှိဘူး … နင့်လိပ်စာကိုသာ ပေးလိုက် … ငါ လူတစ်ယောက်လွှတ်ပြီး ပို့ခိုင်းလိုက်မယ် ….”
“ ပို့ခိုင်းစရာ မလိုဘူး … ငါကိုယ်တိုင် လာယူမယ် ….”
“ အဲ့လိုလည်း ရတယ်လေ … ငါအသိပေးတာကိုစောင့် … တတ်နိုင်သလောက်တော့ မြန်မြန်လေး လုပ်ပေးမယ် ….”
နင်ချဲ့နှင့် ဖုန်းပြောပြီးနောက် လင်းရီသည် လမ်းမထက်တွင် ခေတ္တ လည်ပတ်လျှောက်သွားနေလိုက်သည်။ မက်ဆေ့ချ်ဝင်လာသည့် အခါမှသာ တက္ကစီစီး၍ ပေးထားသည့် လိပ်စာအတိုင်း သွားပြီး ပစ္စည်းသွားယူလိုက်သည်။
လင်းရီ ပြန်ရောက်လာသည့် အချိန်၌ မွန်းလွဲ တစ်မတ်တင်း ရှိနေပြီ ဖြစ်၏။ ကူရိရန်နှင့် အခြားသူများမှာ အိပ်မောကျနေဆဲဖြစ်ပြီး လင်းရီလည်း သူတို့ကို မနှောင့်ယှက်တော့ဘဲ စစ်ကြောရေး အခန်းထဲသို့ ဝင်သွားခဲ့သည်။
သူ ရောက်လာသည်တွင် မာရှင်းလုံနှင့် ရွှီကျင်းတို့လည်း ရှိနေသည်ကို တွေ့လိုက်ရသည်။
လင်းရီကို ထပ်ပြီး မြင်တွေ့လိုက်ရတော့ သူတို့၏ မျက်နှာအမူအရာမှာ ခံစားချက်တို့ ရှုပ်ထွေးသွားခဲ့ကြသည်။
သူက ဒီတိုင်း ကြွားဝါချင်နေသည့်လူဟု သူတို့ ထင်ထားခဲ့ကြသော်လည်းပဲ သူ၏ အစွမ်းအစ မည်သို့မည်မျှ ရှိကြောင်းကို သက်သေပြပြီးသား ဖြစ်နေသည်။
မနေ့ညက သူသာ ရှိမနေခဲ့ဘူးဆိုပါက လီဟောက်နှင့် အခြားသူများမှာ ထာဝရကျေးရွာမှာပဲ ထာဝရခေါင်းချသွားရကိန်းရှိသည်။
ထို့ပြင် သူတစ်ဦးတည်းနှင့် လူနှစ်ရာကျော်ကို တစ်ယောက်တည်း ကိုင်တွယ်သွားခဲ့ပြီး သူ့လိုလူစားမျိုးက ခရိုင်အလိုက် ပြိုင်ပွဲများတွင် ပထမနေရာရဖို့ မခဲယဉ်းပေ။
“ အရာရှိလင်း … မင်း ပြန်လာနိုင်တာ ကောင်းတယ် ….”
မာရှင်းလုံနှင့် ရွှီကျင်းတို့က သူ့အား နွေးထွေးစွာ နှုတ်ဆက်လာခဲ့ကြ၏။ ယခင်ကလို အတုအယောင် နွေးထွေးမှုမျိုး မဟုတ်ကြတော့ချေ။
လင်းရီလည်း ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သို့သော် သူ၏ မျက်ဝန်းကတော့ စစ်ကြောရေးအခန်းထဲရှိ အခြား လူတစ်ဦးထံတွင်သာ ကပ်ညှိလို့နေသည်။
ဤလူက အသက်သုံးဆယ် အလယ်ပိုင်း ၊ သို့မဟုတ် လေးဆယ် အစောပိုင်း အရွယ်မျှ ရှိပြီး အသက်ကြီးကာ ရင့်ကျက်သည့်ပုံပေါ်သည်။
သို့သော် သူ၏ အဆင့်က မာရှင်းလုံလောက်အောက် အနည်းငယ်လျော့ကာ ဤစခန်းကလူ ဖြစ်ပုံလည်း မတူပေ။
“ ဒါရိုက်တာမာ… သူက ဘယ်သူလဲ …”
“ ဒါက စွန်းမင်ချန်း … ဒီအမှုကို ကူညီပေးနိုင်အောင်ဆိုပြီး ဌာနချုပ်က လွှတ်လိုက်တဲ့ ဒါရိုက်တာစွန်းပေါ့ … သူက လျိုဟွာရှန်းကို စစ်ကြောနေတာလေ ..”
