← Chapters

ကျောင်းသား ညီအစ်ကိုများ

Vol. 001 Ch. 12

ကျောင်းသား ညီအစ်ကိုများ

Vol. 001 Ch. 12

ရီဖူရှင်းက စိတ်ညစ်သည်။ တခြားသူများက မနာလို ဖြစ်ကြသည်။ ဟွာဂျီယူက ဒီကောင့်ကို ပြုံးပြခဲ့တာလား။ သူတို့ အချင်းချင်း သိနေကြတာလား... သူတို့၏စိတ်ထဲ တွေးနေကြသည်။ ထိုအရာကား မဖြစ်နိုင်ပေ။ သူ့လို ဘာမှ အသုံးမကျသောကောင်က မည်ကဲ့သို့ ကျောင်းတော်၏ အလှနတ်သမီးနဲ့ သိနှင့်ရသနည်း။ ဖြစ်နိုင်သည်မှာ ရေးဖြေစာမေးပွဲကြောင့် သူမက ရီဖူရှင်းအား အနည်းငယ် စိတ်ဝင်စားသွားခြင်း ဖြစ်ဟန်တူသည်။ လူတိုင်းက ဟွာဂျီယူနှင့် ရီဖူရှင်းတို့၏ ပတ်သက်မှုအား အမျိုးမျိုး တွေးတောနေကြသည်။

“ဟုတ်တယ်... ဒါမှန်တယ်... ရီဖူရှင်းက မနက်ဖြန် စာမေးပွဲကျမှာ သေချာတယ်... ဒီနေ့ ဖြစ်ခဲ့တာတွေက ဒီကောင်ရဲ့ စိတ်ကူးယဉ် အိပ်မက်သက်သက်ပဲ...”

လူအုပ်က အလျှိုလျှို ပြန့်ကျဲသွားသည်။ ရီဖူရှင်းနှင့် ယူချင်းက ရီဘေချွန်တို့ ရှိသော ပရိသတ်များရှိရာ စင်ဘက်သို့ လျှောက်သွားလိုက်ကြသည်။ သူက ဖူရှင်းတို့ကို မြင်သည်နှင့် ရယ်မောလိုက်သည်...

“ကောင်းတယ်... ကောင်လေး... မင်းက တကယ့် ငါ့သွေးသားပဲ... ဟား... ဟား...”

“ကောင်းကောင်း လုပ်ခဲ့တာပဲ... ရီဘေချွန်... မင်းက တကယ်တော်တဲ့ သားတစ်ယောက် ရထားတာပဲ... မင်းတကယ်ကို ထူးချွန်တာပဲ... ချီးကျူးတယ်… ကောင်လေး...” ဖန်းရူဟိုင် ကလည်း ရယ်မောလျက် ချီးကျူးလိုက်သည်။

“သေချာတာပေါ့... ဖန်းရှင်းဇွီလည်း တော်တယ်... သူမက ဂုဏ်ထူးတန်းအထိ ဝင်ခဲ့တာပဲ...”

“ဒီကိုလာခဲ့ သား... ငါမင်းကို မေးစရာတွေရှိတယ်...” ရီဘေချွန်က ထိုသို့ပြောကာ ခပ်လှမ်းလှမ်းသို့ လျှောက်သွားလိုက်သည်။

ရီဖူရှင်း အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် ဘာမှမပြောဘဲ သူ့အဖေနောက်သို့ လိုက်သွားလိုက်သည်။ ရီဖူရှင်းက အနီးသို့ ရောက်သည်နှင့် ရီဘေချွန်က ပြုံးလျက် ဖူရှင်းအား မေးလိုက်သည်...

“ကဲ ပြောပါဦး... မင်းက ဖန်းရှင်းဇွီကို သဘောမကျတော့တာလား... ဒါမှမဟုတ်... သူ့ထက် ပိုကောင်းတဲ့ တစ်ယောက် ရှိနေတာလား... မင်းအဖေကို ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်...”

“ဒါက နည်းနည်းရှုပ်တယ် အဖေ... ကျွန်တော့်ဘာသာ ဖြေရှင်းပါ့မယ်...” ရီဖူရှင်းက သက်ပြင်းချလျက် ပြောသည်။

ရီဘေချွန်က ပြုံးလိုက်သည်...

