← Chapters

သေမလား ၊ ရှင်မလား

Vol. 145 Ch. 2167

သေမလား ၊ ရှင်မလား

Vol. 145 Ch. 2167

“ ဟေ့ကောင် ဟေ့ကောင် ဟေ့ကောင် …….”

လင်းရီ ဖုန်းခေါ်ဆိုမှု ပြုလုပ်တော့မည့် အချိန်မှာပဲ ကျိုးလီက ရုတ်ချည်း ကျယ်လောင်စွာ ဟန့်တားလာခဲ့သည်။

“ ဘာလဲ … တစ်ခုခု ပြောစရာရှိလို့လား ….”

“ အရာရှိကြီး … မင်းက ရဲအရာရှိတစ်ယောက်လေ … ငါ့ မိတ်ဆွေကို အဲ့လိုကြီး ဖုန်းခေါ်လိုက်လို့တော့ ဘယ်သင့်လျော်မှာလဲ …”

“ ဘာ မသင့်လျော်စရာ အကြောင်းရှိလို့ … ကျုပ်က ခင်များတို့ကို လူကုန်ကူးသမားတွေလို့ စွပ်စွဲနေတာလည်း မဟုတ် … ခင်များတို့ နာမည်ပျက်စရာ အကြောင်းမရှိပါဘူး ….”

“ ငါ ပြောချင်တာက အဲ့သဘောမျိုး မဟုတ်ဘူး …” ကျိုးလီ ကိုးရို့ကားယား အမူအရာဖြင့် ပြောဆိုရင်း သူ့ရှေ့ရှိ အခြေအနေကို မည်သို့ ကိုင်တွယ်ရမှန်း မသိ လမ်းပျောက်နေခဲ့သည်။

သူတို့၏ အဖွဲ့အစည်းထဲတွင် သူက ဒီတိုင်း သာမန် မန်နေဂျာတစ်ယောက်မျှသာ။

သူ့တွင် အရည်အချင်း တစ်ချို့ရှိသည်။ သို့သော် အတော်ဆုံး တစ်ယောက်တော့ မဟုတ်။

သာမန် ရဲအရာရှိများကို သူကိုင်တွယ်ကောင်း ကိုင်တွယ်နိုင်မည်။ သို့သော် လင်းရီကဲ့သို့သော လူစားမျိုးများနှင့် မျက်နှာချင်းဆိုင်ရသည့် အခါတွင်တော့ တူညီသည့် လိဂ်တစ်ခုတွင် ရှိမနေသည့်နှယ် လက်မှိုင်ချရသည်။

လင်းရီ၏ အဆက်မပြတ် ဖိအားပေးမှုအောက်တွင် သူတို့၏ စကားများထဲ ကွင်းဆက်ပြတ်မှုတို့ တစ်စထက် တစ်ဆ ထွက်ပေါ်လာသည်။

“ အစ်ကိုရီ … ကျွန်မ ရလာခဲ့ပြီ …” ကျန်းဇီရှင်း ပြောလိုက်သည်။ “ မာဟွားဖုန်းရဲ့ တကယ့်ပိုင်ရှင်က ကျန်းရုံဖူပဲ ….”

ကျိုးလီ၏ လူများအားလုံး ရင်တစ်ချက် ထိတ်သွားခဲ့ကြပြီး စိတ်ဓာတ်တွေ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။

လင်းရီ၏ အကြည့်က လူလေးယောက် အပေါ်သို့ ထက်ရှသည့် ဓားတစ်စင်းနှယ် ယှက်သန်းသွားခဲ့၏။

“ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ … ခင်များ ကျုပ်ကို ရှင်းပြချက် တစ်ခု ပေးသင့်တယ် မထင်ဘူးလား ….”

ကျိုးလီ ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး ချွေးစေးတို့ကလည်း ကျောအနှံ့ ဖြစ်နေခဲ့သည်။

“ ဖုန်းနံပါတ်ကို ကျန်းရုံဖူ နာမည်နဲ့ မှတ်ပုံတင်ထားတယ် ဆိုပေမယ့် တကယ် သုံးနေတဲ့လူကကျတော့ မာဟွားလေ … သူတို့ ဖုန်းလဲပြီး ကိုင်နေကြတယ် … ဟုတ်တယ် … ဖုန်းလဲကိုင်နေကြတာ ….”

