သက်ညှာပေးပါ
Vol. 1 Ch. 57
"ဦး ... ဦးလေး ဟိုင်”
ကျန်းယွင်ရှဲသည် ခဏလောက် ကြည့်လိုက်ရုံနှင့် ကျန်းယွင်ဟိုင်ကို မှတ်မိလေသည်။ ကျန်းယွင်ဟိုင်မှန်း သိသွားသည်နှင့် သူသည် ခြောက်ခြား သွားခဲ့ရလေသည်။ ကျန်းယွင်ဟိုင်သည် ဂိုဏ်းချုပ်ရာထူးကို သူ့အဖေ (ကျန်းယွင်ရှစ်၏ အဖေ) ထံ လွှဲပြောင်းပေးခဲ့ပြီး ပြင်ပလောကကို အတွေ့အကြုံ ရှာဖွေရန် ထွက်သွားခဲ့သည်။ သူသည် နှစ်အနည်းငယ် ကြာအောင် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲ အရှင်ထံတွင် အမှုထမ်းခဲ့သည်။ သူပြန်ရောက် လာသောအခါတွင် ကျန်းယွင်ရှစ်၏ အဖေသည် သေဆုံးသွားခဲ့ပြီး ကျန်းယွင်ရှန်သည် ဂိုဏ်းချုပ်အသစ် ဖြစ်နေပြီ ဖြစ်သောကြောင့် သူသည် စည်းကမ်း ထိန်းသိမ်းရေးဆောင်ကို တာဝန်ယူခဲ့သည်။ ကျန်းဂိုဏ်း၏ သြဇာ အာဏာသည် နှစ်အနည်းငယ်အတွင်း တိုးတက် လာခဲ့ရခြင်းမှာ ကျန်းယွင်ဟိုင်ကြောင့်သာ ဖြစ်သည်။
ကျန်းယွင်ဟိုင်သည် ပေါက်ကွဲတတ်သော စိတ်သဘောထားရှိပြီး တိုက်ပွဲများကို နှစ်ခြိုက်သည်။ ယမန်နှစ်များတွင် သူသည် ကျန်းဂိုဏ်းသားများကို ဦးဆောင်၍ ကောင်းကင်တောင်ပံ မြို့အတွင်းရှိ ဂိုဏ်းကြီး သုံးဂိုဏ်းကို ကျူးကျော်ခဲ့ပြီး သတ္တုထွက်ရာတောင်ကို အပိုင်သိမ်းခဲ့သည်။ သူသည် အစုလိုက် အပြုံလိုက် လူသတ်ရခြင်းကို နှစ်ခြိုက်သူဟုပင် နာမည်ပြောင်ရှိသည်။ ထိုနာမည်ကို လူကြီးအများစုက ကလေးငယ်များကို ခြောက်လှန့်ရန် အသုံးပြုခဲ့ကြသည်။ ဤသည်ကား ကျန်းယွင်ဟိုင်၏ ဂုဏ်သတင်းများဖြစ်သည်။
လွန်ခဲ့သော ခုနှစ်နှစ်က ကျန်းယွင်ဟိုင် ပျောက်ဆုံးသွားခဲ့ပြီး ကျန်းဂိုဏ်းသည် သူ့ကို ရှာဖွေရန် လူအား၊ ငွေအား အမြောက်အမြား အသုံးပြုခဲ့သည်။ သူတို့သည် သိုင်းခန်းမကိုပင် ငွေကြေး အမြောက်အမြား ပေးကာ ကျန်းယွင်ဟိုင်ကို ရှာဖွေရန် တာဝန်ပေး စေခိုင်းခဲ့သည်။ နှစ်အတော်အတန် ကြာသည်အထိ ကျန်းယွင်ဟိုင်၏ သတင်းကို လုံးဝမရခဲ့ရာ လူတိုင်းက သူသေသွားခဲ့ပြီဟု မှတ်ယူ လိုက်ကြသည်။ ၎င်းသည် ကျန်းဂိုဏ်းက ကျန်းရီကို စတင်ဖယ်ကြဉ်လိုက်ခြင်း အကြောင်းအရင်း ဖြစ်သည်။
