ရူးကြောင်ကြောင် ဇာတ်ညွှန်း
Vol. 77 Ch. 1195
ချန်လွေ့၊ ဂေဘရီရယ်နှင့် ရာဖယ်ရယ် တို့က စိတ်လှည့် တောအုပ်၏ အစွန်နား ရောက်လာခဲ့ကြသည်။
ယခင်တစ်ခေါက်အတိုင်းပင် စိတ်လှည့် တောအုပ်က ကွင်းပုံစံ တောအုပ်တစ်ခု ဖြစ်သည်။ ဝင်ပေါက်တွင် ကျောက်ပြား ထွက်ပေါက်တစ်ခု ရှိနေပြီး တောအုပ်ထဲမှ မသဲမကွဲ မြင်နိုင်သော တဲသို့ တိုက်ရိုက် ဦးတည်နေ၏။
ချန်လွေ့ ယခင်တစ်ခေါက် စိတ်လှည့် တောအုပ်သို့ ရောက်ရှိလာစဉ်က သူသည် ဖီနိုအီရာမှ လက်ဆောင် ပေးခဲ့သော ရွက်စိမ်း တံဆိပ်ကို ကိုင်ထားခဲ့သည်။ အလူစီယာက ခီလန်ယာအား အသူရာ ချောက်နက် စုန်းမအဖြစ် ပြောင်းရန် ညွှန်ကြားခဲ့သော ‘စမ်းသပ်မှု’မှလွဲ၍ သူက မည်သည့် အတားအဆီး၊ မူမမှန်သော အခြေအနေများနှင့်မျှ မကြုံတွေ့ခဲ့ရပေ။
ချန်လွေ့ ရပ်တန့်လိုက်သည်။ သူ၏ လက်ရှိ စွမ်းအားမှာ အတိတ်ကနှင့် မနှိုင်းယှဉ်နိုင်တော့ပေ။ ၎င်းမှာ ယခင်က ကဲ့သို့ တူညီသောမြင်ကွင်း ဖြစ်သည့်တိုင် [ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို အသက် မသွင်းဘဲ သူက စိတ်လှည့် တောအုပ်မှ ဖျော့တော့စွာ ထုတ်လွှတ်နေသော အထူး အငွေ့အသက်ကို အာရုံခံနိုင်သေးသည်။ ထိုအငွေ့အသက်က သူ့အား အန္တရာယ် ရှိသော ခံစားချက်တစ်ခုကို ပေးနေ၏။
ဒီလို ခံစားချက်မျိုးက အရင်က ငါ ရွက်စိမ်း တံဆိပ်ကို ကိုင်ထားတုန်းက မရှိခဲ့ဘူး။ ဒါကြောင့် ကောင်းကင်တမန် သုံးပါးက အလူစီယာကို ကြောက်တာကိုး။ ဒီတစ်ခေါက် ဖိတ်ကြားမခံရတဲ့ ဧည့်သည် တစ်ယောက်လို ပြုမူဖို့ မလွယ်လောက်ဘူး ထင်တယ်။
သူ၏ နောက်မှ ရာဖယ်ရယ်ကလည်း ရပ်တန့်သွား၏။ “ဘာလို့လဲ။ မဝင်ရဲဘူးလား။”
ချန်လွေ့က ထိုကဲ့သို့ ရန်စသော လှည့်ကွက်ထဲ အဝင်ခံမည် မဟုတ်ပေ။ သူက နောက်လှည့်ပြီး ပြုံးလိုက်သည်။ “နည်းနည်းပေါ့။”
ရာဖယ်ရယ် မထီမဲ့မြင် ပြောလိုက်၏။ “မင်းက သေမှာကို ကြောက်ဖူးလို့လား။”
“ကြောက်တာပေါ့။ သေခြင်းတရားကို ကြောက်ရွံ့တဲ့ သူတွေကပဲ အသက်ရဲ့ အဖိုးတန်မှုကို နားလည်မယ်။ တကယ်လို့ ခင်ဗျားက သေခြင်းကို လျစ်လျူရှုခဲ့ရင် အသက်နဲ့ တခြားအရာတွေ အားလုံးက မျက်လုံးထဲမှာ မလုံလောက်တော့ဘူး။ ဒီလို အသက်ရှင်နေရတာ ဘာအဓိပ္ပာယ် ရှိသေးလို့လဲ။”
