ယှဉ်ပြိုင်ပွဲ
Vol. 77 Ch. 1191
“အစ်ကို။” ချန်လွေ့ လှည့်လိုက်ရာ အဲလစ်နှင့် မီရှယ်တို့ ရောက်လာကြသည်။ အဲလစ်က လေဖြူကိုပင် ကိုင်ထား၏။ အနီးအနား နတ်သူငယ်များက လေဖြူကို ထိန်းနိုင်သော ထူးဆန်းသည့် ‘နတ်သူငယ်’ မိန်းကလေးကို အံ့ဩမှု အနည်းငယ်ဖြင့် ကြည့်ရင်း တစ်ယောက်ပြီး တစ်ယောက် နောက်ဆုတ်သွားကြသည်။
“အစ်ကို။” မီရှယ်က ချန်လွေ့ထံသို့ စိတ်လှုပ်ရှားစွာဖြင့် ရောက်လာပြီးနောက် ပြောလိုက်သည်။ “အဲလစ်နဲ့ ကျွန်မ မြင်းစီး ပြိုင်ပွဲမှာ ပထမ ရခဲ့တယ်။ ဒီမှာကြည့်။ ဒါက ကျွန်မတို့ရဲ့ ဆုပဲ။”
လေဖြူ၏ ခွန်အားဖြင့် ပထမနေရာကို နိုင်ခဲ့သည်မှာ ကျိုးကြောင်းဆီလျော်၏။ ချန်လွေ့ ရယ်လိုက်ပြီး မီရှယ်နှင့် အဲလစ်ကို လက်မ ထောင်ပြလိုက်သည်။ “မင်းတို့က တကယ် တော်ကြတာပဲ။”
အဲလစ်နှင့် မီရှယ်တို့ အောင်ပွဲခံသည့် အနေဖြင့် လက်ချင်း ရိုက်လိုက်ကြသည်။ ချန်လွေ့က ဖားယားနေသော သိင်္ဂဿကို ကြည့်လိုက်ပြီး အရှိန်အဝါ သစ်သီး တစ်လုံးကို ပစ်ပေးလိုက်သည်။ လေဖြူက ပုံမှန် ပွဲကြည့်စင် လှေကားထစ်များပေါ် ခက်ခဲလှသော ခုန်ပျံကျော်လွှားမှု တစ်ခုကို ပြုလုပ်လိုက်ပြီး အရှိန်အဝါ သစ်သီးကို ပျော်ရွှင်စွာ ဖမ်းကိုက်လိုက်၏။
ထို့နောက် ချန်လွေ့က မီရှယ်ကို ဇိုလာနှင့် မိတ်ဆက် ပေးလိုက်သည်။ ဇိုလာက နတ်သူငယ် မိန်းကလေးတွင် ချန်လွေ့နှင့် သန့်စင်သော မောင်နှမ ဆက်ဆံရေးတစ်ခု ရှိသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်၏။ သူက ‘ညီမ’ တစ်ယောက် မဟုတ်ဘဲ ‘ယောင်းမ’ ဖြစ်နေရာ ‘အဒေါ်’ ၏ သဘောထားက အလိုလိုပင် အလွန် ချစ်ခင်သွားခဲ့သည်။
ထိုအချိန်တွင် မြှားပစ်ကွင်း၌ လူများ ပိုများပြားလာခဲ့သည်။ နတ်သူငယ်များစွာ မှော်လေးသမား ဗိုလ်ခြေ၏ ထိပ်တန်း မြှားသမားနှင့် နတ်သူငယ်တစ်ပိုင်းအကြား မြှားပစ်ယှဉ်ပြိုင်ပွဲအကြောင်း သတင်းကို ကြားသိပြီး ဖြစ်သည်။ လူတိုင်းအတွက် အံ့သြစရာပင် ပထမပြိုင်ပွဲ နှစ်ခုတွင် အနိုင်ရသူ မရှိခဲ့ပေ။
တစ်ချိန်တည်းမှာပင် နတ်သူငယ် တစ်ပိုင်း၊ အယ်လ်တာနီနှင့် ပွန်ရိုအကြား သုံးပွင့်ဆိုင် ဆက်ဆံရေးက တူးဖော်ခြင်း ခံရပြီး အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့သည်။ ရှိနေကြသော လူတိုင်းနီးပါးက အယ်လ်တာနီ လရောင်နတ်ဘုရားမ၏ အရှေ့တွင် ကျိန်ဆိုခဲ့ခြင်းကို သိကြသည်။