“ကောင်းပြီလေ... ငါ့ကိစ္စတော့ မဟုတ်ဘူးပေါ့... ဒါပေမဲ့ သေချာဂရုစိုက် ဖြေရှင်းဦး... မင်းတို့က ငယ်ငယ်လေးထဲက တူတူကြီးပြင်းလာတာ... မင်းတို့ကို ခုလိုမြင်နေရတာ ငါတို့ စိတ်မသက်သာဘူး... အခု... မင်း... ရေးဖြေစာမေးပွဲကို ဖြေပြီးသွားပြီ... မနက်ဖြန်အတွက်… ဘယ်လိုလဲ...”

ရီဖူရှင်း၏မျက်နှာက တည်သွားသည်။ ထို့နောက် ရီဘေချွန်အား သူက သေချာ မေးလိုက်သည်...

“ကျွန်တော်တို့ မျိုးနွယ်ဘိုးဘေးတွေမှာ လွတ်လပ်မှုကျင့်စဉ်ကို အဓိကထားပြီး ကျင့်တဲ့ မှော်ထိန်းချုပ်သူ ရှိလား အဖေ”

“သေချာတာပေါ့... ဒါဆို… မင်ရဲ့သက်စောင့်ဝိညာဉ် နိုးထလာပြီပေါ့...” ရီဘေချွန်က ဖူရှင်းမည်ကဲ့သို့ ဖြစ်ပျက်ခဲ့သည်ကို ရိပ်မိလိုက်သည်။

“အင်း...” ဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်...” ရီဘေချွန်က ရုတ်တရက် ဖူရှင်း၏ပခုံးအား ရိုက်လျက် ပြောလိုက်သည်။ သူကား စိတ်အလွန် လှုပ်ရှားသောကြောင့် အသက်ရှူသံများပင်လျှင် မြန်လာသည်။ သူက ဖူရှင်းမှာ နာကျင်သောကြောင့် မျက်နှာ ရှုံ့မဲ့သွားသည်ကို မြင်သောအခါမှ ဖူရှင်း၏ပခုံးပေါ်မှ လက်အား ပြန်ရုပ်သိမ်းလိုက်သည်။

“အဖေ... ဘာလုပ်နေတာလဲ...” ဖူရှင်းက သူ့အဖေအား စိုက်ကြည့်လျက် မေးလိုက်သည်။ သူကဆက်၍...” ဒါဆို ကျွန်တော်က ဒီပညာပါရမီကို နိုးထနိုင်တဲ့ တစ်ဦးတည်းသောသူပေါ့...”

“ဟုတ်တာပေါ့... ဒါက ငါ့ရဲ့အားထုတ်မှုပဲလေ... ဟား... ဟား...”

ရီဘေချွန်က ရယ်မောလျက် ပြောလိုက်သည်။

ဖူရှင်းက မျက်မှောင်ကုတ်လိုက်သည်။ သူ့အဖေကား သူငယ်ငယ်က မိမိထက်ပင် အရှက်မဲ့ခဲ့ပုံရသည်။

“ငါမင်းရဲ့ မွေးစားအဖေကို ဒီသတင်းကို ပြောမှ ရမယ်... သူလည်း အရမ်းပျော်မှာပဲ... ငါ့သား... သူ... မနက်ဖြန်... ပြိုင်ပွဲကို လာကြည့်လိမ့်မယ်...” ရီဘေချွန်က ပြောလိုက်သည်။

ရီဘေချွန်က စိတ်ထဲမှ တွေးလျက်ပင် သူ၏မျက်ခုံးများက ရုတ်တရက် မြင့်တက်သွားသည်။ သူ ငယ်ငယ်ကတည်းကပင် သူ၏မွေးစားအဖေက ရီဖူရှင်းမှာ တစ်နေ့တွင် သက်စောင့်ဝိညာဉ် နိုးထလာလိမ့်မည်ဟု ပြောခဲ့သည်။ ယခုကား အမှန်တကယ် ဖြစ်လာလေပြီ။ သူကား ယခုသတင်းအား ဖူရှင်း၏မွေးစားအဖေအား ပြောပြရန် မစောင့်နိုင်တော့ပေ။

သူတို့နှစ်ဦး စကားပြောနေကြချိန် အတွင်းတွင် ဖန်းရူဟိုင်ကလည်း သူ၏သမီးအား စကားပြောနေသည်။ သူက မေးလိုက်သည်...