ရာဖယ်ရယ်က ခဏတာ ချေပရန် မည်သည့် စကားလုံးကိုမျှ မရှာနိုင်ခဲ့ပေ။ တစ်စုံတစ်ယောက်၏ ကြောက်ရွံ့မှုကို လုပ်ရပ်ဖြင့် လှောင်ပြောင်သည့်အလား သူက လှောင်ရယ်လျက် အရှေ့သို့ လျှောက်သွားရုံသာ လျှောက်သွားခဲ့သည်။
ရာဖယ်ရယ် ခြေလှမ်း အနည်းငယ် လှမ်းလိုက်စဉ်မှာပင် သူ၏ အရှေ့မှ တိတ်ဆိတ်သော တောအုပ်၏ မြင်ကွင်းက ပြောင်းလဲသွားခဲ့သည်။ ကွင်းပုံသဏ္ဌာန် တောအုပ်က တဖြည်းဖြည်း တွန့်သွားပြီး မီးခိုးရောင်ဖြစ်ကာ မှုန်ဝါးသွားခဲ့သည်။ မူလ ဝှက်ထားသော အငွေ့အသက်က ရုတ်တရက် ပေါက်ကွဲ ထွက်လာပြီး ဟန့်တားမှု ၁၀ဆမက တိုးမြင့်လာခဲ့သည်။ အကယ်၍ ယခင် အကျပ်အတည်းမှာ သိမ်မွေ့နေသေးပါက ယခုအခါ ၎င်းမှာ ထင်ရှားနေပြီ ဖြစ်သည်။ ခဏလေး အတွင်းမှာပင် ချန်လွေ့၏ ဆံပင်များ ထောင်သွား၏။ သူ၏ အတွေးပင်လျှင် အေးခဲလုနီးပါး ဖြစ်သွားခဲ့သည်။
ချန်လွေ့၏ မျက်လုံး သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားခဲ့သည်။ ထိုကဲ့သို့ အလွန် ခြိမ်းခြောက်မှုရှိသော ခံစားချက်က အဓိက ဒြပ်စင်သံတမန် (၆)ပါးကို သူ ရင်ဆိုင်စဉ်ကနှင့် တူညီနေသည်။ ဒါက အလူစီယာရဲ့ ကိုယ်ပိုင် စွမ်းအားလား၊ ဒါမှမဟုတ် စိတ်လှည့် တောအုပ် တစ်ခုလုံးရဲ့ စွမ်းအားလား။
“ဟန်ဆောင်နေတဲ့ ပုံရိပ်ယောင်ပါပဲ။” ရာဖယ်ရယ်က မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့သို့ ဆက်လက် လျှောက်သွားခဲ့သည်။ ဂေဘရီရယ်က မျက်လုံးကို မှိတ်လိုက်ပြီး ရာဖယ်ရယ်နောက် လိုက်သွားခဲ့သည်။ သူတို့ နှစ်ဦးစလုံးက အပေါ်ယံတွင် အလွန် ဂရုမစိုက်နေပုံ ရသော်လည်း သူတို့၏ ခြေလှမ်းများတွင် အထူးနားလည်မှု တစ်ခု ရှိနေပြီး ၎င်းတို့က အစမှ အဆုံးအထိ ချိတ်ဆက်ထားသည့်အလား ထင်ရသည်။ သူတို့က အချိန်မရွေး အရေးပေါ် အခြေအနေ အမျိုးမျိုးကို တုံ့ပြန်နိုင်သည်။ မည်သို့ပင် ဆိုစေကာမူ အလူစီယာသည် သာမန်လူတစ်ယောက် မဟုတ်ပေ။ ထိုသို့ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော၏ အသက် စွမ်းအားက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဟု ကြားသိရသော်လည်း အသက်မသေသ၍ သူ့ကို လျှော့မတွက်သင့်ပေ။
“ရှင်က သေမှာ မကြောက်ဘူးလား။” ဂေဘရီရယ်က ချန်လွေ့ အနောက်မှ လိုက်ပါလာသည်ကို ခံစားမိလိုက်သည်။
