နောက်ဆုံးအမွေအနှစ်အား ရရှိခြင်း
Vol. 10 Ch. 128
"ဟူး ရှောင်းဟုန်နိုင်ပြန်ပြီ” လောင်ကျိပင်သည် အောင့်အည်းသည်းခံသည့် အမူအရာဖြင့် သက်ပြင်းချလိုက်သည်။
မှန်သည်။ ရှောင်းဟုန်သည် အမှန်တကယ် အနိုင်ရရှိလေသည်။
မည်သည့်အဖွဲ့တွင် ဖြစ်စေကာမူ။
ရှောင်းဟုန်သည် မည်သည့်အဖွဲ့ဝင် ဖြစ်ပါစေ သူမပါဝင်သည့် အဖွဲ့သည် အနိုင်ရရှိဖို့ အာမခံချက် ရှိသွားပြီ ဖြစ်သည်။
ပထမအလှည့်တွင် သူမ အသတ်ခံရလျှင်တောင် သူမသည် ခိုင်မာသည့် ချေပချက်များအား တင်ပြနိုင်သည့်ကြောင့် ပြန်လည် လွတ်မြောက်သွားစမြဲပင် ဖြစ်သည်။
ပိုင်လင်းသည် သူမ၏ မျက်ခုံးများအား စိတ်ပျက်စွာဖြင့် ပွတ်နေမိသည်။ ဤကစားနည်းတွင် မျှခြေသည် အရေးမပါကြောင်း သူမနားလည်သွားပြီ ဖြစ်သည်။
ဤကစားနည်းတွင် အကြီးမားဆုံးသော အဖျက်ကောင်မှာ ရှောင်းဟုန်သာလျှင် ဖြစ်သည်။
"မမပိုင်ရေ မမက တကယ်တော့ လူသားစစ်စစ် ဟုတ်တယ် မဟုတ်လား”
ရှောင်းဟုန်သည် ပိုင်နိုင်သည့် အမူအရာဖြင့် မေးလိုက်သည်။
ပိုင်လင်းသည် အနည်းငယ် တုန်လှုပ်သွားပြီးနောက် သူမ၏ မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာသည်။ "ဘာလို့ အဲဒီလိုမျိုး ထင်ရတာလဲ”
"ရှောင်းဟုန်လေးက မမဆီကနေ စိတ်ခံစားမှုတွေ ဝိညာဉ်တည်ရှိမှုတွေကို အာရုံခံမိနေတယ်” ရှောင်ဟုန်၏ ညှို့အားပြင်းသည် မျက်လုံးများသည် ပိုင်လင်းအား ကြည့်နေလေသည်။
အန်လင်းနှင့် အခြားသူများသည် ထိုစကားကို ကြားလိုက်သည့် အခါတွင် အံ့အားသင့်နေ မိကြသည်။
သောက်ခွေး။ သူမက ဝိညာဉ်တွေကို အာရုံခံနိုင်တယ်တဲ့လား။
ရှောင်းဟုန်က အမြဲတမ်း ဒီလိုမျိုး အံ့ဩဖို့ ကောင်းနေတာပဲလား။
ပိုင်လင်းသည် အသာရယ်မော လိုက်သော်လည်း တုံ့ပြန်ပြောကြားခြင်း မရှိချေ။ သူမသည် တံတားတစ်ဖက်ရှိ ဖန်လုံးဖြူအား ကြည့်လိုက်သည်။ "နတ်ဘုရား စွမ်းအင်လုံးရဲ့ စွမ်းအင်တွေက ကုန်ခန်းတော့မယ်။ နင်တို့မှာ ၅ စက္ကန့်အချိန်ရတယ်။ မလွတ်စေနဲ့”
လူတိုင်းသည် ကြောင်အသွားပြန်သည်။
ဘာတွေများ ဖြစ်နေတာလဲ။ ဒါက အကူအညီပေးတယ်လို့ ယူဆရမှာလား။
ပိုင်လင်းက ဘယ်အချိန်ကစပြီး အခုလို ကြင်နာ တတ်သွားတာလဲ။ ဒါက နောက်ထပ် ထောင်ချောက်တစ်ခုလား။ ဟုတ်တယ် မဟုတ်လား။
