← Chapters

လင်းရီ၏ မှန်းဆမှု

Vol. 145 Ch. 2164

လင်းရီ၏ မှန်းဆမှု

Vol. 145 Ch. 2164

ကျန်းဇီရှင်း၏ စကားနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်ရတော့ လီဟောက်နှင့် ကျိုးမင်တို့၏ အမူအရာမှာ မစင်စားမိသည်ထက်ပင် ပို၍ အကျည်းတန်သွားခဲ့တော့သည်။

မာရှင်းလုံနှင့် ရွှီကျင်းတို့၏ မျက်နှာအမူအရာလည်း မသိမသာ ကွက်ကနဲ ပျက်သွားခဲ့ကြ၏။ သို့သော် သူတို့၏ အမူအရာများကိုတော့ ထိန်းသိမ်းလိုက်နိုင်ဆဲပင်။

“ သူ့ကို ဒီလောက်ထိ မာရည်ကျောရည်နိုင်လိမ့်မယ်လို့ ငါတို့ ထင်မထားခဲ့ရုံပဲ …” သူတို့ကိုယ်သူတို့ ကာကွယ်ပြောဆိုလိုက်သည်။

“ ဒါဆိုလည်း နင်တို့တွေ ငါ့ အစ်ကိုရီဆီကနေ စစ်ဆေးမေးမြန်းတဲ့ နည်းလမ်းတွေ သင်ယူသင့်တယ် …” ကျန်းဇီရှင်း အကြံပြုလိုက်ပြီး “ ဒါတွေက အလုပ်မှာ မရှိမဖြစ် လိုတဲ့ စကေးတွေပဲလေ …”

“ ဇီရှင်း တော်ပြီ …”

ကူရိရန်က ကျန်းဇီရှင်းကို ဟန့်တားလိုက်ပြီး “ ငါတို့ရဲ့ ရည်ရွယ်ချက်က ဒီအမှုကို ဖြေရှင်းဖို့ပဲ … ဘယ်သူကပဲ ဦးဆောင် ဦးဆောင် ကိစ္စမရှိဘူး ….”

ကူရိရန်က ကျန်းဇီရှင်းထက် နှစ်အနည်းငယ်မျှသာ ပို၍ အသက်ကြီးသော်လည်းပဲ သူမက ပိုပြီး ရင့်ကျက်ကြောင်း သိသာသည်။

ဆိုရှယ်နှင့် လူမှုရေးရာ ကိစ္စများတွင် သူမက ပိုပြီး လူပါးနပ်သည်။

“ အဲ့တာက ယုတ္တိရှိတယ် …” မာရှင်းလုံ ပြောလိုက်ပြီး “ နောက်တောင်ကျတော့မယ်ဆိုတော့ … မင်းတို့လည်း ပြင်ဆင်စရာ ရှိတာ ပြင်ဆင်တော့လေ … ကြန့်ကြာနေရင် မကောင်းဘူး …”

အခြေအနေများ ပို၍ ဆိုးရွားသွားမည်ကို ကာကွယ်သည့် အနေဖြင့် မာရှင်းလုံက ကြားကနေဝင်၍ ဖြန်ဖြေပေးလိုက်ပြီး လူများကို သူတို့၏ လမ်းကြောင်းပေါ်သို့ ပြန်တည့်မတ်ပေးလိုက်သည်။

လူခြောက်ယောက်မှာ ကားနှစ်စင်းယူ၍ ချိန်ကုန်းကျေးရွာထံသို့ ဦးတည်လိုက်ကြလေသည်။

လီဟောက်နှင့် ကျိုးမင်းက ကားတစ်စင်း ယူပြီး လင်းရီနှင့် ကျန်သုံးယောက်ကတော့ အခြား ကားတစ်စင်းကို ယူသွားခဲ့ကြသည်။

“ ငါ ချီးလိုမှပဲ …”

ရွာသို့ သွားသည့်လမ်းတွင် လီဟောက်က စတီယာဘီးကို လက်ဖြင့် ဒေါသတကြီး ပုတ်လိုက်ပြီး ကျိန်ဆဲလိုက်၏။

