ဟာကွက်တွေ ဖြည်းဖြည်းချင်း ပေါ်လာခြင်း
Vol. 145 Ch. 2166
ပြတင်းပေါက်မှတစ်ဆင့် ချောင်းကြည့်လိုက်ရာ ကျိုးလီသည် လင်းရီနှင့် ကျန်းဇီရှင်းတို့ ခြံထဲ ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူ ချက်ချင်းပဲ အမူအရာကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် အမိန့်ပေးလိုက်၏။
“ ဘာမှ ထိတ်ထိတ်ပျာပျာ မဖြစ်ကြနဲ့ … ငါတို့ ကစားစရာရှိတာ ဆက်ကစားမယ် … သံသယ ဝင်ဖို့ ကောင်းတဲ့ အမူအရာတွေ ဘာတစ်ခုမှ မလုပ်မိစေနဲ့ … မဟုတ်ရင် ငါတို့အတွက် ကောင်းမှာ မဟုတ်ဘူး …”
“ သူတို့ရဲ့ ပုံစံတွေ မြင်လား … ခြံထဲရောက်လာတာနဲ့ သူခိုးမျက်လုံးတွေလိုပဲ ပတ်ပတ်လည်ကို စူးစမ်းနေကြတာ သူ ငါတို့ကို သံသယ ဖြစ်နေလား မသိဘူး …”
ကျိုးလီလည်း ဤအရာကို သတိပြုမိပြီး ဖြစ်သည်။ သို့သော် သူလည်း သိပ်မသေချာပေ။
“ အစ်ကိုလီ … ငါ့စိတ်တွေ လေးနေတယ် … ငါတို့ အနောက်တံခါးကနေ ထွက်ပြေးကြမလား …” နောက်တစ်ယောက်က ပြောလာခဲ့သည်။
“ သူတို့ကဖြင့် ဒီတောင် ရောက်လာနေပြီကို အခုချိန်ကျမှ ထွက်ပြေးလို့ ဘာထူးတော့မှာ ….”
“ အဲ့တာဆို ဘယ်လိုလုပ်ကြမှာလဲ … ငါတို့ကိုသာ တကယ်ကြီး သံသယ ဝင်နေရင် အကုန် ပြီးပြီပဲ … အားလုံး အဆုံးသတ်ပြီ …”
“ မင်းတို့ကောင်တွေ အိပ်ရာအောက်ဝှက်ထားတဲ့ ပစ္စည်းတွေ ထုတ်လိုက်ကြ …” ကျိုးလီ အမိန့်ပေးလိုက်သည်။ သူလည်း စိုးရိမ်ကြောင့်ကြမှုကြောင့် နှလုံးက လည်ချောင်းဝသို့ ရောက်လာနေသည်ဟု ခံစားရကာ အသက်ရှူ မဝချင်တော့ပေ။
“ ငါတို့ ဒီတိုင်း ကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ ကောင်းတယ် … ဒါပေမယ့် သူတို့က ခေါင်းမာနေမယ်ဆိုရင်တော့ ဒီနှစ်ယောက်ကို လက်စတုံးပေးလိုက်ကြတာပေါ့ …”
“ နားလည်ပါပြီ …”
လူလေးဦးလုံး ကိုယ်စီ လှုပ်ရှားလိုက်ကြပြီး အိပ်ရာအောက် သိမ်းထားသည့် ခေါက်ဓားများ ထုတ်လာကြကာ သူတို့ အိတ်ထောင်ထဲ ကိုယ်စီ သိမ်းထားလိုက်ကြသည်။
“ ယီးမလို့ ဒီတိုင်း ရပ်နေကြလား … ထိုင် … မာကျောက် ကစားမယ် … ပုံမှန်အတိုင်းလေးပဲနေ …” ကျိုးလီ ပြောလိုက်သည်။ “ တစ်ယောက်မှ ထိတ်ထိတ်ပျာပျာ မဖြစ်နဲ့ … ဒီတိုင်း ကံကောင်းပြီး ငါတို့ဆီ ရောက်လာတာလည်း ဖြစ်နိုင်တယ် … ငါတို့ကိုသာ တကယ်ကြီး သံသယ ရှိနေတယ်ဆိုရင် တစ်ခါတည်း ဝင်ဆွဲခေါ်သွားပြီးရောပေါ့ ….”
