သုံးခုထဲက တစ်ခုရွေး
Vol. 77 Ch. 1198
အလူစီယာ၏ စကားကြောင့် ချန်လွေ့ ၁၀စက္ကန့်ကြာ မှင်တက်သွားခဲ့ပြီး ခဏ အကြာတွင် တည်ငြိမ်မှု ပြန်ရသွားသည်။ သူက မျက်မှောင်ကြုတ်လိုက်၏။ “ဆာ-အလူစီယာ၊ မဟုတ်ဘူး၊ ‘ကျောင်းအုပ်ကြီး’ အလူစီယာလို့ ခေါ်ရမယ် ထင်တယ်။ ဒါကို တကယ် မမျှော်လင့်ထားခဲ့ဘူး...”
သူ၏ အရှေ့မှ အလူစီယာသည် အမှန်တကယ် စိတ်ကူးယဉ် ဇာတ်ကောင် တစ်ယောက် မဟုတ်ဘဲ မူလအသိစိတ်နှင့် အစစ်အမှန် ‘မူရင်း’တစ်ဦးပင်။
အကယ်၍ ထိုလောကကို ပြောင်းပြန် ပုံရိပ်ယောင် တစ်ခုနှင့် နှိုင်းယှဉ်ခဲ့ပါက ချန်လွေ့နှင့် သူ၏ရှေ့မှ အလူစီယာတို့သာ ပုံမှန်အဖြစ် သတ်မှတ်နိုင်၏။
ဒါက အလူစီယာရဲ့ ကိုယ်ပိုင်အသိစိတ် ဖြစ်နိုင်တယ်။ သူက ‘ဆုံမှတ်’ လား။
“ပထမဆုံး အနေနဲ့ ပြောချင်တာက ဒီလောကက မင်းထင်တာနဲ့ နည်းနည်း ကွဲပြားတယ် ဆိုတာပဲ။” အလူစီယာက အနည်းငယ် ပြုံးလိုက်သည်။
“ဟုတ်တာပေါ့။ မတူဘူး။” ချန်လွေ့ လှောင်ရယ်လိုက်သည်။ “ခင်ဗျားက ဒီလို ပြောင်းပြန် ပုံရိပ်ယောင်ကို ဖန်တီးခဲ့တာ ကျုပ်ရဲ့ အာရုံခံစားမှုနဲ့ ဆုံးဖြတ်ချက်ကို နှောင့်ယှက်ဖို့ စိတ်ခံစားမှု တစ်မျိုးမျိုးကို အသုံးချဖို့ သက်သက်ပဲ။ ဒါက တကယ်ပဲ နည်းနည်း ထိရောက်တယ် ဆိုတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ ဒီသက်ရောက်မှုက ရေရှည်မခံတာကို နားလည်သင့်တယ်။”
အလူစီယာက တဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်၊ “တခြား ဘာမှ မပြောရအောင်။ အရေးအကြီးဆုံး အချက် တစ်ချက်ကို မင်း မှားနေတယ်။ ဒါက ပုံရိပ်ယောင်တစ်ခု မဟုတ်ဘူး၊ ဒါပေမဲ့ စစ်မှန်တဲ့ တည်ရှိမှု တစ်ခုပဲ။”
“စစ်မှန်တဲ့ လောက ဟုတ်လား။ ခင်ဗျား ကျုပ်ကို နောက်နေတာလား။” ချန်လွေ့ ထိုင်ချလိုက်သည်။ “ကျုပ်ရဲ့ လက်ရှိခန္ဓာက စိတ်လှည့်တောအုပ်ထဲမှာ ရှိနေလောက်တုန်းပဲ။ ကျုပ် ခင်ဗျားရဲ့ စိတ်စွမ်းအားနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရပ်က ကျုပ် စိတ်ကူးနိုင်တာထက် ကျော်လွန်တယ် ဆိုတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ ဒီပုံရိပ်ယောင်က ကျုပ်ကို အချိန် အကြာကြီး ရှုပ်ထွေးစေမှာ မဟုတ်ဘူး။”
“မင်း အရင်က မှန်ထဲကို ကြည့်ဖူးတယ် ဟုတ်လား။” အလူစီယာက သူ့ကိုယ်သူ ပြောလိုက်သည်။ “မှန်က မင်းနဲ့ အပြိုင် ဖြစ်နေတယ်။ မင်း မှန်ထဲကို ကြည့်ရင် မှန်ထဲက လူတွေကလည်း မင်းကို ကြည့်နေကြတယ်။ တကယ်လို့ မင်းက ရှုထောင့်ကို ပြောင်းလဲလိုက်မယ် ဆိုရင် မှန်အတွက်တော့ မင်းက ရောင်ပြန် တစ်ခုပဲ။ ဒီလောကကလည်း အတူတူပဲ။ အရာတွေ အများကြီး မင်းရဲ့ သိမြင်မှုနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ ဒါပေမဲ့ လုံးဝ ပြောင်းပြန် ဖြစ်နေတာတော့ မဟုတ်ဘူး။ ‘ရောင်ပြန်ဟပ်မှု’အပြင်ကို ‘အလင်းယိုင်’ တာလည်း ရှိနေသေးတယ်။ မင်း ဒါကို ဒီလိုမျိုး နားလည်နိုင်တယ်...”