“ အစ်ကိုဟောက် .. နင် စိတ်ကို အေးအေးထားစမ်းပါ …” ကျိုးမင် အကြံပေးလိုက်၏။ “ အဲ့လင်းရီက သမာရိုးကျ မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ဝူကျင်းယွီဆီကနေ သတင်းရအောင် လုပ်ခဲ့တာလေ … တကယ်လို့ ငါတို့သာဆိုရင်လည်း လိုချင်တဲ့ အဖြေကို ရမှာ ကျိန်းသေတယ် … ဘာ ဒေါသထွက်နေစရာမှ မလိုပါဘူး …”

“ ဒါပေမယ့် အဲ့ကောင် ငါတို့ကို နှာတစ်ဖျားကျောသွားတာကို စိတ်တိုနေတာ … ချီးပဲ တွေးလိုက်တာနဲ့ လူထရိုက်ချင်လာပြီ …”

“ နင် ဘယ်လိုခံစားနေရလဲဆိုတာ ငါနားလည်တယ် … ဒါပေမယ့် ဒေါသထွက်နေလို့လည်း အသုံးမှ မဝင်တာ …” ကျိုးမင်က အကျိုးသင့် အကြောင်းသင့် ပြန်ပြောလိုက်သည်။ “ ပြီးတော့ ဝူကျင်းယွီက အမှုအပေါ်မှာ ဘာထင်ရှားတဲ့ သက်ရောက်မှုမှလည်း မရှိဘူးလေ … အရေးကြီးဆုံးက ချိန်ကုန်းရွာ ဖြစ်နေတုန်းပဲ … ငါတို့သာ အဲ့မှာ ကောင်းကောင်းကိုင်တွယ်နိုင်ရင် သူတို့ကို ပြန်ကျောနိုင်ပြီပဲမလား .. ဘာပဲဆိုဆို ငါတို့ရဲ့ အရည်အချင်းတွေက သူတို့ထက် အသာစီးချည်းကိုပဲ … သူတို့လေးယောက် ပေါင်းလိုက်ရင်တောင် ငါတို့နှစ်ယောက်ကို မှီမှာ မဟုတ်ဘူး ….”

“ သေစမ်း … ဒီကောင်တွေ လုပ်ထားနှင့်ဦးပေါ့ … ချိန်ကုန်းရွာကို ရောက်တော့မှ တကယ့် အရည်အချင်း ရှိတာက ဘာဆိုတာကို သိအောင် ပြလိုက်ဦးမယ် ….”

အနောက်ရှိ ကားထဲတွင်တော့ လေထုမှာ ပိုပြီး သက်တောင့်သက်သာ ဖြစ်နေသည်။

သို့သော် ကျန်းဇီရှင်းမှာမူ အနည်းငယ် မပျော်မရွှင် ဖြစ်နေဆဲပင်။

“ အစ်မရိရန် … နင် စောနက ဘာလို့ ငါ့ကို တားလိုက်တာလဲ … သူတို့ကိုယ်သူတို့ အဟုတ်ကြီးတွေ ထင်ပြီး အစ်ကိုရီကိုတောင် အနိုင်ကျင့်ချင်နေကြတာလေ … ‘

“ သူတို့ခေါင်းဆောင်ကိုယ်တိုင်က အဲ့မှာ ရှိနေတာကို နင်က ဘာတွေ ပြန်ရန်တွေ့ချင်နေတာ …” ကူရိရန် ထောက်ပြလိုက်သည်။

“ ပြီးတော့ ငါတို့က သူတို့ရဲ့ ပိုင်နက်ထဲမှာ အလုပ်လုပ်နေတာ … သူတို့ရဲ့ အကူအညီကို လိုအပ်နေတုန်းပဲ … တကယ်လို့ ဆက်ဆံရေးတွေ ကွဲပြဲကြမယ်ဆိုရင် အမှုဖြေရှင်းဖို့ကို မေ့လိုက်တော့ …”