“ အဲ့လိုလား ….” လင်းရီ အဓိပ္ပာယ်ပါပါ ခေါင်းညိတ်လိုက်သည်။ “ ဒါဆိုလည်း ကျုပ် သူ့ကို ဖုန်းခေါ်လိုက်တာပေါ့ …”

ဒူ ဒူ ဒူ ……

လင်းရီ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်နှင့် အချိန်သည် ရပ်တန့်သွားခဲ့ဟန် တူပြီး တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့ကာ ကိုယ့်နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။

ကလင် ကလင် ကလင် …

ဖုန်းဝင်သွားပြီးသည့်နောက် မကြာမီမှာပဲ ဖုန်းသံ ခပ်တိုးတိုး မြည်သံ တစ်သံကို ကြားလိုက်ရ၏။

ထို့ပြင် ယင်းဖုန်းမြည်သံက အခန်းထဲရှိ လူတိုင်း၏ အသက်ရှူသံကို စုပ်ယူသွားသည့်နှယ်ပင်။

အခန်းထဲတွင် လူလေးယောက်တည်း ရှိရာ မည်သည့်နေရာက ဖုန်းမြည်သံ ထွက်လာနိုင်မည်နည်း။

“ အစ်ကိုရီ … ဒီလူတွေက မူမမှန်ဘူးနော်….”

ကျန်းဇီရှင်းက သူ့လက်ဖဝါးကို ခါးထက်ရှိ သေနတ်ပေါ်သို့ အလိုအလျောက် တင်ထားပြီး ပြောလိုက်သည်။

ထိုအချိန်မှာပဲ ကျိုးလီက ဒေါသတကြီးနှင့် ကျယ်လောင်စွာ ကျိန်ဆဲလာသည်။

“ သေစမ်းကွာ … ယီးတဲ့မှ ဂရုစိုက်မနေနဲ့တော့ … နှစ်ယောက်လုံးကို သတ် …”

နတ်ဆိုးဝင်ပူးနေသည့်နှယ် ရက်စက်ကြမ်းကြုတ်လာပြီး ကျိုးလီ သူ့အိတ်ထောင်ထဲက ခေါက်ဓားကို ထုတ်ကာ ဓားထွက်ပေါ်လာသည့် ချွင်ခနဲ မြည်သံက အေးစက်စက်နိုင်လှသည်။

ကျန်သုံးယောက်လည်း ထို့အတူပင်။ ယခု အခြေအနေသို့ ရောက်လာမှတော့ သူတို့ကိုယ်သူတို့ လွတ်လမ်းတစ်ခုကို ကိုယ်တောင် ဖောက်ထွင်းရမည်။

အကယ်၍ သူတို့အားလုံး ဖမ်းမိသွားခဲ့မည်ဆိုပါက နောက်တစ်နေ့ နေထွက်ချိန်ကို မြင်နိုင်ဖို့ရာ မသေချာပေ။

ကိုယ့်အတွက်ကိုယ် တိုက်ခိုက်ကြရမည်။

လင်းရီ လျင်မြန်စွာ တုံ့ပြန်၍ ကျန်းဇီရှင်း၏ လက်ကို ဆွဲပြီး သူ့နောက်သို့ ပို့ထားလိုက်သည်။ ကျန်လက်တစ်ဖက်က ကျိုးလီ၏ လက်မောင်းသို့ ရောက်သွားခဲ့ပြီး အနားသို့ တရကြမ်း ဆွဲကပ်လိုက်ကာ ရင်၀ကို ဆောင့်ကန်လိုက်သည်။

ကျိုးလီ လဲကျသွားခဲ့၏။ ကျန်လူသုံးယောက်မှာလည်း သူတို့၏ ဓားများကို ဝင့်ကာရမ်းကာဖြင့် လင်းရီထံသို့ ရူးသွပ်စွာ တိုက်ခိုက်လာခဲ့ကြ၏။

လင်းရီ ဘယ်ခြေထောက်ကို မဏ္ဍိုင်အားပြု၍ ညဘက်ခြေထောက်ကို ဂငယ်ပုံစံ ဝေ့ဝိုက်လိုက်ပြီး ကျန်းရုံဖူ၏ မျက်နှာကို ဖြတ်ကန်လိုက်သည်။

နာကျင်သည့် အော်ညည်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကျန်းရုံဖူ မြေပြင်သို့ ချက်ချင်း လဲကျသွားခဲ့ကာ ရှေ့သွားနှစ်ချောင်း ကျွတ်ထွက်သွားခဲ့၏။

