တစ်ဖက်သတ် ချေမှုန်းခြင်း
Vol. 145 Ch. 2171
“ အဲ့တာက ပုံမှန်ပါပဲ …” ကျန်းဖန့်က ကားမောင်းနေရင်း ပြောလိုက်ပြီး “ ငါ့မွေးရပ်မြေဆိုလည်း ဒီလို ကျေးလက်ဘက် … ဒီခု ရွာလိုမျိုးပဲ … ပြီးတော့ အဲ့မှာ ကလန်ခန်းမ ဆိုတာ ရှိတယ် … ရှန်းဝေ့ရဲ့ ကလန်ခန်းမလိုမျိုး အယူသဘောထားတွေက ဒီထက်မှာပိုပြီး အစွဲကြီးကြတယ် … ဒီမှာ ကလန်ခန်းမ တစ်ခု ရှိနေတာ ဆန်းတယ်လို့ မဆိုနိုင်ပါဘူး ….”
“ အထဲကို အရင်တစ်ချက် ဝင်ကြည့်ကြတာပေါ့ ….” လင်းရီ လေသံကို နိမ့်ပြီး ဆိုလိုက်သည်။
“ တကယ်လို့ ဒီလိုမျိုးသာဆိုလို့ကတော့ … အဲ့တာဆို ပိုပြီး ကိုင်တွယ်ရခဲယဉ်းသွားတော့မှာပဲ …”
မကြာမီ ကျန်းဖန့်က ကားကို ကလန်ခန်းမရှေ့သို့ ထိုးရပ်လိုက်သည်။
အုပ်စုလည်း ကားပေါ်က ဆင်း၍ ကလန်ခန်းမ ရှိရာနေရာသို့ လျှောက်လှမ်းလာခဲ့ကြ၏။
လင်းရီနှင့် အခြားသူများကိုတော့ မြင်တော့ လျိုဟွာရှန်းနှင့် ကျူးရှန်းရုံတို့က အထဲမှ ထွက်လာပြီး ယဉ်ကျေးစွာ ကြိုဆိုနှုတ်ဆက်သည်။
“ ညကြီးမိုးချုပ်နေပြီကို ဒီက လူကြီးမင်းတို့က ဘယ်သူတွေလဲ မသိဘူး … “
“ ငါတို့က ရဲတွေ ….” လီဟောက်က ထွေထူးရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ဘဲ သူ၏ ရဲအိုင်ဒီကို ထုတ်ပြလိုက်သည်။ “ မင်းတို့ကို ကလေးသူငယ် လူကုန်ကူးမှုနဲ့ သံသယရှိတယ် … ငါတို့နဲ့ လိုက်ခဲ့ …”
“ ဟင် … မဖြစ်နိုင်တာတွေ … ကျုပ်တို့ အဲ့လို မကောင်းတဲ့ မလုပ်ရပါဘူး အရာရှိကြီးရယ် ….”
“ ဒီအခြေအနေထိ ရောက်နေပြီကိုတောင် ခေါင်းမာချင်နေသေးတယ်ပေါ့ …” လီဟောက်က အေးစက်စွာ စကားဆိုလိုက်ပြီး “ ခင်များတို့ လူတွေ ဖမ်းခံထားရပြီးပြီ … သူတို့ ထွက်ဆိုတဲ့ထဲမှာ ခင်များလည်း ပါတယ်ပြောတယ် … ကျုပ်ကို ဒါတွေ လာပြီး ပြောနေလို့ ထူးမှာ မဟုတ်ဘူး …”
ပြောပြီးသည်နှင့် လီဟောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျိုးလီကို ခေါ်ထုတ်လာခဲ့ရန် လက်ဟန်ပြလိုက်သည်။
“ ဘော့စ် …. ဘော့စ် ….”
ကျိုးလီကို မြင်တော့ လျိုဟွာရှန်း၏ မျက်နှာအရောင်မှာ ပြောင်းလဲသွားခဲ့သည်။ ကြည့်ရသည်မှာတော့ ယခုလို အခြေအနေမျိုး၌ သူ့ဘက်က ပြောနိုင်သည့်အရာ မရှိတော့ပုံပင်။ အဘယ်ကြောင့်ဆိုသော် ပြောလည်း အရာထင်မှာ မဟုတ်သောကြောင့်ပင်။
“ အရာရှိကြီး … တကယ်လို့ မင်းမှာ သက်သေ အထောက်အထား ရှိတယ်ဆိုရင် ငါ့ကို အခုချက်ချင်း ခေါ်သွားလိုက်ပါ …. ဒါပေမယ့် မရှိဘူးဆိုရင်တော့ ငါ့ကို စော်ကားလိုက်တာပဲ …. စောနက ကိစ္စကို မရှိခဲ့ဘူးသလို ထားပေးလိုက်မယ် …. ဂရုစိုက် မဟုတ်ရင် အသရေဖျက်မှုနဲ့ မင်းကို တရားပြန်စွဲလိုက်မယ် ….”