“ အစ်ကိုရီရဲ့ အစွမ်းအစနဲ့တင် လုံလောက်တယ်လို့ ငါတော့ ထင်တယ် … သူတို့ရဲ့ အကူအညီ မပါရင်တောင် ငါတို့ချည်းသပ်သပ်လည်း အမှု ဖြေရှင်းနိုင်တယ် …”

“ သူ့မှာက အဲ့လို အစွမ်းအစ ရှိတာ မှန်တယ် … ဒါပေမယ့် နင့်အစ်ကိုရီကိုပဲ တစ်သက်လုံး အားကိုးနေလို့ ဖြစ်မှာလား … ဒါတွေကနေ နင် သေချာ သင်ယူထား …” ကူရိရန်က အလေးထားပြီး ပြောလိုက်၏။ “ နင့်မှာလည်း သူ့လို အရည်အချင်းမျိုး ရှိရင် စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာချင်လဲ ရတယ် …”

ကျန်းဇီရှင်း တွေးတောကြည့်လိုက်တော့ ကူရိရန် ပြောဆိုသည့် စကားများက အဓိပ္ပာယ်ရှိနေသည်ကို ခံစားလိုက်ရသည်။

“ ဒါပေမယ့် အဲ့လီဟောက် ချိန်ကုန်းရွာရောက်ရင် ဆရာကြီးလုပ်တော့မယ့် မျက်နှာကို မြင်ယောင်တိုင်း ဒေါသထွက် သေချင်လာတာပဲ … သူ့ ဘဝင်ခိုက်နေတဲ့ မျက်နှာကြီးကို မုန်းလွန်းလို့ ….”

“ နင် စိတ်အနှောင့်အယှက် ဖြစ်နေလည်း အသုံးမဝင်ဘူးဟေ့ …” ကူရိရန် ပြောလိုက်ပြီး “ ဘဝက နင် အမြဲထင်နေသလို လွတ်လပ်ပြီး လွယ်ကူနေတာ မဟုတ်ဘူး … လက်ရှိလိုမျိုးပေါ့ … “

“ ကူရိရန် ပြောတာ မှန်တယ် …” ကျန်းဖန့်လည်း ဝင်ပြောလာခဲ့ပြီး “ ငါ့အထင် စောနတုန်းက ညီကိုရီ တိတ်ဆိတ်နေခဲ့တာက သူတို့နဲ့ ပြဿနာ မတက်ချင်လို့ပဲ ဖြစ်မယ် … တကယ်လို့ နောက်ပိုင်းကျ လီဟောက်သာ ထပ်ခါတလဲလဲ ကိုယ်ရည်သွေးနေဦးမယ်ဆိုရင်တော့ ကြမ်းတမ်းတဲ့နည်းနဲ့ အစွယ်ချိုးခံရတော့မှာကို မြင်ယောင်မိသား ….”

“ မင်းပြောမှပဲ ငါက လူတွေကို အနိုင်ကျင့်ရတာ ကြိုက်တဲ့ ပုံစံနဲ့ …”

“ ဒါပေမယ့် အဲ့လိုလူစားမျိုးတွေက အစ်ကိုရီတို့လို တစ်စုံတစ်ယောက်က သင်ခန်းစာပေးဖို့ လိုတယ်လို့တော့ ထင်တယ် …”

လင်းရီ အမှုမထားသည့် အမူအရာဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး ၎င်းတို့ စကားလုံးများကို စိတ်ထဲ ထားမနေခဲ့ချေ။

“ သူတို့က ဒီတိုင်း ငါးနဲ့ ပုစွန်အပုပ်တွေ သပ်သပ်ပဲ … ငါတို့ အခုလို ခေါင်းစဉ်လုပ်ပြောနေဖို့ မတန်ဘူး …”

“ နင့်အစ်ကိုရီကနေ သင်ယူပြီး စိတ်ကိုဖွင့်ထားစမ်း …” ကူရိရန်က ဆံပင်ကို သပ်လိုက်ပြီး “ သူတို့ရဲ့ အပြုအမူတွေက အိုးမပြည့်လို့ ဘောင်ဘင်ခပ်နေတာနဲ့ အတူတူပဲ … “

