ငါက တကယ်ပဲ လူကောင်းပါ
Vol. 77 Ch. 1199
၃ရက်အကြာ နေ့လယ်ခင်းဝယ် -
ကျောင်းဝင်းက စည်ကားနေဆဲ ဖြစ်၏။ ကျောင်းသားများအတွက် အတော်လေး ငြိမ်းချမ်းသော နေ့တစ်နေ့ ဖြစ်သည်။ အကြောင်းမှာ ရွံစရာလူ တစ်ယောက်က အတန်းကို ထပ်ပျက်ခဲ့၍ပင်။
ကျောင်းဆင်းချိန်သို့ ရောက်သည်နှင့် ကျောင်းသားသမဂ္ဂ စည်းကမ်းထိန်းသိမ်းရေးဌာန ခေါင်းဆောင် တစ်ဖနီက ကျောင်းသား သမဂ္ဂရုံးခန်းသို့ သွားတော့မည် ပြင်နေစဉ် မျက်နှာချင်းဆိုင်မှ လျှောက်လာသော ဖိုက်သွန်ကို တွေ့လိုက်ရသည်။
ဖိုက်သွန်ကလည်း ထူးခြားသော မိသားစုမှ ဖြစ်သော်လည်း တစ်ဖနီက သူနှင့် ချန်လွေ့တို့ ‘အုပ်စုတူ’ ဖြစ်သည်ကို သိနေရာ ဖိုက်သွန်အပေါ်မကောင်းသော အထင်အမြင် ရှိခဲ့သည်။ ဆက်ဆံရေးမှာ အလွန်ဆုံး ခေါင်းညိတ်ပြရုံသာ ဖြစ်သည်။
ယခု တစ်ခေါက်တွင် ဖိုက်သွန်က ပုံမှန်အတိုင်း တိတ်ဆိတ် မနေခဲ့ပေ။ ထိုအစား သူက ယူအက်စ်ဘီ ဒရိုက်ဘ် တစ်ခုနှင့် စာရွက်စာတမ်း တစ်ခုကို ကမ်းပေးလိုက်သည်။ “သူက ဒါတွေကို နင့်ဆီ ပေးခိုင်းလိုက်တယ်။”
တစ်ဖနီက တံဆိပ်တုံး ထုနှိပ်ပြီး လက်ဗွေနှိပ်ထားသော စာရွက်စာတမ်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ အမြဲပင် တည်ငြိမ်နေသော သူသည်ပင် ကြက်သေသေသွားခဲ့သည်။
ဖိုက်သွန်က များများစားစား မပြောဘဲ လှည့်ထွက်သွားခဲ့သည်။
တစ်ဖနီ ကျောင်းသားသမဂ္ဂရုံးခန်းသို့ အလျင်အမြန် ဝင်ရောက် သွားခဲ့သည်။ သူ ကွန်ပျူတာကို ဖွင့်ကာ ယူအက်စ်ဘီကို ထိုးထည့်လိုက်သည်။ ထိုထဲတွင် ဗီဒီယိုဖိုင် တစ်ခုတည်းသာ ရှိနေသည်။
အစပိုင်း စာကြောင်း တစ်ကြောင်း ရှိနေ၏။ “ကျွန်တော် ချန်လွေ့ရိုလန်က တစ်ဖနီမန်မွန်နှင့် စေ့စပ်တာကို တရားဝင် ဖျက်သိမ်းပါတယ်...”