“ကျုပ် တကယ် သေမှာကြောက်တယ်။ ဒါပေမဲ့ သေခြင်းတရားနဲ့ နှိုင်းယှဉ်ရင် ပိုပြီးတော့ အရေးကြီးတဲ့ အရာတစ်ခု ရှိနေသေးတယ်။” ချန်လွေ့က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ “တကယ်လို့ ကျုပ် သူတို့ကို ဆုံးရှုံးခဲ့ရင် သေခြင်းတရားကို တိုက်ရိုက်ရင်ဆိုင်ဖို့ ရွေးချယ်လိုက်တာက ပိုကောင်းဦးမယ်။”
“ရှင့်ရဲ့ရွေးချယ်မှု...” ဂေဘရီရယ်က ရပ်တန့်သွားပြီးနောက် သူ ရုတ်တရက် လှည့်လိုက်သည်။ သူ၏ စွမ်းအားကို စုစည်းထားခဲ့သော ငွေ-နီရောင် မျက်လုံး သူငယ်အိမ်များ ပွင့်လာပြီး ဖြစ်သည်။ ချန်လွေ့၏ ပထမဆုံးသော တုံ့ပြန်မှုမှာ [ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို ချက်ချင်း အသက်သွင်း ရန်ဖြစ်သော်လည်း မျက်လုံး သူငယ်အိမ်များတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒ မရှိနေဘဲ အခြားထူးဆန်းသော ခံစားချက်တစ်ခု ရှိနေသည်။ ဖော်ပြ၍ မရနိုင်သော ခံစားချက် အစအနတစ်ခု... ဝမ်းနည်းမှုများလား....
ဂေဘရီရယ်က သူ၏ မျက်လုံးကို စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို ပြောချင် နေခဲ့သည်။ နောက်ဆုံး သူက မျက်လုံးကို မှိတ်ပြီး နောက်လှည့်ကာ ရာဖယ်ရယ် အနောက်သို့ လိုက်ပါသွားခဲ့သည်။
ချန်လွေ့က ဂေဘရီရယ်၏ သဘောထားကြောင့် အနည်းငယ် စိတ်ရှုပ်ထွေး သွားခဲ့သော်လည်း ဂေဘရီရယ်က အသေအချာပင် သူ့ကို အခြားလူ တစ်ယောက်အဖြစ် မှတ်ယူ နေခဲ့သည်။ သူက ထိုအရာကို ရှင်းပြမည် ပြင်လိုက်စဉ်တွင် [သရုပ်ခွဲမျက်လုံး]ထဲမှ ဂေဘရီရယ်နှင့် ရာဖယ်ရယ်တို့၏ အချက်အလက်များ ပျောက်သွားသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
သူတို့ရဲ့ အမြန်နှုန်းနဲ့ အကွာအဝေးအရ ဆိုရင် သူတို့က အရှေ့တည့်တည့်မှာ ရှိနေလောက်တယ်။ သူတို့ ဘယ်လိုလုပ် ရုတ်တရက် ပျောက်သွားရတာလဲ။
ချန်လွေ့က သူ၏ ပတ်ပတ်လည်မှ အငွေ့အသက်မှာ ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်ကို အာရုံခံမိလိုက်၏။ သူ၏ ဝိညာဉ်က အနည်းငယ် တုန်ခါစ ပြုလာခဲ့သည်။ သူက အချိန်မရွေး ပြိုလဲ သွားနိုင်ရာ မစဉ်းစားဘဲ [ဓူဝံကြယ်ခရမ်း အသွင်ပြောင်းခြင်း]ကို အသက်သွင်း လိုက်၏။
[ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို အသက်ဝင်သွားပြီးနောက်တွင် ဖိအားက အသေအချာ အားနည်းသွားသော်လည်း သူ၏ စိတ်ထဲမှ သတိပေးလက္ခဏာက ပို၍ ပြင်းထန်လာခဲ့သည်။
