ဥပဒေ မချိုးဖောက်ဘဲ လူသတ်လို့ရလား
Vol. 145 Ch. 2169
ဤသည်ကို ကြားတော့ မည်သူကမျှ အသံတစ်သံ မပြုခဲ့ကြချေ။
ဤသို့သော စစ်ဆင်ရေးမျိုးက သူတို့အတွက်လည်း အသစ်အဆန်း ဖြစ်နေခဲ့လေသည်။
“ အကျိုးတူ ပူးပေါင်းနေကြတဲ့လူတွေလား … ဒါမှမဟုတ် အထက်အောက် ငယ်သားဆက်ဆံရေးလား ….”
“အထက်အောက် ငယ်သားဆက်ဆံရေးပါ …” ကျိုးလီ ပြောလိုက်သည်။
“ ငါတို့က ကလေးတွေ ခေါ်လာပြီးရင် ဒီမှာ လက်လွှဲပြောင်းပါတယ် … ထာဝရ ကျေးရွာကို မပို့ခင် အားလုံး အဆင်ပြေပြေရှိလား သေချာအောင် လုပ်ရပါတယ် … အဲ့လိုမှပဲ လုံခြုံတာပါ …”
လင်းရီ သူ့ဖုန်းကို ခေတ္တ အပေါ်အောက် ပွတ်ဆွဲလိုက်ပြီး သုန်ဝမ်ကျား၏ ဓာတ်ပုံကို ရှာတွေ့သွားခဲ့ကာ ကျိုးလီအား ပြလိုက်သည်။
“ ကျိုးဟိုင်မှာလည်း ဒီလိုမျိုး ဆင်တူတဲ့ အမှု တစ်ခု ရှိတယ် … ဒီ ဓာတ်ပုံ … မင်းမှတ်မိလား….”
ကျိုးလီ ဂရုတစိုက်နှင့် ကြည့်လိုက်၏။ ထို့နောက် သူ ခေါင်းယမ်းပြလာသည်။ “ ငါ မသိဘူး …”
“ မင်းပြောတော့ မင်းတို့ ရလာတဲ့ ကလေးတွေ အကုန်လုံးကို မလွှဲပြောင်းခင် ဒီနေရာ ခေါ်လာခဲ့ရတယ်ဆို … မင်း ဘာလို့ မမှတ်မိရတာ ….”
လင်းရီအသံက အေးစက်သထက် အေးစက်လာသည်ကို ခံစားမိတော့ ကျိုးလီ ထိတ်လန့်သွားခဲ့သည်။
ဤလူ၏ ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို သူ တွေ့ကြုံ ခံစားပြီးဖြစ်သောကြောင့် နောက်တစ်ကြိမ် ပြန်မခံစားလိုတော့ချေ။
“ အထူးအခြေအနေကြောင့် ဖြစ်မယ် … မင်း ပြလာတဲ့ ကလေးက ဒေသခံဆိုတော့ ဒေသခံထဲက ဝယ်လက်ထဲ လက်လွှဲပေးလိုက်တာ ဖြစ်မယ် ….”
“ ငါတို့ကို ဘာမှ နားမလည်တဲ့လူတွေလို့ မင်းထင်နေတာလား ….” လင်းရီ၏ မျက်ခုံးတို့ တင်းကြုတ်သွားခဲ့ပြီး “ ကျိုးဟိုင်မှာ ဖမ်းမိတဲ့ လူတွေကို ကျိုးဟိုင်ကလူတွေဆီ ပြန်ရောင်းတယ်လို့ မင်း ပြောချင်နေတယ်ပေါ့ ….”
“ မဟုတ်ဘူး မဟုတ်ဘူး… ငါမညာဘူး … အဲ့လို အထူးအခြေအနေမျိုးတွေ ရှိတယ် … ဒါပေမယ့် ငါလည်း အသေးစိတ်တော့ မသိဘူး … ငါက ဒီတိုင်း လူမိုက် သေးသေးလေးပါကွာ ….”