“ မျက်မြင်သက်သေက ဒီမှာ ရှိနေပြီကိုတောင် မင်းက ငြင်းချင်နေသေးတယ်ပေါ့ ….”
“ ဖမ်းဆီးဖို့ဆိုရင် မျက်မြင်သက်သေအပြင် တခြား ခိုင်မာတဲ့ သက်သေ အထောက်အထားတွေပါ လိုအပ်သေးတယ် …”
လျိုဟွာရှန်းက ကျိုးလီကို လက်ညှိုးထိုး၍ “ ငါ ဒီလူကို သိတောင်မသိဘူး … သူ ပြောသမျှ အကုန်မှန်တယ်လို့ ယူဆလိုက်လို့ မရဘူးလေ … ဟုတ်တယ်ဟုတ် …”
လျိုဟွာရှန်း၏ ကျိုးကြောင်း မညီညွှတ်သည့် ခေါင်းမာမှုနှင့် ရင်ဆိုင်လိုက်ရတော့ လီဟောက်မှာ အလေးမသာသည့် အနေအထားသို့ ကျရောက်သွားခဲ့သည်။
သူတို့၏ ရောက်ရှိလာမှုက ဗြုတ်စဗျင်းတောင်း နိုင်လှပြီး လိုအပ်သည့် လုပ်ငန်းစဉ်များကိုလည်း မပြင်ဆင်လာခဲ့ရချေ။ တစ်ဘက်က အလျှော့မပေးဘဲ ခေါင်းမာနေသည်နှင့်ပါ ရင်ဆိုင်လိုက်ရတော့ အခြေအနေသည်လည်း တင်းမာလာသည်။
“ ဘာလို့ အဲ့လောက်ထိ လေကုန်ခံနေမှာ … သူ့ကို ဒီတိုင်း ခေါ်သွားလိုက်တော့ ….” လင်းရီက အမြဲတမ်း စာအုပ်ကြီးအတိုင်း လုပ်လေ့လုပ်ထ မရှိသည့် လူစားမျိုးပင်။ အထူးသဖြင့် လျိုဟွာရှန်းကဲ့သို့သော လူစားမျိုးများနှင့် ရင်ဆိုင်ရသည့် အခါတွင် ဖြစ်၏။
သူ့လက်ရှိ အဆင့်အတန်းကြောင့်သာ မဟုတ်ဘူးဆိုပါက ယခုအချိန်လောက်ဆို အကြမ်းနည်းလမ်းသုံးပြီး ဖမ်းဆီးပြီးနေလောက်ချေပြီ။
လင်းရီ၏ အမိန့်အတိုင်း လိုက်ပါရင်း စခန်းရှိ ရဲအရာရှိများမှာ ချက်ချင်း လှုပ်ရှားလာခဲ့ကြ၍ လျိုဟွာရှန်းကို ဖမ်းဆီးရန် ဟန်ပြင်လိုက်ကြသည်။
တစ်ချိန်တည်းတွင် လျိုဟွာရှန်းက အနောက်ကို ခြေတစ်လှမ်း ဆုတ်သွားခဲ့ပြီး သူနှင့် ရဲအရာရှိများကြား အကွာအဝေး စည်းတစ်ခုခြားလိုက်သည်။
“ မင်းတို့မှာ ဖမ်းဝရမ်း မပါရင် ငါ့ကို ဖမ်းလို့မရဘူး ….”
