ချိတ်ပိတ်ခံသင်္ကေတ ပျက်စီးသွားခြင်း
Vol. 1 Ch. 56
ကျန်းရီ၏ စကားကို ကြားလိုက်လျှင် မာယုံကျိနှင့် ကျန်းယွင်ရှဲတို့သည် အသိစိတ်လွတ်စွာ အော်ဟစ်မိကြသည်။ သူတို့နှစ်ယောက်လုံးသည် သူတို့၏ ရင်သွေးများကို ဆုံးရှုံးလိုက်ရသည်။ မာဂိုဏ်းသည်ကား အဆိုးဆုံးဖြစ်သည်။ သူတို့သည် ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ပင် ဝင်နိုင်ရန် အလားအလာရှိသော ပါရမီရှင် တစ်ဦးကိုပါ ဆုံးရှုံးလိုက်ရသည်။ ကျန်းရီက တကယ်ကို သတ်ရဲတယ်လား။
မာဂိုဏ်းသားများသည်လည်း အတော်လေး အမျက်ထွက် နေခဲ့ကြသည်။ ကျန်းဂိုဏ်းသား အများစုသည် လွန်ခဲ့သော ခြောက်လခန့်ကမှ ကျန်းရီ အနိုင်ကျင့်ခံ နေရသည်ကို မျက်မြင် တွေ့ခဲ့ကြသည်။ ခြောက်လအတွင်းတွင် သူသည် ကျန်းရုလုံကို အနိုင်တိုက်နိုင်ရုံသာမက ပြိုင်ပွဲ စင်မြင့်ထက်တွင် လျှိုဟဲနှင့် မာဟေးချီကို အနိုင်ယူခဲ့သည်။ ယခုမူ သူသည် ခရမ်းရောင် နန်းတော်ရှင်အဆင့် ရောက်နေသော မာယင်းကိုပင် သတ်ခဲ့သေးသည်။
လူတိုင်းသာ ကျန်းရီကဲ့သို့ လုပ်နိုင်ပါလျှင် သိုင်းလောကတွင် ပဋိပက္ခ များစွာ ဖြစ်ပွားလိမ့်မည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပါရမီရှင်များစွာ ရှိသော်လည်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဆင့်မှ လူက ခရမ်းရောင်နန်းတော်ရှင် အဆင့်ကို သတ်နိုင်ရန်မှာ တော်ရုံနှင့် မဖြစ်နိုင်ကြောင်း လူတိုင်းသိကြ ပေသည်။ ကျန်းရီလို သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သာ ရှိသူဆိုလျှင် စကားထဲပင် ထည့်ပြောနေစရာ မလိုချေ။
သူဘယ်လိုများ လုပ်လိုက်တာလဲ ... မေးခွန်းသည် လူတိုင်း၏ အတွေးထဲတွင် ပေါ်ထွက် လာခဲ့သည်။ သူတို့သည် သေချာမတွေး နိုင်ခင်မှာပင် ကျန်းယွင်ရှဲသည် ရှေ့တက်လာခဲ့သည်။ ခရမ်းရောင် နန်းတော်ရှင် သတ္တမအဆင့်တွင် ရှိသော ကျန်းယွင်ရှဲက ကျန်းရီကိုသတ်လျှင် ပုရွက်ဆိတ် တစ်ကောင်ကို သတ်သလို အသာလေး သတ်နိုင်ပေသည်။
"ရှောင်နူ ... ကြည့်ရတာတော့ ငါတို့တွေ ကျန်းဂိုဏ်းရဲ့ ပိုင်နက်ထဲမှာပဲ သေရတော့မယ် ထင်တယ်"