“မူလ လောကနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အပြိုင်လောက တစ်ခုလား။” ချန်လွေ့က လှောင်ရယ်လိုက်သည်။ “ခင်ဗျား ကျုပ်ကို ပြောနေတာက ဒီ ‘စစ်မှန်တဲ့’ လောက အတွက် ကျုပ်က ပုံရိပ်ယောင် ဖြစ်နေတာပေါ့။ ကျုပ် ခင်ဗျားနဲ့ ဒီလို ဝိရောဓိဖြစ်တဲ့ ငြင်းခုံမှုကို လေ့လာဖို့ အချိန် မရှိနေဘူး။”
“မင်း ဒီနေရာကို မှန်ရောင်ပြန်ဟပ်မှုလို စစ်မှန်တဲ့ လောက တစ်ခုအဖြစ် နားလည် ထားတယ်ဆိုတော့ကာ အရင်ဆုံး မင်းရဲ့ ကိုယ်ပိုင်ပုံစံကို ရှာဖွေ ဖော်ထုတ်ရမယ်။ မင်းက စစ်မှန်တဲ့ ကိုယ်ပိုင်မဟုတ်သလို ပြီးပြည့်စုံတဲ့ ပုံရိပ်ယောင် တစ်ခုလည်း မဟုတ်ဘူး။ လက်တွေ့နဲ့ ပုံရိပ်ယောင် အကြားက နေရာ တစ်ခုခုမှာပဲ။” အလူစီယာ တည်ငြိမ်စွာ ပြောလိုက်၏။
“ဒါဆိုရင် ဒီလောကမှာ မူလ ‘ကျုပ်’က ဘယ်လို တည်ရှိမှုမျိုးလဲ။ မှန်ထဲက ယောက်ျားလား။” ချန်လွေ့က သရော်ပြုံး ပြုံးနေဆဲပင်။ “ဒီရွံစရာလူ အပြင်အဆင် တကယ်ပဲ ထူးဆန်းတယ်။ တကယ်လို့ ဒါက ကျုပ်ရဲ့ စိတ်ကို နှောင့်ယှက်ဖို့ သက်သက်ပဲ ဆိုရင်တော့ ခင်ဗျား ကျုပ်ကို အရမ်း အထင်သေးလွန်းနေပြီ။ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ပြောပြ။”
“လူတွေရဲ့ စိတ်ထဲမှာ အမှောင်ခြမ်း တစ်ခု ရှိကြတယ်။ သူက မင်းရဲ့ အမှောင် အပိုင်း ဖြစ်နိုင်တယ်။” အလူစီယာက ကော်ဖီတစ်ငုံ သောက်လိုက်သည်။ “ငါ့ရဲ့ ရည်ရွယ်ချက်ကတော့ ခုနက ပြောခဲ့တဲ့ စကားလုံးပဲ။ ‘တည်ရှိမှု’။ ဒါပဲ။”
“တည်ရှိမှု ဟုတ်လား။” ချန်လွေ့က တည်ငြိမ်စွာ ပြန်မေးလိုက်သော်လည်း စိတ်ထဲတွင် လျင်မြန်စွာ တွေးတော နေခဲ့သည်။
“ငါ ပြောခဲ့ပြီးပြီ။ ဒီလောကမှာ ရောင်ပြန်ဟပ်တာနဲ့ အလင်းယိုင်တာတွေ ရှိတယ်။ ပြီးတော့ ဒါက ‘ပြောင်းပြန်’ပဲ ဖြစ်နေတဲ့ လောကတစ်ခု မဟုတ်ဘူး။ ဒါတွေက အဓိကသော့ချက် မဟုတ်ဘူး။ သော့ချက်က မင်းရဲ့ တည်ရှိမှုပဲ။ မင်း အခုက လက်တွေ့နဲ့ ပုံရိပ်ယောင်ကြားက ‘တည်ရှိမှု’ပဲ။ ဆိုလိုတာက အပြိုင်လောက နှစ်ခုထဲမှာ မင်းရဲ့ လက်ရှိရွေးချယ်မှုက အနာဂတ် တည်ရှိမှုနဲ့ ဆက်စပ်နေမယ်။ မင်း ဒီလောကထဲက ထွက်သွားပြီးတော့ တကယ့်လက်တွေ့ဆီ ပြန်သွားနိုင်တာ ဖြစ်နိုင်တယ်။ မူလ လောကကနေ လုံးဝ သွေဖည်သွားပြီးတော့ ဒီလောကထဲကို အမှန်တကယ် ပေါင်းစည်းသွားတာလည်း ဖြစ်နိုင်တယ်။”
“ရွေးချယ်မှု ဟုတ်လား။” ချန်လွေ့ ထိုတစ်ကြိမ် သံသယများကို မဖုံးကွယ် ထားခဲ့ပေ။