ကျန်းယွင်ဟိုင်သည် သူတို့ ကျန်းရီသတ်ရန် ကြံစည်နေသော အချိန်တွင် အချိန်ကိုက် ပြန်ရောက် လာလိမ့်မည်ဟု မည်သူက တွေးမိပါမည်နည်း
ကျန်းရီကို မည်သူမွေးထားသည်ကို ဘယ်သူမှ မသိကြသော်လည်း ကျန်းယွင်ဟိုင်မှ ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်ကြောင်းကို ကျန်းဂိုဏ်းက သိပေသည်။ အများစုသည် ကျန်းရီမှာ ကျန်းယွင်ဟိုင်၏ တရားမဝင်ကလေး ဖြစ်နိုင်သည်ဟု တွေးနေခဲ့ကြသည်။ မဟုတ်ပါက ကျန်းရီအပေါ် ဒီလောက် ကြင်နာစရာအကြောင်း ရှိပါမည်လော။
ကျန်းရီသည် မည်သူ့ကလေး ဖြစ်သည်က အကြောင်းမဟုတ်ပေ။ လောလောဆယ်တွင် ကျန်းယွင်ရှစ်မှာ အတော်လေး ခေါင်းကိုက်နေပေသည်။ သူသည် စိတ်ကို ငြိမ်ငြိမ်ထားကာ အားယူ၍ ပြုံးလိုက်ပြီး စကားပြောလိုက်သည်။
"ဦးလေးဟိုင် ... နားလည်မှု လွဲနေတာပါ ... ဒါက နားလည်မှု လွဲရတာပါ”
ကျန်းယွင်ဟိုင်သည် ရှေ့သို့ လျှောက်လာခဲ့သည်။ သူသည် နှေးကွေးဟန်ရသော်လည်း မျက်စိတစ်မှိတ် အတွင်းတွင် နေရာတစ်ခုလုံး၏ အလယ်သို့ ရောက်လာခဲ့သည်။ သူသည် ကျန်းယွင်ရှစ်ကို လျစ်လျူ ရှုထားလိုက်ပြီး တောင်ကုန်း၏ အစွန်းတွင် ရှိနေသော ကျန်းရီကိုသာ ကြည့်လိုက်သည်။ သူ၏မှုန်ဝါးသော မျက်လုံးအစုံသည် မျက်ရည်များ စီးကျလာပြီး တောင်ကုန်း အစွန်းထိ ရောက်အောင် တစ်လှမ်းချင်း တိုးသွားလိုက်သည်။
သူသည် သွေးများဖြင့် ဖုံးလွှမ်းနေသော ကျန်းရီအနီး တိုးကပ်သွားလိုက်သည်။ ကျန်းရီ၏ ကိုယ်တွင် တစ်လက်မလောက်တောင် ဒဏ်ရာမရသော နေရာ မရှိပေ။ ကျန်းယွင်ဟိုင်သည် ဒူးထောက် ချလိုက်ကာ ခေါင်းငုံ့ပြီး မျက်ရည်များ သွင်သွင်စီးကျရင်း ပြောလိုက်သည်။
"အမှုထမ်းအိုကြီး ကျန်းယွင်ဟိုင်က ... အရှင်ငယ်ကို အရိုအသေပေးပါတယ် ... ဒီအမှုထမ်းက အရှင်ငယ်ကို ဒီလိုကိစ္စမျိုးတွေ ကြုံတွေ့သွားအောင် ခွင့်ပြု ထားမိတဲ့အတွက် အပြစ်ရှိပါတယ် "
လူတိုင်းသည် ရှုပ်ထွေးသွားကြသည်။
ကျန်းရီသည်လည်း ရှုပ်ထွေးနေခဲ့သည်။ သူသည် ကျန်းယွင်ဟိုင်၏ အသံကို ကြားစဉ်က အိပ်မက် မက်နေသည်ဟုသာ ထင်ခဲ့သည်။ သူသတိဝင်လာသောအခါတွင် ကျန်းယွင်ဟိုင်သည် သူ့အနားသို့ ရောက်နှင့်နေခဲ့ပြီး ဒူးထောက်ထားခဲ့ပြီး ဖြစ်သည်။ သူသည် သူ့ကို အရှင်ငယ်လို့တောင် ခေါ်လိုက်သေးသည်။