“ မပူနဲ့ … ဝရမ်းက ထွက်လာမှာ … လောလောဆယ်တော့ ခင်များ စကားနားထောင်လိုက်တာ အကောင်းဆုံးပဲ … လူတိုင်းအတွက်လည်း ကောင်းသွားတာပေါ့ …”
“ အဲ့နည်းလမ်းက ငါ့အပေါ် အလုပ်ဖြစ်မှာ မဟုတ်ဘူး….” လျိုဟွာရှန်း တည်ငြိမ်စွာ ပြောလိုက်ပြီး “ ငါက မင်းတို့နဲ့ လိုက်ခဲ့ဖို့ သဘောတူတယ်ဆိုရင်တောင် ဒီရဲ့ ငါ့ညီကိုတွေ သဘောတူလား အရင်မေးလိုက်ဦး …”
သူ့စကားဆုံးသည်နှင့် ကျူးရှန်းရုံက ခေါက်ဓားတစ်ချောင်းကို နောက်ကျောမှ ထုတ်လာခဲ့ပြီး လင်းရီနှင့် ကျန်သူများအားလုံးကို အေးစက်စွာ သိမ်းကျုံးကြည့်လိုက်သည်။
ထိုအချိန်မှာပဲ နှစ်ရာကျော်လောက်ရှိမည့် လူအုပ်ကြီးက ကလန်ခန်းမ၏ အရပ်ဘက်ပေါင်းစုံမှနေ၍ ပြေးထွက်လာကြပြီး လင်းရီနှင့် သူ့အသင်းကို ဝိုင်းရံထားလိုက်ကြသည်။
အခြေအနေက ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး မွန်းကြပ်ဖွယ် လေထုဖိအားက လူတိုင်း၏ နှလုံးကို ဖိနှိပ်ထားနေသည်။
ယခု မတိုင်မီက …. တစ်ဖက်လူမှာ ဤမျှ ရက်စက်စွာ ပြုမူလာလိမ့်မည်လို့ သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြချေ။
“ ဘော့စ် ….”
လင်းရီတို့ အုပ်စု ရှော့ခ်ရနေသည်ကို အခွင့်ကောင်းယူ၍ ကျိုးလီနှင့် အခြားသူများက လျိုဟွာရှန်း၏ ဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့ကြသည်။
“ ဘော့စ် … ဒီလူတွေ အများကြီး သိထားတယ် … သူတို့ကို ရှင်လျက် ထွက်သွားခိုင်းလို့ မဖြစ်ဘူး … မဟုတ်ရင် ငါတို့အားလုံး အဆုံးသတ်ပြီပဲ ….”
“ ငိုးမကောင် … လက်စသတ်တော့ မင်းရည်ရွယ်ချက်က ဒါကိုး …” လီဟောက်၏ မျက်လုံးသူငယ်အိမ်တို့ ကျုံ့ဝင်သွားခဲ့ပြီး ကျိန်ဆဲလိုက်သည်။
“ မင်းက အခုမှ သတိထားမိတယ်ပေါ့ …”
ကျိုးလီမှာ ယခုထိတိုင် လက်ထိပ်ခတ်ခံထားရဆဲ ဖြစ်သော်လည်း ပမာမခန့် အမူအရာဖြင့် လက်ညှိုးထိုး ပြောဆိုလိုက်သည်။
“ ငါ အမှန်တရားတစ်ခု ပြောပြမယ် … ငါ ရည်ရွယ်ချက်ရှိရှိနဲ့ မင်းတို့တွေကို ဒီခေါ်လာခဲ့တာ … ဒီရောက်လာခဲ့ပြီးပြီဆိုမှတော့ ရှင်လျက် ထွက်သွားဖို့ စဉ်းစားမနေနဲ့တော့ ဟမ့် ….”
ကျိုးမင်၏ ခန္ဓာကိုယ် တင်းကြပ်သွားခဲ့၏။ သူမ အနည်းငယ် ကြောက်လန့်နေမိသည်။
ဤလူများ၏ ရက်စက်ကြမ်းကြုတ်မှုဖြင့် ဆိုပါက ၎င်းတို့ မလုပ်ဝံ့သည့် အရာ ရှိမှာ မဟုတ်ချေ။
သို့သော် … သူမဘေးတွင် ရပ်နေသည့် ကူရိရန်ကတော့ ကြောက်ရွံ့သည့် အမူအရာကို တစ်စက်လေးမျှ မပြသခဲ့ချေ။ ထိုအချိန်မှာပဲ သူမ၏လက်ကို တစ်စုံတစ်ယောက်က လာရောက် ဆုပ်ကိုင်ထားကြောင်း သတိထားမိလိုက်သည်။
ယင်းက လင်းရီ၏ လက်ဖြစ်၏။
ကူရိရန် ခေါင်းငုံ့ကြည့်လိုက်တော့ လင်းရီ၏ ဘက်ဘယ်လက်က သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး သူ၏ ညာဘက်လက်ကတော့ ကျန်းဇီရှင်းကို ဆုပ်ကိုင်ထားကာ သူမတို့နှစ်ဦးကို သူ့နောက်ကျောသို့ ပို့ထားလိုက်သည်။
ကူရိရန်ကို သူ၏ ခန္ဓာကိုယ်နှင့် ကာကွယ်ပေးထားပြီးနောက် …
ကလန်ဟောခန်းမရှေ့ မြေကွက်လပ်ရှိ လေထုသည်လည်း မလှုပ်မယှက် ငြိမ်ဝပ်နေသည့် ရေကန်ကဲ့သို့ ဖြစ်သွားခဲ့သည်။
