ဘာကိစ္စ မင်းအမိန့်ကို နာခံရမှာ
Vol. 145 Ch. 2163
“ အားးးးးးး “
ဝူကျင်းယွီ ရုန်းကန်၍ ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး လင်းရီကတော့ သူမကို ခါးပါတ်ကနေ ကိုင်ထားကာ ပြတင်းပေါက်တွင် တွဲလောင်းကျထားစေသည်။
ထိုမြင်ကွင်းက လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
လင်းရီ ဤသို့ ပြုလုပ်လိမ့်မည်ဟူ၍ မည်သူကမျှ ထင်မှတ်မထားကြချေ။
ကူရိရန်နှင့် အခြားနှစ်ဦးကတော့ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြပြီး မည်သည့်စကားမျှ ဝင်မပြောခဲ့ကြချေ။
ဤသည်က လင်းရီ၏ ပုံစံပင်။ သူ့ အကန့်အသတ်ကို သူသိပြီး မဆင်မခြင် လှုပ်ရှားမှာ မဟုတ်ချေ။
“ ရဲဘော်လင်း … မင်း ဒါ ဘာလုပ်နေတာလဲ …” မာရှင်းလုံ ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။ သူ့မျက်နှာမှာ အတော်လေး မသာမယာ ဖြစ်နေချေပြီ။
“ ကျုပ် သူ့ကို စစ်မေးနေတာ ….”
လင်းရီ အမှုမထားသည့် လေသံဖြင့် တုံ့ပြန်လိုက်ပြီး ဝူကျင်းယွီကို စိုက်ကြည့်လိုက်၏။
“ ခင်များ သိသမျှ အရာအားလုံး ပြောပြဖို့ ကျုပ် အချိန် သုံးစက္ကန့်ပေးမယ် … လျှောက်ပြောမယ်လို့တော့ မကြံနဲ့ … သူတို့ ခင်များကို ပေးတဲ့ ငွေတွေ ခင်များ ဝှက်ထားတယ်ဆိုတာ ကျုပ်တို့ သိထားပြီးပြီ … တကယ်လို့ ကျုပ်တို့ကို လိမ်ညာနိုင်ဦးမယ် ထင်နေသေးရင် လုပ်ကြည့်လိုက် …”
“ နင် … နင် ဘာတွေလုပ်နေတာလဲ … ငါ ဘာမှ မလုပ်ထားဘူး .. နင် လူသတ်တော့မလို့လား …”
သူမအောက်ရှိ မြေပြင်ကို ငုံ့ကြည့်မိတော့ ဝူကျင်းယွီ၏ နှလုံးမှာ လည်ချောင်းဝသို့ ရောက်လာခဲ့သည်။
“ ခင်များ လုပ်ခဲ့လား မလုပ်ခဲ့ဘူးလား ခင်များကိုယ်ခင်များပဲ သေချာ သိမှာပေါ့ ….” လင်းရီ တည်ငြိမ်စွာ ဆိုလိုက်သည်။
“ ဒီလိုမျိုး တူညီတဲ့ အမှုမျိုးလဲ ကျိုးဟိုင်မှာ ဖြစ်ပြီးပြီ … ပါဝင်ပတ်သက်တဲ့ နာနီကတော့ ခင်များလောက် သတ္တိမကောင်းဘူး … သူက တစ်ခြားလူဆီကနေ ယွမ် တစ်သိန်းလက်ခံပြီး အပြစ်ရှိစိတ်ကို မတောင့်ခံနိုင်တဲ့အဆုံး မနေ့ကပဲ ကိုယ့်ကိုယ်ကို တိုက်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားခဲ့တယ် … စိတ်ဝင်စားဖို့ကောင်းတာက သူ ခုန်ချသွားတာကလည်း လေးလွှာကနေပဲ .. တခြား ဘာတွေ ဖြစ်သွားနိုင်မလဲတော့ ကျုပ် အာမ မခံနိုင်ပေမယ့် ဒီ အမြင့်လောက်ကနေ ပြုတ်ကျတာကို လူကို တကယ်သေစေတယ်နော်…”
“ နင် … နင်က လူသတ်နေတာပဲ …”
“ လူသတ်တယ် ဟုတ်လား …” လင်းရီ အေးစက်စက် ရယ်မောလိုက်သည်။
“ ဘယ်လိုလုပ်ပြီး လူသတ်တယ် ဖြစ်ရမှာ … ခင်များက ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားရပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ရုံပဲ … ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး … မှတ်ထားနော်…. ခင်များမှာ သုံးစက္ကန့်ပဲ အချိန်ရမှာ … သုံး …..”