လင်းရီ တစ်ဖက်သို့ လှည့်သွားခဲ့ပြီး မေးမြန်းနေခြင်းအား ရပ်တန့်လိုက်သည်။ သူ ကူရိရန်ကို ကြည့်လိုက်၏။
“ ဒီဒေသက ရဲစခန်းကို ဖုန်းဆက်ပြီး ဒီကောင်တွေ စောင့်ကြည့်ဖို့ လူတစ်ချို့ လွှတ်ခိုင်းလိုက် … မြန်လေ ကောင်းလေပဲ … ငါတို့ ထာဝရရွာကို အမြန်သွားဖို့ ရှိသေးတယ် … ငါ့အထင် အဲ့နေရာက သူတို့ရဲ့ အခြေစိုက် စခန်း ဖြစ်နိုင်တယ် …”
“ ငါတော့ ဒီလူတွေ လှည့်စားလာမှာကို စိုးတယ် …” ကူရိရန် သတိချပ်သည့် လေသံဖြင့် ပြောဆိုလာခဲ့၏။
“ ဒီကောင်တွေက လှည့်စားဝံ့တယ်ဆိုလည်း ပြန်လာရင် သတ်လိုက်ရုံရှိတာပေါ့ … သူတို့မှာ ဇမရှိပါဘူး …”
သာမန် ထမင်းစားရေသောက် ကိစ္စကို ပြောလိုက်သည့်နှယ် ချောမွေ့စွာ ပြောထွက်လာနိုင်သည့် လင်းရီ၏ စကားကို ကြားတော့ ကျိုးလီနှင့် ကျန်သူများမှာ လေအေးကြီးများ ရှိုက်သွင်းမိသွားခဲ့ကြသည်။
ဒါ လူတစ်ယောက် ပြောသင့်တဲ့ စကားမှ ဟုတ်ရဲ့လား ….
လူသတ်တာက ရာဇဝတ်မှုကွ …
သူတို့တွေ စိတ်အတွင်းမှ ကြိတ်ပြီး အော်ဟစ်နေခဲ့ကြသည်။
“ ဒါဆိုလည်း နင် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့ ….”
လင်းရီ သူ့ခေါင်းကို လှည့်၍ လီဟောက်နှင့် ကျိုးမင်ကို ကြည့်လိုက်သည်။ “ မင်းတို့နှစ်ယောက်က ဘာတွေ စောင့်နေတာ … ရဲကို ဖုန်းဆက်တော့လေ ….”
လီဟောက်၏ အမူအရာမှာ တင်းမာသွားခဲ့ပြီး ကျိုးမင်၏ မျက်နှာသည်လည်း သဘာဝ မကျတော့ပေ။
ယနေ့စစ်ဆင်ရေးကို သူတို့က ဦးဆောင်ရမှာ ဖြစ်သော်လည်းပဲ စလိုက်မီးရောင်ရရှိမည့် အခွင့်အရေးပေါင်းများစွာကို ခိုးယူခံခဲ့ရသည်။ သို့သော် လက်ရှိ အခြေအနေအရ တွန့်ဆုတ်နေ၍လည်း မဖြစ်ပြန်ပေ။ အရင်ဦးဆုံး တပ်ကူများအား ဆင့်ခေါ်ဖို့လိုသည်။
လီဟောက်က အရင်ဦးဆုံး ဗျူရိုထံသို့ ဖုန်းခေါ်၍ ယေဘုယျ အခြေအနေကို တင်ပြလိုက်သည်။ ထို့နောက် အနီးနားရှိ ရဲစခန်းသို့ အကြောင်းကြားခိုင်းကာ လူလွှတ်ပေးရန် တောင်းဆိုလိုက်၏။
“ အစ်ကိုလီ … မင်းအခုလို အကုန်လုံး ပြောပြလိုက်တော့ အလုပ်ဖြစ်ပါ့မလား …” တင်းဝေ့မင်က တိုးတိုးတိတ်တိတ် မေးလာသည်။
“ ငါတို့ လုပ်ခဲ့တာတွေက ခွင့်လွှတ်မရနိုင်တဲ့ အမှုတွေပဲ … ငါတို့ ဝန်ခံရင်တောင် သေဒဏ်ပေးခံရမှာ ကျိန်းသေတယ် …”
“ မတတ်နိုင်ဘူး … အခုက လောင်းကြေးထပ်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ … မဟုတ်ရင် ဘယ်တော့မှ အခွင့်အရေး ရမှာ မဟုတ်ဘူး ….”