ကျန်းရီသည် ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ကာ ပါးစပ် အနိုင်နိုင်ဖွင့်၍ စကား ပြောလိုက်ရသည်။
"အဘိုး ... အဘိုး ဘာလုပ်နေတာလဲ”
ကျန်းယွင်ရှစ်နှင့် မာယုံကျိတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ မာယုံကျိ၏ မျက်ဝန်းထဲမှ အရိပ်အယောင်များကို မြင်လျှင် ကျန်းယွင်ရှစ်သည် ပို၍ ကြောက်လန့်သွားခဲ့သည်။ မာယုံကျိသည် ကျန်ရစ်သော မာဂိုဏ်းသားများကို အချက်ပြကာ ရှောင်ထွက်ပြေးရန် ကြိုးစားလိုက်သည်။
"မင်းက ထွက်သွားဖို့ ကြိုးစားနေတာလား ... ငါမင်းတို့ မာဂိုဏ်းကို ကျူးကျော်မယ်ဆိုတာ ယုံလိုက်”
ကျန်းယွင်ဟိုင်သည် သူ၏ မျက်ရည်များကို ဆွဲသုတ်လိုက်သည်နှင့် သူ၏ အေးစက်စက် အမူအရာတို့သည် ပြန်ပေါ်လာခဲ့သည်။ သူသည် အကြည့်စူးစူး တစ်ချက် ပစ်လွှတ်လိုက်သောအခါ မာယုံကျိနှင့် သူ့လူများသည် တုန်လှုပ်သွားကာ ခြေတစ်လှမ်းစာတောင် မလှမ်းရဲတော့ပေ။
ကျန်းယွင်ဟိုင်သည် မတ်တတ်ရပ်လိုက်ကာ ဘာမှမပြောတော့ဘဲ ကျန်းရီ၏ ဘေးသို့သာ လျှောက်သွားလိုက်သည်။ သူသည် ဆေးတစ်လုံးကို ထုတ်ယူလိုက်ပြီး ကျန်းရီကို ကျွေးလိုက်သည်။ သူ့လက်ဝါးကို ကျန်းရီ၏ နောက်ကျောတွင် ထားလိုက်ရင်း သူသည် ညင်သာစွာ ပြောလိုက်သည်။
"အရှင်ငယ် ... ဒီအမှုထမ်းအိုကြီးက နောက်မှ အားလုံးကို အသေးစိတ် ရှင်းပြပါ့မယ် ... အရှင်ရဲ့ ဒဏ်ရာတွေကို အရင်ကုသပေးပါရစေ”
ဆေးသည် ကျန်းရီ၏ ပါးစပ်ထဲ ရောက်သည်နှင့် အရည်ပျော်သွားခဲ့ပြီး သူ၏ ဝမ်းဗိုက်ဆီမှ နွေးထွေးမှုကို ခံစားလာရသည်။ ကျန်းရီသည် မြေကမ္ဘာအဆင့် ဆေးလုံးဖြစ်ကြောင်း သိလိုက်ပြီး သူသေခြင်းမှ လွတ်မြောက်နိုင်သွားကြောင်း သိလိုက်သည်။
ကျန်းယွင်ဟိုင်သည် အင်အားကောင်းလေရာ ဒီနေရာတွင် ဘယ်သူမှ သူ့ကိုသတ်ရဲမည် မဟုတ်ပေ။ ကျန်းရီသည် စိတ်သက်သာရာ ရသည့်အနေဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့သည်။ သူသည် အလန့်တကြား ပြောလိုက်သည်။
"အဘိုး ... ကျွန်တော့်ကို စိတ်ပူမနေပါနဲ့ ... ကျွန်တော် အခုသေမသွားပါဘူး ... ရှောင်နူကို အရင်ကယ်ပေးပါ ... သူမက အခု အဆိပ်မိပြီး သေတော့မှာ ...”