“ဒီမှာ နတ်ဘုရား-ယောင် ဒါမှမဟုတ် နတ်ဘုရားတစ်ပိုင်းအဆင့် မရှိဘူး။ မင်း စည်းမျဉ်းတွေ အပြင်ဘက်က ဘယ်လို စွမ်းအားကိုမှ မသုံးနိုင်ဘူး။ ထွက်သွား ချင်တယ်ဆိုရင် ဒီလောကရဲ့ စည်းမျဉ်းကို လိုက်နာရမယ်။ ဟုတ်တယ်။ မင်းရှာနေတဲ့ အရာ၊ ‘ဆုံမှတ်’ဆိုတဲ့ အရာအကြောင်း မင်းကို အခု ပြောပြလို့ရတယ်။ မင်းမှာ ရွေးချယ်စရာ ၃ခု ရှိမယ်။ မှန်ကန်တဲ့ တစ်ခုကို ရွေးချယ်ခဲ့ရင် ဒီနေရာကနေ ထွက်သွားနိုင်ပြီး လိုချင်တာ ရလိမ့်မယ်။ မှားသွားရင် မင်းရဲ့အရိပ်က ဒီလောကနဲ့ အမှန်တကယ် ထပ်တူကျသွားလိမ့်မယ်။”
ချန်လွေ့က နောက်ဆုံးတွင် ၎င်းကို နားလည်သွားခဲ့လေသည်။ ထိုအရာမှာ ရွေးချယ်စရာ ၃ခုထဲမှ ၁ခုကို ရွေးရမည့် ခေါင်းစဉ်တစ်ခု ဖြစ်သည်။ အကယ်၍ သူက မှန်ကန်သော တစ်ခုကို ရွေးခဲ့ပါက ပုံရိပ်ယောင်မှ လွတ်မြောက်ပေလိမ့်မည်။ အကယ်၍ မှားယွင်းသော တစ်ခုကို ရွေးချယ်ခဲ့လျှင် ထိုနေရာတွင် ထာဝရ ပိတ်မိနေပေလိမ့်မည်။
အလူစီယာက လက် ၃ချောင်းကို ထောင်လိုက်သည်။ “‘ဆုံမှတ်’ ၃ခုထဲက တစ်ခုတည်းကပဲ ထိရောက်မှု ရှိတယ်။ တကယ်တော့ ဒါက လူ ၃ယောက်ပဲ။ မှန်ကန်တဲ့ ဆုံမှတ်ကို ဖျက်ဆီးပစ်လိုက်။ ဒါဆို ပုံရိပ်ယောင်က ဖောက်ထွက်နိုင်ပြီ။ ဒါပေမဲ့ အခွင့်အရေး တစ်ခုပဲ ရှိမယ်။ အဲဒါကြောင့် သေသေချာချာ စဉ်းစားပါ။”
ချန်လွေ့က တည်ငြိမ်နေဆဲ ဖြစ်သည်၊ “ဒါက ထောင်ချောက်တစ်ခု ဟုတ်မဟုတ် ကျုပ် ဘယ်လို သိနိုင်မလဲ။ ၃ခုစလုံးက မှားနေတာ ဖြစ်နိုင်တာပဲ။ ဘယ်တစ်ခုကိုပဲ ရွေးရွေး ကျုပ် ရှုံးနိမ့်မှာပေါ့။”
“ဒါက ထောင်ချောက် ဟုတ်မဟုတ် ဆိုတာကို မင်းဘာသာ ဆုံးဖြတ်ရမယ်။” အလူစီယာ အနည်းငယ် ပြုံးလိုက်သည်။ “ငါ မင်းကို လိမ်စရာ မလိုဘူး။ ဒါက အလောင်းအစား တစ်ခုပဲ။ နောက်ဆုံးမှာ နိုင်မလား၊ ရှုံးမလားဆိုတာ ငါတောင် မသိဘူး။ မင်း အောင်မြင်တာပဲ ဖြစ်ဖြစ်၊ ကျရှုံးတာပဲဖြစ်ဖြစ် ဒါက မင်း ငါ့ကို နောက်ဆုံး တွေ့ရတာ ဖြစ်လိမ့်မယ်။”
နောက်ဆုံး တွေ့ရတာ။ ထိုစကားက ချန်လွေ့အား ထပ်မံ၍ အံ့ဩသွားစေစဉ် အလူစီယာမှာမူ တည်ငြိမ်နေဆဲ ဖြစ်၏။ “မင်းမှာ မေးခွန်းတွေ အများကြီး ရှိတယ် ဆိုတာကို ငါသိတယ်။ ဒီလောကမှာတင် မကဘူး။ အဲဒီလောက မှာလည်းပဲ။ တကယ်လို့ မင်း ဒီနေရာကနေ တကယ် ထွက်ခွာနိုင်ခဲ့ရင် မင်း အဖြေတချို့ကို ရလိမ့်မယ်။ ဒါပေမဲ့ အဲဒီအဖြေမျိုးက အကြွင်းမဲ့၊ စစ်မှန်တာ သို့မဟုတ် ပုံရိပ်ယောင် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဒါက မင်း ကိုယ်တိုင် ရှာဖွေ ဆုံးဖြတ်ရမယ့် ျအပေါ်မှာပဲ မူတည်တယ်။”