“ရီဖူရှင်းက နင့်ကို ဘယ်အချိန်ကစပြီး အေးစက်သွားတာလဲ… သမီး...” သူက ဆက်၍...” ဘယ်အချိန်က ရီဖူရှင်းက ဟွာဂျီယူနဲ့ စသိတာလဲ... အဲဒီအချိန်ကတည်းက အေးစက်သွားတာလား...”

သိသာစွာပင် သူတို့၏အဖေနှစ်ဦးလုံးက ရီဖူရှင်းက တခြားလှပသော မိန်းကလေးတစ်ဦးကြောင့် ဖန်းရှင်းဇွီအား စွန့်ခွာသွားသည်ဟု ယုံကြည်နေကြပုံရသည်။ ဖန်းရှင်းဇွီက ဤသည်ကို ရိပ်မိသည်။ သူမက ခေါင်းယမ်းလျက် ငြင်းပယ်လိုက်သည်။

“ဒါဆို ဘာဖြစ်ကြတာလဲ... ငါ့ကို အမှန်ပြောစမ်း...” ဖန်းရူဟိုင်က မည်သို့ဖြစ်ခဲ့ကြသည်ကို သိလိုသည်။

ဖန်းရှင်းဇွီက အနည်းငယ် တုံ့ဆိုင်းနေသည်။ ထို့နောက် ခေါင်းငုံ့ကာ အဖြစ်အပျက် တစ်ခုလုံးအား အစမှပင် ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။

“ဒါရူးတာပဲ...” ဖန်းရူဟိုင်က သူမပြောသည့် အကြောင်းများအား နားထောင်ကာ တဖြည်းဖြည်း ဒေါသထွက်လာပုံရသည်။

“ဒါက မင်းရဲ့ အသိမိတ်ဆွေတွေကို ဆက်ဆံပုံလား... မင်းနဲ့ ဖူရှင်းနဲ့ သိလာတာ နှစ်တွေ ဘယ်လောက်ရှိပြီလဲ... မင်းတို့ အမြဲ စကားများတယ်... စကြနောက်ကြတယ်... သူနဲ့ မပြောနိုင်တဲ့ အကြောင်းအရာ ဘာမှမရှိသင့်တာ... တခြားတစ်ယောက်ကို မင်းတို့ကြားကို အဝင်ခံတာ ဘယ်လောက် ရိုင်းစိုင်းလိုက်လဲ... ဒါက ငြင်းတာ မဟုတ်တော့ဘူး... အပြီးပိုင် နှုတ်ဆက်တာကွ... ဒီကောင်လေးက အမြဲတမ်း စလိုက်နောက်လိုက် နေတတ်တာကို ထည့်ပြောစရာကို မလိုတာ... မင်းနဲ့အတူ သိုင်းကျင့်ဖို့ လာပြောတာနဲ့ မင်းနဲ့ အတူချိန်းတွေ့ဖို့ လာပြောတာ တူကို မတူတာ... ယူချင်းဆိုရင်ရော... သူက မင်းကို စိတ်မဆိုးဘဲနေမလား... ဒီလိုဖြစ်သွားတာတောင် မင်းက မူရွန်ချူနဲ့ လျှောက်သွား နေလိုက်သေးတယ်... မင်းက တကယ်ကို ဖူရှင်းအကြောင်း မစဉ်းစား ဖြစ်တော့တာလား... မင်းမလုပ်သင့်တာတွေ လုပ်ပြီးမှ နောက်ဆက်တွဲတွေကို မင်း ဘယ်လို ဖြေရှင်းတော့မလဲ...”