ချန်လွေ့က အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံသို့ ရောက်လာသော နတ်သူငယ် ဧကရီ လစ်ဗ်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ ဧကရီအရှင်မလစ်ဗ် ဘေးနားတွင် သူက နတ်သူငယ် မဟုတ်သော ရင်းနှီးသည့် အမျိုးသမီး တစ်ဦးကိုလည်း မတော်တဆ တွေ့လိုက်ရ၏။ လက်ရှိ ကျက်သရေပြာ အင်ပါယာ ဧကရီအရှင်မ လန်ဘိစ်ပင်။
ကျက်သရေပြာ အင်ပါယာနှင့် ငွေလ ကောင်းကင်မြို့တော်တို့က မဟာမိတ်များ ဖြစ်ကြရာ လန်ဘိစ်က ယခုတစ်ကြိမ်တွင် လပြည့်ည ပွဲတော်သို့ ဧည့်သည်တစ်ဦး အဖြစ် အထူးဖိတ်ကြားခြင်း ခံခဲ့ရရမည် ဖြစ်သည်။
ဧကရီဘုရင်မ လစ်ဗ်၏ အကြည့်မှာ အတော်လေး ထက်မြက်၏။ သူက ချန်လွေ့၏ တည်ရှိမှုကို တွေ့ရှိပြီးဖြစ်ကာ သူ၏ သမီးငယ်လေးသည် ချန်လွေ့နှင့် စကားပြောနေခြင်းကိုလည်း တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ သူ၏ မျက်လုံးများ အနည်းငယ် လင်းလက်သွားခဲ့သည်။ ပွဲကြည့်စင်က နတ်သူငယ်များဖြင့် ပြည့်နှက်နေလေရာ လန်ဘိစ်သည် တစ်ခုခု ထူးခြားသည်ကို သတိမပြုမိခဲ့ပေ။ သူက ကြယ်တာရာ ကောလိပ်မှ ကျောင်းသားဟောင်းတစ်ဦး ဖြစ်သူ နတ်သူငယ် မင်းသမီးတော် ဖီလီနှင့် တိုးတိုးလေး စကားပြောနေခဲ့သည်။
ထိုအချိန်တွင် နောက်ဆုံး ပြိုင်ပွဲက စတင်ခဲ့လေပြီ။ မြှားပစ် တိုက်ပွဲသည် တစ်ကျော့လျှင် မိနစ် ၂၀ဖြင့် ၃ပွဲနိုင် စနစ်ကို ကျင့်သုံးလေသည်။ သူတို့က မြှားပစ်ပြီး တစ်ယောက်ကို တစ်ယောက် သတ်ရမည် ဖြစ်သည်။ လေးများနှင့် မြှားများမှလွဲ၍ အရန် ဆေးရည်များ၊ လက်နက်များကို အသုံးပြုခွင့် မပြုပေ။ ကျန်အရာများကိုမူ ကန့်သတ်မထားပေ။
အကယ်၍ ၁၀မိနစ်အတွင်း မည်သူမျှ ‘မသေ’ပါက သရေကျမည် ဖြစ်သည်။ အကယ်၍ ၃ကျော့စလုံး သရေကျခဲ့လျှင် နောက်ထပ်တစ်ကျော့ ထပ်ကစားမည် ဖြစ်သည်။ အကယ်၍ သရေ ဆက်တိုက် ဖြစ်နေပါက နောက်ထပ် တစ်ကျော့ ထပ်မံ ကစားရလိမ့်မည်။
ပွန်ရိုနှင့် တေးလို့စ်တို့က နောက်ဆုံး တိုက်ပွဲကွင်းပြင်သို့ လျှောက်သွားခဲ့သည်။ သူတို့ ပထမဆုံး ဝင်ရောက်သောအခါ နှစ်ဦးစလုံး မလှုပ်ရှားနိုင်ခဲ့ပေ။ အစီအရင် ပတ်ဝန်းကျင် ထုတ်လုပ်ပြီးမှသာ သူတို့ ပြန်လည် ကောင်းမွန်လာမည် ဖြစ်သည်။ သူတို့ နှစ်ဦးလုံးက ပုံဖော်ထားသော ပတ်ဝန်းကျင်ကို လျင်မြန်စွာ လေ့လာရင်း စွမ်းအား တိတ်တဆိတ် စုစည်းနေကြ၏။
၎င်းက ထောင်ချောက် အမျိုးမျိုးနှင့် အန္တရာယ်များ ဝှက်ထားသော တောအုပ် ပတ်ဝန်းကျင် တစ်ခု ဖြစ်သည်။ အခါ အားလျော်စွာ ပုံဖော်ထားသော နတ်ဆိုး သားရဲ အမျိုးမျိုးလည်း ပေါ်ပေါက်လာပြီး တိုက်ခိုက်ကြပေလိမ့်မည်။ နှစ်ဖက်စလုံး ရပ်နေပြီး လှုပ်ရှားမှု မပြုလုပ်လျှင်ပင် သူတို့လည်း ‘သေဆုံး’ပေလိမ့်မည်။