ချန်လွေ့ စဉ်းစားနေစဉ်မှာပင် သူက အလူစီယာထံမှ ‘ဆုံမှတ်’ လူ(၃)ဦး၏ အမည်များကို ကြားလိုက်ရသည်။ သူက အံ့ဩသော အမူအရာမျိုး ပြသခဲ့၏။
ခဏလေး အတွင်းမှာပင် ချန်လွေ့ တိတ်ဆိတ်သွားခဲ့သည်။ သူ ကျောင်းအုပ် ရုံးခန်းမှ မည်သို့ ထွက်ခွာခဲ့သည်ကို လုံးဝ နီးပါး မမှတ်မိနိုင်တော့ပေ။
ချန်လွေ့က ကျောင်းအုပ်ကြီး၏ ရုံးခန်း အဆောက်အအုံမှ ဆင်းလာသည်ကို မြင်သောအခါ ကိုဗက်စ်က လူစီအိုအား ကားတံခါးကို အမြန်ဖွင့်ရန် ပြောခဲ့သည်။
ချန်လွေ့က ကားထဲသို့ ဝင်လိုက်ပြီး ကျောင်း အပြင်ဘက် တစ်နေရာရာမှ စံအိမ်ဆီသို့ ပြန်သွားခဲ့သည်။
ထိုစံအိမ်၏ အသွင်အပြင် ဖြစ်စေ၊ အတွင်းပိုင်းဖြစ်စေ တန်ဖိုးကြီးလှသည်။ ထို့အပြင် ငယ်ရွယ်ပြီး လှပသော အိမ်ဖော် များစွာလည်း ရှိနေသည်။
“မင်းက မယ်ဒူဆာ...” ချန်လွေ့က အိမ်ဖော်များထဲမှ တစ်ဦး၏ မျက်နှာကို မြင်ရာတွင် မှင်တက်သွားခဲ့သည်။
“ကျွန်မက လန်လီဇာပါ၊ မယ်ဒူဆာ မဟုတ်ပါဘူး။” အိမ်ဖော်က ရှက်ရွံ့မှုကို ပြသခဲ့သည်။ “သခင်လေး ကျွန်မနဲ့အတူ ရေချိုးချင်လို့လား။”
လန်လီဇာက ငှက်တောင်ဖြူနယ်မြေမှ အမှောင်လထံ အညံ့ခံခဲ့သော မယ်ဒူဆာ မျိုးနွယ်စု ခေါင်းဆောင် ဖြစ်၏။ ချန်လွေ့ ခေါင်းခါလိုက်သည်။ “မလိုဘူး။”
လန်လီဇာ၏ မျက်လုံးထဲ စိတ်ပျက်မှု လက်ခနဲ ဖြစ်သွားသည်။ “သခင်လေး၊ အရင်ဆုံး ရေချိုးလိုက်ပါ။ ရေနွေး အသင့် ဖြစ်နေပါပြီ။”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ သူက ခမ်းနားထည်ဝါသော ရေချိုးခန်းကြီးထဲသို့ လျှောက်သွားခဲ့ပြီးနောက် ရေနွေးငွေ့ ထနေသော ရေကန်ငယ်လေး အထဲတွင် နှစ်လိုက်ပြီး အတွေး နက်နက်ထဲသို့ ကျရောက်သွားတော့သည်။
အလူစီယာ ပြောခဲ့သော မှန်လောကမှာ စစ်မှန်သည်ဖြစ်စေ၊ မစစ်မှန်သည်ဖြစ်စေ တစ်ခုခုက သေချာပေသည်။ ချန်လွေ့က ယခုအခါ ထိုနေရာတွင် ပိတ်လှောင်ခြင်း ခံထားရပြီး စွမ်းအား အသုံးပြုနိုင်ခြင်း မရှိသလို စူပါစနစ်ကိုလည်း မဆင့်ခေါ် နိုင်ပေ။ ပုံရိပ်ယောင်မှ ဖောက်ထွက်ရန် စည်းမျဉ်းများကို ဖျက်ဆီးပစ်ရန်အတွက် ရှိနှင့်ပြီးသား စည်းမျဉ်းကိုသာ အသုံးပြု နိုင်ပေသည်။
ဆုံမှတ်တွေ!