အခြားသူများမှာ မည်သည့်စကားမျှ ပြန်မပြောကြသော်လည်းပဲ သူတို့ တစ်ကိုယ်လုံး တင်းမာနေကြသည်။
လေးယောက်မှာ မာကျောက် စားပွဲသို့ ပြန်ကြ၍ စောနကပွဲကို ဆက်ကစား၏။
စက္ကန့်အနည်းငယ်ကြာပြီးသည့်နောက် သူတို့၏ အမူအရာမှာ ပုံမှန် ပြန်ဖြစ်သွားခဲ့ကြသည်။ အနည်းဆုံးတော့ မျက်နှာထက်တွင် မည်သည့် အမူအရာကိုမျှ ပြသမထားခဲ့ကြချေ။
ထိုအချိန်တွင် လင်းရီနှင့် ကျန်းဇီရှင်းတို့မှာ ခြံဝန်းထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာနေရင်း ပတ်ဝန်းကျင်ကို သေချာလေး အကဲခတ်နေခဲ့ကြ၏။
ဤအိမ်က တစ်ခုခုတော့ တစ်ခုခုပင်။
အပေါ်ယံတွင် အရာအားလုံးက ပုံမှန် ရှိသည်ဟု ထင်ရသော်လည်းပဲ အနီးကပ် စစ်ဆေးကြည့်ရှုသည်တွင်တော့ အရာတော်တော်များများက ကွဲပြားနေလျက်ရှိ၏။
ပထမ တစ်ချက်က ကျန်းဇီရှင်း ပြောသကဲ့သို့ပင်။
ဤမျှ ကြီးမားသည့် မြေကွက်ကြီးကို ရွာထဲ ပိုင်ဆိုင်နိုင်ထားသည်ဖြစ်ရာ ဤအိမ်က အတော်အသင့် ကြွယ်ဝရမည်။ သို့သော် ၎င်းတို့ နေထိုင်သည့် အိမ်ကတော့ အတော်လေး သာမန်ဆန်နေသည်။
သာမန်ဆန်သည့် အိမ်က သံသယ ဖြစ်ဖွယ် မကောင်းသော်လည်း ဆိုင်ကယ်နှင့် ကားတို့ ရှိသည့်တိုင် အိမ်က အတော်လေး သာမန်ဆန်သည်ကတော့ ပြောစရာ ဖြစ်သွားခဲ့သည်။
ထို့ပြင် ခြံအကျယ်အဝန်းက စတုရန်းမီတာ နှစ်ရာကျော်သော်လည်း အလယ်ဧရိယာတစ်ဝိုက်ကိုသာ ကောင်းစွာ ထိန်းသိမ်းထား၏။ ကျန်သည့်နေရာများတွင်တော့ ရေညှိများ၊ သဘာဝပေါက်ပင်များ၊ အမှိုက်များနှင့် ပြည့်နှက်နေသည်။
ဤသည်က ပုံမှန်နေထိုင်သည့် မိသားစုအိမ်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက အတော်လေး ကွဲလွဲနေလျက်ရှိသည်။ မည်သည့် မိသားစုက မိမိတို့ နေထိုင်သည့်အိမ်ကို သန့်ရှင်းရေး မလုပ်ဘဲ ထိုသို့ ပစ်စလက်ခတ် ထားလိမ့်မည်နည်း။
ခြံဝန်းထဲ တစ်ချက် ကြည့်ပြီးနောက် လင်းရီ အသုံးဝင်သည့် မည်သည့် သဲလွန်စကိုမျှ ရှာမတွေ့ခဲ့ချေ။
ထို့ကြောင့် ကျန်းဇီရှင်းကို ဦးဆောင်ရင်း တံခါးတွန်းဖွင့်လိုက်ရာ အခန်းဘယ်ဘက်နေရာတွင် မာကျောက်ကစားနေသည့် ကျိုးလီနှင့် အခြားသူများကို မြင်တွေ့လိုက်ရလေသည်။