ဤသည်ကို မြင်တော့ ကျန်နှစ်ယောက်လည်း လင်းရီထံသို့ သတိထားသည့် ခြေလှမ်းများဖြင့်သာ ချဉ်းကပ်ဝံ့တော့ပြီး နှစ်မီတာမျှ ခွာထားကြကာ ရှေ့ဆက်မတိုးဝံ့ကြတော့ချေ။

လင်းရီ သူ့လက်ကောက်ဝတ်ကို တစ်ချက်ခါလိုက်၏။ “ မင်းတို့ကောင်တွေ လာမယ်ဆိုလည်း လာခဲ့ကြ … ဘာလို့ဆိုတော့ ဘယ်လိုပဲ ဖြစ်နေပါစေ ငါမင်းတို့ကို မှောက်အောင် ရိုက်မှာမလို့ပဲ … အခု အခွင့်အရေး ရှိတုန်း လာခဲ့ ...”

“ ချီးကောင်တွေ …” ကျိုးလီကျိန်ဆဲလိုက်ပြီး “ စောက်ရူးလို ရပ်မနေကြနဲ့ … သူတို့နှစ်ယောက်ကိုသတ် … သူတို့ မသေရင် ငါတို့တစ်ကောင်မှ အဆုံးသတ်လှမှာ မဟုတ်ဘူး ….”

ကျိုးလီ၏ အော်သံကြောင့် တင်းဝေ့မင်နှင့် လီပေါင်းကော်တို့နှစ်ဦးမှာ အန်ဒီနလင်းထိုးသွင်းခံလိုက်ရသည့်နှယ် ခန္ဓာကိုယ်က အလိုအလျောက် လှုပ်ရှားလာခဲ့ကြပြီး လင်းရီထံသို့ တိုက်ခိုက်လာခဲ့ကြသည်။

သို့သော် သူတို့ထဲက တစ်ယောက်ကတော့ ခေါက်ဓားအစား ထိုင်ခုံကို ပြောင်းလဲ အသုံးပြုနေသည်။

ထိုကဲ့သို့သော ပစ္စည်းလေးများက လင်းရီအတွက် ပါမွှားလေးမျှသာဖြစ်၏။

လက်တစ်ဖက်ဖြင့် ထိုင်ခုံကို လီပေါင်းကော်၏ လက်တွင်းမှ လုယူလိုက်ကာ သူ့ထံသို့ ပြန်ဖြတ်ရိုက်ပေးလိုက်သည်။

ဘန်း …

သစ်သား ခွေးခြေထောက်မှာ အင်အားချင်း ထိတွေ့မှုကြောင့် အပိုင်းပိုင်း ကျိုးသွားခဲ့ပြီး လီပေါင်းကော်လည်း ခေါင်းတစ်ခုလုံး သွေးများ စီးကျလာကာ မြေပြင်တွင် နာကျင်စွာ လူးလိမ့်အော်ဟစ်နေရလျက် ရှိ၏။

သူ့ အဖော်၏ မြင်မကောင်းသည့် အခြေအနေကို မြင်တော့ တင်းဝေ့မင်မှာ ခုခံဖို့ကို လုံးလုံးလျားလျား လက်လျှော့ထားလိုက်သည်။

ဓားသွားကို လက်ထဲတွင် ကိုင်ထားရင်း ထိန်းချုပ်မရစွာ တုန်ယင်နေပြီး မျက်နှာကလည်း ဖြူလျော်နေသည်။

“ အကုန်လုံး လက်နက်တွေချပြီး မင်းတို့ လက်ထဲ လေပေါ် မြှောက်ထားကြစမ်း …”

လင်းရီ၏ အမိန့်ပေးသံကို ကြားသည်တွင် တင်းဝေ့မင် သူ့ဓားကို ချက်ချင်း လွှတ်ချပြီး ကြမ်းပြင်သို့ အလိုအလျောက် ဒူးထောက်လက်မြှောက်သွားခဲ့မိသည်။

“ ဇီရှင်း … မင်းသူတို့ကို စောင့်ကြည့်ထားလိုက် … သူတို့ လှုပ်ရဲရင် တစ်ခါတည်း ပစ်သတ်လိုက် … တစ်ခုခုဆို ငါရှိတယ် ….”