ချန်လွေ့က လက်ထဲတွင် အပိုပစ္စည်း တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ ငုံ့ကြည့်လိုက်ရာ မိုဘိုင်းဖုန်း တစ်လုံးကို တွေ့လိုက်ရ၏။
ငါ ဒီမိုဘိုင်းဖုန်းကို တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ။ အသွင်အပြင် အရဆိုရင် ငါ ဒီလောကမှာ လုပ်ခဲ့တဲ့ မှော်မိုဘိုင်းဖုန်း မဟုတ်ဘူး။ ပြီးတော့ ဘာအမှတ်တံဆိပ်မှ မရှိဘူး။ ကင်မရာပဲ ရှိတယ်။
ချန်လွေ့ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ဒီဖုန်းက ငါ လောက မကူးပြောင်းခင် ကောက်ယူခဲ့တဲ့ ဖုံးပဲ။
ဒီမိုဘိုင်းဖုန်းကြောင့်ပဲ ငါ့ရဲ့ဝိညာဉ်က ဒီထူးဆန်းတဲ့ လောကကို ရောက်လာခဲ့ပြီး ငါ့ရဲ့ဘဝက ကမ္ဘာတုန်ခါသွားလောက်တဲ့ အပြောင်းအလဲတွေကို ကြုံတွေ့ခဲ့ရတာ။
ဘာလို့ ဒီဖုန်းက ရုတ်တရက်ကြီး ပေါ်လာရတာလဲ။
ချန်လွေ့ အမြန် တွေးတောနေစဉ် သူ၏ အသက်ရှူသံက အနည်းငယ် လေးလံ လာခဲ့သည်။ ထို့နောက် နောက်ဆုံးတွင် သူက ပါဝါခလုတ်ကို နှိပ်လိုက်၏။
ထင်ထားသလို ‘အတည်ပြု’ ခလုတ် မရှိဘဲ ‘စူပါစနစ်မှကြိုဆိုပါသည်’ ဟူ၍ ပြောသော အကွက်လည်း မရှိပေ။ ၎င်းမှာ ရင်းနှီးသော အဖွင့်တီးလုံး တစ်ခုသာ ဖြစ်သည်။
ချန်လွေ့၏ မျက်လုံးများ ရုတ်တရက် ပြူးသွားခဲ့သည်။ အကြောင်းမှာ သူ၏ လက်မောင်းကို ဖုံးလွှမ်းထားခဲ့သော ကြယ်ချပ်ကာက ဘယ်ကိုရောက်မှန်းမသိ ပျောက်သွားသည်ကို တွေ့လိုက်ရ၍ပင်။ လက်မောင်းသာမကဘဲ ကြယ်ချပ်ကာ တစ်စုံလုံး ပျောက်ကွယ်သွားပြီး သူက အားကစား အင်္ကျီတစ်ထည် ဝတ်ထားကာ ၎င်းမှာ ကမ္ဘာမြေပေါ်မှ ရင်းနှီးသော ဘရန်းတစ်ခု ဖြစ်ပုံရသည်။
ပုံရိပ်ယောင်လား။
ဘာလို့ စူပါစနစ်ကနေ သက်ဆိုင်ရာ အချက်ပြမှု မရှိရတာလဲ။ အတွေး တစ်ချက်ဖြင့် ချန်လွေ့က စူပါစနစ်ကိုပင် အာရုံမခံမိတော့ကြောင်း တွေ့လိုက်ရ၏။ နတ်ဘုရား-ယောင်အဆင့် စွမ်းအားလည်း ဆုံးရှုံးသွားပြီ ဖြစ်သည်။ သူက သာမန်လူ တစ်ယောက်သာ ဖြစ်နေသည်။
ဒါက ဒီမိုဘိုင်းဖုန်းစုတ် ကြောင့်လား။ ဒါမှမဟုတ် ဒါက ငါ့အသိစိတ်ကို လုံးဝ ချုပ်ထားတဲ့ ပုံရိပ်ယောင် တစ်မျိုးမျိုး ကြောင့်လား။
“ချန်လွေ့...” ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
ချန်လွေ့ အနီးကပ် ကြည့်လိုက်ရာ တစ်ဖနီ ဖြစ်ကြောင်း တွေ့လိုက်သည်။ နေပါဦး၊ ဒါက ဘယ်လို အမူအရာမျိုးလဲ။
အမုန်းတရားလား...