တစ်ဖနီက အံ့ဩမှုနှင့် ဝမ်းမြောက်မှုတို့ ရောနှောလျက် နေရာတွင်ပင် နေခဲ့သည်။ သူ ခဏတာ ပြောစရာမဲ့သွားခဲ့သည်။
အခြားနေရာ တစ်ခုတွင် ခီရာလည်း အံ့ဩသော အမူအရာကို ပြသခဲ့သည်။ သူ၏ လက်ထဲတွင် စာတစ်စောင်နှင့် ဘဏ်ကတ်တစ်ခု ရှိနေသည်။
ဆေးရုံတွင် ရှင်းပြ၍ မရနိုင်ဘဲ အထူး ကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ခြင်း ခံလိုက်ရသော ဂျော့ခ်ျဝေးလ်စ်သည်လည်း အံ့ဩနေခဲ့၏။ အထူးသဖြင့် ကုသမှု အားလုံးအတွက် တစ်စုံတစ်ယောက်က ကြိုတင် ငွေပေးချေခဲ့သည်ဟု ပြောခြင်း ခံရပြီးနောက်တွင် ဖြစ်သည်။
အလားတူ မြင်ကွင်းက နေရာများစွာ၌ တစ်ချိန်တည်းတွင် ဖြစ်ပွားနေခဲ့သည်။
သူငယ်တန်းကျောင်း တစ်ခု၌-
ချန်လွေ့က ဖုန်းပြောနေခဲ့လေသည်။ “အင်း။ ကျေးဇူးပါပဲ။ ဖိုက်သွန်။ တခြား အရာတွေ အရေးမကြီးဘူး။ အဓိကက ယုံကြည်တဲ့ လမ်းပေါ်ကို သွားဖို့ပဲ။ အကျိုးဆက် အားလုံးကို ငါကိုယ်တိုင်ပဲ ခံယူမယ်။”
ဖုန်းပေါ်တွင် နောက်ထပ်မေးခွန်းတစ်ခု ရှိနေပြီး ၎င်းမှာ ချန်လွေ့အား အနည်းငယ် ထိတ်လန့်သွားစေပြီး သူ ပြန်ဖြေလိုက်၏၊ “တောင်းပန်ပါတယ်၊ ငါ... ထပ်ပြီးတော့ နောင်တရမရချင်ရုံပါ။”
ဖုန်းပေါ်တွင် အကြာကြီး တိတ်ဆိတ် သွားပြီးမှ သူ ဖုန်းချသွားခဲ့သည်။
ချန်လွေ့ ပင့်သက်ရှိုက်လိုက်ပြီးနောက် မျက်လုံးများကို ရှေ့မှ ကလေးမလေးထံသို့ ပြန်လှည့်လိုက်သည်။ “သော်သော်၊ ဒီလို ဝက်ခေါင်းဘီစကွတ်မျိုး ကြိုက်လား။”
“မေမေက လူစိမ်းတွေဆီက အရာတွေ စားလို့ မရဘူးလို့ ပြောထားတယ်။” ကလေးမလေး၏ ချစ်စရာကောင်းသော အသံက ထိုသို့ ပြောလိုက်သော်လည်း မျက်လုံးဝိုင်းဝိုင်းက ထိုဘီစကွတ်များ အပေါ်တွင် စိုက်ကြည့်နေလေသည်။ လောက မတူသော်လည်း သူက အလွန် ချစ်စရာကောင်းနေဆဲ ဖြစ်သည်။
“သော်သော် ငါတို့က သူငယ်ချင်းတွေ ဖြစ်နေပြီလေ။ အဲဒါကြောင့် လူစိမ်းတွေ မဟုတ်တော့ဘူး။” ချန်လွေ့က သူ၏ ‘သမီး’ခေါင်းပေါ်သို့ ပွတ်သပ်လိုက်ပြီး သတိကြီးကြီး ထားနေသော သူငယ်တန်း ဆရာမများကို ကြည့်လိုက်လေသည်။ ရင်းနှီးသော မျက်နှာ နှစ်ခုလည်း ရှိနေ၏။ တစ်ယောက်မှာ ဗာရိုနီကာ ဖြစ်ပြီး အခြား တစ်ဦးမှာ အမှန်ပင် နဂါးတောင်ကြားမှ မိန်းမလျာ ခါရူ ဖြစ်နေသည်။
ချန်လွေ့က ခါရူအား ပြုံးဖြီးဖြီးနှင့် ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ကျုပ်က တကယ်ပဲ လူကောင်း တစ်ယောက်ပါ။”
ကာရူ - “...”