ကျန်းရီသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ရှောင်နူကိုဘေးတွင် အသာချကာ ရှေ့သို့ တိုးသွားလိုက်သည်။ ကျန်းယွင်ရှဲသည် သူ့ထံ ဒေါသတကြီး ပြေးဝင်လာသည်ကို မြင်လျှင် သူသည် မလွတ်နိုင်တော့ကြောင်း သိလိုက်ပြီး ခုခံရန် မကြိုးစားတော့ပေ။ ကျန်းရီသည် သူ့မျက်လုံးများကို မှိတ်လိုက်ကာ သေရန် ပြင်ဆင်လိုက်သည်။
"ခွေးကောင်လေး ... ငါမင်းကို တစ်စစီ လုပ်ပစ်မယ်”
ကျန်းယွင်ရှဲသည် ကျန်းရီထံ ပြေးသွားခဲ့သည်။ သူ့မျက်လုံးများသည် နီရဲနေခဲ့ပြီး သူ့ တစ်ကိုယ်လုံးတွင် သတ်ဖြတ်လိုသော အရှိန်အဝါတို့ လွှမ်းခြုံနေခဲ့သည်။ သူ့လက်သည်းများသည် နဂါး လက်သည်းအသွင်သို့ ပြောင်းသွားခဲ့ပြီး ကျန်းရီ၏ ဝမ်းဗိုက်ကို ကုတ်ဆွဲချလိုက်တော့သည်။ သူသည် ကျန်းရီ၏ ဒန်တျန်းကို အရင်ဖျက်ဆီး လိုက်ပြီးမှ ဖြည်းဖြည်းချင်း ဝေဒနာခံစားရင်း သေသွား စေချင်သည်မှာ ထင်ရှားသည်။
ကျန်းရီသည် မျက်လုံးများကို မှိတ်ထားခဲ့သော်လည်း သူ့အပေါ် ကျရောက်လာသော ကျန်းယွင်ရှဲ၏ ဖိအားကြောင့် သူ့ကိုယ်မှာ တုန်ယင်လာရသည်။ သူသည် မျက်လုံးကို ဖွင့်မကြည့် ပါဘဲနဲ့ပင် သူ့ထံ လျင်မြန်စွာ ချဉ်းကပ်လာသော လက်သည်း၏ အရှိန်ကို ခံစားနေရသည်။ လက်သည်းသည် ပေအနည်းငယ်သာ ဝေးသေးသော်လည်း သူ့ကျောရိုး တစ်လျှောက် စိမ့်တက် လာခဲ့သည်။
ပေသုံးဆယ် ... ပေနှစ်ဆယ် ... ဆယ်ပေ
"ကျန်းယွင်ရှဲ ... ခင်ဗျား ... ကျွန်တော့်ကို သတ်ချင်ရင် ခင်ဗျားလည်း ပြန်ပေးဆပ်ရမယ်”
ထိုအချိန်တွင် ကျန်းရီ၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာခဲ့သည်။ သူ့ ဘယ်ဘက် လက်သည် လှုပ်ရှားသွားခဲ့ပြီး အစိမ်းရောင်ဓားကို ပစ်လွှတ်လိုက်သည်။ သူ၏ ညာဘက်လက် ဝတ်ရုံတွင် အနက်ရောင်နှင့် အပြာရောင် အလင်းများ တောက်ပနေခဲ့ပြီး ကျန်းယွင်ရှဲ၏ လက်သည်းထံ လက်သီးတစ်ချက် တိုက်ရိုက်ပစ်သွင်းလိုက်သည်။
"မင်းက သေခါနီးနေတာတောင် ရုန်းကန်ချင် သေးတယ်လား”
ကျန်းယွင်ရှဲ၏ အေးစက်စက် မျက်လုံးများသည် ကျန်းရီကို စိုက်ကြည့်လိုက်ပြီး ပါးစပ်မှလည်း လှောင်ပြောင်လိုက်သည်။ သူသည် ကောင်းကင်တောင်ပံမြို့တွင် သူ၏ ကောက်ကျစ်သော ပရိယာယ်များကြောင့် ကျော်ကြားသည်။ ကျန်းရီ၏ လှည့်စားမှုလောက်က သူ့အတွက် ဘာမှမဟုတ်ပေ။ သူသည် လက်တစ်ဖက်ရမ်းကာ အစိမ်းရောင်ဓားကို အသာအယာပင် တွန်းထုတ်လိုက်လေသည်။ ကျန်းရီ၏ လက်သီးသည်ကား အားနည်းလွန်း၍ သူအယား ပြေရုံမျှပင် ရှိမည်ဟု ထင်ရသည်။