မဖြစ်နိုင်ဘူး၊ ငါ့ရဲ့ တစ်ဖနီ... အထူးသဖြင့် တစ်ယောက်တည်း ရှိနေတဲ့ အခါမှာ သူက ချစ်စရာကောင်းတာ ဒါမှမဟုတ် ရှက်နေတာ မလား...
ပြီးတော့ သူ ဝတ်ထားတဲ့ အင်္ကျီက တကယ်ပဲ... ကျောင်းဝတ်စုံလိုမျိုး...
“တစ်ဖနီလား...”
“ငါ့ကို ကျောင်းသူ တစ်ဖနီ မဟုတ်ရင် ကျောင်းသားသမဂ္ဂ စည်းကမ်းထိန်းသိမ်းရေးဌာနရဲ့ ဥက္ကဋ္ဌလို့ခေါ်...” တစ်ဖနီက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ “ငါတို့က ကျောင်းထဲမှာဆိုတာကို မမေ့နဲ့။”
“စည်းကမ်းထိန်းသိမ်းရေးဌာနရဲ့... ဥက္ကဋ္ဌ ဟုတ်လား။” ချန်လွေ့၏ မျက်လုံး ပြူးကျယ်သွားခဲ့သည်။
“အဲဒီ ဟန်ဆောင်တဲ့ ရူးကြောင်ကြောင် ပုံစံက ရွံစရာ ကောင်းတယ်။” တစ်ဖနီ၏ အမူအရာမှာ အထူးသဖြင့် ရွံရှာနေ၏။ “ငါ နင့်ကို ပြောချင်တာ တစ်ခုပဲ ရှိတယ်။ ငါက မိသားစုကြောင့် နင်နဲ့ လက်ထပ်စာချုပ် လုပ်ဖို့ အတင်းအကျပ် ဖိအားပေး ခံရပေမယ့် သေချာပေါက် အောင်မြင်မှာ မဟုတ်ဘူး။ ငါ နင့်လို ရွံစရာလူကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး။ စောင့်ကြည့်နေလိုက်။”
ရွံစရာလူ၊ မိသားစု ဟုတ်လား။ ဒါက ဘယ်လို ရူးကြောင်ကြောင် အရာတွေလဲ။ ချန်လွေ့ ခဏတာ မှင်တက်သွားပြီး လူများ အဆက်မပြတ် ဖြတ်သွားနေသော အဆောက်အအုံရှေ့တွင် ရှိနေသည်ကို သိသွားသည်။ ပုံစံအရဆိုရင် ဒါက... ပညာရေးနဲ့ဆိုင်တဲ့ အဆောက်အအုံတစ်ခု ဖြစ်လောက်တယ်။
ချန်လွေ့ ငေးငိုင်နေစဉ်မှာပင် တစ်ဖနီ ထွက်ခွာသွားပြီ ဖြစ်သည်။
“စိတ်ဝင်စားစရာပဲ။” ချန်လွေ့က ပင့်သက် ရှိုက်လိုက်ပြီး တည်ငြိမ်မှုကို ပြန်လည် ရယူလိုက်သည်။ ဒါက ဘယ်လို လောကမျိုးလဲ။ တစ်ဖနီရဲ့ သရုပ်က တကယ်ပဲ စည်းကမ်းထိန်းသိမ်းရေးဌာန ဖြစ်နေတယ်။
ဒါက အလူစီယာက ဖန်တီးထားခဲ့တဲ့ ပုံရိပ်ယောင်ဆိုတာ အသေအချာပဲ။
အသေအချာပင် ထိုပုံရိပ်ယောင်ကို ဖန်တီးခဲ့သူမှာ အလွန်အားကောင်းသည်။ အနည်းဆုံးတော့ စိတ်ဝိညာဉ်အရဆိုလျှင် သူက ချန်လွေ့ကို ကျော်လွန်သွားပြီး စိတ်ဝိညာဉ်ကို လုံးဝ ချုပ်နှောင်ခဲ့သည်။ သူက အတွေးလှောင်အိမ် တစ်ခုကဲ့သို့ အခြားအသိစိတ်များ မထုတ်လုပ်နိုင်၍ စူပါစနစ်သို့ မဝင်ရောက်နိုင်ခဲ့၊ စွမ်းရည်ကို အသက်မသွင်းနိုင်ခဲ့ပေ။