လေးယောက်မှာ ဘာမျှ ဖြစ်ပျက်မထားသကဲ့သို့ လင်းရီနှင့် ကျန်းဇီရှင်းတို့နှစ်ဦးကို ပုံမှန် သတိထားသည့် အမူအရာဖြင့် ကြည့်လာခဲ့ကြသည်။
“ မင်းတို့က ဘယ်သူတွေလဲ …”
“ အခုတလော ကလေးတွေ အများကြီး ပျောက်နေလို့ လာပြီး စစ်ဆေးတာပါ …” လင်းရီ ပြောလိုက်၏။
လင်းရီ ပြောနေစဉ်တွင် ကျန်းဇီရှင်းက ဓာတ်ပုံတစ်ချို့ ထုတ်ပြလာပြီး “ ရှင်တို့ ဒီကလေးတွေကို မြင်ဖူးကြလား …”
ကျိုးလီ ဓာတ်ပုံများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းယမ်းလိုက်၏။ “ မမြင်ဖူးဘူး …”
“ သေချာထပ်ပြီး ကြည့်ပါဦး … သဲလွန်စတွေက ကလေးတွေကို ဒီရွာ ခေါ်လာခံခဲ့ရတယ်ဆိုပြီး ညွှန်ပြနေလို့ … ရှင်တို့တွေ သေချာပူးပေါင်းပေးမယ်လို့ မျှော်လင့်ပါတယ် ….”
ဒိန်းခနဲ ဖြစ်သွားသည့် နှလုံးခုန်သံကို အတင်းဖိနှိပ်ထားရင်း ကျိုးလီ ပြုံးလိုက်သည်။ “ ငါတို့က ပုံမှန်ဆို အဲ့လို ကိစ္စတွေ အာရုံမစိုက်တတ်တော့ ပုံထဲက လူတွေကို တကယ်ကြီး မသိတာ …”
“ ရှင် သေချာ …..”
ကျန်းဇီရှင်း ဆက်မေးမြန်းချင်သော်လည်း လင်းရီက စကားဖြတ်ပြောလိုက်၏။
“ ဒီမှာ နေတာ ခင်များတို့ လေးယောက်တည်းလား ….”
“ သူတို့က ငါ့ညီကိုကောင်းတွေလေ … ငါက ဒီမှာ ငါးကန်မွေးထားတာ ဆိုတော့ ငါနဲ့ အတူ အလုပ်လုပ်ဖို့ လိုက်လာခဲ့တဲ့ကောင်တွေပေါ့ …”
လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်သည်။ “ ကျုပ် အခုလေးတင်ပဲ မှတ်မိတယ် … အနက်ရောင်စွပ်ကျယ်နဲ့ လူတစ်ယောက်လည်း ဒီကို လာသွားသေးတယ် .. သူလည်း ခင်များတို့ မိတ်ဆွေပဲလား ….”
ကျိုးလီ၏ အမူအရာမှာ ရိပ်ခနဲ ဖြတ်ပြေးသွားခဲ့သည်။ သို့သော် ကောင်းမွန်စွာ ပြန်လည် ဖုံးဖိလိုက်နိုင်သည်။
“ သူလည်း ငါ့ဘော်ဒါပါပဲ … သူ အခုလေးတင် ထွက်သွားခဲ့တာ ….”
ပြောရင်းဖြင့် ကျိုးလီက အနောက်ဘက်သို့ ရည်ရွယ်ချက်ရှိရှိ ညွှန်ပြလိုက်ကာ လင်းရီ ပြောနေသည့် လူက အနောက်တံခါးကနေ ထွက်သွားခဲ့ပြီ ဖြစ်ကြောင်း အသိပေးလိုက်သည်။
လင်းရီ တည်ငြိမ်သည့် အမူအရာဖြင့် အိမ်ထဲ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး “ သူ့ကို ပြန်ခေါ်လိုက် … ကျုပ်သူ့ကို နည်းနည်းမေးချင်တာ ရှိတယ် …”
“ သူ့ကို ပြန်ခေါ်ရမယ် ဟုတ်လား ….”