ကျောင်းအုပ်ရုံးခန်းတွင် အလူစီယာမှ ပြောခဲ့သော ‘သော့ချက်ပုဂ္ဂိုလ်’ (၃)ဦးမှာ ချန်လွေ့၊ အလူစီယာနှင့် အသီနာတို့ ဖြစ်ကြသည်။
ချန်လွေ့က အလူစီယာမှာ ဆုံမှတ် ဖြစ်နိုင်သည်ဟု ကြိုတင် ခန့်မှန်းခဲ့သည်။ တစ်ချိန်တည်းမှာပင် ချန်လွေ့ကိုယ်တိုင် ဆုံမှတ်ဖြစ်ခြင်းမှာ ထင်ထားသည်ထက် ကျော်လွန်သည် မဟုတ်ပေ။ တစ်ခုသော အံ့အားသင့်စရာမှာ အသီနာပင်။
အလူစီယာ၏ ရှင်းပြချက်မှာ သူသည် ချန်လွေ့အား ထို‘အပြိုင်လောက’သို့ ဖြားယောင်းခဲ့သော အဓိကအကြောင်းရင်း ဖြစ်ပြီး မကြာသေးခင်က ‘ကျောင်းဝင်း’ အဖြစ်အပျက်များစွာကို ချိတ်ပေးခဲ့သော သော့ချက်လည်းဖြစ်ရာ ထိုလောကတွင် အသီနာ၏ အခန်းကဏ္ဍက ဆုံမှတ် တစ်ခုလည်း ဖြစ်ပေသည်။
ချန်လွေ့က အလူစီယာ လိမ်နေခြင်း မဟုတ်ကြောင်း ခံစားမိသည်။
ထိုသော့ချက်ပုဂ္ဂိုလ် (၃)ယောက်ထဲမှ တစ်ယောက်က အစစ်အမှန် ဖြစ်ရမယ်။
အလူစီယာ၊ အသီနာ ဒါမှမဟုတ် ငါ့ကိုယ်ငါ သတ်တာက ဒီလောကကနေ ထွက်သွားဖို့ နည်းလမ်းတစ်ခု ဖြစ်ပေမဲ့ ဒါက အများကြီးထဲက တစ်ခု ရွေးရတာပဲ။ အောင်မြင်နိုင်ခြေ သုံးပုံတစ်ပုံ ရှိပေမဲ့ ကျရှုံးနိုင်ခြေ သုံးပုံနှစ်ပုံလည်း ရှိနေသည်။
အဓိကကတော့ ငါ ဘယ်လိုမျိုး ဆုံးဖြတ်မလဲ ဆိုတာပဲ။
ထိုသို့ အတွေးများက ညစာစားချိန် အထိ ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။ ညစာက အလွန်ပင် ထည်ဝါသော်လည်း ချန်လွေ့တွင် စားချင်စိတ် မရှိခဲ့ပေ။
ထိုအခိုက်တွင် ဖုန်းသံ မြည်လာ၏။ ၎င်းမှာ စေတန်ထံမှ ဖြစ်သည်။
“ချန်လွေ့၊ ငါတို့အားလုံး ပျော်ရွှင်ချိန်မှာ ရှိနေတယ်။ ဘာလို့ ခုထိ မလာသေးလဲ။”
သို့မှသာ ချန်လွေ့က ဘတ်စကက်ဘော ကစားပွဲအပြီးတွင် စေတန်က ဂုဏ်ပြုရန် ညပိုင်း တစ်ချိန်စာကို ကြိုတင်၍ မှာထားခဲ့ခြင်းကို သတိရသွားသည်။ သူက ၎င်းကို ငြင်းရန်အတွက် ဆင်ခြေတစ်ခု ပေးရန် စဉ်းစားလိုက်စဉ်မှာပင် စေတန် ထပ်ပြောသည်ကို ကြားလိုက်ရသည်။ “တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်း စွန့်ပစ်ခဲ့တဲ့ အနုပညာဌာနက ကောင်မလေးကို ကောင်လေး နှစ်ယောက်က နှောင့်ယှက် နေတာကို ငါတို့ တွေ့လိုက်ရတယ်။ ဒါနဲ့ အဲဒီကောင်မလေး နာမည်က ဘယ်သူ။ ခီရာလား...”
“ခီရာ!” ချန်လွေ့၏ မျက်ခွံများ တွန့်သွားခဲ့သည်။ သူက ငါ ကစားလို့ ငြီးငွေ့သွားတဲ့ အနုပညာ ဌာနက ကောင်မလေးလား။ တကယ်လို့သာ ကဝေမလေးက ဒီအကြောင်း သိသွားခဲ့ရင် သူ ငါ့ကို သင်းကွပ်ရင်တောင် အံ့ဩစရာ မဟုတ်ဘူး။
“သူကို ချက်ချင်း ကူညီလိုက်။ ငါ အခုပဲ လာခဲ့မယ်!”