ပတ်ဝန်းကျင် လုံးဝ ပုံဖော်ပြီးနောက် ချုပ်တည်းမှုများ လျော့ရဲသွားလေသည့် အခိုက်တွင် ပွန်ရိုနှင့် တေးလို့စ်တို့က တစ်ချိန်တည်း လှုပ်ရှားလိုက်ကြသည်။ ယခင် စည်းမျဉ်းများကြောင့် သူတို့၏ စွမ်းအားကည် အတိုင်းအတာ တစ်ခုအထိ ကန့်သတ်ခြင်း ခံထားရသည်။ ယခုတွင် စည်းမျဉ်း ကန့်သတ်ချက်များ မရှိတော့ဘဲ အံ့သြဖွယ်ရာ မြှားပစ် စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်နိုင်လေပြီ။
စီစဉ်ပြီးလှုပ်ရှားသော ပထမ၂ကျော့နှင့် မတူဘဲ သူတို့နှစ်ဦးလုံးက စဉ်းစားမနေဘဲ အချင်းချင်း ပစ်ခတ် လိုက်ကြသည်။ လှုပ်ရှားမှုမှာ လျှပ်စီးကဲ့သို့ လျင်မြန်၏။
ပွန်ရို၏ ပစ်ခတ်မှုနှုန်းမှာ အတော်လေး အံ့ဩဖွယ်ကောင်းသည်။ တစ်ကြိမ်တည်း မြှား ၃ချောင်း ပစ်ခြင်းမှာ အပေါ်ယံတွင် သာမန်သာ ဖြစ်သည်။ အချို့လူများက တစ်ကြိမ်တည်းတွင် မြှား ၁၀ချောင်း ပစ်ခတ်နိုင်ကြသော်လည်း ထိုသို့သော တိုက်ခိုက်မှုမှာ အလွန် ကွဲပြားသည်။ ရန်သူ အများအပြားကို ခွဲခြားခြင်း မရှိဘဲ တိုက်ခိုက်ရာတွင် အဆင်ပြေသော်လည်း ရန်သူ တစ်ယောက်တည်း အပေါ်တွင် သက်ရောက်မှု ကန့်သတ်ချက် ရှိသည်။ အထူးသဖြင့် မြှားပစ်စွမ်းရည် တူညီသော ပြိုင်ဘက်များ အတွက်ပင်။
ပွန်ရိုက လက်လေးချောင်း အကြားတွင် မြှား ၃ချောင်း ကိုင်ထားပြီး လေးညှို့ဖြင့် တစ်ချောင်းပြီးတစ်ချောင်း ပစ်လိုက်သည်။ မြှားများက ‘အစဉ်လိုက်’ ပစ်ခတ်ခြင်း ခံလိုက်ရသော်လည်း အရှိန်မှာ အလွန်ပင် လျင်မြန်ပြီး လေးညှို့မှ တစ်ချိန်တည်းတွင် ထွက်သွားသကဲ့သို့ ထင်ရလေသည်။
မြှားတစ်ချောင်းစီတွင် ကွဲပြားသော အင်အားနှင့် လမ်းကြောင်း ပါရှိသည်။ ပစ်ခတ်ပြီးနောက် ၁စက္ကန့် အကြာတွင် နောက်ထပ် မြှား ၃ချောင်းကို ထပ်မံ၍ တင်လိုက်သည်။ မရေမတွက်နိုင်သော လေတိုးသံများ ထွက်ပေါ်လာပြီး တေးလို့စ် ထံသို့ တိတိကျကျ ပျံသန်းသွားနေသော လိုက်ဒုံးကျည် ရာပေါင်းများစွာလိုပင်။
တေးလို့စ် တစ်ခါတည်း မြှားအများကြီး မပစ်ခတ်ခဲ့ပေ။ သူသည် တစ်ကြိမ်လျှင် မြှားတစ်ချောင်းတည်း ပစ်သော်လည်း သူ၏ ပစ်ခတ်မှု အမြန်နှုန်းမှာ ပွန်ရိုထက် မြင့်မားနေဆဲ ဖြစ်သည်။ ထို့ပြင် သူ၏ တိုက်ခိုက်မှုများမှာ ပိုမို၍ သန့်စင်ပြီး ထိရောက်၏။ နှစ်ဖက်စလုံး လက်ရည် မျှနေကြသည်။
ပရိသတ်များက သူတို့ နှစ်ဦးစလုံး တောအုပ်ထဲ ရှောင်ရင်း တစ်ချိန်တည်း ရွေ့လျားကာ ပြင်းထန်လှသော တန်ပြန် တိုက်ခိုက်မှုများ ပြုလုပ်နေသည်ကိုသာ မြင်တွေ့နိုင်သည်။ မရေမတွက်နိုင်သော လေတိုးသံများသည် တိုက်ပွဲ ကွင်းပြင်၏ အဓိကသံစဉ် ဖြစ်လာခဲ့သည်။ ခက်ခဲသော မြှားပစ် စွမ်းရည် အမျိုးမျိုးမှာ ရင်သပ် ရှုမောဖွယ် ကောင်းလှပေသည်။ ၎င်းတို့မှာ ကြွားဝါသော ဖျော်ဖြေမှုများ မဟုတ်ဘဲ အခြေအနေ တကယ် ထည့်စဉ်းစားသော သတ်ဖြတ်စွမ်းရည်များပင်။