“မူရွန်ချူနဲ့ သမီးနဲ့ကြားမှာ ဘာမှဖြစ်ခဲ့တာမရှိဘူး… အဖေ... သူ့ဝမ်းကွဲတူမ မူရွန်ရှန်းကြောင့်သာ အတူတူ အမဲလိုက် ထွက်ဖြစ်ခဲ့တာပါ... သမီးက အမဲလိုက်သွားဖို့ စွမ်းအားမြင့်တဲ့သူ တစ်ယောက်ယောက်ကို အဖော်ခေါ်ဖို့ လိုတယ်လေ...” ဖန်းရှင်းဇွီက ခေါင်းမာစွာပင် သူမကိုယ်ကို ကာကွယ်ရန် ကြိုးစား၏။ သူမကဆက်၍... “သူက စနောက်ရတာကို သမီး သိပါတယ်... ဒါပေမဲ့ အဖေ... သူစနောက်တာက တော်တော်လွန်တယ်... မူရွန်ရှန်းက သူနဲ့ ဝေးဝေးနေခိုင်းတာ အဓိပ္ပာယ်ရှိတယ်လို့ သမီးထင်တယ်...”

“နင်နဲ့ မူရွန်ချူ ကြားမှာ ဘာမှ မဖြစ်ခဲ့ဘူး ဆိုတာ ငါသိတယ်... ဒါပေမဲ့ ဖူရှင်းကို ငြင်းပြီးတာနဲ့ နောက်ယောက်ျား တစ်ယောက်နဲ့ အတူတူသွားတယ်ဆိုတာ ဘာအဓိပ္ပာယ် သက်ရောက်သွားလဲ သိလား... ဒါအရှက်ခွဲတာကွ... နင် ဒါကို နားမလည်ဘူးလား...” ဖန်းရူဟိုင်ကား ပို၍ ဒေါသထွက်လာဟန် တူသည်။

“နင်တို့က မွေးကတည်းက တူတူကြီးပြင်း လာခဲ့ကြတာ... နင့်ဦးလေးရီဆိုရင်လည်း ငါ့ရဲ့အကောင်းဆုံး သူငယ်ချင်း... နင့်ရဲ့ အချစ်ရေးကိစ္စတွေကို ကိုယ့်ဘာသာ ဆုံးဖြတ်တာကိုလည်း ငါတို့ လေးစားတယ်... ဒါပေမဲ့... သမီး... နင်… ငါ့ကို အရှက်ရစေတယ်...”

ဖန်းရှင်းဇွီကား မာကျောဟန်ဆောင်ကာ မငိုမိအောင် ထိန်းချုပ်နေသောလည်း သူမ၏မျက်နှာပေါ်မှ စိုးရိမ် ဝမ်းနည်းမှုကိုကား ပျက်ပြယ်အောင် မတတ်နိုင်ချေ။ အထူးသဖြင့် သူမ၏အဖေက ယခုလို ဒေါသတကြီး သူမအား အပြစ်တင်သည်မှာ မရှိသလောက် ရှားပါးလှသည်။ သူမက သက်သောင့်သက်သာ မရှိသလို ခံစားရသည်။ သူမက ဖန်းရူဟိုင်အား ကြည့်ကာ ပြောလိုက်သည်...

“သမီး ဆုံးဖြတ်ချက်ကြောင့် အဖေနဲ့ ဦးလေးရီကြား ဘာမှ အဖုအထစ်မဖြစ်ဖို့ သမီးမျှော်လင့်ပါတယ်… အဖေ... သမီးတို့က အရွယ်ရောက်လာပါပြီ... သမီးရဲ့ဆုံးဖြတ်ချက်ကို ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး...”