စေတန်က သဘောမတူဘဲ ပြောသည်။ “မင်း အဲဒီကောင်မလေးကို စွန့်ပစ်ခဲ့တာ မဟုတ်ဘူးလား။ ငါ မှတ်မိသလောက်ဆို အဲဒီကောင်မလေး အဲဒီတုန်းက လွှတ်ချဖို့ ဆန္ဒမရှိခဲ့ဘူး... တကယ်လို့ မင်း သူ့ကို ပြန်ယူဖို့ စီစဉ်နေတာ မဟုတ်ရင် ငါတို့ ပျော်စရာ ကြည့်ချင်တယ်။”
ချန်လွေ့ အံကြိတ်ပြီး နောက်ဆုံးတွင် ရွံစရာ အကောင်းဆုံး စကားလုံးများကို ပြောလိုက်သည်။ “သူ့ကို ပြန်ယူဖို့ကို မေ့ထားလိုက်ပါ. ဒါပေမဲ့ ငါ လွှင့်ပစ်ခဲ့တဲ့ အရာတွေကို ဘယ်သူမှ ကောက်ယူခွင့် မရှိဘူး။”
စေတန် နေရာတွင် အသံကျယ်ကျယ် ရယ်လိုက်သည်။ သူ သဘောတူသည်မှာ အသေအချာပင်။ “မင်း ပြောတာကို ငါ သဘောကျတယ်။ ကောင်းပြီ။ ဒီကိစ္စကို ငါ တာဝန်ယူလိုက်မယ်။ မြန်မြန်လာခဲ့။”
ချန်လွေ့က သူ၏နဖူးမှ ချွေးစေးများကို သုတ်လိုက်ပြီး လူစီအိုအား ကားပြင်ရန် အမိန့်ပေးခဲ့သည်။
ခဏအကြာ ကားက ‘ပျော်ရွှင်ချိန်’သို့ ရောက်ရှိလာခဲ့ပြီး ၎င်းမှာ အဆင့်မြင့် နိုက်ကလပ်ကြီး တစ်ခု ဖြစ်၏။ ချန်လွေ့ ရောက်ရှိရာ စေတန်က ခီရာ၏ ပြဿနာများကို ဖြေရှင်းပြီး ဖြစ်ကာ မိုက်ကယ်နှင့် အခြားသူများနှင့်အတူ ဇိမ်ခံ ကေတီဗီ အခန်းတစ်ခန်း ငှားရမ်း၍ သောက်နေခဲ့သည်။
ချန်လွေ့ ရောက်ရှိလာသည်ကို မြင်ရာ စေတန်က ရယ်နေလိုက်သည်။ “မင်း နောက်ကျတယ်။ အပြစ်ဒဏ် အနေနဲ့ သောက်ရမယ်။”
ချန်လွေ့က ထောင့်တွင် ခေါင်းကိုငုံ့၍ တိတ်ဆိတ်စွာ ထိုင်နေသော ခီရာကို တွေ့လိုက်ရသည်။ သူက ဖိုက်သွန်ထံမှ ဝိုင်ကို ယူပြီး ၎င်းကို တစ်ကျိုက်တည်း မော့လိုက်၏။ လူတိုင်းက အချင်းချင်း အလျင်အမြန် နှုတ်ဆက်လိုက်ကြသည်။
ချန်လွေ့ ဖိုက်သွန်အား မေးလိုက်သည်။ “သူ့မှာ ဘာပြဿနာတွေ ရှိနေတာလဲ။”
“ဟွန့်!” ဖိုက်သွန်က သူ့ကို လျစ်လျူရှု နေလိုက်သည်။
စေတန်က ဂရုမစိုက်ဘဲ ပြုံးလိုက်သည်။ “ဟီးဟီး၊ မင်းက သူငယ်ချင်းတွေထက် လိင်ကိစ္စကို ပိုပြီး တန်ဖိုးထားတုန်းပဲ။ မင်း သူ့ကို ကိုယ်တိုင် မေးလိုက်ပါလား။”
ခီရာက တိတ်ဆိတ်စွာ သူ၏ခေါင်းကို ငုံ့ထားဆဲ ဖြစ်သည်။ ဂေဘရီရယ်က ချန်လွေ့အား တိုးတိုးလေး ပြောလိုက်၏။ “သူကို ဒုက္ခပေးတဲ့ သူတွေက ကျောင်းမှာ ခဏခဏ အတိုးကြီး ချေးငှားတတ်တဲ့ လူမိုက် နှစ်ယောက်ပဲ။ လာလာရီယာနဲ့ အိုလီဖီးရက်စ်တို့ပေါ့။ ခီရာက သူ့အမေ ဆေးကုသဖို့အတွက် ပိုက်ဆံ အများကြီး ချေးခဲ့တယ်လို့ အရင်က ကြားဖူးတယ်။ အခု သူ ဒီမှာ အချိန်ပိုင်းဝန်ထမ်း အနေနဲ့ အလုပ်လုပ်နေတယ်။ သူ့ကို အကြွေး တောင်းဖို့အတွက် အဲဒီနှစ်ယောက်က လာရှာတာ။”
လာလာရီယာနဲ့ အိုလီဖီးရက်စ်က အခု အတိုးကြီးချေးငှားသူတွေလား။ အင်းပါ။ ဒီလို အပြင်အဆင်က ပုံစံတချို့နဲ့ နည်းနည်း ကိုက်ညီတယ်။ ဒါပေမဲ့ ခီရာ...