“ နှစ် …..”
ထိုအခိုက်အတန့်တွင် အချိန်သည် ရပ်တန့်သွားခဲ့ပုံရသည်။
နောက်ဆုံး စက္ကန့်ကို ရေတွက်ပြီးနောက် လင်းရီ သူမအား အမှန်တကယ် လက်လွှတ်လိုက်မည်လောဆိုတာကို မည်သူကမျှ မသိရှိကြချေ။
ဝူကျင်းယွီ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေပြီး ခန္ဓာကိုယ်ထဲက ဝိဉာဏ်လွင့်လုမတတ် ထိတ်လန့်နေခဲ့၏။
“ တစ် …”
လင်းရီ တည်ငြိမ်စွာ ရေတွက်ပြီးနောက် ပြောလိုက်သည်။
“ ခင်များက ပြောဖို့ ဆန္ဒမရှိဘူးဆိုတော့လည်း ဒါဆို အောက်ဆင်းလိုက်တော့ …”
လင်းရီ စကားအပို မပြောတော့ဘဲ ဝူကျင်းယွီ့ကို အမှုမထားသည့် အမူအရာဖြင့် လက်လွှတ်လိုက်သည်။
သူမ ပြုတ်ကျသွားခဲ့၏။ လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေသည်။
“ အား …. ငါပြောမယ် ငါပြောပါ့မယ် …”
ဝူကျင်းယွီ ပါးစပ်ထဲရှိရာ အော်ဟစ်လိုက်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ တကယ့် အကြောက်တရားက ဘာလဲ၊ သေခြင်းတရားက ဘာလဲ ဆိုတာကို သူမ နားလည်သွားခဲ့ရသည်။
သူမ ရှေ့ရှိလူက စကားလုပ်ပြီး ပြောနေခြင်းသာ မဟုတ်။
သူမကို အမှန်ပင် အောက်သို့ လွင့်ပစ်ရဲသည်။
လင်းရီ ကျင်လည်စွာဖြင့် ဝူကျင်းယွီ၏ လက်ကောက်ဝတ်ကို ဆုပ်ဖမ်းလိုက်၏။
သူမ၏ ခန္ဓာကိုယ် ရပ်တန့်သွားသည့် အချိန်မှပဲ သူမကိုယ်သူမ သေခြင်းတရားက လွတ်မြောက်သွားသည်ဟူသော ခံစားချက်မျိုးကို ရရှိသွားခဲ့တော့သည်။
ချွေးအေးတို့က သူမ၏ အင်္ကျီတစ်ခုလုံး ရွှဲနစ်လို့နေပြီး စိတ်ထဲတွင်လည်း စောနက အဖြစ်အပျက်ကို ပြန်လည် ခံစားမိရင်း ခြောက်ခြားနေလျက် ရှိသည်။
ဤ မြင်ကွင်းက မာရှင်းလုံနှင့် အခြားသူများကို ကြက်သေသေသွားစေခဲ့လေသည်။
ဤကဲ့သို့သော စစ်ဆေးမေးမြန်းသည့် နည်းလမ်းကို သူတို့ ဘယ်တုန်းကမှ မမြင်တွေ့ဖူးကြချေ။
ထို့ပြင်… ယင်းက အမှန်တကယ်လည်း အလုပ်ဖြစ်လေသည်။
လင်းရီ သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ပြတင်းပေါ်မှတစ်ဆင့် ပြန်ဆွဲတင်ကာ ကြမ်းပြင်ပေါ်သို့ လွင့်ပစ်လိုက်သည်။