လူတိုင်း၏ တုန်လှုပ် ချောက်ချားနေသည့် အမူအရာကို မြင်လိုက်ပြီး နောက်တွင် ပိုင်လင်းသည် မည်သည့်စကားမျှ မဆိုတော့ပဲနှင့် နေရာတွင်သာ ဖြည်းညင်းစွာဖြင့် ပျောက်ကွယ် သွားတော့သည်။
သူမကို ယုံကြည်သင့်ရဲ့လား။
အရိုးသားဆုံး ဝန်ခံရမည်ဆိုလျှင် ဖန်လုံးဖြူ၏စွမ်းအား ကုန်ခန်းသွားသည်နှင့် သူတို့သည် တံတားအား မည်သည့်နည်းနှင့် မဆို ဖြတ်ကျော်ကြမည် ဖြစ်သည်။
ထို့ကြောင့် ပိုင်လင်း၏ သတိပေးချက်မှာ မလိုအပ်ပေ။
"မင်းတို့က ဒီမှာစောင့်နေကြ။ ငါအရင် သွားကြည့်လိုက်မယ်” အန်လင်း ပြောလိုက်သည်။
"အတူတူ သွားကြတာပေါ့။ အခွင့်အရေးက တစ်ခုပဲရှိတာ။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်ရင်လည်း အတူတူ သေရင်လည်း အတူတူပေါ့” မုန့်ထျန်းသည် သူမ၏လက်အား ယမ်းလိုက်သည်။ အန်လင်းနှင့်အတူ တံတားအား ဖြတ်သန်းရန် စီစဉ်ထားပုံရသည်။
မုန့်ထျန်းပြောသည့် အတိုင်းပင် သူတို့အားလုံး၌ အခွင့်အရေး တစ်ခုသာလျှင်ရှိသည်။ အန်လင်းတစ်ဦးတည်း ရင်ဆိုင်ခွင့် မပြုနိုင်ပေ။ သူတို့သည် သူ့နောက်တွင် ရပ်တည်ပေးနေမည် ဖြစ်သည်။
မုန့်ထျန်းတို့၏ ဆုံးဖြတ်ချက်ကြောင့် အန်လင်းသည် အတော်လေး ရင်ထဲ ထိမိသည့်အတွက် ဖျောင်းဖျရန် မကြိုးစားတော့ပေ။
ရုတ်တရက်ဆိုသလို ဖန်လုံးဖြူသည် ပစ်ခတ်ခြင်း ရပ်တန့်သွားသည်။ အနည်းငယ် မှိုင်းသွားသယောင်ပင် ရှိနေသေးသည်။
လေစိတ်ဝိညာဉ်။
အန်လင်း၏ ခြေဖဝါးအောက်တွင် လေကွင်းဝိုင်းများ ပေါ်လာပြီး သိသိသာသာပင် အမြန်နှုန်းတိုးလာသည်။ ချက်ချင်းဆိုသလိုပင် ဖန်လုံးဖြူဆီသို့ ရောက်ရှိသွားသည်။
ပိုင်လင်းသည် သူတိုထံတွင် အချိန် ၅စက္ကန့်သာလျှင် ရှိသည်ဟု ဆိုသော်လည်း အန်လင်းသည် အချိန်များများ ရစေရန် လိုလာပြီး မီတာ၁၀၀ အကွာအဝေးအား နှစ်စက္ကန့်မပြည့်သည့် အချိန်အတွင်း ကျော်ဖြတ်လိုက်နိုင်သည်။
ဖန်လုံးအား လက်နှစ်ဖက်ဖြင့် အုပ်ကိုင် လိုက်ပြီးနောက် ချီစွမ်းအင်များ စီးဆင်းစေလိုက်သည်။
ထိုအချိန်တွင် ကျန်လူများသည် သစ်သားတံတားအား ဖြတ်ကျော် လာပြီးနောက် အန်လင်း၏ နံဘေးသို့ ရောက်ရှိလာကြသည်။ ဖန်လုံးဖြူအား စိုက်ကြည့်ကာဖြင့် ရောင်ခြည်လုံးများ ထွက်ပေါ်လာမည်ကို ကြောက်ရွံ့လျက် ရှိကြသည်။
စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာပြီးနောက် "ဖျက်ဆီးနိုင်စွမ်း စမ်းသပ်မှု ပြီးဆုံးပါပြီ”