“ဟုတ်လို့လား... သမီး...” ဖန်းရူဟိုင်က ခေါင်းယမ်းလိုက်သည်။ သူက ဆက်၍... “နင်အခု ပြောနေတာတွေက နင့်ရဲ့ခံစားချက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတာ ဆိုတာကို နင် သတိမထားမိသေးဘူးလား... နင်က သူ့ကို ငြင်းလိုက်တယ်... ဘာလို့လဲဆိုတော့ သူက နင့်မျှော်မှန်းချက်နဲ့ မကိုက်ညီတော့ဘူးလို့ ထင်လို့မလား... နင်က ဒီလို ဆုံးဖြတ်ချက်တွေကို ချဖို့ ကိုယ့်ဘာသာ ရင့်ကျက်လှပြီလို့ ယုံကြည်နေတာလား... ဒါပေမဲ့ အကျိုးအမြတ်မတွက်တဲ့ သန့်စင်တဲ့ မိတ်ဆွေဖြစ်ခြင်းဆိုတာ ကမ္ဘာပေါ်မှာ အလှပဆုံး အရာတစ်ခုပဲ... ဖူရှင်းက အရင်လိုပဲ ဘာမှ အသုံးမကျဘူးဆိုရင် မင်း နောင်တရမှာ မဟုတ်ဘူး... ဒါပေမဲ့... အခု… ဘယ်လိုလဲ... သူက အခု ကျောင်းတော်ရဲ့ ကြယ်တစ်ပွင့်ဖြစ်နေပြီ... ပြောစမ်း… သမီး... နင်… တကယ်ပဲ နောင်တမရဘူးလား...”

သူမက လက်မခံလိုသော်လည်း သူမလုပ်ခဲ့သည့် အပြုအမူများအတွက် တကယ်ပင် နောင်တရသည်။ အထူးသဖြင့် ယခင်နေ့များနှင့် ကွဲပြားသော ဖူရှင်းအား တွေ့မြင်လိုက်ရသော အချိန်ဖြစ်သည်။ သူမက ဆက်လက်၍ တိတ်ဆိတ်စွာ ခေါင်းငုံ့နေသည်။

“ငါက ဖူရှင်း ငယ်ငယ်ကတည်းက အခုအချိန်အထိ သူ ကြီးပြင်းလာတာကို မြင်ခဲ့ရတာ... သူ့ကိုကြည့်လိုက်ရင် အပျင်းကြီးပြီး ပေါ့ပေါ့တန်တန် နေတတ်တယ်... ဒါပေမဲ့ သူ့ကို လေးလေးနက်နက် ကြည့်မယ်ဆိုရင် ကျားတစ်ကောင် ဖြည်းဖြည်းချင်း နိုးထလာသလိုပဲ...” သူက ဆက်ပြောသည်...” သူက သုံးနှစ်လုံးလုံး ကျောင်းတော်မှာ သူများ စော်ကားတာတွေကို သည်းခံနေခဲ့တယ်... နင် စဉ်းစားကြည့်စမ်း... သူ့လောက် ဘယ်သူ သည်းခံစိတ်ရှိမလဲ... သူက မင်း အလွယ်တကူ စွန့်ပစ်လိုက်တဲ့ သာမန်လူတစ်ယောက်လို့ တွေးမယ်ဆိုရင် နင်တကယ် မှားနေပြီ...” ထိုစကားများအား ပြောပြီး ဖန်းရူဟိုင်ကား ခေါင်းယမ်းလျက် ထွက်ခွာသွားသည်။

“ကျားတစ်ကောင် နိုးထလာတယ်...” သူမက ဖြည်းဖြည်းချင်း ရေရွတ်လိုက်သည်။ သူမ၏မျက်လုံးက အဝေးမှ ပုံရိပ်တစ်ခုဆီသို့ ရောက်သွားသည်။ ခဏအကြာ သူမက နောက်ပြန်လှည့်လျက် ထိုနေရာမှ ထွက်ခွာသွားသည်။

ရီဖူရှင်းကလည်း သူ့အဖေအား နှုတ်ဆက်လိုက်သည်။ ထို့နောက် ပြိုင်ပွဲနေရာအား ကြည့်လိုက်ရာ အဝေးတစ်နေရာမှာ ချင်ယီက သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်သည်။

သူက လက်ညှိုးဖြင့် ကောင်းကင်အား ညွှန်ပြလျက် ယုံကြည်မှုရှိသော အပြုံးဖြင့် ချင်ယီအား ကြည့်လိုက်သည်။ သူ၏ အပြုအမူက အကြောင်းအရာ တစ်ခုတည်းကို ညွှန်ပြနေသည်... ဤကား စောင့်နေပါ ဟူ၍ ဖြစ်သည်။