ဝူကျင်းယွီမှာ လိပ်ပြာလွတ်နေသည့် အကြည့်တို့ဖြင့် ဗလာကျင်းစွာ စိုက်ကြည့်နေရင်း စိတ်နှင့် ကိုယ်နှင့် မကပ်ဘဲရှိနေသည်။ အသက်ကိုလည်း မောဟိုက်စွာ ရှူရှိုက်နေခဲ့ရ၏။
မာကြောသည့် ကြမ်းပြင်က သူမအဖို့ အစစ်အမှန် မဟုတ်သည့်နှယ် ခံစားနေရသည်။
လူတိုင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြ၏။
ငါးမိနစ်၊ ခြောက်မိနစ်ခန့်ကြာတော့ ဝူကျင်းယွီ၏ စိတ်အခြေအနေမှာ ပြန်လည် သက်သာလာခဲ့ပြီး လင်းရီ စကားဆိုလိုက်၏။
“ ခင်များအတွေးတွေ ပြန်စုစည်းပြီးပြီဆိုရင် အခု ပြောတော့ …”
မာရှင်းလုံးနှင့် လီဟောက်တို့ကတော့ မကျေမချမ်းဖြစ်သည့် မျက်နှာအမူအရာများကို ဆင်မြန်းထားခဲ့ကြသည်။
သူတို့လည်း သူမကို သုံးကြိမ်တိုင်တိုင် စစ်မေးမြန်းခဲ့ပါသော်လည်း မည်သည့် တစ်ခုတစ်လေကိုမျှ မသိခဲ့ရချေ။
“လွန်ခဲ့တဲ့ လေးငါးရက်တုန်းက လူတစ်ယောက် ကျွန်မဆီရောက်လာခဲ့ပြီး ကျွန်မ ဂရုစိုက်ပေးနေတဲ့ ကလေးနှစ်ယောက်ကို ယွမ် ၂၀၀,၀၀၀ နဲ့ ခေါ်သွားချင်တယ် ပြောတယ် …”
“ ခင်များဆီကို ရောက်လာတယ် ဟုတ်လား …” လင်းရီ အသံနိမ့်၍ မေးလိုက်ပြီး “ သူတို့က ရည်ရွယ်ချက် ရှိရှိ ရောက်လာတာလား ဒါမှမဟုတ် မတော်တဆလား …”
“ ရည်ရွယ်ချက်ရှိရှိ လာခဲ့တာ …” ဝူကျင်းယွီ ပြောလိုက်သည်။ “ ဘာလို့ဆို လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလည်း ကျွန်မ ဒီလိုမျိုး တစ်ထေရာတည်း လုပ်ခဲ့ဖူးလို့ပဲ … အဲ့ဒီ အချိန်တုန်းက ကျွန်မက အိမ်မှာ အမျိုးသမီး တစ်ယောက်နဲ့… သူ့ကို ကျွန်မ ရည်ရွယ်ချက်ရှိရှိ အာရုံလွှဲထားပြီး ကလေးကို လူတစ်ယောက်နဲ့ ခေါ်သွားခိုင်းလိုက်တယ် … ဒီတော့ အဲ့တုန်းကတော့ ဘာမှ ဖြစ်မသွားလိုက်ဘူး .. ကျွန်မလည်း အပြစ်တင်မခံခဲ့ရဘူး … ဒီတစ်ခေါက်တော့ သူတို့ ဘယ်ကနေ ဘယ်လို ကျွန်မအကြောင်း သိသွားခဲ့ကြလဲ မသိဘူး … ကျွန်မဆီကို တမင်တကာ ရောက်လာခဲ့ကြတယ် …”
“ ပိုက်ဆံကိုကျတော့ ခင်များ ဘယ်နေရာမှာ သိမ်းထားတာလဲ …”