လူတိုင်းသည် ထိုစကားအား ကြားမှသာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်း ချမိတော့သည်။ ကြောက်မက်ဖွယ်ရာ စမ်းသပ်မှုအား ကျော်ဖြတ်လိုက်နိုင်ပြီ ဖြစ်သည်။
တောက်ပသည့် အလင်းတန်းတစ်ခု ကျရောက်လာပြီးနောက် အဖြူရောင် နယ်ပယ်သို့ ရောက်ရှိသွားပြန်သည်။
ပိုင်လည်းသည် ပြုံးလျက်နှင့် ပြန်ရောက်လာပြန်သည်။
"ဖျက်ဆီးနိုင်စွမ်း စမ်းသပ်မှုကို ကျော်ဖြတ်နိုင်တဲ့ အတွက် ဂုဏ်ယူပါတယ်။ သုတေသန အဖွဲ့အစည်းရဲ့ သွေးမျိုးဆက် အမွေအနှစ်ကို လက်ခံရရှိမှာပါ။ အတိအကျ ပြောရမယ်ဆိုရင် သင်တို့လက်ခံရရှိမဲ့ အမွေအနှစ်များက သူတို့နဲ့ အသင့်တော်ဆုံးကို ရွေးချယ် ဆုံးဖြတ်ပေးထားတာပဲ ဖြစ်ပါတယ်”
သူမ၏ လက်အား ဖန်လုံးနက်ပေါ် တင်လိုက်ပြီးနောက်တွင် အလင်းတန်းများသည် သူတို့အားလုံးအပေါ် လွှမ်းခြုံလာပြန်သည်။
"လေပေါ်ပျံဝဲ ဖျံ၊ ငွေယုန်ဖြူ၊ ဓားနဂါး၊ နတ်ဆိုးလူဝံ" ပိုင်လင်းသည် လူတိုင်းအားကြည့်ကာ ပြောလိုက်သည်။
ထို့နောက် သူမ၏အကြည့်အား ရှောင်ချိုးထံ ပို့လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် "အမှောင်နတ်ဘုရား"
ထို့နောက် အန်လင်း၏ အိတ်ကပ်အား ကြည့်ကာဖြင့် "ပေါင်းစပ်ပုံရိပ်"
နောက်ဆုံးတွင် ပိုင်လင်း၏ အကြည့်သည် အန်လင်းထံ ကျရောက်လာသည်။ သူမ၏ မျက်ခုံးများ တွန့်ကွေး လာပြီးနောက် ပို၍ပို၍ စိတ်ရှုပ်ထွေးလာသည်။ ရွေးချယ်ရန် ခက်လှပေသည်။
အန်လင်း : “…”
ပိုင်လင်းသည် သူမ၏ မေးစေ့အား ပွတ်ကာဖြင့် အတွေးထဲ နစ်မြောနေလေသည်။ ထို့နောက်တွင် သွားဖြီးလျက် "နင်က ဘယ်လို အမွေအနှစ်မျိုး လိုချင်လဲ”
အန်လင်းသည် အနည်းငယ် အံ့အားသင့်မိသည်။ ထို့နောက် သူ့ကိုယ်သူ ညွှန်ပြလျက် "ကျုပ်က ရွေးလို့ရတယ်လား”
ပိုင်လင်းသည် အန်လင်းအား စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့် ကြည့်ကာ သက်ပြင်းချလိုက်သည်။ "ငါက နင့်ကို ဖတ်လို့မရဘူး။ အဲဒီတော့ နင့်ဘာသာနင် ရွေးလိုက်”
အန်လင်း : “အဲဒါဆိုရင် အမွေအနှစ်ကို ငြင်းပယ်လို့ရလား”
ပိုင်လင်းသည် အသာရယ်မောလိုက်သည်။ "သေချာပေါက် မရဘူးပေါ့။ ဘာလဲ။ သုတေသန အဖွဲ့အစည်းရဲ့ သွေးမျိုးဆက် အမွေအနှစ်ဆိုတာကို မယုံဘူးလား”