“ မင်းက ငါတို့ရဲ့ လျှို့ဝှက်စခန်းကိုတောင် ပေါက်ကြားပြီးနေပြီကို ဘာတွေ လောင်းကြေးထပ်ချင်နေသေးတာ …”
“ သူတို့ရဲ့ လက်ရှိ ပုံစံကို ကြည့်ရင် ငါ့အထင် ဒီလူတွေ မကြာခင် အဲ့ရွာကို ဦးတည်ကြတော့မှာ … သူတို့ဘက်က လူများချင် များမယ် … ဒါပေမယ့် မမေ့နဲ့ .. အဲ့မှာ ငါတို့လူတွေ နှစ်ရာကျော်တောင် ရှိတယ် … သူတို့ကို ဝိုင်းပြီး တိတ်တိတ်လေး လက်စတုံးပစ်လိုက်လို့ရတယ် .. ဘယ်သူမှလည်း သိလိုက်မှာ မဟုတ်ဘူး .. ပြီးရင် ဘယ်သူမှ မသိခင် ငါတို့ တိတ်တိတ်လေး ထွက်ပြေးကြတာပေါ့ ….”
တင်းဝေ့မင် ချွေးအေးတို့ စီးကျလာခဲ့သည်။ ကျိုးလီ ဤမျှ သတ္တိကောင်းနေလိမ့်မည်ဟူ၍ သူ အိမ်မက်ထဲပင် စိတ်ကူးမယှဉ်မိခဲ့ချေ။
“ ဒါပေမယ့် သူတို့က ရဲအရာရှိတွေလေ … ငါတို့တကယ်ပဲ သတ်ကြမှာလား ….”
“ မင်း စောက်သံကို တိုးတိုးပြောစမ်း … အဲ့ကောင်တွေ ကြားသွားရင် အကုန် မသာပေါ်ကုန်လိမ့်မယ် …”
ကျိုးလီ ကျိန်ဆဲလိုက်ပြီး “ ငါတို့ လုပ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်ရင် သေမှာက မြေကြီးလက်ခတ်မလွဲပဲ … ဒါ ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ … သေရင်မြေကြီး ရှင်ရင် ရွှေထီးပေါ့ ….”
တင်းဝေ့မင်၏ အသက်ရှူသံတို့ လေးလံလာခဲ့သည်။ ထိုသို့သော အတွေးမျိုးကို သူ တစ်ခါမှ မတွေးတောခဲ့မိချေ။
ထာဝရကျေးရွာတွင် သူတို့ လူနှစ်ရာ ရှိသဖြင့် ဤရဲအနည်းငယ်လောက်လေးကို သတ်ဖြတ်ဖို့က လွယ်လွယ်လေးပါ ဟုတ်တယ်မလား ။
နာရီဝက်ပင် မကြာလိုက်ဘဲ ရဲကားနှစ်စင်းက ရွာထဲသို့ ရောက်လာခဲ့သည်။
အနီးနားရှိ ရဲစခန်းက စုံစမ်းစစ်ဆေးရန်အတွက် တပ်ကူ စေလွှတ်လိုက်ခြင်းပင်။ သို့သော် အင်အားကတော့ အင်မတန်နည်း၏။ လူလေးယောက်သာလျှင် ရောက်လို့လာသည်။
လုံဟူ ရဲစခန်းရှိ အရာရှိများကတော့ …. ခရီးက ရှည်သည့်အတွက် အချိန် အနည်းငယ်တော့ ကြန့်ကြာနေလိမ့်မည်။
“ ဟယ်လို … ငါက ဟုန်ထျန် ရဲစခန်းက ဒါရိုက်တာ လီယောင်မင်ပါ …”
သက်လတ်ပိုင်း အမျိုးသား တစ်ဦးက လက်ဆန့်တန်း လာခဲ့ပြီး လင်းရီနှင့် လီဟောက်တို့ကို နှုတ်ဆက်လိုက်သည်။
“ အထဲမှာ လူငါးယောက်ရှိတယ် … သူတို့ကို ခေါ်သွားလိုက် … ဒီအမှုမှာ ကျုပ်တို့ ကိုင်တွယ်စရာလေးတွေ ကျန်နေသေးတယ် …” လင်းရီ ပြောလိုက်သည်။
“ သူတို့ကိုတော့ … ငါ့ရဲဘော်တွေနဲ့ ခေါ်သွားခိုင်းလိုက်မယ် … လူဆိုးတွေကို နှိမ်နင်းဖို့ ငါတို့လည်း ပါမယ်လေ ….”