ချင်ယီက သူ့အား ကြည့်နေရင်းက သူလုပ်ပြသည်ကို မြင်သည်။ သို့သော် ဘာမှမပြောပေ။ သူမကိုယ်တိုင်လည်း ဖူရှင်းက ရေးဖြေစာမေးပွဲတွင် ပထမ ရမည်ဟု မမျှော်လင့်ခဲ့ပေ။ နောက်ထပ် ကြီးကြီးမားမားတစ်ခု သူ လုပ်ပြလိမ့်မည်ဟု သူမ၏စိတ်ထဲ ရေးတေးတေး တွေးထင်နေသည်။ ရုတ်တရက် သူမက ဖူရှင်းအပေါ် အားကောင်းသော ယုံကြည်ချက်တစ်ခု ရှိနေကြောင်း သတိထားမိလိုက်သည်။

လူအုပ်စုကား နောက်ဆုံးတွင် တဖြည်းဖြည်း ကျဲပါးသွားခဲ့ပြီ။ နောက်ဆုံးတွင် ကွင်းပြင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ သို့သော်လည်း မနက်ဖြန်ကား ယနေ့ထက်ပို၍ စည်ကားပေဦးမည်။ ရာသီကုန်စာမေးပွဲကား ချင်းကျူမြို့၏ အထင်ကရ ပွဲတစ်ခု မဟုတ်ပါလား။ စာမေးပွဲရလဒ်များ ကြေညာပြီးသည့်နောက် ကျောင်းတော်ပြင်ပမှ လူများကလည်း ရီဖူရှင်း၏ အကြောင်းများအား ကြားထားကြပြီး ဖြစ်သည်။ ဟွာဂျီယူနှင့် ယန်ဇူတို့အား ကျော်ဖြတ်လျက် ပထမ ရယူနိုင်ခြင်းကား အလွန်ကို ထိတ်လန့် အံ့အားသင့်ဖွယ် ဖြစ်သည်။ လူတိုင်းက ယနေ့အဖြစ်အပျက်အား အချိန်အတန်ကြာ အမှတ်ရနေကြဦးမည် ဖြစ်ပါသည်။

နေ့လယ်စာစားချိန် အတွင်းတွင်ဖြစ်သည်။ ချင်းကျူမြို့ရှိ စားသောက်ဆိုင်များမှာကား စားသုံးသူများနှင့် ပြည့်ကျပ်နေသည်။ ချင်းကျူကျောင်းတော်၏ ဘေးပတ်ဝန်းကျင် တစ်နေရာရှိ သစ်လွင်တောက်ပသော စားသောက်ဆိုင်တစ်ဆိုင်တွင် လူတစ်စု ဝိုင်းဖွဲ့ စားသောက်နေကြသည်။

ချင်းကျူကျောင်းတော်၏ ကျောင်းသား မူရွန်ချူကား အထူးခန်း တစ်ခန်းတွင် ထိုင်နေသည်။ သူ၏ ဘေးတွင်ကား မူရွန်မိသားစု၏ အကြီးအကဲ တချို့လည်း ထိုင်နေကြသည်။ သူတို့အားလုံးအား လက်ရှိ မူရွန်မိသားစု၏ ခေါင်းဆောင် မူရွန်ချူ၏ အဖေ မူရွန်ယူရှန်းက ဦးဆောင်၍ စကားပြောနေသည်။

“အရင်နှစ်တွေတုန်းက မင်းက ချံပီယံ ဖြစ်ပြီး ငါက ဒုတိယ ရတာ ငါဘယ်လိုလုပ် မေ့မလဲ” နောက်လူကြီး တစ်ယောက်က ရယ်၍ ပြောလိုက်သည်။

“မင်းက သတိရနေသေးတာလား... နှစ်ပေါင်းများစွာ ကြာပြီမဟုတ်လား... ငါအခုထိ ငယ်ငယ်တုန်းက ဘဝကို ပြန်သွားချင်နေတုန်းပဲ... ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးလေ... မိသားစု အရေးကိစ္စတွေနဲ့ ရှုပ်ထွေးရုန်းကန်ရင်းနဲ့ လူငယ်ဘဝကလို စိတ်အား ထက်သန်မှုတွေလည်း မရှိတော့ဘူးကွ... မင်းရဲ့ဘဝက ပိုပြီး အေးဆေးတယ်ဆိုတာ ငါပြောနိုင်တယ်...” မူရွန်ယူရှန်းက ရယ်မောလျက် ပြောလိုက်သည်။