ချန်လွေ့က ဗာရိုနီကာကို ထပ်မံ ပြုံးပြလိုက်ပြီး သော်သော်အား တိုးတိုး ပြောလိုက်သည်။ “ဘီစကွတ်တွေကို နောက်မှစား။ ငါ သော်သော်နဲ့အတူ မေမေ့ကို ဒီမှာစောင့်မယ်။ ဟုတ်ပြီလား။”
ဗာရိုနီကာနှင့် အခြားသူများက သူသည် ကတ်သရင်းကို အတူတူ စောင့်နေသည်ဟု ကြားရာ ရန်သူကြီးတစ်ဦးကို ရင်ဆိုင် နေရပုံရသော သူတို့က နောက်ဆုံးတွင် သက်ပြင်းချလိုက်ကြသည်။
ခဏအကြာ လှပသော ပုံရိပ်တစ်ခု အမြင်အာရုံတွင် ပေါ်လာခဲ့သည်။
ဒါက အရိပ်နက် အင်ပါယာ တော်ဝင် ဧကရီအရှင်မဆိုတာ အသေအချာပဲ။ အဲ မဟုတ်ဘူး၊ ဒါက ‘ငါ့ရဲ့ လှပတဲ့ဆရာမ’ ပဲ။
“မေမေ!” သော်သော်က ပျော်ရွှင်စွာ အော်ပြောလိုက်သည်။ ချန်လွေ့က သော်သော်ကို ပွေ့ချီလိုက်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။
ချန်လွေ့ကို မြင်ရာကတ်သရင်း၏ မျက်လုံး သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားခဲ့သည်။ “နင် ဘာလို့ ဒီကို ရောက်နေတာလဲ။”
“အပြင်ထွက်ပြီး ပြောကြရအောင်။” ချန်လွေ့က သော်သော်ကို ချီသွားပြီး သူငယ်တန်းကျောင်း အပြင်ဘက်သို့ လျှောက်သွားခဲ့သည်။
ကတ်သရင်းက လက်သီးများကို ဆုပ်ကိုင်လိုက်ပြီး နောက်မှ လိုက်ပါ၍ သွားခဲ့သည်။
‘မိသားစုသုံးယောက်’ ခဏတာ လျှောက်သွားပြီးနောက်တွင် ချန်လွေ့က လူသူ ကင်းမဲ့သော နေရာတစ်ခုတွင် နောက်ဆုံး ရပ်တန့်လိုက်သည်။
“ခင်ဗျား ကားတစ်စီး ဝယ်သင့်တယ်။ သူငယ်တန်းကျောင်းကနေ အိမ်ကို လမ်းလျှောက်ရတာက နီးနီးလေး မဟုတ်ဘူး။ ပြီးတော့ ခင်ဗျားနဲ့အတူ သော်သော်လည်း ရှိသေးတယ်။”
“ပေါက်ကရတွေ ပြောမနေနဲ့။ နင် တကယ် ဘာလိုချင်တာလဲ။”
“စိတ်မပူပါနဲ့။ ကျုပ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။”
“ဒါကို ‘မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး’လို့ ပြောတုန်းပဲလား။ နင်က ငါ ထင်ထားတာထက် ပိုပြီးတော့ အရှက် မရှိတာပဲ။ နင် ငါတို့ကို ဘယ်တော့မှ ထပ်မတွေ့တော့ဘူးလို့ မပြောခဲ့ဘူးလား။ အခု နင်က သော်သော်နဲ့ ငါ့ကို တကယ် ခြိမ်းခြောက်နေတာပဲ။” ကတ်သရင်းက အံကြိတ်လိုက်၏။ “ငါ့သမီးကို လွှတ်ပေး၊ မဟုတ်ရင် ချက်ချင်း ရဲခေါ်လိုက်မယ်။”
“ဒါက ‘ငါတို့’သမီး ဖြစ်သင့်တယ်။” ချန်လွေ့က ထိတ်လန့်သော အမူအရာ မပြသခဲ့ပေ။ ထိုအစား သူက ကတ်သရင်း အတွက် ထူးဆန်းသော တည်ငြိမ်မှုကို ပြသနေခဲ့သည်။ “ကျုပ် ဒီရက်တွေထဲမှာ အများကြီး ရှာတွေ့ခဲ့တယ်။ သော်သော်က တကယ် ကျုပ်ရဲ့ သမီးပဲ။ အချိန်ကို ပြန်စဉ်းစားကြည့်ရင် ‘ကျုပ်’က တကယ်ပဲ ရွံစရာလူတစ်ယောက် ဖြစ်ခဲ့တဲ့ပုံပဲ။”