"သိထားရမှာက နင်တို့လက်ခံရရှိတဲ့ အမွေအနှစ်က ခရမ်းကြယ်စင် လူမျိုးစု သွေးမျိုးဆက် သုတေသနက ထုတ်လုပ်ထားတဲ့ အဆင့်အမြင့်ဆုံးသော အမွေအနှစ်ပဲ။ သာမန်လူသားတွေ အနေနဲ့ အခုလိုမျိုး အဆင့်မြင့် အမွေအနှစ်ကို ရရှိဖို့ အခွင့်အရေး မရှိဘူး”
သူမသည် အန်လင်း၏ နဖူးအား လက်ချောင်းထိပ်ဖြင့် ထိကာ ရှင်းပြနေလေသည်။
အန်လင်း၏ စိတ်ထဲတွင် ရွေးချယ်စရာများ တန်းစီကာ ပေါ်လာသည်။ မတူညီသည့် သွေးမျိုးဆက်များ၏ ဝိသေသ လက္ခဏာများနှင့် အချို့သော အချက်အလက်များပင် ပါလာသည်။
ထိုအမွေအနှစ်များအား ကြည့်ကာဖြင့် မည်သည်ကို ရွေးချယ်ရမည်ကို မစဉ်းစားတတ်ပဲ ရှိနေလေသည်။ သူ၏ စိတ်ဆန္ဒအတိုင်းဆိုလျှင် အလွန်စွမ်းအားကြီးသည့် တစ်ခုအား ရွေးချယ်မည် သို့မဟုတ် မည်သည့်အရာကိုမျှ ရွေးချယ်ခြင်းမပြု။
ရုတ်တရက်ဆိုသလို သူ့စိတ်ထဲတွင် 'တာအိုအမွေအနှစ်' ဆိုသည့်အရာ ပေါ်လာသည်။
"နတ်ဘုရား အပြစ်ပေးခြင်း ဆိုတာက ကျွန်ုပ်တို့အပေါ် မူတည်နေသည်။ မည်သည့်အရာကမျှ ဖျက်ဆီးခံရခြင်းမှ လွတ်မြောက်နိုင်စွမ်း မရှိချေ”
အန်လင်း၏ စိတ်အတွင်းသို့ အချက်အလက်များ တန်းစီကာ စီးဆင်းလာကြသည်။ ထိုသည်မှာ သွေးမျိုးဆက် အမွေအနှစ် မဟုတ်ချေ။ သို့သော်လည်း အကန့်အသတ်မဲ့သည့် အချက်အလက်များသည် အန်လင်းထံသို့ အလိုအလျောက် စီးဆင်းလာကြခြင်း ဖြစ်သည်။
ခွက် ...
ဖန်လုံးနက်သည် စတင် အက်ကွဲလာသည်။
ပိုင်လင်း၏ မျက်နှာတွင် ပထမဆုံးအကြိမ် အဖြစ် ချောက်ချားမှုများ ပေါ်လာသည်။ သူမ၏ လက်ချောင်းအား လျင်မြန်စွာ ဖယ်လိုက်ပြီးနောက် အန်လင်းအား မယုံကြည်နိုင်စွာဖြင့် ကြည့်နေလေသည်။
မုန့်ထျန်းနှင့် အခြား သူများသည်လည်း သူတို့၏ အမွေအနှစ် အသီးသီးအား ရရှိပြီးဖြစ်သည်ကြောင့် မျက်လုံးများ ဖွင့်လိုက်ကြသည်။
ပိုင်လင်း၏ အမူအရာနှင့် ဖန်လုံးနက်၏ အနေအထားအား မြင်လိုက်ရသည့် အခါတွင် သူတို့အားလုံးသည် တုန်လှုပ်သွားကြသည်။
အန်လင်းသည်သာလျှင် အပြစ်ကင်းသည့် အမူအရာဖြင့် ခေါင်းကုတ်လိုက်ပြီး "အမွေအနှစ် လက်ခံတာ အခုထိ မပြီးသေးဘူးလို့။ ဘာဖြစ်လို့ ရပ်လိုက်တာတုံး”
ပိုင်လင်းသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာရှုံ့မဲ့လာသည်။ သူမ၏ ရင်ဘတ်ပေါ်တွင် ဧရာ မကျောက်တုံးတစ်ခု ဖိထားသကဲ့သို့ ခံစားနေရပြီး အလွန် ဒေါသထွက်လျက်ရှိသည်။
"နင် … နင်ဘယ်သူလဲ”