သို့သော် သူသည် ကျန်းရီလက်ကို တစ်စစီဖြစ်အောင် လုပ်ရန် ကြံစည် ထားလိုက်စဉ်တွင် ကျန်းရီ၏လက်မှ အင်အားကို ခံစားမိပြီး မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ သူသည် အံ့အားသင့် သွားသော်လည်း တွေဝေမနေခဲ့ပေ။ သူ့လက်သည် လက်ဝါးတစ်ခုအသွင် ပြောင်းသွားပြီး ကျန်းရီ၏ လက်ဝါးကို ရင်ဆိုင်လိုက်လေသည်။
"ဗုန်း”
ပေါက်ကွဲသံ တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ နေရာတစ်ခုလုံးတွင် ဖုန်မှုန့်များ ဖုံးလွှမ်း သွားခဲ့သည်။ ကျန်းရီ၏ ကိုယ်သည်လည်း နောက်သို့ လွင့်စဉ်သွားခဲ့လေသည်။
ကျန်းယွင်ရှဲသည်လည်း နောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်လိုက်ရပြီး သူ့လက် တစ်ဖက်သည် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူသည် ပြင်းပြင်းထန်ထန် မထိခိုက်သွားသော်လည်း ဒဏ်ရာ ရသွားခဲ့သည်။
သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထ အဆင့်ပဲရှိတဲ့သူက ခရမ်းရောင် နန်းတော်ရှင် သတ္တမ အဆင့်ကလူကို တကယ်ကြီး ဒဏ်ရာရအောင် လုပ်နိုင်တယ်လား။
ကမ္ဘာ့ အရယ်ရဆုံး ဟာသပဲ။
သို့သော် လူတိုင်းသည် ကျန်းရီ အားကောင်းကြောင်းကို ဝန်ခံရသည်။ သူ့လက်ဝါး ရိုက်ချက်သည် အနည်းဆုံးတော့ ခရမ်းရောင် နန်းတော်ရှင် ဒုတိယအဆင့်တွင် ရှိပေသည်။
"ခွေးကောင် ... သေစမ်း”
လူငယ်တစ်ယောက်ကြောင့် လူတိုင်း၏ ရှေ့တွင် ဒဏ်ရာရသွားခဲ့ပြီးနောက် ကျန်းယွင်ရှဲ၏ မျက်နှာသည် ပို၍ မည်းမှောင်လာခဲ့သည်။ သူသည် အခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ကျန်းရီ၏ ဒန်တျန်းနေရာကို ကုတ်ချလိုက်သည်။
"ပြီးသွားပြီ ... .”
ကျန်းရီသည် အားကုန်လွန်းသဖြင့် မျက်လုံးများပင် မဖွင့်နိုင်တော့ချေ။ သူ့ကိုယ်၏ အတွင်းအား ကိုးဆယ် ရာခိုင်နှုန်းခန့်မှာ ကုန်ဆုံးသွားခဲ့ပြီး ဖြစ်ကာ စူးရှရှ နာကျင်မှုတို့က သူ့တစ်ကိုယ်လုံးတွင် ပျံ့နှံ့နေခဲ့သည်။ သူ့တွင် သူ့ကိုယ်သူ ဖောက်ခွဲပြီး သတ်သေရန်ပင် အင်အား မကျန်တော့ပေ။ ကျန်းယွင်ရှဲ သူ့ ဒန်တျန်းကို ဆုတ်ဖြဲသည်အား ထိုင်ကြည့်ရုံပင် တတ်နိုင်တော့သည်။
"ကျွတ်စ် ... ကျွတ်စ်”