ကတ်သရင်းက ဖြစ်နိုင်ခြေ တစ်ခုကို ရုတ်တရက် တွေးမိသွားပြီး သူ၏မျက်နှာ အမူအရာသည် ပို၍ ဖြူဖျော့သွားသည်။ “ဘာပဲဖြစ်ဖြစ် ငါက သော်သော်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။”
“ခင်ဗျား အထင်လွဲနေပြီ။” ချန်လွေ့က သော်သော်ကို ချထားလိုက်ပြီး သူက ဝက်ခေါင်းကလေးဘီစကွတ်ဘူးကို သမီး ဖြစ်သူ၏ လက်ထဲသို့ ထည့်လိုက်သည်။
ကတ်သရင်းက ချက်ချင်းပင် ရှေ့သို့ တိုးလာပြီး သော်သော်ကို ပွေ့ချီလိုက်၏။ သူက ချန်လွေ့ ကမ်းပေးလိုက်သော စာအိတ်ကြီးတစ်အိတ်ကို တွေ့လိုက်သည်။ “ဒါက ဘာလဲ။”
“ကိုယ့်ဘာသာ ကြည့်လိုက်။”
ကတ်သရင်းက ပုံမှန်အတိုင်း ဖြစ်နေပုံ ရသော ချန်လွေ့ကို သံသယဖြင့် ကြည့်ပြီး နောက်ဆုံးတွင် သော်သော်ကို ဘေးသို့ ချထားလိုက်သည်။ သူက စာအိတ်ကို ဖွင့်ပြီး စာရွက်စာတမ်း အိတ်အကြည် တစ်အိတ်ကို ထုတ်လိုက်သည်။ ထိပ်ဆုံးမှ တစ်ခုမှာ ချက်လက်မှတ်တစ်စောင်ဖြစ်ပြီး ၎င်း၏ ပမာဏမှာ အလွန်ကြီးမားနေရာ ကတ်သရင်းပင် ထိတ်လန့်သွားမိသည်။ သို့တိုင် သူက ခဏအကြာ မထီမဲ့မြင် အမူအရာကို ပြသခဲ့သည်။ “နင့်ရဲ့ ကမ်းလှမ်းမှုက ကိစ္စကို ဖြေရှင်းချင်တဲ့ နင့်ရဲ့ ညွှန်ကြားရေးမှူး အဖေထက် အများကြီး ပိုပြီးရက်ရောတယ်။ ဒါပေမဲ့ ငါ အရင်တစ်ခေါက်က ဒါကို လက်မခံခဲ့ဘူး။ ဒီတစ်ခေါက် ငါ့ရဲ့ မူလရည်ရွယ်ချက် ပြောင်းလဲမယ်လို့ ထင်နေတာလား။”
ချန်လွေ့ ခေါင်းခါသည်။ “ပိုက်ဆံက ခင်ဗျားအတွက် မဟုတ်ဘူး။ သော်သော် အတွက်။ ခင်ဗျားအတွက်က အောက်မှာ။”
ကတ်သရင်း ဖိုင်အိတ်ကို ဖွင့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ပြင်းထန်သော တုန်လှုပ်သော အမူအရာဖြင့် စာရွက် စာတမ်းများကို လှန်ကြည့်နေလိုက်သည်။ “နင်... နင် ရူးသွားပြီလား။”
“မရူးပါဘူး။ လုပ်သင့်တာလုပ်နေတာ။” ချန်လွေ့က ကတ်သရင်းအား တိုက်ပွဲမြေပြင်တွင် ‘ထိုက်တန်တယ်’ ဟု ပြောခဲ့သော အရိပ်နက် အင်ပါယာ ဧကရီအရှင်မကို ကြည့်နေသည့်အလား တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့လေသည်။ “ဒါတွေကို ကောင်းကောင်း ဂရုစိုက်ထား။ အချိန်ကျလာရင် အသုံးချလို့ရတယ်။”
ကတ်သရင်း တုန်လှုပ်နေဆဲ ဖြစ်သည်။ သူက စာရွက်များကို မြှောက်လိုက်၏။ “ဒါတွေ လူသိရှင်ကြား ဖြစ်သွားတာနဲ့ ဘာဖြစ်သွားမလဲဆိုတာ နင် သိရဲ့လား။ နင် တစ်ယောက်တည်း မကဘူး။ ရိုလန် မိသားစုတစ်ခုလုံး...”