ချန်လွေ့ တိတ်တဆိတ် ခေါင်းညိတ် လိုက်သည်။ မြှားပစ်တာ တစ်ခုတည်း အရဆိုလျှင် နတ်သူငယ် မျိုးနွယ်စုက တကယ် မရှုံးနိုင်ဘူး။
မုန်တိုင်းထန်ထန် တိုက်ခိုက်မှု အကြိမ် များစွာ အပြီးတွင် နှစ်ဖက်စလုံး မြှားများ ပစ်ခတ်သည့် ကြိမ်နှုန်းများ စတင်၍ နှေးကွေးလာသည်။ ၎င်းမှာ သူတို့၏ အင်အားကြောင့် မဟုတ်ဘဲ အချင်းချင်း၏ ပုံစံ လက္ခဏာများကို အတိုင်းအတာ တစ်ခုအထိ နားလည်သွား၍ပင်။ အစပိုင်း တိုက်ခိုက်မှုပုံစံက အသုံးမဝင်တော့ပေ။ အကြောင်းမှာ ၎င်းက ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အလဟဿ ကုန်ဆုံးစေ၍ပင်။ ထို့ကြောင့် သူတို့က စည်းချက်ကို နှေးလိုက်ပြီး တစ်ချိန်တည်းတွင် မြှားများ ပစ်ခတ်ရာ ပို၍သတိထားလာကြသည်။
အကယ်၍ ယခင်က အရူးအမူး ပစ်ခတ်ခြင်း ဆိုလျှင် ယခုအခါ ၎င်းမှာ ပေါက်ကွဲ ပစ်ခတ်ခြင်းပင်။ ပြင်းအားက ပစ်ခတ်ခြင်းကဲ့သို့ မပြင်းထန်သော်လည်း ပို၍အန္တရာယ်များ၏။
တိုက်ပွဲကို ကြည့်ရှုနေကြသော နတ်သူငယ်များက ကျွမ်းကျင်သူများ ဖြစ်ကြပြီး ၎င်းမှာ ခက်ခဲသော လွန်ဆွဲပွဲ တစ်ခု ဖြစ်မည်ကို သိကြသည်။ ပြိုင်ပွဲက မြှားပစ်ခြင်း သာမကဘဲ နည်းဗျူဟာများ၊ စိတ်ဆန္ဒ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အား၊ စိတ်ဆန္ဒနှင့် အခြား စွမ်းရည်များလည်း ပါဝင်သည်။ တခဏတာ အခွင့်အရေးကို ဆုပ်ကိုင်နိုင်သူက နောက်ဆုံး အနိုင်ရသူ ဖြစ်ပေလိမ့်မည်။
လျင်မြန်သော ပုံရိပ်က တောအုပ်ထဲ လှုပ်ရှားပြီး လက်ခနဲ ပျောက်သွားခဲ့သည်။ မြှားများ၏ ကျန်ရစ်သော အလင်းရောင်ကို ရံဖန်ရံခါ မြင်တွေ့နိုင်၏။ အချိန်က တစ်မိနစ်ပြီးတစ်မိနစ် ကုန်သွားခဲ့သည်။ မိနစ် ၂၀ ကန့်သတ်ချက် နီးကပ်လာပုံ ရသည်။ ထိုအခိုက်တွင် တောအုပ်၏ ပတ်ဝန်းကျင်က မှေးမှိန်စပြုလာခဲ့သည်။
ပုံရိပ် တစ်ခုက ခန္ဓာကိုယ်ပေါ်တွင် မြှားအနည်းငယ် စိုက်ဝင်နေလျက် မြေပြင်ပေါ် ဒူးတစ်ဖက် ထောက်နေ၏။ ထိုယောက်ျားမှာ တေးလို့စ် ဖြစ်သည်။ ပွန်ရိုက မျက်နှာချင်းဆိုင်တွင် ရှိနေ၏။ သူက လည်ချောင်းတွင် မြှားတစ်ချောင်း ပစ်ခတ်ခြင်းခံထားရသည်။
တေးလို့စ် နိုင်သွားလေပြီ။
အယ်လ်တာနီက ဝမ်းမြောက်စွာဖြင့် ငိုကြွေးလိုက်စဉ် နတ်သူငယ်များက မျက်လုံးများကိုပင် မယုံကြည်နိုင်ဘဲ မှင်တက်နေကြသည်။ မှော်လေးသမား ဗိုလ်ခြေရဲ့ ထိပ်တန်း လေးသမားက ရှုံးနိမ့်သွားပြီ။ အဲဒါ နတ်သူငယ်တစ်ပိုင်းရဲ့ မြှားကြောင့်။