ကျန်းယွင်ရှဲ၏ လက်သည်းသည် ကျန်းရီ၏ ဒန်တျန်းနေရာကို ထိုးဖောက်တော့မည်ကို မြင်လျှင် လူအများစုသည် ရက်စက်စွာ နှာခေါင်းရှုံ့ လှောင်ပြောင်လိုက်ကြသည်။ အချို့မှာမူ မကြည့် နိုင်တော့သဖြင့် မျက်နှာလွှဲလိုက်ကြသည်။ သူတို့သည် မျက်စိရှေ့တွင် ပါရမီရှင် တစ်ယောက် ပျက်စီး သွားရမည်ကို မကြည့်မနေနိုင်ပေ။
"ရွှီ”
အနီရောင် အလင်းတန်းတစ်ခုသည် ကျန်းရီ၏ ဝမ်းဗိုက်နေရာမှ တောက်ပလာခဲ့သည်။ ထို့နောက်တွင်မူ လူတိုင်း၏ ဝိညာဉ်ကို တုန်လှုပ်သွားစေနိုင်သည့် တည်ရှိမှုတစ်ခု ပေါ်ထွက်လာခဲ့သည်။ လူတိုင်းသည် ကျန်းရီကို ကြည့်လိုက်ကြသောအခါ အံ့အားသင့်စရာ မြင်ကွင်းကို မြင်လိုက်ကြသည်
ကျန်းရီ၏ ဝမ်းဗိုက်ထံမှ အနီရောင်အလင်းသည် မျက်စိကျိန်းမတတ် တောက်ပလာခဲ့သည်။ ထိုအလင်းသည် ကြီးမားသော မီးနဂါးကြီး တစ်ကောင်ပုံ ဖြစ်ပေါ်လာခဲ့လေသည်။ မီးနဂါးသည် အနည်းဆုံး ဆယ်ပေခန့် ရှည်လျားလိမ့်မည် ဖြစ်ပြီး အသက်ရှိနေသည့်နှယ် ... အထူးသဖြင့် ၎င်း၏ အေးစက်စက် မျက်လုံးများသည် လူတိုင်းကို ရင်ထဲမှပင် ခြောက်ခြားသွားစေနိုင်သည်။ ထူးဆန်းသည်မှာ မီးနဂါးကြီး ပေါ်ထွက်လာသည်နှင့် အချိန်များ ရပ်တန့်သွားသည့်နှယ် လူတိုင်းသည်လည်း တစ်လက်မ မျှပင် မရွေ့လျားနိုင်တော့ပေ။
"အာ ...”
ကျန်းယွင်ရှဲသည်ကား နဂါးကြီး၏ အောက်တည့်တည့်တွင် ဖြစ်သည်။ သူ၏ လက်သည် ကျန်းရီ၏ ဝမ်းဗိုက်ထဲတွင်ပင် ရှိသေးသည်။ သူကျန်းရီ၏ ဒန်တျန်းကို ဆုတ်ဖြဲလိုက်သည်နှင့် ဘာကြောင့် မီးနဂါးကြီး ပေါ်ထွက်လာရသည်ကို သူ မစဉ်းစားတတ်တော့ပေ။
သူ့တွင် တွေးနေရန်ပင် အချိန်မရတော့ချေ။ နဂါးကြီးသည် လေထုအလယ်တွင် ဟိန်းဟောက် နေရာမှ သူ့ထံသို့ ရုတ်တရက် ထိုးဆင်းလာခဲ့သည်။ ကျန်းယွင်ရှဲသည် လိပ်ပြာ လွင့်မတတ် ကြောက်လန့်သွားခဲ့သည်။ သို့သော် သူ့ကိုယ်သည် မရွေ့လျား နိုင်တော့ဘဲ နဂါးကြီး သူ့ကို ဝါးမျို သွားသည်ကိုသာ ကြည့်နေခဲ့ရသည်။
ထို့နောက် ကျန်းယွင်ရှဲ၏ ကိုယ်သည် အမှုန့်များဖြစ်သွားကာ လေထုထဲတွင် ပျောက်ကွယ် သွားခဲ့လေသည်။ နဂါးကြီးသည်လည်း ဘယ်တုန်းကမှ ပေါ်မလာခဲ့သည့်နှယ် ပျောက်ကွယ်သွားခဲ့သည်။ ကျန်းရီ၏ ဝမ်းဗိုက်မှလည်း သွေးမထွက်နေခဲ့ပေ။ လူတိုင်းသည် အိပ်မက်မက်ခဲ့သည်လားဟုပင် တွေးနေခဲ့ကြသည်။
"ဒါက ...”