သူမသည် အန်လင်းအား ကြည့်လိုက်ပြီး သူမ၏ အသံမှာလည်း အနည်းငယ် တုန်ယင်လျက်ရှိသည်။
"ကျုပ်နာမည် အန်လင်း။ ကမ္ဘာမြေကလာတာ။ လက်ရှိတော့ ကောင်းကင်ဘုံ ပိုင်နက်ရဲ့ ကျောင်းသား တစ်ယောက်ပဲ”
"ပြောပါဦး။ ခင်ဗျားက ကျုပ်ကို အမွေအနှစ်ကို အပြည့်အစုံပေးမှာလား မပေးဘူးလား။ အမွေအနှစ်ကို တစ်ဝက်ပဲ ပေးတယ်ဆိုတာ ဘယ်လိုမျိုးလဲဗျ။ လူတွေကို ပစ္စည်းတစ်ဝက်ပဲ ပေးမယ်ဆိုရင် ဒေါသထွက်လာတတ်တာ ခင်ဗျားမသိဘူးလား” အန်လင်းသည် မကျေမနပ်ဖြင့် ပြောလိုက်သည်။
ပိုင်လင်း၏ မျက်နှာမှာ နီရဲလာပြီး သူမ၏ ခန္ဓာကိုယ်သည် ဒေါသကြောင့် တုန်ယင်လျက်ရှိသည်။
ဒေါသထွက်တယ် ဟုတ်လား။ ငါကမှ ဒေါသထွက်ရမှာ သိရဲ့လား။
ညွှန်ကြားသူဆီမှာ ရှိတဲ့ အချက်အလက် တစ်ဝက်ကို နင်အခုပဲ ခိုးသွားတာလေ။ အဲဒါတောင် နင်ဘာမှမလုပ်ထားတဲ့ပုံ ဖမ်းပြီး အပြစ်ကင်း ဟန်ဆောင်နေသေးတာ။
"မကျန်တော့ဘူး။ ကုန်သွားပြီ”
သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ အလင်းတန်းတစ်ခု ကျရောက်လာပြီး နောက်တွင် သူတို့သည် သစ်သား တံတားပေါ်သို့ ပြန်လည် ရောက်ရှိလာကြသည်။
အန်လင်း "ကြောက်ဖို့ ကောင်းလိုက်တာကွာ။ အဆုံးမှာ ဘာပြောသွားတာလဲ”
အားလုံး : “…”
သူတို့သည် ဖြစ်ပွားခဲ့သည်များကို မသိသော်လည်း အန်လင်းကြောင့် ပိုင်လင်း မည်မျှလောက်အထိ ဒေါသထွက်နေသည်ကို မြင်တွေ့ရသည့် အတွက် အလွန်ကျေနပ်နေမိသည်။
သူတို့အားလုံး၏ ရှေ့တွင် တံခါးပေါက် အသစ်တစ်ခု ပေါ်လာသည်။
အန်လင်းတို့သည် ထိုတံခါးပေါက်အား ဖြတ်ကျော်လိုက်ကြသည်။
ကျော်ဖြတ်ပြီးသည့် နောက်တွင် သူတို့သည် စားပွဲများ၊ ထိုင်ခုံများ၊ လေထဲတွင် မျောနေသည့် ထူးခြားသည့် စက်ပစ္စည်းများ ရှိနေသည့် ခန်းမတစ်ခု အတွင်းသို့ ရောက်ရှိသွားကြသည်။
အလွန်ရင်းနှီးသည့် မြင်ကွင်းဖြစ်သည်။ အကြောင်းမှာ အပျက်အစီးပုံ အတွင်းသို့ ဝင်ရောက်စဉ်တွင် ဤခန်းမအတွင်းသို့ ဦးဆုံးရောက်ရှိခဲ့ခြင်း ဖြစ်သည်။
"အဲတော့ ဒီလိုမျိုးနဲ့ ပြန်ရောက်လာတာပေါ့” မုန့်ထျန်းသည် သူမ၏ မျက်လုံးများအား မယုံကြည်နိုင်ပေ။
စွန်းရှန့်လျန်သည် တစ်ခုခုအား ပြန်လည် အမှတ်ရမိပြီးနောက် သူမ၏ မျက်နှာအား လက်ဖြင့်အုပ်ကာဖြင့် အသာရယ်မော လိုက်သည်။ "ငါတို့ရဲ့ အဖွဲ့ခေါင်းဆောင်ကို ကျေးဇူးတင်ရမှာပဲ”