ချန်လွေ့က တေးလို့စ် အမြဲပင် အရေးနိမ့် နေခဲ့သည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သော်လည်း နတ်သူငယ် တစ်ပိုင်းက အလွန်ပါးနပ်ပြီး ပြိုင်ဘက်ကို ထုံသွားစေရန် ဒဏ်ရာကို တမင်တကာ အသုံးပြုခဲ့သည်။ သူက အချိန်ဆွဲရန် ကြိုးစားနေသည့် ပုံစံမျိုးကို ပြသရန် ရွေ့လျားရင်း တိုက်ခိုက်ခဲ့သည်။ မိမိတွင် အကြွင်းမဲ့ အားသာချက် ရှိနေသည်ဟု ထင်သွားသော ပွန်ရိုက အလိုလိုပင် ထိုအခြေအနေကောင်းကို စွန့်လွှတ်ရန် ငြင်းဆန်ခဲ့ပြီး အပြင်းအထန် လိုက်လံ၍ ဖမ်းဆီးခဲ့သည်။ အောင်မြင်ရန် အလျင်လို နေရင်း တေးလို့စ်က အခွင့်အရေးကို ဆုပ်ကိုင်ပြီး မြှားတစ်ချောင်းတည်းဖြင့် သူ့ကို သတ်ပစ်နိုင်ခဲ့သည်။
မိမိ၏ ကိုယ်ပိုင် အားနည်းချက်များကို အောင်ပွဲအဖြစ် ပြောင်းပြီး တစ်ချက်တည်း ပြန်ထိုးထွက် လာခဲ့သည်။ ထိုအရာမှာ တိုက်ဆိုင်မှု မဟုတ်ဘဲ စစ်မှန်သော နည်းဗျူဟာမြောက် ကျွမ်းကျင်မှု ဖြစ်၏။ ပွန်ရိုက မျှမျှတတ ရှုံးနိမ့်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
တောအုပ်ထဲမှ အစီအရင် လုံးဝ ပျောက်ကွယ် သွားခဲ့သည်။ တေးလို့စ်နှင့် ပွန်ရို နှစ်ဦးစလုံး တယ်လီပို့ ခံလိုက်ရ၏။ ပွန်ရိုက လည်ချောင်းကို ကျန်ရစ်သော ကြောက်ရွံ့မှုဖြင့် ဆုပ်ကိုင်ထားခဲ့သည်။ အကယ်၍ ၎င်းမှာ အစီအရင်ထဲတွင် မဟုတ်ဘဲ အခြားနေရာ တစ်ခုခုတွင်သာ ဖြစ်ခဲ့ပါက နိမ့်ကျသော နတ်သူငယ် တစ်ပိုင်း၏ လက်ထဲတွင် သူ သေဆုံးသွား ပေလိမ့်မည်။
ပွန်ရို၏ ဖခင်၊ နတ်သူငယ် အကြီးအကဲ ဖာလီက ပြာနှမ်းသော မျက်နှာဖြင့် ပြန်လျှောက်လာသော သားဖြစ်သူကို ကြည့်လိုက်၏။ သန့်စင်တဲ့ နတ်သူငယ် တစ်ဦးက နတ်သူငယ် တစ်ပိုင်းကို မြှားပစ်တဲ့ နေရာမှာ ရှုံးနိမ့်ခဲ့တယ်။ ပြီးတော့ ဒါက ဒီလိုမျိုး အရေးကြီးတဲ့ အခါသမယမှာ ဖြစ်နေတယ်။ ဒါက လုံးဝကို သည်းခံလို့မရနိုင်တဲ့ အရှက်ရစရာ တစ်ခုပဲ။
ဒါက သာမန် မြှားပစ်ပြိုင်ပွဲ တစ်ခု မဟုတ်တော့ဘူး။ အမျိုးသမီးတွေအတွက် သဘောတူညီချက်လည်း မဟုတ်ဘူး။ မှော်လေးသမား ဗိုလ်ခြေ တစ်ခုလုံး၊ စစ်စလီ မိသားစုတစ်ခုလုံး၊ နတ်သူငယ် မျိုးနွယ်စု တစ်ခုလုံးရဲ့ ဂုဏ်သတင်းနဲ့ သက်ဆိုင်တဲ့ တိုက်ပွဲတစ်ခုပဲ။
ဧကရီအရှင်မ လစ်ဗ်နဲ့ ကျက်သရေပြာ အင်ပါယာ၏ အုပ်ချုပ်သူတောင် ထိုပွဲကို ကြည့်ရှုနေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပွန်ရို နောက်တစ်ခါ ရှုံးလို့ မရတော့ဘူး။