“ အပြင်ဘက်မှာ တိတ်တိတ်လေး နေရာတစ်နေရာ ငှားပြီး ပိုက်ဆံတွေ အကုန်လုံးကို အဲ့မှာ သိမ်းထားခဲ့တာပဲ …”
ဤသည်ကို ကြားတော့ သူမ၏ ဘဏ်အကောင့်ထဲတွင် အဘယ်ကြောင့် ပိုက်ဆံ လွှဲပြောင်းသည့် မှတ်တမ်းတို့ ရှိမနေရလဲဆိုတာကို လူတိုင်း နားလည်သဘောပေါက်သွားခဲ့သည်။
လက်စသတ်တော့ ငွေသားသီးသန့် ဖြစ်နေသည်ကိုး။
ထို့ပြင် သူမ၏ သက်သေ ထွက်ဆိုချက်မှတစ်ဆင့် သူမသည် ယခင် နာနီနှင့် မတူညီဘဲ ပြစ်မှုကျူးလွန်ဖူးသူ ဖြစ်သည်။
ထို့ကြောင့် အကြိမ်များစွာ စစ်ဆေးမေးမြန်းခံရသည့်တိုင် တည်တည်ငြိမ်ငြိမ်နှင့် ရှိနေနိုင်ခဲ့ပြီး မည်သည့် သံသယ ဝင်စရာ အမှုကိုမျှ မပြုခဲ့ခြင်းပင်။
“ အဲ့ဒီ အချိန်တုန်းက ခင်များကို လာရှာတဲ့လူက ဘယ်သူလဲ … ဘယ်လိုပုံစံရှိလဲ …”
“ သူ … သူက အမျိုးသားတစ်ယောက်ပဲ … ကျွန်မတို့ တွေ့တော့ သူက နေကာ မျက်မှန်နဲ့ မာ့စ်တပ်ထားတယ် … သူ့မျက်နှာကို လုံးဝ မမြင်ရဘူး..” ဝူကျွင်းယွီ တုန်ယင်စွာ ပြောဆိုလိုက်ပြီး “ ပြီးတော့ ကျွန်မ အရင်က လုပ်ခဲ့တဲ့ ကိစ္စကိုလည်း သိနေတယ် … သူ့ကို မကူညီပေးဘူးဆိုရင် ကျွန်မကို ရဲတိုင်မယ်ဆိုပြီးလည်း ခြိမ်းခြောက်တယ် … ပြီးတော့ သူ့ဘက်က ယွမ် နှစ်သိန်းလည်း ကမ်းလှမ်းလာတာ ဆိုတော့ ကျွန်မလည်း ဆွဲဆောင်ခံလိုက်ရတာပေါ့ ….”
“ ပြီးတော့ရော … အဲ့လူ ကလေးတွေကို ဘယ်ခေါ်သွားလဲ ခင်များ သိလား …”
“ အဲ့တာတော့ ကျွန်မ မသိဘူး …” ဝူကျင်းယွီ ပြောလိုက်ပြီး “ ကျွန်မ သိတာဆိုလို့ သူတို့ ကလေးတွေကို ဗင်တစ်စင်းထဲ ခေါ်သွားခဲ့တယ် ဆိုတာလေးပဲ …”
“ သူတို့ရဲ့ လိုင်စင်နံပါတ်ပြားကိုရော မှတ်မိလား …”
“ မမှတ်မိဘူး … အဲ့ဒီအချိန်တုန်းက လူလည်း အရမ်း ကြောက်နေတာဆိုတော့ အဲ့တာတွေကို အာရုံမထားမိဘူး …”
“ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကိုရော ခင်များ သိလား …”
ဤသည်က လင်းရီ အမြဲတမ်း စိတ်ပူနေခဲ့သည့် အရာပင်။ ပုံမှန်ဆိုပါက ထိုသို့သော လုပ်ငန်း လုပ်ကိုင်ကြသူများမှာ ယခုလို ပိုက်ဆံပေး ဝယ်ရောင်းသည့် အမှုမျိုး မပြုကြချေ။ ယင်းက အတော်လေး ထူးဆန်းလှ၏။