လူတိုင်းသည် အနည်းငယ် အံ့အားသင့်သွားကြသည်။ သို့သော်လည်း ပိုင်လင်း၏ ဒေါသတကြီး အမူအရာအား ပြန်လည် သတိရမိလိုက်သည်။
သမိုင်းဝင် တံခါးပိတ်မှုကြီး များလား။
အစ်ကိုကြီးအန်က အကောင်းဆုံးပဲဟုသာ ပြောနိုင်တော့သည်။
အန်လင်းသည် သူတို့၏ ပြောစကားများကို တုံ့ပြန်ခြင်းမရှိဘဲ လေထဲတွင် လွင့်မျောနေသည့် စက်ပစ္စည်း ၅ ခုကိုသာလျှင် စိတ်ဝင်တစား ကြည့်နေလေသည်။
"ဒါတွေက ဇီဝသွေးမျိုးဆက် သုတေသနစင်တာက တီထွင်ထားတဲ့ စက်ပစ္စည်းတွေပဲ။ သူတို့ရဲ့ အဓိက အစိတ်အပိုင်းက သားရဲ အကောင်၁၀၀ရဲ့ အမြုတေနဲ့ တည်ဆောက်ထားတာ။ အဲဒါကြောင့် နည်းပညာနဲ့ သွေးမျိုးဆက် စွမ်းအားအကြား ပြည့်စုံကောင်းမွန်တဲ့ ရလဒ်တစ်ခု ဖြစ်ပေါ်လာစေတာပဲ။ ဒါပေမဲ့လည်း လက်တလောတော့ အကာအကွယ် ခံထားတာကြောင့် လက်လှမ်းမီဖို့ ဝေးပါသေးတယ်”
"အကာအကွယ်ကို ဖွင့်ဖို့ဆိုရင် လုပ်ရမှာကတော့..."
သူ၏ လက်ချောင်းထိပ်တွင် ချီစွမ်းအင်များ စုဆုံစေပြီးနောက် Gundam များပေါ်တွင် ရှုပ်ထွေးသည့် ဝင်္ကပါပုံစံတစ်ခု ရေးဆွဲလိုက်သည်။
ထို့နောက်တွင် ဝင်္ကပါပုံစံသည် တောက်ပလာပြီး သော့တစ်ချောင်း အသွင်ဖြင့် အကာအကွယ်အား ဆုတ်ဖြဲလိုက်လေသည်။
အန်လင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ Gundam အား ခိုးယူလိုက်သည်။
ထို့နောက်တွင် ယခင်အပြုအမူအတိုင်း Gundam နောက်တစ်ကောင်အား ယူလိုက်ပြန်သည်။
ပိုင်လင်းသည် ဖန်လုံးနက်အား ပြန်လည် ပြင်ဆင်နေသည်ကြောင့် အလုပ်များလျက် ရှိသည်။ အန်လင်းပြုလုပ်နေသည့် အရာအား သိရှိလိုက်ရသည့် နောက်တွင် သူမသည် ဒေါသထွက်လွန်းသဖြင့် သွေးအန်လိုက်ရသည်။
"အန်လင်း နင်သိပ်များသွားပြီ”
သူမသည် ဒေါသတကြီး အော်ဟစ် လိုက်ပြီးနောက် လေထုအား လက်ဝါးဖြင့် ရိုက်လိုက်သည်။
ခန်းမနှင့် ပြင်ပကမ္ဘာအား ချိတ်ဆက်ထားသည့် တံခါးပေါက်သည် ရုတ်တရက်ပွင့်လာပြီး မမြင်နိုင်သည့် စွမ်းအားတစ်ခုသည် သူတို့အား အပြင်သို့ ရောက်သွားစေသည်။ အန်လင်းသည် ဒုတိယ Gundam အား ခိုးယူသိမ်းဆည်းပြီး ဖြစ်ကာ သူ့ခန္ဓာကိုယ်သည် သူ၏အဖွဲ့သားများနှင့် အတူ အပျက်အစီးပုံ၏ အပြင်ဘက်အား ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက်တွင် ချိုနဂါးအား ဆင့်ခေါ်ရန် တံပိုးမှုတ်လိုက်တော့ လေသည်။
**