ဖာလီက မယုံကြည်နိုင် ဖြစ်နေသော ပွန်ရိုထံသို့ လျှောက်သွားပြီး သားဖြစ်သူကို ခပ်ကြမ်းကြမ်း ပါးရိုက်လိုက်သည်။ ပွန်ရို လန့်သွားပြီး အနီရောင် အမှတ်အသား ငါးခုက သူ၏ ချောမောလှပေသော မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။ သူ၏ လေးသည်လျှင် မြေပြင်ပေါ်သို့ ပြုတ်ကျ သွားခဲ့သည်။ ဒေါသတကြီး ဖြစ်နေသော ဖာလီက လေးကို နင်းပစ်လိုက်ပြီး ၎င်းကို ချိုးပစ်ကာ အပြစ်တင်လိုက်သည်။ “ဒါက ပထမ အကျော့ပဲ ရှိသေးတယ်။ နိုးထစမ်း။ မင်းက စစ်စလီမိသားစုရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းအောင် လုပ်တော့မယ်။”
ပွန်ရိုက ပါးရိုက်ခံရ၍ လုံးဝနီးပါး ကြက်သေသေသွားသည်။ မီးပွင့်ထွက် လုမတတ် ဖြစ်နေသော ဖခင်ဖြစ်သူ၏ မျက်လုံးကို မြင်သောအခါ ချက်ချင်းပင် တုန်လှုပ်သွားပြီး နိုးထလာခဲ့သည်။
ဖာလီက မြေပြင်ပေါ်မှ ကျိုးပဲ့နေသော လေးကို ကြည့်ပြီး လေးတစ်လက်ကို ထုတ်ယူလိုက်ကာ ပွန်ရို၏ လက်ထဲသို့ ထိုးထည့်လိုက်သည်။ “မင်း နောက်တစ်ခါ ရှုံးခဲ့ရင် ငါ့ကိုပြန်တွေ့ဖို့ မစဉ်းစားနဲ့တော့။”
ပွန်ရိုက လက်ထဲမှ လေးကို အံ့ဩမှု အရိပ်အယောင်ဖြင့် ကြည့်လိုက်ပြီးနောက် အပြင်းအထန် ခေါင်းညိတ်လိုက်သည်။
ပွဲကြည့်စင်မှ ချန်လွေ့က မျက်လုံးကို ကျုံ့လိုက်သည်။ ဇိုလာက တိုးတိုးလေး ညင်သာစွာ ပြောလိုက်၏။ “အဲ့ဒီလေး...”
ချန်လွေ့ ခေါင်းညိတ်ပြီး သူ၏လက်ကို လှုပ်လိုက်ကာ ဇိုလာအား ကြည့်ရန် အမူအရာ ပြလိုက်သည်။
အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံရှိ ဧကရီ အရှင်မ လစ်ဗ်ကလည်း ဖာလီ ပွန်ရိုအား ပေးခဲ့သော လေးကို တွေ့လိုက်ပြီး သူ အနည်းငယ် မျက်မှောင် ကြုတ်လိုက်၏။ သူက တစ်ခုခုကို ပြောချင်ခဲ့သော်လည်း နောက်ဆုံးတွင် စကားမပြောခဲ့ပေ။
ဒုတိယ အကျော့ စတင်လေပြီ။ တေးလို့စ်က ယခင်ပြိုင်ပွဲ၌ အတိုင်းအတာ တစ်ခုအထိ စွမ်းအား ကုန်ဆုံးမှုနှင့် ဒဏ်ရာများကို ခံစားခဲ့ရသော်လည်း ပွန်ရိုသည် ခုနက သေစေနိုင်သော ဒဏ်ရာမှ အတိုင်းအတာ တစ်ခုအထိ တုံ့ပြန်မှု ခံစားခဲ့ရ၍ သူတို့နှစ်ဦးသည် စမှတ် အတူတူသို့ ပြန်ရောက်သွားခဲ့သည်။
ဒုတိယ အကျော့မှ အစီအရင်မှာ ကုန်းမြင့် ဖြစ်သည်။ တောအုပ်ထက် အမိုးအကာများ များစွာ နည်းပါးပြီး ၎င်းမှာ နှစ်ဖက်စလုံး ရှောင်တိမ်းရန် ပိုမို၍ ခက်ခဲစေသည်။ ထိုသို့ ထိပ်တန်းအဆင့် လေးသမားများအတွက်မူ မြှားများကို မြှားများဖြင့် ဖျက်ခြင်းက အရေးကြီးဆုံး ကာကွယ်ရေးဗျူဟာ ဖြစ်လာပေလိမ့်မည်။ ၎င်းမှာ ကာကွယ်မှုကို တိုက်ခိုက်မှုဖြင့် အစားထိုးခြင်းပင်။
