လင်းရီ စစ်မေးတဲ့ နည်းလမ်း
Vol. 145 Ch. 2162
လီဟောက် စီးကရက် နောက်တစ်လိပ်ကို မီးညှိပြီး တစ်ချက် ဖွာလိုက်သည်။
“ ကျုပ်အထင်တော့ ကျုပ်တို့က စုံစမ်းစစ်ဆေးရေးမှာ ဦးဆောင်မှု တစ်ချို့ရနေတာကို မကျေမနပ် ဖြစ်နေတာကြောင့်လို့ ထင်တယ် … အဲ့တော့ ရှင်းရှန်း ရဲစခန်းအတွက် မျက်နှာတစ်ချို့ ရချင်တယ်လေ….”
“ သူ လုပ်နိုင်တာ ဘာမှ မရှိဘူး … ငါတို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လုပ်ရည်ကိုင်ရည်တွေက သူတို့ထက်ပိုပြီး သန်မာတယ် … အဲ့လိုမျိုးတွေ လုပ်နေလို့ အလကားပဲ …” ကျိုးမင်လည်း ဝင်ပြောလိုက်၏။
“ သူတို့က အပြင်လူတွေ … မင်းတို့ ဘယ်လိုအစွမ်းအစရှိတယ် ဆိုတာကို သူတို့တွေ မသိဘူး … ဒီလိုမျိုး လုပ်တယ်ဆိုတာ ဆီလျော်တယ် … လှုပ်ရှားတဲ့ အခါကျရင် မင်းတို့နှစ်ယောက်က မင်းတို့ရဲ့ ကစားပွဲမှာ ကျွမ်းကျင်တယ်ဆိုတာက ဘာလဲ ဆိုတာကို သူတို့ မြင်အောင် ပြပေးရမယ် …”
“ နားလည်တယ် ….”
“ တကယ်တော့ သူ စစ်ဆေးမေးမြန်းတဲ့ အချိန်ကျရင် အရသာ ကောင်းကောင်း သိသွားမယ်လို့ ထင်တယ် …” ကျိုးမင် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပြီး “ သူက သံသယ ရှိတဲ့သူကို ခေါ်လာပေးဖို့ပဲ ခေါင်းမာနေတာ တကယ်လို့သာ ဘာမှလည်း အသုံးဝင်တာ မမေးမြန်းနိုင်ဘူးဆိုရင် သူတို့ကိုယ်သူတို့ အရှက်ကွဲတာပဲ အဖတ်တင်မှာပဲ …”
“ ဟားဟား ….” လီဟောက် ကျယ်လောင်စွာ အော်ရယ်မိလိုက်သည်။ “ အဲ့တာကြောင့်မို့ ရှိုးပွဲကောင်းကောင်း ကြည့်ဖို့ ငါ စီစဉ်နေတာလေ … တကယ်လို့ အခွင့်အရေးပါရရင် သူ့ကို သင်ခန်းစာပါ ပေးလိုက်မယ် …”
“ ဒါဆိုလည်း အတူ ခံစားကြည့်ကြတာပေါ့ …” ရွှီကျွင်း အပြုံးလေးဖြင့် ပြောဆိုလိုက်ပြီး “ ဘာပဲဆိုဆို ငါတို့လည်း အားနေတာပဲဟာ ….”