ကျန်းဇီရှင်း ခေါင်းညိတ်လိုက်ပြီး အားကိုးရှိသည်ဟူသော ခံစားချက်က သူမရင်ထဲ နွေးထွေးစွာ ပျံ့နှံ့သွားခဲ့၏။ လုံခြုံသည်ဟူသော ခံစားချက်က တကယ်ကောင်းသည်။

လင်းရီ အခန်းထဲက ထွက်လာခဲ့ပြီး အိမ်ကို စတင် စူးစမ်းတော့သည်။

အစောပိုင်းတုန်းက ဖုန်းမြည်သံ ထွက်ပေါ်လာသည့် အသံကို ကြည့်ရသလောက်တော့ တစ်စုံတစ်ယောက်က အိမ်ထဲ တစ်နေရာရာတွင် ပုန်းနေသည်မှာ သေချာသည်။

မည်သည့်နေရာမှာ ရှိနေလဲဆိုတာကို သူ မသိသေးရုံမျှ ဖြစ်၏။

သို့သော်လည်း ယင်းက ကြီးကြီးမားမား ပြဿနာတော့ မဟုတ်။ အိမ်ထဲ လူတစ်ယောက် ပုန်းနိုင်လောက်သည်အထိ ကြီးမားသည့် နေရာတို့က များများစားစား မရှိချေ။

လင်းရီ အခြားတစ်ဖက်ခန်းရှိ ဗီရိုကို ဖွင့်ကြည့်လိုက်သော်လည်း အထဲတွင် ဗလာကျင်းနေသည်။

ထို့နောက် မီးဖိုချောင်နှင့် စတိုခန်းဘက်သို့ လှည့်ပတ်ကြည့်လိုက်၏။

မီးဖိုချောင်ထဲတွင် ပြောစမတ်ပြုလောက်စရာ တစ်ခုမျှ မရှိသော်လည်း စတိုခန်းကတော့ လင်းရီကို တုံ့ဆိုင်းသွားစေခဲ့သည်။

သူ့ရှေ့ တစ်မီတာတွင် ရှိနေသည့် အရာက မြေအောက်ခန်း ဖြစ်၏။

ရွာဘက်တွင် အစားအစာတို့ သိုလှောင်သည့် နေရာပင်။

သို့သော် ထိုအထဲတွင် လူတစ်ယောက် ရှိနေမည်ဖြစ်ကြောင်းကို လင်းရီ ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာနေခဲ့သည်။

ရှေ့သို့ တက်လှမ်းလာခဲ့ပြီး သစ်သားတံခါးကို လင်းရီ နင်းချိုးဖျက်စီးလိုက်သည်။ ထို့နောက် ဖုန်းမီဖွင့်၍ အောက်ဘက်သို့ ထိုးကြည့်လိုက်လေသည်။

သူ့ကို အံ့အားသင့်သွားစေခဲ့သည်က အနက်ရောင်စွပ်ကျယ်ဝတ်ထားသည့် အမျိုးသား တစ်ဦးနှင့် အသက် ငါးနှစ် ၊ ခြောက်နှစ် အရွယ် ရှိမည့် ကောင်လေး တစ်ဦးတို့က ထိုအထဲ ပုန်းအောင်းနေကြခြင်းပင်။

သို့သော် ကောင်လေးကတော့ သတိလစ် မေ့မြောနေပြီး မလှုပ်မယှက် လဲလျောင်းနေသည်။

ကံကောင်းစွာဖြင့် အသက်ရှင်နေသေးသည့် လက္ခဏာရပ်များကိုတော့ မြင်တွေ့နေရသေး၏။ ဤလူများက နည်းလမ်းတစ်ချို့ အသုံးပြုထားခြင်းကြောင့်သာ တိတ်ဆိတ်နေခြင်း ဖြစ်ရမည်။

“ ငါတို့ကို လွှတ်ပေးစမ်း … မဟုတ်ရင် ဒီကောင်လေး အသေပဲ ….”

မာဟွားက ကလေးကို ဖမ်းထားပြီး ရက်ရက်စက်စက် ခြိမ်းခြောက်လိုက်သည်။

အပြင်ဘက်ရှိ ရုန့်ရင်းဆန်ခတ် ဖြစ်သည့် အသံများကို ကြားပြီး၍ အခြေအနေကို အကြမ်းဖျင်းလောက်တော့ သူ ခန့်မှန်းနိုင်သည်။ ကျိုးလီတို့တတွေ ပြဿနာ တက်နေပြီ ဖြစ်သည်။

ထိုအတွက်လည်း သူ့ဘက်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်၏။

“ မင်းတို့အကုန်လုံးကို လွှတ်ပေးဖို့ကတော့ မဖြစ်နိုင်ဘူး … ဒါပေမယ့် မင်းတစ်ယောက်ကိုတော့ ရတယ် …” လင်းရီ အပေါ်က ငုံ့ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။

“ မရဘူး … ငါတို့အားလုံး ဒီကိစ္စ အတူလုပ်ခဲ့ကြတာ ငါတစ်ယောက်တည်း ကိုယ်လွတ်မရုန်းသွားနိုင်ဘူး ….”