ထိုအချက်မှ မြင်တွေ့နိုင်သည်မှာ အလူစီယာ၏ စွမ်းအားက အနည်းဆုံး စိတ်ဝိညာဉ်ပိုင်း၌ စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေပြီ ဖြစ်သော်လည်း ‘ရှေ့ဖြစ်ဟော’ဟု ဆိုသူသည်ပင် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို သိမည် မဟုတ်ပေ။
စူပါစနစ်၏ မိုဘိုင်းဖုန်း၊ နောက်ပိုင်း ပေါ်လာသော ထိုဇာတ်ကောင်များ အပါအဝင် ၎င်းတို့မှာ သူ၏ စိတ်ထဲမှ ရောင်ပြန်ဟပ်မှု တစ်ခုခုအရ ပုံရိပ်ယောင် အလိုလို ထုတ်လုပ်ခြင်း ဖြစ်နိုင်သည်။
မည်သို့ပင် ဆိုစေကာမူ ချန်လွေ့သည် ထိုပုံရိပ်ယောင်ထဲ ပိတ်မိနေပြီး ဖြစ်၏။ သို့သော် ထိုပုံရိပ်ယောင်က မည်မျှပင် တောက်ပစေကာမူ ၎င်းမှာ ပြိုင်စံရှား မဟုတ်ပေ။ ချန်လွေ့က စူပါစနစ်၏ [စိတ်သန့်စင်ခြင်း]ကို ကြုံတွေ့ခဲ့ဖူးပြီး အသူရာ ကဲ့သို့သော ‘အတွင်းနတ်ဆိုး’ကို အနိုင်ယူခဲ့ဖူးရာ သူသည် ထိုသို့သော စိတ်တိုက်ပွဲနှင့် မစိမ်းတော့ပေ။ သူက ချို့ယွင်းချက် တစ်ခုကို ရှာတွေ့သ၍ အချုပ်အနှောင်များကို ချိုးဖျက်နိုင်ပြီး အသိစိတ်ကို အမှန်တကယ် ပြန်လည် ရရှိစေနိုင်သည်။ ထိုမတိုင်ခင်တွင် သူက ခိုင်မာသော စိတ်စွမ်းအားကို ထိန်းသိမ်း ထားရမည် ဖြစ်ပြီး ပုံရိပ်ယောင်ကြောင့် စိတ်ရှုပ်ထွေးသွားခြင်း မဖြစ်ရပေ။
“ဒီပုံရိပ်ယောင်ထဲမှာ ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ အရာတွေ ရှိမရှိဆိုတာကို ကြည့်ကြတာပေါ့။ ဒါက ဇာတ်လမ်းနှစ်ခု ချိတ်တဲ့ ဝတ္ထုတစ်ပုဒ်နဲ့ တူတာပဲ။” ချန်လွေ့က သူ၏စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးကို လွှတ်ချလိုက်ပြီး ရှေ့သို့ အေးအေးဆေးဆေး လျှောက်သွားခဲ့သည်။