ဒါရိုက်တာလီယောင်မင်က ဉာဏ်ထက်မြက်သည့် လူစားမျိုးပင်။ အကယ်၍ သူသာ ဤအမှုထဲတွင် ဝင်ပါနိုင်မည်ဆိုပါက အကျိုးအမှတ်တစ်ချို့ကို ရရှိနိုင်မည် ဖြစ်ကြောင်း နားလည်သည်။
“ ကျွန်မတို့ ဒါရိုက်တာလီကို ဒုက္ခမပေးတော့ပါဘူး … ကျွန်မတို့သပ်သပ် ….”
ကူရိရန် စကားမဆုံးခင် လင်းရီ သူမအား တိတ်တိတ်လေး လက်တို့လိုက်ပြီး အပြုံးလေးဖြင့် ဆိုလာသည်။
“ ဒါရိုက်တာလီက ပါဝင်ချင်တယ်ဆိုလည်း ကြိုဆိုပါတယ် … လူများတော့ အားပိုရှိတာပေါ့ ….”
“ကောင်းတယ် ကောင်းတယ် … အတူသွားကြတာပေါ့ ….”
ကူရိရန်လည်း သူမ စောနတုန်းက ပြောလိုက်သည့် စကားက အနည်းငယ် မဆင်မခြင် နိုင်သွားသည်ကို သတိပြုမိလိုက်သည်။
ဤသို့သော အမှုမျိုး၌ မြင်သည့်လူတိုင်းက ဝေစုရမှာ ဖြစ်၏။ တစ်ဖက်က လိုလိုလားလား လက်ကမ်းပေးလာခဲ့ရာ အဘယ်ကြောင့် ပုတ်ချရမည်နည်း။
“ ငါ မင်းတို့ကိုလမ်းပြပေးမယ် … ဒါကိုရော ငါ့အမှားအတွက် ပြန်ပေးဆပ်မှု တစ်ခုလို့ သတ်မှတ်လို့ ရမယ်မလားဟင် …”
လင်းရီ သူ့အား အပြုံးလေးဖြင့် ကြည့်လိုက်သည်။
“ မင်းက အတော်တော့ ဉာဏ်ပြေးသားပဲ … ဒါဆိုလည်း အတူသွားကြတာပေါ့ … ငါတို့လည်း အချိန်ကုန် သက်သာတယ် ….”