"အမ်”
ကျန်းယွင်ဟိုင်သည် ကျန်းရီ အဆင်ပြေကြောင်း သေချာသွားခါမှ ကျန်းရှောင်နူ အနားသို့ ကပ်သွားလိုက်ပြီး ပွေ့ချီလိုက်သည်။ ထို့နောက် သူသည် ဆေးတစ်လုံး သောက်လိုက်ပြီး သူမ၏ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးလိုက်သည်။ ကျန်းယွင်ဟိုင်၏ မျက်နှာသည် ပို၍ လေးနက်သွားခဲ့ပြီး လူသတ်ချင်သော ဆန္ဒအရှိန်အဝါတို့သည်လည်း ပို၍ ပြင်းထန်လာခဲ့သည်။
"အရှင်ငယ် ... အရင်ဆုံး အနားယူလိုက်ပါ ... ကျွန်တော်မျိုး ရှောင်နူကို အကောင်းဆုံး ကုသပေးပါ့မယ်”
ကျန်းယွင်ဟိုင်သည် ကျန်းရှောင်နူကို ကျန်းရီ၏ ဘေးတွင်ချရင်း ပြောလိုက်သည်။ သူသည် မျက်လုံးများကို မှိတ်ကာ အတွင်းအားသုံး၍ ကျန်းရှောင်နူကို ကုသလိုက်သည်။
ကျန်းယွင်ဟိုင်၏ စကားကြောင့် နောက်ဆုံးတွင် ကျန်းရီသည် စိတ်သက်သာရာ ရသွား ခဲ့လေသည်။ သူ့မျက်ခွံများသည် လေးလံလာခဲ့သည်။ သူ့ကိုယ်မှ နာကျင်မှုတို့ကို သည်းခံရင်းဖြင့် ကျန်းရီသည် အိပ်ပျော်သွားခဲ့လေသည်။
ကျန်းယွင်ဟိုင်သည် ကျန်းရီအတွက် စိတ်မပူတော့ပေ။ သူသည် ကျန်းရှောင်နူ၏ ကိုယ်ထဲမှ အဆိပ်ကို ထုတ်နိုင်ရန်သာ အပြည့်အဝ အာရုံစိုက်ထားလိုက်သည်။ သူသာ ထိုအဆိပ်ကို အချိန်မှီ မထုတ်နိုင်ပါလျှင် ကျန်းရှောင်နူသည် တစ်သက်လုံး မသန်မစွမ်း တစ်ယောက်အဖြစ် နေထိုင် သွားရပေတော့မည်။ ထိုအဆိပ်သည် အလွန် ကြောက်စရာကောင်းပေသည်။
ကျန်းယွင်ဟိုင်သည် အတော်လေး အလုပ်များနေခဲ့သော်လည်း ကျန်းယွင်ရှစ်နှင့် ကျန်လူများမှာ အိုးပူ တစ်ခုပေါ်မှ ပုရွက်ဆိတ်လေးများ ကဲ့သို့ပင် ဖြစ်သည်။ သူတို့သည် ထွက်ပြေးချင်ပါသော်လည်း မပြေးရဲကြပေ။ ဆက်ရပ် နေပြန်လျှင်လည်း သူတို့ သေရတော့မည် ဖြစ်သည်။
"ဝှစ်”
ထိုအချိန်တွင် အားကောင်းသော အရှိန်အဝါများ ထွက်နေသည့် လူတစ်အုပ်သည် ရောက်ရှိ လာခဲ့သည်။ လူတိုင်းသည် စိတ်သက်သာရာ ရသွားကြသည်။ ထိုအုပ်စုကို ဦးဆောင်လာသူကား အနောက်ဘက် မြို့စောင့်တပ်၏ လက်ထောက်စစ်သူကြီး ဖြစ်ပြီး သူ့နောက်တွင် တပ်သားတစ်စု လိုက်ပါလာကြသည်။ ထို့နောက်တွင် ကျီထျန်း၊ ကျန်းယွင်ရှန်၊ မာခွေနှင့် ကျန်လူများသည်လည်း ကပ်ပါလာကြသည်။ ကောင်းကင်တောင်ပံမြို့ရဲ့ အားအကောင်းဆုံး စစ်သည်တော်တွေ ရောက်လာမှတော့ ကျန်းယွင်ဟိုင် သူတို့ကို မသတ်ရဲလောက်တော့ဘူးမလား။
"အစ်ကို ကျန်းဟွိုက်”
ကျန်းယွင်ရှစ်သည် ဖော်ရွေစွာ ပြုံးလိုက်ပြီး လက်ထောက် စစ်သူကြီးကို လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်သည်။ ဒီလက်ထောက်စစ်သူကြီးက ကျန်းဂိုဏ်းရဲ့ လက်ဆောင်တွေ အများကြီး လက်ခံထားတာ ဆိုတော့ သူသာရှိနေရင် ကျန်းယွင်ဟိုင်က ထိန်းထိန်းသိမ်းသိမ်း နေလောက်တယ် မလား။
ကျန်းယွင်ရှဲ နှုတ်ဆက်လိုက်သော လက်ထောက်စစ်သူကြီး ကျန်းဟွိုက်သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ညီအစ်ကိုများသဖွယ် ဆက်ဆံခဲ့ပြီး ယခုမှ ချက်ချင်းကြီး သဘောထား ပြောင်းလဲသွားခဲ့သည်။ သူ၏ အမူအရာသည် အေးစက်နေခဲ့ပြီး ကျန်းယွင်ရှစ်ကို လုံးဝလျစ်လျူ ရှုထားခဲ့သည်။ သူသည် အနောက်ဘက် မြို့စောင့်တပ်၏ တပ်သားများကို အမိန့်ပေးလိုက်သည်။
"သူတို့ အားလုံးကို ဖမ်းလိုက်ကြ ... .ခုခံဖို့ ကြိုးစားတဲ့ ဘယ်သူမဆို သတ်ပစ်လိုက်”
"ခလွမ်..ခလွမ် ...”