ချန်လွေ့ ခဏ စဉ်းစားလိုက်ပြီးနောက် ခီရာဘေးနားတွင် ထိုင်လိုက်သည်။ ခီရာ အနည်းငယ် တုန်ခါသွားသော်လည်း သူ မလှုပ်ရှားခဲ့ပေ။
ထိုလောကမှ ကဝေမလေးတွင် ချိုများ၊ အတောင်ပံများ၊ အမြီးများ မရှိသော်လည်း ယေဘုယျအားဖြင့် တူညီသော မျက်နှာ ရှိနေသည်။ သူ၏ ခေါင်းကို ငုံ့ထားပြီး တိတ်ဆိတ်နေသော အသွင်အပြင်မှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။
“ဒီနေ့ အောင်ပွဲအတွက် သောက်ကြ!” စေတန်က ဝိုင်ခွက်ကို မြှောက်ကိုင်ပြီး ဦးဆောင်လိုက်၏။ ခီရာမှလွဲ၍ လူတိုင်း ဖန်ခွက်ချင်း တိုက်လိုက်ကြသည်။
ဂုဏ်ပြုပွဲ အလယ်တွင် ချန်လွေ့က ဆင်ခြေတစ်ခုပေးပြီး ခီရာကို အပြင်သို့ ဆွဲထုတ်သွားခဲ့သည်။ ခီရာက ကားထဲသို့ မရောက်မချင်း ရုန်းကန်ခြင်း မရှိခဲ့ပေ။ သူက ခေါင်းကိုသာ ငုံ့ထားခဲ့သည်။
ကားက တဖြည်းဖြည်း မောင်းနှင် သွားခဲ့သည်။ လူစီအိုက အသေအချာပင် အလွန် အလိုက်သိလှပေသည်။ သူက အမြန် မမောင်းနေခဲ့ပေ။
“ခီရာ...” ချန်လွေ့က ရင်းနှီးမှုနှင့် စိမ်းသက်မှု အာရုံကို ခံစားမိလိုက်သည်။ ပို၍ ထူးဆန်းနေသည်မှာ သူကိုယ်တိုင် ဖြစ်သည်။ စကားတစ်ခွန်းမှ မပြောသော ခီရာကို မြင်ရာ သူ သက်ပြင်းချလိုက်၏။ “နင် သူတို့ကို ဘယ်လောက် အကြွေးတင် နေတာလဲ။”
ချန်လွေ့ မည်သည်ကို ဆိုလိုကြောင်း သိသဖြင့် ခီရာက ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးများ နီရဲနေပြီး အကြည့်တွင် လှောင်ပြောင်မှု အရိပ်အယောင် တစ်ခု ရှိနေသည်။ “နင် ငါ့ဆီကနေ တခြား ဘာတွေ လိုချင်နေသေးလဲ။”
ခီရာ၏ မျက်လုံးများကို စိုက်ကြည့်ရင်း ချန်လွေ့က မိခင်အတွက် အမှောင်လသို့ အသက်ကို စွန့်စား၍ ခိုးဝင်ခဲ့သော ကဝေမလေးကို မြင်လိုက်ရသလို ဖြစ်ခဲ့ပြီး ရုတ်တရက် မှင်တက်ကာ သက်ပြင်းချ လိုက်သည်။ “ဘာမှ မလိုချင်ပါဘူး။”
“အနောက်က နေထွက်တော့မှာလား။ နင့်မှာ အသိတရား ရှိသွားတာလား။” ခီရာ အနည်းငယ် အံ့အားသင့် သွားသော်လည်း လှောင်ပြောင်သော အမူအရာ ရှိနေဆဲပင်။
ချန်လွေ့ ခဏတာ တိတ်ဆိတ်သွား ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။ သူက ပြုံးလိုက်၏။ “ငါက ရွံစရာလူ တစ်ယောက် မဟုတ်ဘူးလား။ ငါ့မှာ အသိတရားမရှိဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် နင့်မှာ ဆုံးရှုံးစရာ ဘာမှ မရှိဘူး။ ဒါဆိုရင် နင်ဘာတွေ စိုးရိမ်နေတာလဲ။”
“နင်က ရွံစရာလူ မဟုတ်ဘူးလား။” ခီရာက ပြတင်းပေါက် အပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။ “သူ့အဖေရဲ့ ဆိုင်ကို ဖျက်ဆီးဖို့ လူလွှတ်လိုက်တာ နင် မဟုတ်ဘူးလို့ မပြောနဲ့။ ပြီးတော့ သူ့ရဲ့ အဖေကို ဒဏ်ရာရအောင်လုပ်ဖို့ လူတွေ လွှတ်လိုက်တာ နင် မဟုတ်ဘူးလို့ မပြောနဲ့။”
ချန်လွေ့ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်ရာ လှည်းတစ်စီးကို ဆွဲလျက်၊ ဆိုင်တစ်ဆိုင်နှင့် အနည်းငယ် ခက်ခဲစွာ ရှေ့သို့ လျှောက်လှမ်းနေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။
သူပဲ...
အသီနာ...