“ ကောင်းတယ် ကောင်းတယ် … အတူသွားကြမယ် … ငါတို့ကို နည်းနည်းလေး သက်ညှာပေးမယ်ဆိုရင်ပဲ ကျေနပ်လှပါပြီ ….” ကျိုးလီ ပြောလိုက်သည်။
စကားပြောနေစဉ်တွင် ကျိုးလီ၏ စိတ်ထဲ တွက်ချက်မှုတို့ ပြည့်နှက်နေခဲ့သည်။
အကယ်၍ သူသာ ဖမ်းခေါ်ခံသွားရမည်ဆိုပါက သူ့တွင် အခွင့်အရေး ရှိမှာ မဟုတ်တော့ချေ။
သို့သော် သူသာ ထာဝရ ကျေးရွာသို့ အတူလိုက်ပါသွားမည်ဆိုပါက ရှင်သန်နိုင်မည့် အခွင့်အလမ်း ရေးရေးလေး ကျန်နေသေး၏။
“ အားလုံး စီစဉ်ပြီးပြီးဆိုတော့ အခုပဲ အတူသွားကြတာပေါ့ …” လင်းရီက လူတိုင်းကို ကားထဲသို့ ဝင်ရန် လက်ဟန်ပြလိုက်သည်။
ယခု အချိန်တွင်တော့ လီဟောက်နှင့် ကျိုးမင်တို့လည်း များများစားစား မပြောနိုင်တော့ချေ။ လင်းရီ၏ ဦးဆောင်မှုနောက်သို့ တိတ်တဆိတ် လိုက်ပါရုံသာ တတ်နိုင်တော့လေသည်။
ကားထဲသို့ ရောက်သည်နှင့် ကျန်းဖက်က ဒရိုင်ဘာနေရာတွင် ထိုင်ပြီး ကျန်းဇီရှင်းက လမ်းညွှန်ပေးသည်။ လင်းရီနှင့် ကူရိရန်တို့ကတော့ အနောက်ခန်းထဲတွင် ထိုင်ကာ အမှုအကြောင်းကို ဆွေးနွေးနေသည်။
“ ဒီလူတွေ မူမမှန်ဘူးဆိုတာ နင် ဘယ်လိုလုပ်ပြီး သိသွားခဲ့တာလဲ ….”
“ ကျွန်မလည်း သိချင်တယ် အစ်ကိုရီ … ရှင်သာ သူတို့ကို လျှာချော်သွားအောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် ကျွန်မလည်း သူတို့ကို သံသယ ဝင်မိမှာ မဟုတ်ဘူး …”
“ စစချင်းတုန်းကတော့ ငါလည်း သူတို့ကို သံသယ မဝင်မိဘူး … ဒါပေမယ့် အိမ်ထဲဝင်တဲ့အချိန် ကြမ်းပြင်မှာ သွေးနဲ့ တူတဲ့ အမည်းရောင် အကွက်ကြီး တစ်ကွက်ကို သတိထားမိတယ် … အဲ့မှာ မူမမှန်ဘူးလို့ စပြီးခံစားရတာပဲ … နောက်တော့ ငါလည်း စကားထပ်ဆော့ကြည့်လိုက်တာ သူတို့တွေ ရှေ့နောက်မညီတဲ့ အဖြေတွေ ပေးလာတော့တာပဲ …”
“ သဘောပေါက်ပြီ …” ကျန်းဇီရှင်း တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်၏။ “ ဒါပေမယ့် ကျွန်မတို့တွေ အတော်လေး ကံကောင်းသွားတယ်လို့ ထင်တယ်.. ဒီတိုင်း အိမ်တစ်အိမ်ထဲ သာမန်လျှံကာ ဝင်ကြည့်လိုက်တာ သံသယတရားခံတွေနဲ့ ပက်ပင်းတိုးမိတယ်ဆိုတော့လေ ….”
“ ကံကောင်းတာ မဟုတ်ဘူး … အမှုကိုက အတော်လေး ပုံမှန် ဟုတ်မနေတာ … ထာဝရ ကျေးရွာမှာ ပုန်းနေတဲ့လူက ဘယ်သူလဲ ငါတို့ မသိသေးဘူး … ဒီတော့ ဂရုစိုက်ကြ … မင်းတို့တွေ အန္တရာယ် တစ်ခုခုဆို ငါ့နောက်မှာနေ … အရူးလိုမျိုး ရှေ့ကို ဇွတ်မတက်နဲ့ … မင်းတို့ကို မိဘတွေ မွေးတုန်းက အကောင်းလေးတွေ … တစ်ခုခု ဖြစ်သွားပြီး ကျိုးကန်းသွားမှ မကောင်းဘဲ ဖြစ်လိမ့်မယ် ….”