သူတို့နှစ်ယောက် စကားပြောသည်ကို နားထောင်ပြီးနောက် ကျန်းဇီရှင်းလည်း ယုတ္တိရှိသည်ဟု ခံစားရကာ ဘဝင်ခိုက်စွာဖြင့် သဘောတူလိုက်သည်။

“ ကောင်းပြီလေ … တခြား အကြောင်းပြောကြတာပေါ့ … ရွာကိုတောင် ရောက်တော့မယ် … ကလေးတွေရဲ့ အချက်အလက်ကို ပြန်ကြည့်ပြီး ရွာထဲမှာ လိုက်ပြီး စုံစမ်းကြည့်ကြတာပေါ့ …”

“ အင်း …”

ညနေ ငါးနာရီတွင် သူတို့အားလုံး ရွာလမ်း ကျဉ်းကျဉ်းလေးများကို ဖြတ်သန်း၍ ချိန်ကုန်းရွာသို့ ရောက်လာခဲ့ကြသည်။

ဟွာရှ၏ အချမ်းသာဆုံးသော စီရင်စုထဲ တည်ရှိပါသော်လည်း ရွာက ယိုယွင်းပျက်စီးနေသည်ဟူသော ခံစားချက်မျိုး ရရှိနေသည်။

အိမ်အနည်းငယ်သာလျှင် အုတ်စီအိမ်များဖြစ်ကြပြီး ကျန်သည့် အိမ်များကလည်း ရိုးရိုးရှင်းရှင်းများပင်။

ကောင်းမွန်စွာ ခင်းထားသည့် လမ်းကလည်း တစ်လမ်းတည်းသာလျှင် ရှိပြီး ကျန်သည်များက ရွှံ့နှင့် ချိုင့်ခွက်တို့ ပြည့်နှက်နေသည့် လမ်းကြမ်းများပင်။

ခြောက်သွေ့ရာသီ၌ မောင်းနှင်၍ အဆင်ပြေသော်လည်းပဲ မိုးကျသည်နှင့် ပြဿနာတက်တော့၏။

လင်းရီနှင့် ကျန်သူများ ကားမောင်းရောက်လာကြတော့ အပြင်ဘက်တွင် ထိုင်ပြီး စကားပြောဆိုနေကြသည့် ရွာသားတို့က သူတို့ရှိသည့် နေရာသို့ စူးစမ်းချင်သည့် မျက်ဝန်းများဖြင့် ကြည့်လာခဲ့ကြပြီး ဒီ သူစိမ်းတွေ ဘာလာလုပ်တာလဲဟု မေးမြန်းနေသယောင်ပင်။

ရွာထဲတွင် ကားရပ်ပြီးနောက် ခြောက်ယောက်သား ကားပေါ်က ဆင်းလာခဲ့ကြကာ လီဟောက်က ကျောက်တုံးကဲ့သို့ တင်းမာနေသည့် မျက်နှာကြောကြီးနှင့် လင်းရီတို့ အုပ်စုကို ပြောလိုက်သည်။

“ ကလေး နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကို မင်းတို့ဖုန်းထဲ ပို့ထားပေးပြီးသား … တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်မေးလိုက် … ပြီးရင် အဲ့ဒီ ဗင်ကားနဲ့ တခြား သဲလွန်စတွေကိုလည်း ရှာခဲ့ ….”

ကူရိရန် ခေါင်းညိတ်လိုက်ပြီး နှစ်အုပ်စုခွဲကာ ရွာ၏ မတူကွဲပြားသည့် အရပ်မျက်နှာများဘက်သို့ ဦးတည်သွားခဲ့ကြသည်။

လင်းရီတို့ အုပ်စုသည်လည်း နှစ်အုပ်စု ပြန်ခွဲလိုက်ကြလေသည်။

လင်းရီနှင့် ကျန်းဇီရှင်းက တစ်အုပ်စု ၊ ကူရိရန်နှင့် ကျန်းဖန့်တို့က တစ်အုပ်စု သီးသန့်စုဖွဲ့ကာ အမှုအတွက် သဲလွန်စများကို လိုက်ရှာကြသည်။