မြို့တွင်း ဧရိယာက မကြီးမားသဖြင့် ဝူကျင်းယွီဆိုသည့် အမျိုးသမီးက မိနစ် ၂၀ ပင်မကြာလိုက်ဘဲ လုံဟူ ရဲစခန်းသို့ ရောက်လာခဲ့ပြီး စစ်ကြောရေး အခန်းထဲသို့ ခေါ်ဆောင်သွားခံရသည်။
လီဟောက်နှင့် သူ့အသင်းက ဂျူတီခန်းထဲသို့ ဝင်လာပြီး လင်းရီကို ပြောလိုက်၏။
“ ဝူကျင်းယွီ ဒီရောက်လာပြီ … တစ်ချက် သွားကြည့်စို့ …”
“ ကောင်းပြီလေ …”
လင်းရီ တုံ့ပြန်လိုက်ပြီး လေးယောက်သား ခေတ္တ နားနေသည့် အခန်းထဲက ထွက်ကာ လီဟောက်၏ အသင်းနှင့် ပူးပေါင်း၍ စစ်ကြောရေး အခန်းသို့ ရောက်ရှိလာသည်။
ဝူကျင်းယွီက အသက် သိပ်မကြီးသေး။ လေးဆယ်အရွယ်ဟုသာ ထင်ရ၏။ ဆံပင်အတိုနှင့် ရိုးရိုးစင်းစင်းသာ ဝတ်စားထားလေသည်။
အခန်းထဲ လူအများကြီး ရုတ်တရက် ဝင်ရောက်လာတာကို မြင်တော့ ဝူကျင်းယွီ၏ မျက်လုံးတို့ ဘယ်ညာ လှုပ်ရှားသွားခဲ့ပြီး အလွန်အမင်း စိတ်တုန်လှုပ်သွားခဲ့သည်။
“ ကျွန်မကို ဒီခေါ်လိုက်တာ မေးစရာ ရှိသေးလို့လား အရာရှိကြီးတို့ရယ် …” ဝူကျင်းယွီက မျက်ရည်လည်ရွဲ ဖြစ်စွာဖြင့် ပြောလိုက်ပြီး “ ကျွန်မ သိသမျှ အကုန်လုံး ပြောပြပြီးပြီလေ … ကလေးနှစ်ယောက်ကို မျက်စိရှင်ရှင် ထားပြီး မကြည့်ခဲ့မိတာ ကျွန်မရဲ့ အမှားပါလို့ .. ဒါပေမယ့် ကျွန်မ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာ မဟုတ်ရပါဘူး … ရှင်တို့ ယုံကြည်မှရမယ် … ပြီးတော့ အရာရှိကြီးတို့ ဘယ်လိုပဲ စစ်မေး စစ်မေး ကျွန်မဘက်က အပြစ်ကင်းတယ် ….”
“ ခင်များ စိတ်ငြိမ်ငြိမ်ထားပါ … ကျုပ်တို့က စတောင် မစရသေးဘူး …”
ထို့နောက် လီဟောက် လင်းရီကို ကြည့်လိုက်၏။
“ ရဲဘော်လင်း … ငါတို့ သူ့ကို ခေါ်လာခဲ့ပေးပြီးပြီ … မင်းမှာ မေးစရာရှိတယ်ဆိုရင် အခု စလိုက်တော့ … ငါတို့ သုံးကြိမ်တိတိ မေးပြီးတာတောင် ဘာအသုံးဝင်တာမှ မရခဲ့ဘူး … မင်း တစ်ခုခု သိနိုင်မယ်လို့ မျှော်လင့်ပါတယ် …”
ကျိုးမင်ကတော့ ဘေးမှနေ၍ ကြိတ်ပြီး ရယ်မောနေသည်။
အစ်ကိုဟောက်တောင် ဘာသတင်းမှ မရတာကို နင်က ဘာတွေ မျှော်လင့်နေတာ ….
“ ငါ အကောင်းဆုံး လုပ်မယ် …” လင်းရီ တည်ငြိမ်စွာ ပြောဆိုလိုက်ပြီး လီဟောက်၏ အရွဲ့တိုက် စကားကို ရင်ထဲ ထားမနေချေ။
“ မင်းတို့ နှစ်ယောက် သေချာ သင်ယူထားကြ … သူက ကျိုးဟိုင်ကနေ လာတာ … နောက်တစ်ကြိမ် စစ်ဆေးမေးမြန်းဖို့ တောင်းဆိုလာတယ်ဆိုတော့ သူ့မှာ တမူထူးခြားတဲ့ စစ်ကြောရေး နည်းလမ်းတွေ ရှိနေလို့ပဲ ဖြစ်ရမယ် … ဒီအခွင့်အရေးကို ကောင်းကောင်းတန်ဖိုးထားရမယ် … ပြောတာ နားလည်တယ်မလား …” ရွှီကျင်းက လေးနက်တည်ကြည်သည့် မျက်နှာထားဖြင့် ခပ်ထေ့ထေ့ စကားလုံးတို့ ဆိုလိုက်၏။