“ သူက ပြန်မလာနိုင်တော့လို့လား …” လင်းရီ ပြန်ထောက်ပြီး မေးလိုက်၏။
“ အဲ့တာက..... သူ စောနတုန်းက ရောက်လာပြီး အရေးကြီးကိစ္စ သွားစရာ ရှိတယ်ဆိုလို့ ငါတို့နား ၂၀၀ တောင်းပြီး ထွက်သွားခဲ့တာပဲ … သူ ဘယ်သွားခဲ့လဲတောင် ငါတို့ သေချာ မသိဘူး ….”
“ ဒါကြောင့်မို့ ကျုပ်က ခင်များကို ဖုန်းခေါ်လိုက်ဖို့ ပြောနေတာ .. သူ့ကို သွားရှာပေးခိုင်းနေတာ မဟုတ်ဘူး … ကျုပ်ပြောနေတာကို ခင်များ နားမလည်ဘူးလား …”
“ ဒါက ….”
ကျိုးလီ ရပ်တန့်သွားခဲ့ပြီး ….. စားပွဲပေါ်တင်ထားသည့် ဖုန်းကို ညွှန်ပြကာ ပြောဆိုလိုက်သည်။
“ သူ့ဖုန်း ဒီမှာ ကျန်သွားတယ် … မင်းခေါ်ရင်တောင် သူ မကိုင်နိုင်ဘူး ….”
ကျိုးလီ၏ ဝေ့လည်ကြောင်ပတ် လုပ်နေသည့် အကြည့်ကို မြင်တော့ ကျန်းဇီရှင်းလည်း တစ်ခုခုတော့ မူမမှန်နေပြီကို ခံစားလိုက်မိသည်။
သူ့ပုံစံက ပွင့်လင်းရိုးသားသည့် အခြားသော ရွာသားများနှင့် နှိုင်းယှဉ်ပါက မတူညီသည့် ခံစားချက်တို့ ပေးစွမ်းနေသည်။
ကျိုးလီညွှန်ပြသည့် နေရာနောက်သို့ လိုက်ပါရင်း လင်းရီ စားပွဲပေါ်တင်ထားသည့် ဖုန်းနှစ်လုံးကို သတိမူမိလိုက်သည်။
“ ဒီဖုန်းနှစ်လုံးက ဘယ်သူ့ဟာတွေလဲ …”
“ တစ်လုံးက ငါ့ဟာ … နောက်တစ်လုံးက မာဟွားဟာ … သူက မင်းမေးနေတဲ့ လူပဲ …”
ကျိုးလီ စကားဆုံးသည်နှင့် ဂတုံးနှင့်လူက မျက်လုံးကို ဟိုကြည့်ဒီကြည့် လျှောက်ကြည့်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် စားပွဲပေါ်ရှိ ဖုန်းက မာဟွားရဲ့ဖုန်း မဟုတ်ဘဲ သူ့ဖုန်းဖြစ်နေသောကြောင့်ပင်။
“ ခင်များတို့ နာမည်တွေ တစ်ချက် မိတ်ဆက်ပေးပါလား …”
“ ငါ့နာမည် ကျိုးလီ … ပြီးတော့ မင်းမေးနေတဲ့လူ နာမည်က မာဟွား ….”
လင်းရီ ခေါင်းညိတ်လိုက်ပြီး ကျန်သုံးယောက်ထံ အကြည့်ပို့လိုက်သည်။
“ ခင်များတို့ နာမည်ကရော …”
“ သူတို့က …”
“ ကျုပ် ခင်များကို မမေးဘူး … သူတို့ဘာသူတို့ပဲ ပြောခိုင်း …”
“ ငါ့နာမည် တင်းဝေ့မင် …” လည်ပင်းတွင် တက်တူးထိုးထားသည့်လူက ပြောလိုက်သည်။
“ ငါက ကျန်းရုံဖူ …” ဂတုံးနှင့် လူက ပြောလိုက်သည်။
“ ငါ့နာမည် လီပေါင်းကော် ….” အရပ်ပုအိုက်အိုက်နှင့်လူက ပြောလာခဲ့၏။
“ ခင်များတို့ဖုန်းတွေ ထုတ်လာခဲ့ … အဲ့တာမှ ကျုပ် စစ်ကြည့်လို့ရမှာ ….”