အစက မဖွင့်နိုင်ခဲ့သော ကျန်းရီ၏ မျက်လုံးများသည် ယခုမူ ပြူးကျယ်နေခဲ့သည်။ သူသည် အံ့အားသင့်နေရာမှ သတိဝင်လာခဲ့သည်။ လူတိုင်းသည် ဘာကြောင့် နဂါးကြီး ပေါ်လာခဲ့သည်ကို မသိသော်ငြား သူသည် အကြမ်းဖျင်း ခန့်မှန်းမိပေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ဒန်တျန်းကို စည်းချ ပိတ်ဆို့ထားသော နဂါးပုံသဏ္ဌာန် ရှေးဟောင်း အက္ခရာများသည် မရှိတော့သောကြောင့် ဖြစ်သည်
ကျန်းယွင်ရှဲသည် သူ့ဒန်တျန်းကို ဖျက်ဆီးလိုက်သောအခါ သူ့ ဒန်တျန်းမှ အရှိန်အဝါကြီးသော မီးနဂါး တစ်ကောင်သည် ပေါ်ထွက်လာခဲ့ပြီး ကျန်းယွင်ရှဲကို ဝါးမျိုသွားခဲ့သည်။ နောက်ဆုံးတွင် သူ့ ဒန်တျန်းရှိ နဂါးပုံစံ အက္ခရာ စာလုံးများ ကွယ်ပျောက်သွားခဲ့လေပြီ ...
အဖြစ်အပျက်များကို ဆက်စပ်ကြည့်လိုက်သော် ကျန်းရီသည် မယုံနိုင်စရာ ကောက်ချက်တစ်ခု ချလိုက်ရလေသည်။ သူ့ဒန်တျန်းမှ ချိတ်ပိတ်ခံ သင်္ကေတသည် သေရေးရှင်ရေး အချိန်တွင် အင်းအား တစ်ခုကို ထုတ်လွှတ်ကာ ကျန်းယွင်ရှဲကို သတ်လိုက်လေသည်။ တစ်ချိန်တည်း၌ သူ၏ ချိတ်ပိတ်ခံ သင်္ကေတလည်း ပျက်စီး သွားခဲ့လေသည်။ သို့သော် နဂါးပုံရိပ်မှ ထွက်ပေါ်လာသော ကျန်းယွင်ရှဲကို အမှုန့် ဖြစ်သွားစေသည့် အင်အားသည် မည်သည့်အား ဖြစ်မှန်းကို ကျန်းရီ နားမလည်ခဲ့ပေ။
နေရာတစ်ခုလုံးသည် တိတ်ဆိတ်နေခဲ့သည်။
လူတိုင်းသည် လှုပ်ရှား၍ ရသွားပြီ ဖြစ်သော်လည်း မလှုပ်ရှားရဲကြသေးပေ။ မီးနဂါးကြီး လုံးဝ ကွယ်ပျောက်သွားသည်မှာ သေချာသွားခါမှ လူတိုင်း၏ လေးလံနေသော စိတ်နှလုံးတို့သည် သက်ပြင်း ချနိုင်ကြလေသည်။
"ငါတို့ အခု ဘာလုပ်သင့်လဲ"
မာယုံကျိနှင့် ကျန်းယွင်ရှစ်သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ နှစ်ယောက်လုံးသည် ကြောက်ရွံ့နေကြကာ စိတ်ထင့်နေခဲ့ကြသည်။ သူတို့သာ အလျင်စလို ပြေးဝင်သွားလိုက်လျှင် ကျန်းရီ၏ ဝမ်းဗိုက်မှ နောက်ထပ် နဂါးတစ်ကောင် ပေါ်လာပြီး သူတို့ကို အမှုန့် ဖြစ်အောင် လုပ်လိုက်ပါလျှင် မည်သို့ လုပ်မည်နည်း။
"ငါလုပ်လိုက်မယ်”