လူပါးမနပ်သည့်လူများဆိုပါက အမှန်တကယ် ချီးမွန်းနေသည်ဟုပင် အထင်မှားသွားနိုင်သည်။
“ စိတ်ချပါ အစ်ကိုကျွင်း … ကျုပ်တို့ စိတ်ကို ဖွင့်ထားပြီး သေချာပေါက် သင်ယူမှာပါ …” လီဟောက် ရယ်မောလိုက်သည်။ “ မြို့ကြီးသားတွေက ကျုပ်တို့ထက် ပိုပြီး အရည်အချင်း ရှိတာပဲလေ … တခြား သတင်း အသစ်တွေ ကျိန်းသေပေါက် ရနိုင်မှာပါ.. ကျုပ်တို့ ဒီလိုအခွင့်အရေးမျိုးကို မဖြုန်းတီးပါဘူး …”
ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။ ဤအုပ်စု စကားပြောနေသည့် လေသံက ထူးဆန်းလွန်းလှပြီး သတိပင် မထားမိလိုက်ဘဲ ညီကိုရီက ကမ်းပါးအစွန်းသို့ တွန်းပို့ခံလိုက်ရ၏။
အကယ်၍ သတင်းအချက်အလက်အသစ်များ ထွက်မလာခဲ့ဘူးဆိုပါက ၎င်းတို့၏ ထေ့ငေါ့လှောင်ပြောင်မှုနှင့် ကျိန်းသေ ရင်ဆိုင်ရကိန်းရှိသည်။
လင်းရီသည် လီဟောက်နှင့် တခြားလူများကို အမှုမထားသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ဘာမျှ မဆိုချေ။ ထို့နောက် သူ ဝူကျင်းယွီထံသို့ အကြည့်ပို့လိုက်သည်။
“ ခင်များ အခု ကျူးလွန်ထားတဲ့ အမှုရဲ့ အခြေအနေကို နားလည်အောင် ကျုပ်ရှင်းပြမယ် … အခုလက်ရှိ အခြေအနေအရဆိုရင် ခင်များ ကြိုးပေးခံရနိုင်ခြေ ရှိတယ် … ဒါပေမယ့် အမှန်အတိုင်း ဝန်ခံပြီး ညှာတာပေးဖို့ တောင်းဆိုမယ်ဆိုရင်တော့ အကျိုးဆက်တွေက အဲ့လောက် မပြင်းထန်တော့ဘူးပေါ့ … ဒါပေမယ့် ဒီရဲ့ ရွေးချယ်မှုကို ဘယ်လိုလုပ်မလဲက ခင်များအပေါ်ပဲ မူတည်တယ် …”
ဘေးဘက်တွင်တော့ လီဟောက်မှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းမိလိုက်ပြီး ရွှီကျွင်းထံသို့ တီးတိုးပြောလိုက်သည်။
“ ဒီလို ခြိမ်းခြောက်လိုက် ချော့လိုက်လုပ်တဲ့ နည်းလမ်းက ကျုပ်တောင် သုံးရမှာ ရှက်တယ် .. သူ ဒီလို လှည့်ကွက်မျိုး ထုတ်လာမယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး … ဒီတိုင်း ကြည့်ရင်းတောင် ရယ်ချင်လာပြီ …”
“ သူက မင်းလောက် မတော်မှန်း ငါသိတယ် … ဒါပေမယ့် ဒီလောက်ထိ စုတ်ပြတ်သပ်နေမယ်လို့တော့ မထင်ထားတာ အမှန်ပဲ … အသစ်အဆန်းတွေ ထုတ်လာမလား အောက်မေ့တယ် … စာအုပ်ဟောင်းကြီးထဲက နည်းလမ်းတွေပါပဲ .. အထင်ကြီးစရာ တစ်စက်မှကို မရှိတာ …”
“ အပျင်းပြေတယ်ပဲ မှတ်တာပေါ့ … ဘာပဲဆိုဆို ကျုပ်တို့လည်း ဒီတိုင်းထိုင်ရင်း အားနေတာပဲမလား …”