“ အစ်ကိုရီ … ကျွန်မတို့တွေ ဒီလိုမျိုးပဲ ရွာထဲ လျှောက်ပတ်ကြည့်နေကြတော့မှာလား … တစ်ယောက်ယောက်စီမှာ အခြေအနေလေး ဘာလေး မေးမကြည့်သင့်ဘူးလား …” ကျန်းဇီရှင်း သိချင်စိတ် ပြင်းပြစွာ မေးမြန်းလာခဲ့သည်။

“ ငါတို့ ကျိန်းသေပေါက် မေးမှာ … ဒါပေမယ့် လောစရာ မလိုဘူး …” လင်းရီ တုံ့ပြန်လိုက်သည်။

“ ရှင့်မှာ တခြား စဉ်းစားထားတာတွေ ရှိနေလို့လား … လှည့်ပတ်ကြည့်နေတာလည်း ကြာပြီ … ဘာတွေ ရှာနေတာလဲ ….”

“ သူတို့ ကလေးတွေကို ဘာလို့ ဒီနေရာ ခေါ်လာလဲ စဉ်းစားနေတာ ….”

“ လူကုန်ကူးဖို့ အတွက်ပဲ နေမှာပေါ့ …. အမြတ်များများ မရဘဲနဲ့တော့ ဘယ်သူမှ အဲ့လို အရာမျိုး လုပ်မှာ မဟုတ်ဘူး ..” ကျန်းဇီရှင်းက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။ “ အဲ့လို ရာဇဝတ်မှုတွေက ဒီလို ရွာတွေမှာ ပုံမှန်ပဲလေ … ကျွန်မတော့ သဲလွန်စတွေကို ယုံတယ် ….”

“ ဒါပေမယ့် မင်း စဉ်းစားကြည့်ကြည့် … အဲ့လိုမျိုး လုပ်ပေးဖို့ သူတို့က ယွမ် နှစ်သိန်း ပေးသေးတယ် … အဲ့ပမာဏက မသေးဘူးနော်… ဒါပေမယ့် ဒီရွာကို ကြည့်လိုက်တော့ ဘယ်သူမှလည်း အဲ့လောက် ငွေပမာဏ အများကြီးကို တတ်နိုင်တဲ့ပုံလည်း မပေါ်ဘူး …”

ရုတ်ချည်းဆိုသလို ကျန်းဇီရှင်းသည် လင်းရီပြောချင်သည့် အချက်ကို ဆုပ်ကိုင်မိသွားခဲ့ပြီး လေးလေးနက်နက် စဉ်းစားလာခဲ့၏။

“ သဲလွန်စတွေက မှားနေတာများလား .. ကလေးတွေက ဒီကို မခေါ်လာခဲ့ရဘူးလား …”

“ တပ်အပ်ကြီးတော့ ပြောမရသေးဘူး … သဲလွန်စတွေက အလကားသပ်သပ် ပေါ်လာတာ မဟုတ်ဘူး …” လင်းရီ ပတ်ဝန်းကျင်ကို စူးစမ်းရင်း ပြောလိုက်သည်။

“ တကယ်လို့ ဒီနေရာက သယ်ကူလွှဲပြောင်းပေးတဲ့ နေရာဆိုရင် သူတို့ လူတွေကို တခြားနေရာမပို့ခင် ဘယ်နေရာမှာ ထားထားလောက်မလဲ ငါသိချင်တယ် …”

ထိုအကြောင်း တွေးမိသည်တွင် ကျန်းဇီရှင်း ကျောချမ်းသွားခဲ့ပြီး အေးစိမ့်ကာ ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရသည်။

“ အဲ့လိုသာဆိုရင်တော့ လက်သည်တရားခံက လောင်းကြေးကြီးကြီးထပ်ပြီး ကစားနေတာပဲ … ဒီလို လူစားမျိုးတွေက ဒီတိုင်း သတ်လိုက်တာထက်တောင် ပိုပြီး သေဖို့ ထိုက်တန်တယ် …”

All Chapters