“သိပါတယ်။ ခင်ဗျားက ပါးနပ်တဲ့သူ တစ်ယောက်ပဲ။ ဒါကြောင့် ခင်ဗျားကို ပေးခဲ့တာ။”
ကတ်သရင်းက ချန်လွေ့၏ ကြည်လင်သော အကြည့်ကို ကြည့်ပြီး သူ အလွန် မုန်းတီးခဲ့သော ထိုယောက်ျားကို ပထမဆုံးအကြိမ် တွေ့ဆုံသည့်အလား ထင်ရသည်။ ထို့နောက် သူ တဖြည်းဖြည်း ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။ နင်က သူ မဟုတ်ဘူး။ နင် ဘယ်သူလဲ။”
“ကတ်သရင်း။ မင်းကတော့ မင်းပဲ။ ဒီမေးခွန်းကို ပထမဆုံး မေးတာ မင်းပဲ။” ချန်လွေ့က မျက်လုံးထဲတွင် နောင်တ အရိပ်အယောင်တစ်ခု လင်းလက်သွားရင်း ပတ်ပတ်လည် ကြည့်လိုက်လေသည်။ “ကံဆိုးချင်တော့ ဒါကို သိသွားရင်တောင် ဒီလောကကနေ လွတ်မြောက်နိုင်ဖို့ နည်းလမ်း မရှိသေးဘူး။ ဒါက သာမန် ပုံရိပ်ယောင်တစ်ခု မဟုတ်ဘူး ဆိုတာ အသေအချာပဲ။ စိတ်ကို ရောင်ပြန်ဟပ်တဲ့ ‘လောက’တစ်ခုလား။ ဒါမှမဟုတ် ဒါက သောက်ရှေ့ဖြစ်ဟော ပြောသလို တကယ့် စစ်မှန်တဲ့ မှန်လောကတစ်ခုလား။ ငါ ဆုံမှတ်ထဲက တစ်ခုကိုပဲ ရွေးရတော့မယ် ထင်တယ်...”
ကတ်သရင်း အလွန် ဉာဏ်ကောင်း သည့်တိုင် နားမလည်ခဲ့ပေ။ “နင် ဘာကို ဆိုလိုလဲဆိုတာ ငါ နားမလည်ဘူး။”
ချန်လွေ့ ပြုံးပြီး ပြောလိုက်သည်။ “လူတွေရဲ့ စိတ်ထဲမှာ အမှောင်ထုနဲ့ အလင်း အမြဲတမ်း ရှိတယ်။ ငါက မှန်ထဲက တခြားလူ တစ်ယောက် ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ပျောက်ကွယ်သွားတော့မယ့် ထင်ယောင်ထင်မှား ပုံရိပ်တစ်ခုလည်း ဖြစ်နိုင်တယ်။ တစ်နေ့ ငါပျောက်သွားရင် မှန်ရဲ့ တခြားတစ်ဖက်က... အဲဒီလူဆိုးက ဒီကို နောက်တစ်ခါ ပြန်ရောက်လာခဲ့ရင်။ ဒါဆိုရင် မင်းရဲ့ကံကြမ္မာကို ကိုယ်ပိုင် လက်ထဲမှာ ကိုင်ထားလို့ ရတယ်။ မင်းရဲ့ ကိုယ်ပိုင် ကံကြမ္မာတင် မကဘူး။ မင်းမှာ သတ္တိနဲ့ ဉာဏ်ပညာ ရှိတယ်ဆိုတာကို ငါ သိတယ်။”
ထိုသို့ ပြောပြီးနောက် ချန်လွေ့က ကတ်သရင်းထံသို့ သွားပြီး ထိုင်ချကာ သော်သော်ကို နမ်းလိုက်သည်။ ထို့နောက် သူ ထရပ်လိုက်ပြီး တန်းတန်းမတ်မတ် ရှေ့သို့ လျှောက်သွားကာ နောက်ကျောကို သူ့ဘက်သို့ မူလျက် ကတ်သရင်းအား လက်ဝှေ့ယမ်းပြလိုက်သည်။
“ငါက ဘယ်လို တည်ရှိမှုမျိုးပဲ ဖြစ်ဖြစ်၊ မင်းက ဘယ်လို တည်ရှိမှုမျိုးပဲ ဖြစ်ဖြစ်၊ မင်းနဲ့ သော်သော်ကို နောက်တစ်ကြိမ် တွေ့ရတာ ဝမ်းသာပါတယ်။ ဂရုစိုက်ပါ...”