“ချန်လွေ့။ နင် ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ အစ်ကိုတွေ အားလုံး နင့်ကို စောင့်နေကြတယ်။” နောက်ထပ် ရင်းနှီးသော အသံတစ်ခု ထွက်လာခဲ့သည်။ ချန်လွေ့ နောက်ပြန် လှည့်ကြည့်လိုက်ရာ ငွေရောင်ဆံပင်ရှည်၊ မျက်လုံးကျဉ်းကျဉ်း ရှိသော ကျောင်းသူပုံစံ ဝတ်ထားသည့် နောက်ထပ် မိန်းမလှတစ်ဦး ရှိနေသည်။ မျက်လုံး တစ်လုံးက ငွေရောင် ဖြစ်ပြီး နောက်တစ်လုံးမှာ အနီရောင် ဖြစ်၏။
“ဂေဘရီရယ်လား...” ချန်လွေ့က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း တုန်လှုပ်သွားခဲ့သေးသည်။
“နင် ငါ့ကို ဘာလို့ တီဇန်နီယာလို့ မခေါ်တော့တာလဲ။” ဂေဘရီရယ်က မျက်နှာ နီရဲသွားသည်။ ချန်လွေ့က ထိုကဲ့သို့ ရှက်ရွံ့ပြီး ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို မယုံကြည်နိုင်ခဲ့ပေ။ သူက ဂေဘရီရယ်ရော ဟုတ်သေးရဲ့လား။ ဒါက ဂေဘရီရယ်ပုံစံ ပြောင်းလဲထားတဲ့ ခီရာ ဒါမှမဟုတ် အစ်ဇဘယ်လာ ဖြစ်မယ်။
“သွားကြမယ်။ အစ်ကိုနဲ့ တခြားသူတွေ ဘတ်စကက်ဘောကွင်းမှာ စောင့်နေတာ။ နင် တစ်ယောက်ပဲ လိုတော့တယ်။” ဂေဘရီရယ်က ချန်လွေ့၏ လက်ကို ကိုင်လိုက်ပြီး လှေကားအောက်သို့ အမြန် ဆင်းသွားခဲ့သည်။
ချန်လွေ့ ထင်ထားသည့်အတိုင်း ၎င်းမှာ တက္ကသိုလ်ကျောင်းဝင်းတစ်ခု၏ မြင်ကွင်း ဖြစ်သည်။ ဖြတ်သန်း သွားလာနေသော မျက်နှာ အများစုမှာ နိုင်ငံခြားသားများ ဖြစ်နေရုံမှလွှဲ၍ပင်။
ပရိသတ်များက ဘတ်စကက်ဘော ကွင်းအပြင်ပတ်လည်တွင် စုဝေးနေသည်။ ချန်လွေ့က ကွင်းပြင်ပေါ်မှ အရင်းနှီးဆုံး မျက်နှာ နှစ်ခုကို တစ်ကြိမ်တည်းဖြင့် မြင်လိုက်ရသည်။ ပါ့ဂ်လီအိုနှင့် ရိုမန်!
ဒီကောင် နှစ်ကောင်က တကယ်ပဲ ဘတ်စကက်ဘော ကစားနေကြတာပဲ။ စိတ်ရောင်ပြန်ဟပ်မှု၏ ပုံရိပ်ယောင်တွင် သူနှင့် ပို၍ရင်းနှီးသော ပုဂ္ဂိုလ်ဖြစ်လေ၊ ပုံရိပ်ယောင်ကို ချိုးဖျက်ရန် ဟာကွက် တစ်ခုကို ရှာဖွေရန် ပို၍ လွယ်ကူလေ ဖြစ်သောကြောင့် ချန်လွေ့ ထိတ်လန့်ခြင်း မရှိခဲ့ပေ။ ပြီးတော့ ‘ဇာတ်ညွှန်း’အရဆိုရင် ဒီနှစ်ယောက်နဲ့ အတူ ဘတ်စကက်ဘော ကစားရတာက အတွေ့အကြုံ တစ်မျိုးပဲ။
ချန်လွေ့ ချက်ချင်းပင် အရှေ့သို့ ခြေလှမ်း တိုးလိုက်သည်။ “မင်းတို့ နှစ်ယောက်...”