၎င်းမှာ ယခင် အကျော့ထက် ပိုမို၍ ပြင်းထန်သော အံ့ဩဖွယ်ရာ တိုက်ပွဲ တစ်ခုလည်း ဖြစ်ပေလိမ့်မည်။
သို့သော် ယှဉ်ပြိုင်ပွဲ စတင်ပြီးနောက် ၎င်းမှာ တစ်ဖက်သတ် အခြေအနေ တစ်ခု ဖြစ်နေခဲ့သည်။ နတ်သူငယ် တစ်ပိုင်း၏ မြှားက ပွန်ရိုမှ ပစ်ခတ်လိုက်သော မြှားကို လုံးဝ မယှဉ်နိုင်ခဲ့ပေ။ အကြောင်းမှာ ပွန်ရိုမှ ပစ်ခတ်လိုက်သော မြှားများက စွမ်းအားနှင့် အမြန်နှုန်းအရ ပထမ အကျော့ထက် များစွာ သာလွန်နေ၍ပင်။ မြှားအချင်းချင်း ထိချိန်တွင်ပင် ပွန်ရို၏ မြှားက တေးလို့စ်၏ မြှားကို ကြေမွစေပြီး ဆက်လက် ပျံသန်းသွားလေသည်။
“ဒါက...” ချန်လွေ့ဘေးမှ နတ်သူငယ် မင်းသမီးငယ်လေးက ပွန်ရို၏ လက်ထဲမှ လေးကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် နားလည်သွား၏။ “ယုတ်မာလိုက်တာ။”
“မီရှယ်...” အဲလစ်က စူးစမ်းလျက် မေးလိုက်သည်။
“ပွန်ရို အခု သုံးနေတဲ့ လေးကို ဆန်းကြယ်စန္ဒာလေးလို့ ခေါ်တယ်။ ဒါက နတ်သူငယ်ဘုရင် စပန် အသုံးပြုခဲ့တဲ့ အဆောင်ပစ္စည်း-ယောင် တစ်ခုပဲ။ ဒါက နတ်သူငယ်လေး သုံးလက်ထဲက တစ်ခုပဲ။ ဒါက အံ့ဩစရာ ကောင်းလောက်အောင် အစွမ်းထက်တယ်။ အရှင်မင်းကြီး စပန်က နတ်သူငယ်မျိုးနွယ်စု အကျပ်အတည်းကို ဖြေရှင်းပြီးတဲ့နောက်မှာ စစ်စလီ မိသားစု အရှင်တာနစ်ရဲ့ သတ္တိကို အသိအမှတ် ပြုတဲ့အနေနဲ့ ဆန်းကြယ်စန္ဒာလေးကို အရှင်တာနစ်ဆီ ပေးထားခဲ့တယ်။ အရှင် တာနစ် နာမကျန်းဖြစ်ပြီး သေသွားတော့ အဲဒီလေးကို အရှင် တာနစ်ရဲ့ သားဖြစ်သူ အကြီးအကဲ ဖာလီဆီ လွှဲပေးခဲ့တယ်။ ဒါပေမဲ့ အကြီးအကဲ ဖာလီက ပွန်ရို အနိုင်ရစေဖို့ ဆန်းကြယ်စန္ဒာလေးကို တကယ် ပေးခဲ့မယ်လို့ မထင်ထားခဲ့ဘူး။”
မီရှယ်၏ စကားများက ချန်လွေ့အား လေး၏ ဇစ်မြစ်ကို နားလည်သွားစေ၏။ ၎င်းမှာ အမှန်တကယ်တွင် ယောက္ခထီး နတ်သူငယ်ဘုရင် သုံးခဲ့သော ရတနာ တစ်ခု ဖြစ်သည်။ ထိုအချိန် ထိုပြိုင်ပွဲ၏ ရလဒ်မှာ ထင်ရှားနေပြီ ဖြစ်လေသည်။ တေးလို့စ်က သံသယဖြစ်စရာ မရှိဘဲ ရှုံးနိမ့်ခဲ့သည်။
နတ်သူငယ်များ ချက်ချင်း အားပေးကြ သော်လည်း အချို့ နတ်သူငယ်များက လျို့ဝှက်နက်နဲမှုကို တွေ့ရှိခဲ့ကြပြီး အခြား သူများကဲ့သို့ မပျော်ခဲ့ကြပေ။ ထိုအရာမှာ စည်းမျဉ်း ဟာကွက်တစ်ခု ဖြစ်သည့်တိုင် မည်သို့ပင် ဆိုစေကာမူ ထိပ်တန်းမြှားပစ် စွမ်းရည် တိုက်ပွဲက မတူညီတော့ပေ။
အစီအရင် ပျောက်ကွယ်သွားပြီးနောက် နတ်သူငယ် တစ်ပိုင်းက ပွန်ရိုအား သူ၏ မျက်လုံးများထဲတွင် မကျေနပ်မှုနှင့် မထီမဲ့မြင်ပြုမှုတို့ဖြင့် ကြည့်လိုက်သည်။ ပြိုင်ဘက် တစ်ဦး ဖြစ်သည့်အလျောက် ပွန်ရို အနိုင်ရရန် မည်သည်ကို အားကိုး ခဲ့သည်ကို လူတိုင်းထက် သူ ပိုသိသည်။