ထိုပုံရိပ် ထွက်သွားသည်ကို ကြည့်ရင်း ထူးဆန်းသော စိတ်ခံစားချက် တစ်ခု ကတ်သရင်း စိတ်ထဲသို့ တိုးဝင်လာ၏။ သူ အမုန်းဆုံး ဖြစ်သော ပုဂ္ဂိုလ်အပေါ်တွင် ထိုသို့ စိတ်ခံစားချက်မျိုး အမှန်တကယ် ပေါက်ဖွားလာလိမ့်မည်ဟု သူသည်ပင် မယုံကြည်နိုင်ခဲ့ပေ။
“မေမေ။ သူက ဖေဖေလား။”
“မေမေလည်း... မသိဘူး။ အိမ်ပြန်ရအောင်။ သမီးလေး။”
နာရီဝက်ကြာပြီးနောက်-
ချန်လွေ့၏ ကားက စံအိမ်တံခါးဝတွင် ရပ်တန့်သွားခဲ့သည်။
“စိတ်မပူပါနဲ့ ကိုဗက်စ်။ ကျုပ်က ဒါတွေကို တွက်ချက်ထားပါတယ်။ အခု ကျုပ် အရေးအကြီးဆုံးအရာကို အရင်ဆုံး သွားလုပ်တော့မယ်။ ဒါ ပြီးသွားတဲ့အခါ ကိုယ်တိုင်ရှင်းပြဖို့ အဖေ့ကို ချက်ချင်း ဖုန်းဆက်လိုက်မယ်။ အခု ကျုပ် ဖုန်းကို ပိတ်လိုက်တော့မယ်။ ဒါကြောင့် ကျုပ်ကို မနှောင့်ယှက်ပါနဲ့။” ချန်လွေ့က ဖုန်းကို ပြတ်ပြတ်သားသား ပိတ်ပြီး ကားပေါ်မှ ဆင်းသွားလိုက်သည်။
စံအိမ်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် လန်လီဇာက ချက်ချင်း ကြိုဆိုလိုက်သည်။ “သခင်လေး ပြန်ရောက်လာပြီပဲ။”
“ဧည့်သည်နှစ်ယောက်လုံး ရောက်နေပြီလား။”
“ဟုတ်ကဲ့။ ရောက်နေပါပြီ။ သူတို့က ဒုတိယထပ် စာကြည့်ခန်းထဲမှာပါ။”
“ငါ စာကြည့်ခန်းထဲ ဝင်သွားပြီးရင် အမြင့်ဆုံးအဆင့် သူခိုး ဆန့်ကျင်ရေး လုံခြုံရေးကို ဖွင့်ထားလိုက်မယ်။ ဒီနေ့က စပြီးတော့ ဘယ်သူ့ကိုမှ ဘယ်လိုမျိုး အခြေအနေနဲ့မဆို စာကြည့်ခန်းကို ချဉ်းကပ်ဖို့ ခွင့်မပြုဘူး။” ချန်လွေ့က လန်လီဇာအား အမိန့်တစ်ခု ပေးလိုက်ပြီး ဒုတိယထပ်ဘက်သို့ လျှောက်သွားခဲ့သည်။
ဒုတိယထပ်မှ စာကြည့်ခန်းတွင် လူ နှစ်ယောက် ရှိနေသည်။ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးပင်။
ထိုအမျိုးသားက ချန်လွေ့ လျှောက်ဝင် လာသည်ကို မြင်ရာ ပြုံးလိုက်သော်လည်း အမျိုးသမီးမှာမူ အလွန် သတိထားနေပုံ ရလေသည်။
“အလူစီယာ။ အသီနာ။” ချန်လွေ့က ပခုံးတွန့်ပြီး ပြောလိုက်သည်။ “ခင်ဗျားတို့ နှစ်ယောက်ကို စောင့်နေစေမိတဲ့အတွက် တောင်းပန်ပါတယ်။”
ထိုလူနှစ်ဦးမှာ အမှန်တွင် ထိုလောက သော့ချက်အဓိကပုဂ္ဂိုလ် နှစ်ဦး ဖြစ်ပြီး ချန်လွေ့ ကိုယ်တိုင်နှင့် ပေါင်းလိုက်ပါက ‘ဆုံမှတ်’ ၃ခုလုံး အတူတကွ ရှိနေ၏။