“ အဲ့တာတော့ ကျွန်မ မသိဘူး … ကျွန်မက ပိုက်ဆံပဲ လိုချင်တာ … တခြားမဆိုင်တဲ့ဟာတွေ မေးမနေဘူး …”
လင်းရီ ဘာမျှ မဆိုတော့ဘဲ မာရှင်းလုံထံသို့ လှည့်ကြည့်လိုက်သည်။
“ ကပ္ပတိန်မာ … စစ်မေးတာ ပြီးပြီ … သူ့ကို အချုပ်ထဲ ခေါ်သွားပြီး လုပ်စရာရှိတာ လုပ်လိုက်တော့ …”
လုံဟူ ရဲစခန်းရှိ ရဲအရာရှိများ၏ အမူအရာမှာ သိပ်မကောင်းကြချေ။ မာရှင်းလုံက မည်းမှောင်နေသည့် မျက်နှာထားဖြင့် လက်ဟန်ပြလိုက်ပြီး ကြံရာပါကို ခေါ်သွားခိုင်းလိုက်သည်။
“ သူ့ကို ချုပ်ထားလိုက် …”
မကြာမီ ဝူကျင်းယွီ ခေါ်ဆောင်သွားခံခဲ့ရပြီး ကူရိရန် ပြောလိုက်၏။
“ တစ်ဖက်လူက သဲလွန်စ တစ်ခုတောင် မချန်ထားခဲ့ဘူးဆိုတော့ အတော်လေး အတွေ့အကြုံများတဲ့ ဝါရင့်သမားတွေပဲ ဖြစ်ရမယ် …”
“ နောက်ဆက်တွဲကတော့ ချိန်ကုန်းကျေးရွာကို သွားစစ်ဆေးကြည့်ရမှာပဲ …”
“ ငါ့နောက်လိုက်ခဲ့ … ငါဦးဆောင်တဲ့အတိုင်းလုပ် … အဲ့ရောက်ရင် သူတို့ကို မခြောက်လှန့်နဲ့ …” လီဟောက်က တည်တင်းသည့် မျက်နှာထားဖြင့် ဆိုလိုက်သည်။
“ ငါ့အထင်တော့ ငါတို့ ဒီအမှုကို ထိထိရောက်ရောက်နဲ့ ကိုင်တွယ်နိုင်ဖို့ဆို မတူညီတဲ့ အိုင်ဒီယာတွေ စုပေါင်းပြီး အတူ ဆောင်ရွက်သင့်တယ်လို့ ထင်တယ် …”
ကျန်းဇီရှင်းမှာ အမြဲတစေ လင်းရီ၏ ပရိသတ် အကြီးစား ဖြစ်ပြီး အစောပိုင်းတုန်းက လီဟောက်နှင့် အခြားသူများ လင်းရီကို ထေ့ငေါ့ အရွဲ့တိုက်နေကြသည့်အပေါ် သည်းမခံနိုင်ချေ။ ထို့ကြောင့် ချက်ချင်းလက်ငင်းပဲ စာရင်းရှင်းချင်နေတော့သည်။
“ ဒါက ရှန်းဝေ့ … ငါတို့ရဲ့ ပိုင်နက် … ဒီက အခြေအနေကို ငါတို့ထက် ပိုနားလည်တဲ့လူ မရှိဘူး … ငါ့ အမိန့်တွေ နာခံရမှာ ပြဿနာ ရှိနေလို့လား …”
“ ရှိတာပေါ့ … နင်တို့တွေ ဝူကျင်းယွီကို သုံးကြိမ်တိတိ စစ်မေးကြတာတောင် ဘာတစ်ခုမှ မသိခဲ့ရဘူးလေ … ငါ့အစ်ကိုရီ တစ်ခါလောက်လေး မေးလိုက်တာနဲ့ စကားတွေ အကုန် ဘာလို့ အန်ထွက်လာလဲ … အဲ့တာ လုပ်ဆောင်နိုင်တဲ့ အစွမ်းအစချင်း ကွာတယ်လို့ ခေါ်တယ် …”