တပ်သားတစ်စုသည် ဓားများကို ကိုင်စွဲလျက် ပြေးဝင်လာခဲ့ကြသည်။ သူတို့၏ ကိုယ်မှ သတ်ဖြတ်လိုသော စိတ်ဆန္ဒတို့ ဖြာထွက်နေခဲ့ပြီး သူတို့၏ ကြောက်စရာ အမူအရာတို့သည် ခုခံရန် ကြိုးစားလျှင် သေချာပေါက် သေရမည်ဟု အသိပေးနေသကဲ့သို့ပင်။
"အစ်ကို ကျန်းဟွိုက် ... ခင်ဗျား ...”
ကျန်းယွင်ရှစ်သည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ အရာရှိနှစ်ဦး၏ ဓားရှည်နှစ်လက်သည် သူ့လည်ပင်းထက် တင်လာကြသည်။ သူ့ဘေးတွင် ရပ်နေသော မာယုံကျိသည်လည်း အဖမ်းခံလိုက် ရသည်။ သူတို့သည် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်၏ ဆန္ဒကို ကိုယ်စားပြုသော အနောက်ဘက် မြို့စောင့်တပ်ကို မဆန့်ကျင်ရဲပေ။ ရှန်ဝူနိုင်ငံတော် တစ်ခုလုံးတွင် ဧကရာဇ်မှလွဲ၍ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်၏ ဆန္ဒကို ဆန့်ကျင်ရဲသူ မရှိပေ။
ကျန်းဟွိုက်သည် ကျန်းယွင်ရှစ်ကို တစ်ချက်မှပင် လှည့်မကြည့်ချေ။ လူအားလုံး အဖမ်းခံရကြောင်း အတည်ပြုလိုက်ပြီးသည် သူသည် တောင်ကုန်းအစွန်းကို ပြေးသွားခဲ့ပြီး ကျန်းယွင်ဟိုင်၏ အရှေ့တွင် ဒူးထောက်ချလိုက်သည်။ သူသည် တလေးတစားဖြင့် တင်ပြလိုက်သည်။
"အရှင်ဟိုင် ... အားလုံးကို ဖမ်းထားပြီးပါပြီ ... ကျွန်တော်တို့ ဘယ်လိုစီရင် လိုက်ရမလဲ”
ကျန်းယွင်ဟိုင်သည် မျက်လုံးများ ဖွင့်လာခဲ့ပြီး တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မာဂိုဏ်းသားတွေ အကုန်လုံးကို သတ်လိုက် ... ကျန်းဂိုဏ်းရဲ့ ခရမ်းရောင် နန်းတော်ရှင် အဆင့်တွေကိုလည်း သတ်လိုက် ... ကျန်တဲ့သူတွေကိုတော့ လက်တစ်ဖက်ဆီ ဖြတ်ပစ်လိုက်”
"ဝှစ် ... ဝှစ် ... ဝှစ်”
အဖမ်းခံထားရသူများ အားလုံး၏ မျက်နှာများသည် သွေးဆုတ်သွားကြသည်။ ကျန်းယွင်ရှစ်သည် ပတ်ဝန်းကျင်ကို ခြောက်ခြားစွာ ကြည့်လိုက်ပြီး အလောတကြီး ပြေးလာနေသော ကျန်းယွင်ရှန်ကို မြင်သောအခါ အော်ဟစ်လိုက်သည်။
"အစ်ကို ... ကျွန်တော့်ကို ကယ်ပါ”
ကျန်းယွင်ရှန်သည် ရိပ်ခနဲ မြင့်တက်သွားသော အဖြူရောင် ဓားအလင်းကို မြင်လိုက်သောအခါ အရှိန်မြှင့်၍ ပြေးလာပြီး အော်ပြောလိုက်သည်။
"ဦးလေးဟိုင် ... အစ်ကိုကျန်းဟွိုက် ... သက်ညှာပေးပါ "