မာဟွား ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သို့သော် အင်မတန် စိုးရိမ်ကြောင့်ကြနေသည့် အတွက် သူ၏ ကြမ်းတမ်းသည့် လက်ဖ၀ါးကြီးများက ကလေးကို ပိုပြီး တင်းတင်းကြပ်ကြပ် ညှစ်ထားသလို ဖြစ်သွားခဲ့သည်။

“ မင်းလို ရုပ်ဆိုးကြီးက ဒီလောက်ထိ သစ္စာတရားကြီးမားလိမ့်မယ်လို့ ငါမထင်ထားဘူး …” လင်းရီ ခံစားချက် ကင်းမဲ့စွာဖြင့် အောက်သို့ မျက်လုံးငုံ့ကြည့်ရင်း အေးစက်စက် ဆိုလိုက်သည်။

“ ဒါပေမယ့် ငါ နောက်တစ်ခေါက် ထပ်ပြောလိုက်မယ် … သူတို့ကို လွှတ်ပေးလိုက်ဖို့ လုံးဝ လုံးဝ မဖြစ်နိုင်ဘူး … မင်းတစ်ယောက်တည်းပဲ ထွက်သွားလို့ရမယ် …”

“ ဒါဆို ငါ ဒီကလေးကို သေအောင် သတ်လိုက်မယ် …”

“ သတ်လိုက်လေ … ငါ့အတွက်တော့ ဘာမှ မခြားနားသွားဘူး … အဲ့တာက ငါ့ကလေးလည်း မဟုတ် … ငါ့ကို သူရဲကောင်းကြီးလို့ ထင်ပြီး အပြစ်ကင်းတဲ့ ကလေးနဲ့ ခြိမ်းခြောက်လို့ ရမယ် ထင်နေလား ….”

မာဟွား ကြက်သေသေသွားခဲ့သည်။

သူ ဘာကြားလိုက်ရတာလဲ ...

သူ့နားသူပင် မယုံကြည်နိုင်ချေ။

ဒါ ရဲတစ်ယောက် ပြောသင့်တဲ့ စကားလား …

ဒီကောင် ရဲအတုပဲ ဖြစ်ရမယ် …

လင်းရီ သူ့ ခါးနောက်ကျောမှ သေနတ် ဆွဲထုတ်လိုက်ပြီး မာဟွား၏ ဦးခေါင်းကို ချိန်ရွယ်ထားလိုက်၏။

“ မင်းကို ဆုံးဖြတ်ဖို့ အချိန်တစ်မိနစ် ပေးမယ် … မင်းဘာမင်း လမ်းလျှောက်ပြီး ထွက်လာမလား … ဒါမှမဟုတ် မင်း အဲ့ကလေးကို သတ် … ပြီးရင် မင်းလည်း အသေခံလိုက် … ကိုယ်တိုင် ရွေးချယ် …”

မာဟွား နှုတ်ဆိတ်နေသည်။ အတွင်းစိတ်ထဲ ဆုံးဖြတ်ချက်ချရန် ရုန်းကန်တိုက်ပွဲဖြစ်နေသည်မှာ သိသာလှသည်။

မကြာမီ သူ လင်းရီကို လေးနက်တည်ကြည်စွာ စိုက်ကြည့်လိုက်၏။

“ ငါ့ဘာငါ ထွက်လာခဲ့မယ် ….”

“ ဂုဏ်ပြုပါတယ် … မှန်ကန်တဲ့ ရွေးချယ်မှုပဲ … လူတွေက ငွေနောက်လိုက်လို့ သေကြပြီး ငှက်တွေက အစာနောက်လိုက်လို့ သေကြတယ် … ဘယ်လိုပဲ နေနေ ဆက်ပြီး အသက်ရှင်နေဖို့က အရေးကြီးဆုံးပဲ …”

ပြောရင်းဖြင့် လင်းရီ သူ့သေနတ်ကို ပြန်သိမ်းလိုက်ကာ မာဟွားကို လက်ဟန်ပြန်လိုက်သည်။

“ ကလေးကို အပေါ်ခေါ်လာခဲ့ …”

All Chapters