“မင်း တကယ် ပြောနေတာလား... မင်းက အားကောင်းတဲ့ မိသားစုတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်နေပြီ... ဒီလောက် အင်အားကို ပိုင်ဆိုင်နေတာတောင်မှ ဘာကို မက်မောနေသေးတာလဲ... ငါလား... ကျောင်းတော်မှာ ဟိုဟိုဒီဒီ လျှောက်သွားပြီးတော့ ကျောင်းသားတွေကို သိုင်းသင်ပြီးတော့ အချိန်တွေ ကုန်အောင် လုပ်နေရတယ်...”ထိုလူက ခေါင်းခါလျက်ပြော၏။ အမှန်တကယ်ကား ထိုလူမှာ ရှီဇောင် ဖြစ်သည်။ သူကား ချင်းကျူကျောင်းတော်၏ မှော်ပညာကျောင်း ခုနစ်ကျောင်းမှ မြေဓာတ်မှော်ကျောင်း၏ ကျောင်းအုပ် ဖြစ်သည်။ သူကား ကျောင်းတော်၏ ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။

ရှီဇောင်ကား မည်သို့မှ ဖြစ်ဟန်မတူပေ။ သူက မူရွန်ယူရှန်း၏ သဘောထားအား အလိုလို နားလည်ပြီး ဖြစ်သည်။ မူရွန်ယူရှန်းက သူ၏သားအတွက် ရှီဇောင်အား သူ့အား ပြောနေခြင်း မဟုတ်ပါလား။

“မင်းသိတဲ့အတိုင်း ... အခု ဒီစာမေးပွဲမှာ ဝင်ပြိုင်တဲ့ ကျောင်းသား အများစုက နိုးထခြင်းအဆင့် ခုနစ်မှာ ရပ်နေတာ များတယ်... မူရွန်ချူကိုသာ သူ့ပြိုင်ဘက်တွေကို အနိုင်ယူနိုင်အောင် သေချာလုပ်ခိုင်း... ဒါဆိုရင် ငါက အကြောင်းပြချက် ကောင်းကောင်း ပေးပြီးတော့ မူရွန်ချူကို ပြိုင်ပွဲရဲ့ ချန်ပီယံ လုပ်ပေးလို့ရမယ်...”

“ဟွာဂျီယူက ပြိုင်ပွဲကို ဝင်ပြိုင်ချင်မှ ပြိုင်မှာ။ သူက အရမ်း ဘဝင်မြင့်နေတာ... တကယ်လို့ သူဝင်ပြိုင်ရင် ပထမက သူပဲရမှာပဲ... သူဝင်မပြိုင်ခဲ့ရင်တော့ ငါ့သားက အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်... ဒီတော့ သူ့အနာဂတ်ကို ဆုံးဖြတ်ရမှာ မင်းပဲ...” မူရွန်ယူရှန်းက လာဘ်ထိုးရန် ကြိုးစားနေခြင်း ဖြစ်သည်။ “တကယ်လို့ အနာဂတ်မှာ မင်းတစ်ခုခု လိုအပ်လာတယ်ဆိုရင် ငါအတတ်နိုင်ဆုံး ကူညီပေးမယ်... ငါပြောတာက ဘာမဆို ကူညီမယ်လို့ပြောတာ...”

“သေချာတာပေါ့... မင်းကိစ္စက ငါ့ကိစ္စပဲ...” ရှီဇောင်ကလည်း သူ ဘာကိုဆိုလိုသည်ကို နားလည်သည်။

“မူရွန်ချူက မင်းရဲ့ကျောင်းကို တက်တဲ့အခါ အကူအညီ အများကြီး တောင်းရဦးမှာပဲ... ချီးယား... ငါတို့ သူငယ်ချင်းအတွက်... ဟား...ဟား...” မူရွန်ယူရှန်းက ခွက်အား မြှောက်လျက် သောက်လိုက်သည်။ ထို့နောက် ရယ်မောသံများ။ စကားပြောသံများ ထိုအခန်းထဲ၌ ဆက်လက် ပျံ့နှံ့နေလေသည်။

**

All Chapters