“အခုမှ အသနားခံဖို့ အရမ်းကို နောက်ကျသွားပြီ။” ပါ့ဂ်လီအိုက သူ့ကို လှောင်ရယ်လျက် ကြည့်လိုက်သည်။
ချန်လွေ့ ထိတ်လန့်သွားသည်။ ဒီပုံစံက နည်းနည်း လွတ်နေသလိုပဲ...
ရိုမန်က သုံးမှတ်မျဉ်း အပြင်ဘက်မှ ခုန်တက်လိုက်ရာ ဘတ်စကက်ဘောက လှပသော အခုံးပုံစံတစ်ခု အတိုင်း သွားပြီး ပိုက်ကွန်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက်တွင် သူ ချန်လွေ့အား မထီမဲ့မြင် အကြည့်တစ်ခု ကြည့်လိုက်သည်။ “တကယ်လို့ မင်း အရှုံးပေးမယ်ဆိုရင် ဒီနေ့ ပြိုင်ဖို့အတွက် မလိုအပ်တော့ဘူး။ ဒီနေ့ကစပြီး အသီနာနဲ့ ဝေးဝေးနေ။”
“အသီနာလား...” ချန်လွေ့ ထိတ်လန့် သွားခဲ့သည်။ ဒါက အဓိပ္ပာယ်မရှိတာပဲ။
နောက်ထပ် အရပ်ရှည်ရှည် အမျိုးသား တစ်ဦးက ကွင်းပြင်ပေါ်သို့ ရောက်လာပြီး ပါ့ဂ်လီအိုထံမှ ပေးပို့မှုကို ရယူကာ သုံးစက္ကန့်ဧရိယာ အပြင်ဘက်မှ ပါးနပ်စွာ တစ်ဝက် ပစ်ချက်တစ်ခု ထိမှန်သွားခဲ့၏။
“မိုးရီလား...” ၎င်းမှာ ပုံရိပ်ယောင် တစ်ခုဖြစ်ကြောင်း သိလျှင်ပင် ချန်လွေ့ ထိုမျက်နှာကို မြင်လိုက်ရာ သူ၏စိတ်က တုန်လှုပ်နေဆဲ ဖြစ်သည်။
“ငါ မင်းကို သိလို့လား။” မိုးရီက သူ့အား မထီမဲ့မြင်နှင့် ကြောင်တောင်တောင် ကြည့်လိုက်သည်။
“ချန်လွေ့၊ သွေးပူ လာလုပ်တော့လေ။ ခဏနေ စတော့မှာ။” နောက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။ ချန်လွေ့က အခြားကွင်းတစ်ဝက်သို့ ကြည့်လိုက်ရာ တစ်စုံတစ်ယောက် သူ့ကို လက်ဝှေ့ယမ်း ပြနေသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ မိုက်ကယ်ပင်။
ထို့ပြင် ဘေးနားတွင် ရာဖယ်ရယ် ရှိနေ၏။
ချန်လွေ့က သူ၏ ဘေးနားတွင် လျှောက်လှမ်းနေသော ဂေဘရီရယ်ကို ကြည့်လိုက်သည်။ သူက မိုက်ကယ်နှင့် ရာဖယ်ရယ်ကို စိတ်အနှောင့်အယှက် ဖြစ်လျက် လက်ညှိုး ထိုးပြလိုက်သည်။ “သူတို့က မင်းရဲ့... အစ်ကိုတွေလား။”
“မိုက်ကယ်က ငါ့အစ်ကို။ ပြီးတော့ ရာဖယ်ရယ်က ငါ့အစ်ကိုရဲ့ အတန်းဖော်။ ဒီနေ့ နင် ဘာတွေ ဖြစ်နေတာလဲ။” ဂေဘရီရယ်က ချန်လွေ့၏ နဖူးကို စိုးရိမ်တကြီး ထိလိုက်၏။ “တော်သေးလို့ ဖျားမနေဘူးပဲ။ သွားကြမယ်။”
“ချီးပဲ!” ချန်လွေ့က လက်သီးကို ဆုပ်ကိုင်လိုက်သည်။ သောက် အလူစီယာ၊ ဒါက ဘယ်လို ရူးကြောင်ကြောင် ဇာတ်ညွှန်းမျိုးလဲ...