ဘာတွေ ဖြစ်လာမလဲ မည်သူကမျှ မသိကြ။
လင်းရီ ရှေ့ဆက် ဘာတွေ လုပ်မလဲဆိုတာကိုလည်း မည်သူကမျှ မသိကြချေ။
ထိုအချိန်တွင် အသာစီးရထားသည့် လျိုဟွာရှန်းက စကားစလာခဲ့၏။
“ ငါလည်း ဒီလိုမျိုးတွေ မဖြစ်ချင်ပါဘူး … ဒါပေမယ့် အရာရှိကြီးတို့က ဒီကိုရောက်လာပြီး ငါတို့ လုပ်ရပ်တွေကို မြင်တွေ့ပြီးသွားခဲ့ပြီ ဆိုမှတော့ … ငါ့ဘက်ကလည်း ဒီနည်းနဲ့ လက်တုံ့ပြန်ရုံ ရှိတော့တာပေါ့ …”
လင်းရီ ဘေးဘီဝဲယာကို တစ်ချက် ကြည့်လိုက်ပြီး ထို့နောက် လျိုဟုန်ရှန်းပေါ်တွင် အကြည့်တို့ စူးစိုက်ထားလိုက်သည်။
“ ကြည့်ရသလောက်တော့ တစ်ရွာလုံးနီးပါးက ခင်များဘက်ခြမ်းမှာ ရှိနေတာပဲ ….”
“ မင်းမှန်တယ် … အကုန်လုံးက ငါ့လူတွေချည်းပဲ …” လျိုဟွာရှန်း ပြောလိုက်ပြီး “ မခုခံနဲ့တော့ …. အရာရှိကြီးရဲ့ ဈာပနာကို ခမ်းခမ်းနားနား ဖြစ်စေရမယ်လို့ ကတိပေးတယ် … လူတွေ အများကြီးနဲ့ မသာလိုက်ပို့ပေးမယ်လေ … ဘယ်လိုထင်လဲ …”
“ ခင်များရဲ့ ဆန္ဒတွေ မပြည့်ဝနိုင်မှာကိုတော့ စိုးရိမ်မိသား …” လင်းရီ ထူးမခြားနားသည့် အမူအရာဖြင့် ပြောဆိုလိုက်ပြီး “ ဘာလို့ဆို့ ကျုပ်က သေဖို့ သိပ်စောလွန်းနေသေးတယ် ….”
“ ဒါပေမယ့် အခုချိန် မင်းမှာ အဲ့လို ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူးလေ …” လျိုဟွာရှန်း ပြောလိုက်ပြီး “ မင်း မသေရင် ဒုက္ခရောက်မှာက ငါတို့ပဲ …. ငါတို့ကတော့ အဲ့လိုမျိုး မဖြစ်ချင်ဘူး ….”
ပြောဆိုပြီးနောက် လျိုဟွာရှန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “ လုပ်တော့ … မြန်မြန် သပ်သပ်ရပ်ရပ်လေး ….”
“ ဟုတ်ကဲ့ ….”
လူနှစ်ရာကျော်က သံပြိုင် နာခံလိုက်ကြပြီး သတ်ဖြတ်လိုသည့် အရှိန်အဝါတို့ ထုတ်လွှတ်လာခဲ့ကာ အချိန်မရွေး တိုက်ရိုက်ရန် အဆင့်အသင့် ဖြစ်နေခဲ့ကြသည်။
“ မင်းတို့ ကိုယ့်ဘက်ခြမ်းကိုယ်ပဲ အာရုံစိုက်ထားကြ … ကျန်တာ ငါနဲ့ လွှဲထားလိုက် …”
လင်းရီ သူ့ခါးနောက်ကနေ ဓားမြောင်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ချက်ချင်း ရှေ့သို့ ပြေးတက်သွားခဲ့သည်။
အနီးဆုံး လူတစ်ယောက်ကို အနားသို့ ဆွဲပြီး ဝမ်းဗိုက်သို့ ဓားမြောင်နှင့် ထိုးလိုက်၏။
ထိုလူ၏ မျက်ဝန်းတို့မှာ ကြောင်အမ်းနေပုံပင်။ လင်းရီ သူ့ဓားကို ပြန်ဆွဲထုတ်လိုက်သည်နှင့် သူ့မှာ အသံပင် မပေးနိုင်ဘဲ ချက်ချင်း လဲကျသွားခဲ့သည်။
သေသလော၊ ရှင်သလော။ မည်သူကမျှ မသိ။ ရှင်ဖို့ ရာခိုင်နှုန်း အင်မတန် နည်းသည်ကိုတော့ လူတိုင်း သိကြသည်။
သွေးထွက်သံယို မြင်ကွင်းက လျိုဟွာရှန်းကို အတော်လေး တုန်လှုပ်သွားစေခဲ့သည်။
လင်းရီ၏ ရက်စက်ပြတ်သားနေမှုက သူ ထင်မှတ်ထားသည်ထက်ပင် ကျော်လွန်နေသည်။
သူ့စိတ်ထဲတွင် ရဲအရာရှိတစ်ယောက်က ဤမျှ ရက်စက်လိမ့်မှာ မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။
“ လာစမ်းပါ … ခင်များတို့ လူ အယောက် နှစ်ရာကျော်မှာ ဘယ်နှစ်ယောက်ကများ ကျုပ်ကို ဆန့်ကျင်နိုင်မလဲ ကြည့်ကြတာပေါ့ ….”