လင်းရီ ခေါင်းညိတ်လိုက်သည်။ ဤမျှကြီးမားသည့် အမှုကြီးကို ဖော်ထုတ်ဖို့က လုံဟူရဲစခန်း၏ အင်အားနှင့် မဖြစ်နိုင်ချေ။ ထို့ကြောင့် ဌာနချုပ်မှနေပြီး ကူညီပေးဖို့ တစ်စုံတစ်ယောက် စေလွှတ်လာပေးသည်မှာ ပုံမှန်သာဖြစ်သည်။
စွန်းမင်ချန်ကို မိတ်ဆက်ပေးပြီးနောက် မာရှင်းလုံကလည်း လင်းရီအား မိတ်ဆက်ပေးလိုက်သည်။
“ ဒါရိုက်တာစွန်း … ဒါက ကျိုးဟိုင်ကရောက်လာတဲ့ အရာရှိလင်း … တကယ်လို့ သူ့ကြောင့်သာ မဟုတ်ရင် ဒီအမှုလည်း ဒီအခြေအနေထိ ရောက်လာခဲ့မှာ မဟုတ်ဘူး …”
စွန်းမင်ချန်းက လင်းရီကို တစ်ချက် ကြည့်လိုက်ပြီး အသာယာ ခေါင်းညိတ်ကာ သူ့အား ချီးမွမ်းစကားဆိုလိုက်သည်။
“ ထူးချွန်တဲ့လူငယ်လေးပဲ … ဒီအတိုင်း ဆက်ကြိုးစားထားကွာ ….”
" သေချာပေါက်ပဲပေါ့ ….” လင်းရီ တက်တက်ကြွကြွနှင့် ပြန်လည် ခွန်းတုံ့ပြန်လိုက်ပြီး စွန်းမင်ချန်းနှင့် ထိတွေ့ဆက်ဆံမှုတို့ သိပ်မလုပ်လိုပေ။
“ ကောင်းပြီ … ငါလည်း ဒီမှာ ပြီးလုပြီးခင် ဖြစ်နေပြီ … ပြန်ပြီး လက်ရှိ အခြေအနေကို တင်ပြလိုက်ဦးမယ် … ဌာနချုပ်က ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ချင်လဲ ကြည့်ကြတာပေါ့ ….”
“ သူ အထက် ဝယ်သူတွေ အကြောင်း တစ်ခုခု ဖွင့်ဟလာသေးလား …” လင်းရီ မေးမြန်းလိုက်၏။
“ အဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ သူ့ဘက်က အမှန်အတိုင်း ဝန်ခံတာပဲ … ဒါပေမယ့် ခိုင်မာတိကျတဲ့ သတင်းအချက်အလက်တော့ ဘာမှ မရှိဘူး … ဒီကိစ္စကို ဆက်လိုက်ဖို့က ခက်လိမ့်မယ် …”
လင်းရီ မျှော်လင့်ထားသည့်အတိုင်း မည်သည့် အသုံးဝင်သည့် အချက်အလက်မျှ မရရှိခဲ့ချေ။
“ ကျွန်တော်လည်း အားနေတာဆိုတော့ သူ့ကို တစ်ခေါက်လောက် ထပ်ပြီး စစ်မေးလိုက်ဦးမယ် …”
ဤသည်ကို ကြားတော့ စွန်းမင်ချန်း၏ အမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။
“ မင်း အဲ့တာ ဘာသဘောလဲ … ငါ့အစွမ်းအစတွေကို မယုံတာလား ….”
မာရှင်းလုံနှင့် ရွှီကျင်းတို့လည်း ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်ဖိစီးသွားခဲ့ကြသည်။ ဤလူက ဌာနချုပ်မှ စေလွှတ်လိုက်သည့်လူ ဖြစ်၏။
အရာရှိလင်းက စစ်ဆေးမေးမြန်းချင်လျှင်ပင် တစ်ဖက်သူကို မျက်နှာသာအနည်းငယ်ပြီး တစ်ဖက်လူ ထွက်သွားသည့် အချိန်ကို စောင့်ဆိုင်းသင့်သည်။
စွန်းမင်ချန်း၏ အမူအရာမှာ အေးစက်တင်းမာသွားခဲ့ပြီး စောနကကဲ့သို့ နွေးထွေးနေခြင်း မရှိတော့ချေ။ သူ လင်းရီ၏ ပခုံးကို ခပ်ဖွဖွ ပုတ်၍ ထေ့ငေါ့အရွှဲ့တိုက်သည့် လေသံဖြင့်
“ ကောင်လေး … ခွန်အားတက်ကြွနေတာက ကောင်းတဲ့ကိစ္စပဲ … ဒါပေမယ့် တစ်ခါတစ်လေ အချိန်မှန်၊ နေရာမှန်ကို ရွေးတတ်ဖို့ လိုသေးတယ် ဆိုတာ မင်းနားလည်လား …”