သုံးဦးလုံး တွန့်ဆုတ်သွားခဲ့ကြသည်။ သို့သော် တင်ဝေ့မင်နှင့် လီပေါင်းကော်တို့ကတော့ သူတို့ဖုန်းများကို ဖြည်းဖြည်းချင်း ထုတ်ပြလာသည်။
မာဟွား၏ ဖုန်းက စားပွဲပေါ် ရောက်နေသည်ဟု ကျိုးလီ ပြောထားခဲ့သည့်အတွက် ကျန်းရုံဖူသာလျှင် မလှုပ်မယှက် ရှိနေခဲ့သည်။
“ ဒီမနက်ခင်းတုန်းက ငါ့ဖုန်း ကန်ထဲ ပြုတ်ကျသွားတာ ဖုန်းအသစ်က အခုထိ ရောက်မလာသေးဘူးရယ် …”
“ ဆိုတော့ ငါးကန်ကျသွားခဲ့တာပေါ့ ….” လင်းရီ သာမန်လျှံကာ မှတ်ချက်ပေးလိုက်ပြီး ဖုန်းလေးလုံးကို သိမ်းကာ ကျန်းဇီရှင်းထံသို့ ကမ်းပေးလိုက်၏။
“ ဒီဖုန်းလေးလုံးကို စစ်ကြည့်လိုက် … မှတ်ပုံတင်ထားတဲ့ ပိုင်ရှင်တွေက သူတို့နာမည်နဲ့ ကိုက်ရဲ့လား ကြည့်လိုက် … တကယ်လို့ ကိုက်တယ်ဆိုရင် သူတို့က ပိုင်ရှင် အစစ်ပဲ …”
“ ဟုတ် အစ်ကိုရီ….”
ဤသည်ကို ကြားတော့ အမျိုးသား လေးဦးလုံးမှာ စိုးရိမ်ကြောင့်ကြလာခဲ့တော့သည်။
တစ်ဖက်လူက သူတို့ကို စပြီး သံသယ ဝင်နေလေပြီ။
ကျန်းဇီရှင်း ဖုန်းလေးလုံးဖြင့် သူမဖုန်းသို့ ခေါ်ဆိုလိုက်ပြီး နံပါတ်များကို မှတ်ယူထားလိုက်သည်။
“ အစ်ကိုရီ … နံပါတ်တွေကို အစ်ကိုလီဆီ ပို့ထားလိုက်ပြီ … ခဏနေ သတင်းရောက်လာတော့မယ် …”
လင်းရီ ခေါင်းညိတ်ပြီး ဖုန်းလေးလုံးကို လက်ထဲကိုင်၍ ခေတ္တ အပေါ်အောက် ပွတ်ဆွဲနေရင်း စကားဆိုလိုက်သည်။
“ ဖုန်းလေးလုံးထဲမှာ လူနှစ်ယောက်က နံပါတ် တစ်ခုကို မာဟွားလို့ မှတ်ထားတယ် … နောက်နှစ်ယောက်ကတော့ မာလောင်စန်းလို့ မှတ်ထားတယ် … တိုက်ဆိုင်ပြီး နာမည်တူတာ မဟုတ်ရင် ဒါ မာဟွားရဲ့ နံပါတ်ပဲ ဖြစ်ရမယ် .. ဟုတ်တယ်မလား ….”
“ ဟင် … မဟုတ်ဘူး …”
ပဲစေ့ခန့်ရှိသည့် ချွေးအေးတို့က ကျိုးလီ၏ နဖူးထက် စီးကျလာပြီး ကမန်းကတမ်း ရှင်းပြလာခဲ့သည်။
“ အဲ့တာက ဒီတိုင်း နာမည်တူတဲ့ ငါတို့ရဲ့ သူငယ်ချင်းသပ်သပ်ပဲ … မာဟွားဆိုပေမယ့် မင်းပြောနေတဲ့ မာဟွားတော့ မဟုတ်ဘူး … မင်း အထင်လွဲနေပြီ …”
“ ဆိုတော့ ဒီတိုင်း နာမည်တူသွားတာပေါ့ ….” လင်းရီ စိတ်ဝင်စားသွားခဲ့သည့်ဟန်ဖြင့် “ ဒါဆို တစ်ချက်လောက် ဖုန်းခေါ်ကြည့်ကြမလား …”