အခြားတစ်ဖက်ရှိ ဝူကျင်းယွီကတော့ မတုန်လှုပ်သွားချေ။
ဤသို့သော နည်းလမ်းက သူမ အပေါ် အလုပ်မဖြစ်သည်မှာ သိသာသည်။
ယခင် သူမ ခေါ်ယူစစ်ဆေးမေးမြန်းခြင်း ခံရစဉ် အခါတုန်းကလည်း လုံဟူ ရဲစခန်းရှိ အရာရှိကြီးများမှာ ဤသို့ ခြိမ်းခြောက်ခဲ့ဖူးသည်။ သူမကိုပင် ကျင့်သားရလာစေခဲ့ပြီး စိတ်ခံစားချက် အတက်အကျများကိုပင် မဖြစ်ပေါ်စေနိုင်တော့ချေ။
“ ကျွန်မ ဘာအမှားမှ မကျူးလွန်ထားခဲ့ဘူး .. ဒီတိုင်း သူတို့ဖို့ ဆန်ခေါက်ဆွဲ ဝယ်နေတဲ့အချိန် ခဏလေး မျက်စိအောက်က ပျောက်သွားခဲ့ရုံပဲ ရှိတာ … ကျွန်မ လှည့်ကြည့်လိုက်တော့ ကလေးနှစ်ယောက်လုံးက ပျောက်သွားခဲ့ပြီ … ကျွန်မရဲ့ လစ်ဟင်းမှုကြောင့်ဆိုတာ ဝန်ခံတယ် … အဲ့ဒီအတွက်လည်း သက်ဆိုင်တဲ့ အပြစ်ပေးမှုတွေကို ခံယူဖို့ ဆန္ဒရှိတယ် … ဒါပေမယ့် သူတို့လေးတွေကို ရည်ရွယ်ချက်ရှိရှိ အန္တရာယ်ပြုချင်ခဲ့တာတော့ မဟုတ်ပါဘူး အရာရှိကြီးရယ် … ရှင် ကျွန်မကို ဒီလိုမျိုး စွပ်စွဲလို့ မရဘူး ….”
“ ခင်များက ဝန်မခံချင်ဘူးဆိုတော့ နောက်တစ်နေရာကို ရွေ့ကြတာပေါ့ … ဒီနေရာက ဒီလိုမျိုး လုပ်ဖို့ အဆင်မပြေဘူး …”
ဤသည်ကိုကြားတော့ အခန်းထဲရှိ အခြားလူများမှာ အံ့အားသင့်သွားခဲ့ကြပြီး လင်းရီ ဘာလုပ်ချင်နေလဲဆိုတာကို နားဝေတိမ်တောင် ဖြစ်သွားခဲ့ကြသည်။
ထို့ပြင် စိတ်ဂနာမငြိမ် အဖြစ်ဆုံးကတော့ သဘာဝအလျောက် ဝူကျင်းယွီပင်။
ယခင် စစ်ကြောရေးများအားလုံးက ရုံးခန်းထဲတွင် လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ယခု သူမကို တခြား တစ်နေရာသို့ ခေါ်သွားရန် ကြံရွယ်နေသည်။ မသိရသည့် အချင်းအရာက သူမ၏ စိုးရိမ်ကြောင့်ကြစိတ်ကို ပိုပြီး တောက်လောင်လာစေသည်။
“ ဘယ် … ဘယ်နေရာကိုလဲဟင် …..”
“ ခင်များကို စစ်ဆေးမေးမြန်းဖို့ အတွက် အထူးနေရာတစ်ခုဆီပေါ့ … လာ သွားစို့ …”
ထိုသို့ ပြောပြီးနောက် လင်းရီသည် မာရှင်းလုံကို ကြည့်လိုက်သည်။
“ ကပ္ပတိန်မာ … ခင်များ သူ့ရဲ့ လက်ထိပ်နဲ့ ခြေကျင်းတွေကို တစ်ချက် ဖြုတ်ပေးလို့ ရမလား … ကျုပ်သူ့ကို အပြင် ခဏလောက် ခေါ်သွားချင်လို့ ….”
“ ဒါက … “
မာရှင်းလုံ ခေတ္တမျှ ချီတုံချတုံ ဖြစ်သွားခဲ့မိပြီး အနည်းငယ် အခက်တွေ့သွားခဲ့ရ၏။
“ ဒါ သိပ်ပြီးတော့ မသင့်လျော်ဘူးနော်… စည်းမျဉ်းစည်းကမ်းတွေအတိုင်းဆိုရင် စစ်ဆေးမေးမြန်းတာကို သတ်မှတ်ထားတဲ့ နေရာမှာပဲ လုပ်ခွင့်ရှိတယ် … တခြား နေရာမှာ မရဘူး….”