ချန်လွေ့က စိတ်ထဲ အရေးအကြီးဆုံး အမည်ကို တိတ်တဆိတ် ဆိုလိုက်သည်။
ကားက ပုံရိပ်ကို အလျင်အမြန်ပင် ဖြတ်ကျော်သွားပြီး ချန်လွေ့ နောက်ပြန် မလှည့်ခဲ့ပေ။
“ငါ ကားပေါ်ကနေ ဆင်းရမလား။” ခီရာက သရော်ပြုံး ပြုံးလိုက်သည်။ “နင့်ရဲ့ ‘ကိစ္စကြီး’ကို မနှောင့်နှေးစေဖို့ပေါ့။”
ချန်လွေ့ ခေါင်းခါလိုက်သည်။ “ငါ့ရဲ့ အရေးအကြီးဆုံးက အခု နင့်အိမ်ကို အန္တရာယ်ကင်းကင်း ပို့ပေးဖို့ပဲ။”
ခီရာက မျက်မှောင်ကြုတ်လိုက်သည်။ “ငါတို့က နင့်ရဲ့စံအိမ်ကို သွားနေကြတာ မဟုတ်ဘူးလား။ နင် ဘာလိုချင်တာလဲ။”
“ငါ စဉ်းစားနေတာက တကယ်လို့ ငါ ဒီလောကထဲကနေ ထွက်သွားခဲ့ရင်...”
“နင် အေးဆေး သေလို့ရတယ်။ လူတွေ အများကြီး ပျော်ကြလိမ့်မယ်။” သူ့စကား မဆုံးခင်မှာပင် ခီရာ ဆက်ပြောလိုက်၏။
“ဒီဆိုးသွမ်းတဲ့ ပါးစပ်က တစ်ယောက်နဲ့ နည်းနည်း တူသလိုပဲ။”
“ဟယ်လင်လား။” ခီရာ၏ မျက်လုံးများ ပိုနီရဲလာသည်။ “သူက ငါ့ထက် အများကြီး ပိုအားကြီးတယ်။ ပြီးတော့ ငါ့လိုမျိုး မမိုက်မဲဘူး...”
အနုပညာဌာနရဲ့ တခြားမိန်းကလေးက ဟယ်လင် ဖြစ်နေတာကိုး... ချန်လွေ့က ရုတ်တရက် နားလည်သွားခဲ့သည်။ ငါ မနှစ်က နာရီတစ်လုံး ဝယ်ခဲ့တယ်။ ဒါက မှန်ထဲက လောကပဲ ဖြစ်ဖြစ်၊ ပုံရိပ်ယောင် တစ်ခုပဲဖြစ်ဖြစ် ဘယ်သူက ဂရုစိုက်လို့လဲ။ နောက်တစ်ခါ ငါ အလူစီယာကို တွေ့ရင် သူ့ကို ခပ်ပြင်းပြင်း တစ်ချက် ထိုးရမယ်။
“ငါ အရေးကြီးတဲ့ အရာတစ်ခုကို စဉ်းစားနေတုန်းပဲ။ ဒါပေမဲ့ အခု ဒါကို အဖြေရှာပြီးသွားပြီ။ ပထမဆုံး အနေနဲ့ ငါ ပြန်ပြီး ရွံစရာလူရဲ့ ကျက်သရေဆောင် လုပ်ရပ်တွေကို စီစစ်ရမယ်... ကျေးဇူး တင်ပါတယ်။ ခီရာ...”
ခီရာက ချန်လွေ့၏ စကားများကို နားမလည်နိုင်ခဲ့သော်လည်း ‘ကျေးဇူးတင်ပါတယ်’ ဟူသော စကားကို ကြားရာ ထွီးခနဲ လုပ်လိုက်၏။
ထို့နောက် သူတို့နှစ်ဦးလုံး တိတ်ဆိတ် သွားကြသည်။ ခဏအကြာ ကားက ချိုင့်ခွက်များကို ဖြတ်သွားပြီး ရိုးရှင်းသော တဲတစ်လုံးသို့ ရောက်လာခဲ့သည်။
ခီရာက ကားတံခါးကို ဖွင့်လိုက်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ ရုတ်တရက် ‘ရွံစရာလူ’၏ အသံက အနောက်မှ ထွက်လာခဲ့သည်။ သို့သော်လည်း ၎င်းက ထူးထူးခြားခြား နူးညံ့နေ၏။
“ခီရာ၊ အားလုံး အဆင်ပြေသွားမှာပါ။”
ခီရာ ရပ်တန့်သွားခဲ့သည်။ သို့သော် သူက နောက်သို့ ပြန်မလှည့်ဘဲ ရှေ့သို့သာ ဆက်လက် လျှောက်သွားနေလိုက်သည်။
“စံအိမ်ကို ပြန်သွားကြမယ်၊ လူစီအို။” ချန်လွေ့က ခီရာ တဲထဲသို့ ဝင်သွားသည်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ကောင်းကင်မှ တောက်ပနေသော လကို မော့ကြည့်လိုက်ပြီး လက ခရမ်းရောင် အဖြစ်သို့ ပြောင်းလဲသွားသည့် အလား ထင်နေရသည်။ သူက ပြုံးလိုက်ပြီးနောက် သူ့ကိုယ်သူ တစ်စုံတစ်ခု ပြောလိုက်သည်။ “အဆင်ပြေသွားမှာပါ။”