မာခွေ၏ အမူအရာသည် ပို၍ ဆိုးနေသော်လည်း စကားတစ်ခွန်းမှ မပြောဝံ့ချေ။ ကျီထျန်းနှင့် ကျန်လူများသည်လည်း ကျန်းယွင်ဟိုင် ဒီလောက် ရက်ရက်စက်စက် လုပ်ပါ့မလားဟု တွေးလိုက်ရင်း တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ သူက ကျန်းရီအတွက်နဲ့ ကျန်းဂိုဏ်းသား အချင်းချင်းကို တကယ်ကြီး သတ်ချင်နေတာလား။
"သတ်လိုက်”
လက်ထောက် စစ်သူကြီးသည် ကျန်းယွင်ဟိုင်သည် မျက်လုံးများကို မှိတ်ထားပြီး ရှောင်နူကို ဆက်လက် ကုသနေသည်ကို မြင်သောအခါ ထူးမခြားနားစွာ အမိန့်ပေးလိုက်သည်။
ဓားများသည် အောက်သို့ နိမ့်ဆင်းလာခဲ့ပြီး သွေးများပန်းထွက် လာကြသည်။ ခေါင်းများစွာ သည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့လေသည်။ ကျန်းယွင်ရှစ်၏ ခေါင်းသည် မြေပြင်ပေါ်သို့ ကျလာသည့်အခါ သူ့မျက်လုံးများသည် သူ ထိုမျှလောက် လွယ်လွယ်ကူကူ သေသွားရသည်ကို မယုံနိုင်သည့်ဟန် ပြူးကျယ်နေခဲ့သည်။
ကျန်းယွင်မုန့် စေလွှတ်လိုက်သူများသည် သဏ္ဌာန်သုံးဆင့် သတ္တမအဆင့်သို့ အဋ္ဌမ အဆင့်တွင်သာ ရှိသောကြောင့် သေစရာ မလိုပေ။ သို့သော် လူတိုင်းသည် လက်တစ်ဖက် ဖြတ်တောက် ခံလိုက်ရသည်။ အားလုံးသည် လက်တစ်ဖက်ကို ပိုက်ကာ နာကျင်စွာ လူးလိမ့်အော်ဟစ် နေကြသည်။
ကျန်းဂိုဏ်းမှ ပါဝင်ခဲ့ကြသူ စုစုပေါင်း ဆယ့်ခုနှစ်ယောက် ရှိသော်လည်း ခရမ်းရောင် နန်းတော်ရှင်အဆင့်မှာ များများစားစား မပါဝင်ခဲ့ပေ။ ကျန်းယွင်ရှဲ အပါအဝင်မှ ခရမ်းရောင် နန်းတော်ရှင် အဆင့် ခြောက်ယောက်သာ သေဆုံးခဲ့သည်။ မာဂိုဏ်းသည် စုစုပေါင်း လူဆယ့်သုံးယောက် ခေါ်ဆောင် လာခဲ့ပြီး အားလုံးသည် ခရမ်းရောင်နန်းတော်ရှင် အဆင့်များ ဖြစ်ကြသည်။ မာဂိုဏ်းသည် ကြီးကြီးမားမား ဆုံးရှုံးလိုက်ရသည်။
ကျန်းယွင်ဟိုင်သည် သူ၏ အင်အားအပြည့်ဖြင့် ပြန်ရောက်လာမှုကို ဦးခေါင်း နှစ်ဆယ်ခန့်ကို သုံး၍ ကြေငြာခဲ့ပြီး သူ၏ ကြောက်စရာ ဒေါသကို ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် တွေဝေမနေဘဲ အပြင်လူများကိုသာမက တစ်ဂိုဏ်းတည်းသား များကိုပါ သတ်ပစ်လိုက်သည်။