ခဏမျှ တွေဝေနေပြီးနောက် မာယုံကျိ၏ ဒေါသများသည် သူ၏ ချင့်ချိန်နေမှုကို အနိုင်ယူသွား လေသည်။ သူသည် အော်ဟစ်လိုက်သည်။
"ကျန်းရီက မှော်အတတ်နဲ့ ဆင့်ခေါ်တဲ့ ပညာကို သင်ခဲ့ဖူးတာ ဖြစ်ရမယ် ... သူက ရှန်မိနိုင်ငံတော်ရဲ့ မှော်ဆရာတစ်ယောက်ပဲ ... အာလုံးပဲ လက်နက်တွေကို ကိုင်ပြီး သူ့ကို ထိုးစိုက် လိုက်ကြ”
တောင်ဘက်ရှိ ရှန်မိနိုင်ငံတော်တွင် မှော်အတတ်ကို တတ်မြောက်ကြသော မှော်ဆရာများ ရှိကြသည်ဟု ကောလဟာလများ ထွက်နေကြသည်။ ထို့ပြင် ရှန်ဝူနိုင်ငံတော်နှင့် ရှန်မိနိုင်ငံသည် ဆယ်နှစ်ကျော်ကြာအောင် မပြေလည်ခဲ့ကြဘဲ ရန်ငြိုးများ ရှိနေခဲ့ကြသည်။ မာယုံကျိ၏ အော်သံသည် လူအများကို ကြောက်ရွံ့မှုများ လွင့်ပါးသွားစေကာ သတိဝင်လာစေသည်။ ကျန်းရီသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သာ ရှိသေးသည်။ သူသာ မှော်ပညာကို မသုံးရင် ဘယ်လိုလုပ်ပြီး ကျန်းယွင်ရှဲနဲ့ မာယင်းကို သတ်နိုင်မှာလဲ ... မီးနဂါးကလည်း မှော်ပညာလို့မှ မပြောရင် တခြား ရှင်းပြစရာမှ မရှိတော့တာ။
"ကျန်းရီကို သတ်ကြ ... ရှန်မိနိုင်ငံရဲ့ သူလျှိုကို သတ်ကြ”
လူတိုင်းသည် အော်ဟစ်လိုက်ကြပြီး သူတို့၏ လက်နက်များနှင့် ကျောက်တုံးများကို ကောက်ကိုင်ကာ ပစ်လိုက်ကြလေသည်။ ကျန်းယွင်ရှစ်နှင့် မာယုံကျိသည်လည်း ကျန်းရီ၏ အနားသို့ မကပ်ရဲပေ။ သို့သော် သူတို့၏ လက်တွင်းမှ ချွန်ထက်သော လက်နက်တို့သည် ကျန်းရီထံ တည့်တည့်မတ်မတ် တိုးဝင်သွားကြလေသည်။ မီးနဂါးသာ ထပ်မပေါ်လာခဲ့လျှင် ကျန်းရီ သေချာပေါက် သေရပေတော့မည်။
နဂါး၏ ပုံရိပ် ထပ်မံပေါ်ပေါက်လာလေမလား။
ကျန်းရီသည် မဖြစ်နိုင်မှန်း ရှင်းရှင်းလင်းလင်း သိပေသည်။ သူ၏ ဒန်တျန်းတွင် မည်သည့် ရှေးဟောင်းအက္ခရာမှ ရှိမနေတော့ပေ။ ကျန်းရီသည် မိုးရွာသလို ကျလာနေသော ကျောက်တုံးများ၊ လက်နက်များကို ကြည့်ကာ ခါးသက်စွာ ပြုံးလိုက်ပြီး သေရန်သာ ပြင်ဆင်ထားလိုက်သည်။
"ဝှီး”
ထိုခဏတွင် လေထုထဲမှ စူးရှရှ အသံတစ်ခု ထွက်ပေါ်လာခဲ့သောကြောင့် ကျန်းရီ၏ မျက်လုံးများ ပွင့်လာခဲ့လေသည်။ သူသည် မီးနဂါးကြီး ထပ်ပေါ်လာသည် အထင်နှင့် စိတ်သက်သာရာရသည့် အမူအရာပင် ဖြစ်သွားလေသည်။ သို့သော် သူလှည့်ကြည့်လိုက်သော် မြင်လိုက်ရသည့်အရာကြောင့် ဆွံ့အသွားရလေသည်။