ဝူကျင်းယွီ စိတ်သက်သာရစွာဖြင့် သက်ပြင်းမှုတ်ထုတ်မိလိုက်သည်။ သူမကိုယ်သူမ သေမင်းလက်ဖဝါးထဲကနေ လက်မတင်လေး လွတ်မြောက်လာသည်ဟု ခံစားနေရ၏။
“ အဲ့လိုဆိုလည်း သူ့ကို ဒီမှာပဲ စစ်ဆေးကြတာပေါ့ … ဒါပေမယ့် လက်ထိပ်နဲ့ ခြေကျင်းတွေကိုတော့ ဖြုတ်ပေးဖို့ လိုမယ် …”
မာရှင်းလုံနှင့် သူ့အသင်းမှာ အကြောင်းအရင်းကို နားမလည်နိုင်ကြချေ။ သို့တိုင် လင်းရီ၏ တောင်းဆိုချက်ကို သဘောတူညီခဲ့ဆဲဖြစ်၏။
“ ဖက်တီးဖန့် … သူ့ကို သေချာကြည့်ထားပြီး ငါနဲ့ လေးလွှာကို ခေါ်ခဲ့လိုက် …” လင်းရီ ကျန်းဖန့်၏ နားထဲသို့ တီးတိုးပြောလိုက်သည်။
“ အိုကေ …”
ကျန်းဖန့်က ဝူကျင်းယွီကို ထိန်းချုပ်ထားပြီး လင်းရီ၏ ခြေလှမ်းများနောက် လိုက်ပါလာခဲ့ကာ လေးလွှာသို့ ရောက်လာခဲ့သည်။
မာရှင်းလုံ၏ အသင်းကတော့ အခြေအနေကို ကောင်းစွာ နားလည်နိုင်ခြင်း မရှိသေးဘဲ လင်းရီ ဘာတွေများ လုပ်ပြမလဲဆိုတာကို စူးစမ်းချင်စိတ်ဖြင့် အနောက်က လိုက်လာခဲ့ကြ၏။
ဝူကျင်းယွီမှာ မည်သို့သော ကံကြမ္မာက သူမကို စောင့်ကြိုနေမလဲဟု တွေးတောရင်း စိတ်တုန်လှုပ်နေလျက် ရှိကာ ခြေတစ်လှမ်းချင်းစီတိုင်းက မယုံကြည်နိုင်လောက်အောင် လေးလံနေခဲ့သည်။
သူမရှေ့ရှိ လူက ကြောက်မက်ဖွယ်ကောင်းသည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ တစ်ချက် ကြည့်ရုံမျှနှင့်ပင် လူကို ထိတ်လန့်သွားစေဖို့ လုံလောက်၏။
အခြားသူများလည်း ခြိမ်းခြောက်လေ့ ရှိပါသော်လည်း သူတို့ မျက်ဝန်းထဲရှိ အကြည့်များကတော့ ဤလူကဲ့သို့ အမှန်တကယ် ခြိမ်းခြောက်နေခြင်း မရှိချေ။
လင်းရီသည် ဝူကျင်းယွီကို ပြတင်းပေါက်ရှေ့သို့ ခေါ်လာခဲ့ပြီး သူမ၏ မျက်လုံးထဲ တိုက်ရိုက်ကြည့်လိုက်၏။
“ အမှုမှာ တခြားသဲလွန်စတွေလည်း ကျုပ်တို့ ရထားသေးတယ် … ဒီတော့ ဖြုန်းဖို့ အချိန်သိပ်မရှိဘူး … ဒီအခြေအနေထိ ရောက်လာပြီးတာတောင် ခင်များက နှုတ်ဖွင့်ဖို့ ဆန္ဒမရှိသေးဘူးဆိုရင် ခင်များမှာ အခွင့်အရေးတွေ ဘယ်လောက်မှ မကျန်တော့ဘူးနော်….”
ဝူကျင်းယွီ တုန်ယင်သွားခဲ့ပြီး မျက်နှာလည်း ဖြူလျော်သွားခဲ့၏။
“ ဒါ တကယ်ကြီး ကျွန်မနဲ့ ဘာမှမဆိုင်တာ တကယ်ပါ အရာရှိကြီးရယ် … ကျေးဇူးပြုပြီး ကျွန်မ ပြောတာကို ယုံပေးပါ … ကျွန်မ ညာပြောနေတာ မဟုတ်ရပါဘူး …”
လင်းရီ မည်သည့် အပိုစကားတို့မျှ မဆိုပါဘဲ ပြတင်းပေါက်ဖွင့်ကာ ဝူကျင်းယွီကို ဆွဲလွင့်ပစ်လိုက်၏။