“ အစ်ကိုရီ … ဂရုစိုက် ….” ကျန်းဇီရှင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ နင်တို့ရဲ့ ဟန်ချက်ကို မပျက်စေနဲ့ …” ကူရိရန်က ဘေးကနေ ပြောလိုက်ပြီး “ ဇီရှင်း နင်က လင်းရီကို ကာဗာပေးဖို့ တာဝန်ယူ … ငါက လျှံထွက်လာတဲ့ လူတွေကို တာဝန်ယူမယ် …”
ကူရိရန် အမိန့်ပေးလိုက်သည်နှင့် ကျန်သူများလည်း တုံ့ပြန်လာခဲ့ကြပြီး သူတို့ ခါးရှိ သေနတ်များကို ထုတ်လာခဲ့ကြသည်။
သူတို့ကိုယ်သူတို့ ကာကွယ်ရင်း အခြားသူများကိုလည်း ကာဗာပေးနေခဲ့ကြ၏။
ထိုအချိန်တွင် လင်းရီကတော့ သိုးအုပ်ထဲ ဝင်ရောက်သွားခဲ့သည့် ခြင်္သေ့ရိုင်းကြီး တစ်ကောင်လို ဖြစ်နေခဲ့သည်။
သူက လုံးဝကို ပြိုင်ဘက်မရှိ ပြိုင်ဘက်ကင်းနေခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပဲ လူဆယ်ယောက်ကျော်က မြေပြင်သို့ လဲကျသွားခဲ့လေပြီ။
အခြားသူများ ဆက်ပြီး မတ်တပ်ရပ်နေနိုင်ပါဦးမလားဆိုတာကတော့ … သူတို့လည်း ကိုယ့်ကိုယ်ကို မသေချာခဲ့ကြပေ။
ကလန်ခန်းမရှေ့တွင် ရပ်နေရင်း လျိုဟွာရှန်းသည် လင်းရီ၏ ရက်စက်ကြမ်းကြုတ်သည့် လှုပ်ရှားမှုတိုင်းကို အေးစက်စွာ စောင့်ကြည့်နေခဲ့၏။
လင်းရီ၏ ခွန်အားက သတိထားရမည့် အဆင့်သို့တိုင် ရောက်ရှိနေပြီဖြစ်ကြောင်း သူ မျက်မြင်ကြုံတွေ့လိုက်ရသည်။
နာကျင်စွာ အော်ဟစ်သံများနှင့် သေနတ်သံများက အဆက်မပြတ် ထွက်ပေါ်လာနေခဲ့ပြီး မိနစ်ပိုင်း အတွင်းမှာပဲ အခြား လူအယောက် သုံးယောက်ခန့်မှာ မြေပြင်သို့ လဲကျသွားခဲ့ကြပြီ ဖြစ်သည်။
လူတိုင်းက ဒဏ်ရာကိုယ်စီ ရထားကြပြီး သွေးစက်တို့က စမ်းချောင်းသေးသေးလေးသဖွယ် ခန္ဓာကိုယ်ထဲမှ စီးကျနေလျက်ရှိသည်။ သို့သော် လင်းရီကတော့ မောပမ်းနွမ်းနယ်လို့ ပင်ပန်းမည့် အရိပ်အယောင်သော်မျှမပြ။
လက်သီးချက်တိုင်းက လူကို မှုန့်ညှက်ကြေစေပြီး …
ဓားချက်တိုင်းက အသက်တစ်ချောင်းကို ယူဆောင်သွားခဲ့သည်။
ယခုအချိန်၌ …
သူသည် ပြိုင်ဘက်ကင်း ။
သူ့အား ရပ်တန့်နိုင်သူ မည်သူမျှ မရှိပေ။