အနောက်ဘက် ကောင်းကင်ဆီမှ ခရမ်းရောင် လခြမ်းကွေးလေးတစ်ခုသည် ပျံသန်းလာခဲ့သည်။ ထိုလခြမ်းလေးသည် တစ်ဖက်သွားဓားနှယ် လေထုကို ဖြတ်သန်းနေခဲ့သည်။ အဝေးတည်းကပင် ၎င်းသည် လူတိုင်းကို ခြောက်ခြားသွားစေသည်။ လခြမ်းတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒတို့ စီးဆင်းနေခဲ့ပေသည်။
"စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် "
ကျန်းယွင်ရှစ်နှင့် မာယုံကျိတို့သည် တစ်ယောက်နှင့်တစ်ယောက် ထိတ်လန့်စွာ ကြည့်လိုက် ကြသည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်က ဘာလို့ ဒီလောက်အင်အားကြီးရတာလဲ ... ရှင်းပါသည် ... သူတို့သည် အတွင်းအားကို လက်နက်တစ်ခု သဖွယ်ပင် အသုံးချနိုင်သောကြောင့် ဖြစ်သည်။ သူတို့သည် ခရမ်းရောင် နန်းတော်ရှင်အဆင့် သိုင်းပညာရှင် အုပ်လိုက်ကိုပင် လွယ်လွယ်ကူကူ အပြတ်ရှင်း နိုင်လေသည်။
"ခလွမ် ... ခလွမ်”
လခြမ်းလေးသည် ကောင်းကင်ကို ဖြတ်သန်း၍ လာနေသော်လည်း ချက်ချင်းပင် သူတို့ မျက်လုံးရှေ့သို့ ရောက်လာလေသည်။ ထို လခြမ်းကွေးလေး ဖြတ်သွားရာ နေရာတိုင်းရှိ လက်နက်များ၊ ကျောက်တုံးများသည် တစ်စစီ ဖြစ်သွားကြသည်။ ၎င်းသည် နောက်ဆုံးတော့ အနောက်ဘက် တောင်ကုန်းသို့ ကျရောက်လာခဲ့ပေပြီ
"ဗုန်း "
အနောက်ဘက် တောင်ကုန်းသည် လှုပ်ခါသွားပြီး မြေပြင်သည်လည်း ကွဲအက်သွားခဲ့သည်။ ဖုန်မှုန့်များသည် ကောင်းကင်တစ်ဝက်ခန့်ကိုပင် ဖုံးလွှမ်းသွားခဲ့ပြီး ပေါက်ကွဲသံကြီး သည်လည်း ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
စကားသံတစ်ခုသည် လူတိုင်း ကြားနိုင်လောက်အောင် ပီပီသသ ထွက်ပေါ်လာခဲ့ပေသည်။ ထိုအသံသည် လူတိုင်း၏ နားထဲတွင် မြည်ဟည်း သွားရုံသာမက သူတို့၏ စိတ်ထဲတွင်ပါ ပဲ့တင်ထပ်သွားခဲ့လေသည်။
"ကျန်းရီကို သတ်တဲ့လား ... မင်းတို့က ငါ့ရဲ့ အရှင်ငယ်ကို သတ်ဝံ့တယ်လား ... ဒီမှာအခု ရှိနေကြတဲ့ လူတိုင်း ... ဒီနေ့ ... သေရမယ်”
ကျန်းယွင်ဟိုင် ရောက်ရှိလာခဲ့ပေပြီ”
***