ပွန်ရိုက အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပြီး ခေါင်းကို လှည့်လိုက်ကာ ထိုအကြည့်ကို မမြင်ဟန်ဆောင်လိုက်၏။ နတ်သူငယ်များထံမှ အားပေးသံများကို လက်ခံရန် ဆန်းကြယ်စန္ဒာလေးကိုသာ သူက မြှောက်လိုက်သည်။
နတ်သူငယ် တစ်ပိုင်းက မည်းမှောင် နေသော မျက်နှာဖြင့် အယ်လ်တာနီထံသို့ ပြန်လျှောက်သွားပြီးနောက်တွင် သူသည် အယ်လ်တာနီဘေးတွင် နောက်ထပ်ပုံရိပ် တစ်ခု ရှိနေကြောင်းကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ ၎င်းမှာ သူ့ကို ငွေလ ကောင်းကင်မြို့တော်သို့ ဝင်ရောက်ရန် ကူညီပေးခဲ့သော ‘သခင်’ ဖြစ်ပြီး အခြား နတ်သူငယ်ဘုရင်တစ်ပါးလည်း ဖြစ်၏။
နတ်သူငယ်တစ်ပိုင်းက ချန်လွေ့အပေါ် အလွန်ပင် ကျေးဇူးတင်နေသည်။ သူက ဦးညွှတ်မည် ပြင်လိုက်စဉ် ချန်လွေ့၏ အသံက သူ၏စိတ်ထဲ ပေါ်လာခဲ့သည်။
“အတော်လေး ဒေါသထွက်နေလား။” ထိုစကားက နတ်သူငယ် တစ်ပိုင်းအား ခေါင်းကို ငုံ့သွားစေသည်။
ချန်လွေ့က အရေးကြီး ပုဂ္ဂိုလ် ထိုင်ခုံများကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။ “ဒါ အစကတည်းက မျှတတဲ့ လောကတစ်ခု မဟုတ်ဘူး။”
“နားလည်ပါတယ်။” တေးလို့စ်က မျက်လုံးများတွင် မည်သည့် တွန့်ဆုတ်မှု၊ ကြောက်ရွံ့မှုမှမရှိဘဲ မော့ကြည့်လိုက်၏။ “သေတဲ့အထိ တိုက်ခိုက်ဖို့ပါပဲ။”
“ဟုတ်တယ်။ တခြားသူတွေကို အပြစ်တင်နေရတာ အသုံးမဝင်ဘူး။ ငါတို့ လုပ်နိုင်တာက ဇွဲရှိရှိနဲ့ ရေစီးကြောင်းကို ဆန့်ကျင်သွားဖို့ပဲ။ အသက်ရှင်သန်မယ့် အလင်းရောင် တစ်စွန်းတစ်စ ရှိနိုင်မယ်။ ငါတို့ ကံကြမ္မာရဲ့ အသက်သွေးကြောကို ဖမ်းဆုပ်နိုင်ရင် ဆုပ်နိုင်မယ်...” ချန်လွေ့ ရပ်လိုက်သည်။ “မင်း ဒီလိုစိတ်မျိုးကို ပြင်ဆင်ထားမှတော့ ဒီမြှားကို လက်ခံပြီး အကြီးမြတ်ဆုံး သတ္တိနဲ့ ဆုံးဖြတ်ချက်နဲ့ အတူ ပစ်ခတ်လိုက်ပါ။”
တေးလို့စ်က လက်ထဲတွင် ရုတ်တရက် မြှားတစ်ချောင်းကို ခံစားလိုက်ရသည်။ ၎င်းမှာ ရိုးရှင်းနေပုံရလေသည်။ သို့သော် မြှား၏ အမွေးတောင်များက ရွှေရောင် အမွေးများဖြင့် ပြုလုပ်ထား၏။
သူ ပြန်မော့ကြည့်လိုက်ရာ ချန်လွေ့ မရှိတော့ပေ။ အယ်လ်တာနီနှင့် အနားမှ နတ်သူငယ်များ၏ ဘာကိုမှ မသိသော အမူအရာအရ ထိုပုဂ္ဂိုလ်က မရှိနေသော ထင်ယောင်မှား နိမိတ်ပုံရိပ်တစ်ခု ဖြစ်နေ သကဲ့သို့ပင်။ သူ၏ လက်ထဲတွင်ရှိသော မြှားတစ်ချောင်းတည်းကသာ စစ်မှန်သော တည်ရှိမှုတစ်ခု ဖြစ်နေ၏။