အလျင်စလို ပြေးလာနေသော ကျန်းယွင်ရှန်သည် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နေသော ကျန်းယွင်ရှစ်၏ ဦးခေါင်းကို မြင်လိုက်သောအခါ သူသည် ဒူးထောက်ကျသွားခဲ့သည်။ သူ့မျက်နှာတွင် ယူကျုံးမရ ဖြစ်မှုများ နောင်တများနှင့် ပြည့်နေခဲ့သည်။ သူသာ ကျန်းရီကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါလျှင် သို့မဟုတ် ကျန်းရုဟူတို့အဖွဲ့ ကျန်းရီကို အနိုင်ကျင့်သည့် ကိစ္စကို ဖြေရှင်း ပေးခဲ့ပါလျှင် ယနေ ့အဖြစ်အပျက်များသည် ရှိလာမည် မဟုတ်ပေ။ ကျန်းယွင်ဟိုင်သာ စောစော ပြန်ရောက်လာခဲ့လျှင်လည်း ယနေ့ရှိ အဖြစ်အပျက်များ လုံးဝ ဖြစ်လာခဲ့မည် မဟုတ်ပေ။
ကျန်းယွင်ဟိုင်၏ မျက်လုံးများသည် ပွင့်လာခဲ့ပြီး သူသည် ကျန်းရှောင်နူကို သယ်လိုက်သည်။ သူသည် ကျန်းဟွိုက်ကို ကြည့်ကာ ပြောလိုက်သည်။
"ကျန်းရီကို သယ်ပြီး ငါ့နောက်က လိုက်ခဲ့ ... စစ်တပ်ကို ကောင်းကင်တောင်ပံ တစ်မြို့လုံးကို ဝိုင်းခိုင်းလိုက် ... ငါက ဒီနှစ်တွေအတွင်း ကျန်းရီနဲ့ ဖြစ်ခဲ့တာတွေ အားလုံးကို သိချင်တယ်”
ကျန်းဟွိုက်သည် သူ့လက်တစ်ဖက်ကို ရင်ဘတ်တွင် ကပ်၍ စစ်တပ်ပုံစံအတိုင်း အရိုအသေ ပေးလိုက်သည်။ သူသည် ကျန်းယွင်ဟိုင်ထံမှ အရှိန်အဝါအား အထက်မှ စစ်သူကြီးက အမိန့်ပေးနေသည့် အလား ခံစားရသောကြောင့် ဖြစ်သည်။
ကျန်းဟွိုက်သည် ကျန်းရီကို သယ်ဆောင်ရင်း ကျန်းယွင်ဟိုင်နှင့်အတူ တောင်ကုန်းပေါ်မှ ဆင်းလာခဲ့သည်။
ကျန်းယွင်ဟိုင်၏ မျက်လုံးများသည် ကျီထျန်းထံ ရောက်ရှိသွားပြီး ပုံမှန်အတိုင်း ပြောလိုက်သည်။
"ကျီထျန်း ... ငါ့ကို ရက်နည်းနည်းလောက် မင်းအိမ်တော် ငှားပေးလို့ ရမလား ... မစိုးရိမ်ပါနဲ့ ... ငါက ဆင်ခြင်တုံတရား ရှိပါသေးတယ်”
ကျီထျန်းသည် ကျန်းယွင်ဟိုင်၏ စကားများကို ကြားလိုက်လျှင် ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်သည်။
"သွားကြတာပေါ့ ... ကျွန်တော့်အိမ်တော်မှာ အမြင့်စားအဆင့် ဒဏ်ရာကုသဆေးတွေ ရှိတယ်”
ကျန်းယွင်ဟိုင်သည် ခေါင်းညိတ်လိုက်ပြီး ကျီထျန်းနှင့်အတူ မြို့စားအိမ်တော်သို့ ထွက်ခွာ သွားခဲ့သည်။ သူတို့သည် မကြာမီပင် လူတိုင်း၏ မျက်လုံးထဲမှ ပျောက်ကွယ်သွားခဲ့သည်။
အစမှ အဆုံးအထိ ကျန်းယွင်ဟိုင်သည် ကျန်းယွင်ရှန်ကို တစ်ချက်မှတောင် မကြည့်ခဲ့ပေ။
***