ယခင်က အသီနာသည် ထိုနေရာသို့ ‘ဖိတ်ကြား’ခြင်းခံရစဉ် အဆိုးဆုံး အတွက် ပြင်ဆင်ပြီး ဖြစ်သော်လည်း ကျောင်း၏ ဂုဏ်သိက္ခာအရှိဆုံးသော ကျောင်းအုပ်ကြီး ဖြစ်သူ အလူစီယာလည်း ထိုနေရာတွင် ရှိနေသည်ကို မြင်ရာ အံ့ဩမိသွားပြီး ချန်လွေ့၏ ရည်ရွယ်ချက်အပေါ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ဒီ‘ရွံစရာလူ’က ပြန်လာတာနဲ့ ချက်ချင်း ကျောင်းအုပ်ကြီးရဲ့ နာမည် အတိုင်း တကယ်ကြီး ခေါ်လိုက်တယ်။ သူက အတော်လေး မောက်မာတာ အသေအချာပဲ။ အသီနာက အင်္ကျီလက်ထဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ဝှက်ထားသော ဓားမြှောင်ငယ်လေးကို ဆုပ်ကိုင်ထားလိုက်မိသည်။
“ဒါကို ‘အကြာကြီး’လို့ မခံစားမိဘူး။ မင်းရဲ့ အမြန်နှုန်းကြောင့် အတော်လေး အံ့ဩသွားတယ်။ မင်း ဒီလောက်မြန်မြန် ဆုံးဖြတ်ချက် တစ်ခု ချခဲ့တာလား။ ဒါက ရွေးချယ်ဖို့ အချိန်ကျပြီ ထင်ပါတယ်။” အလူစီယာ၏ ပုံမှန်ပင် သဘောထားက အသီနာကို ပို၍ပင် အံ့ဩသွားစေသည်။ သူက ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့ပေ။
“သိပ်မကြခင် ဒါမှမဟုတ် နောက်ကျ၊ ဒါက ဘာပဲဖြစ်ဖြစ် ရောက်လာမှာပဲ။ ဒါကို မြန်မြန် အဆုံးသတ်တာ ပိုကောင်းတယ်။” ချန်လွေ့က တဖြည်းဖြည်းနှင့် ရှေ့သို့ လျှောက်လာခဲ့သည်။ “ဒီမတိုင်ခင် ကျုပ် ဟိုးကတည်းက လုပ်ချင်ခဲ့တဲ့ အရာတစ်ခု ရှိတယ်...”
စကားမဆုံးခင်မှာပင် အလူစီယာက မျက်နှာကို အပြင်းအထန် ထိုးနှက်ခြင်း ခံလိုက်ရပြီး အသီနာက အာမေဍိတ်သံ ပြုလိုက်သည်။ သူက ချက်ချင်းဆိုသလို ခြေထောက်များကို မထိန်းနိုင်တော့ဘဲ ဆိုဖာပေါ် လဲကျသွားခဲ့သည်။
“ကျောင်းအုပ်!” အသီနာက အလူစီယာ အရှေ့တွင် ဒေါသတကြီး ရပ်လိုက်သည်။ ဒီမျိုးမစစ်ကောင်က တကယ်ပဲ ဥပဒေ မဲ့လွန်းတယ်။ သူက လေးစားရတဲ့ ကျောင်းအုပ်ကြီး အလူစီယာကို ငါ့ရှေ့မှာ ရိုက်နှက်ခဲ့တယ်။
အလူစီယာ ပြန်ကောင်းမွန်လာရန် အချိန်အကြာကြီး ယူခဲ့ရသည်။ သူက ဆိုဖာပေါ် တဖြည်းဖြည်း ထိုင်လိုက်သည်။ ထို့နောက် ချန်လွေ့၏ မှင်တက်နေသော အကြည့်အောက်တွင် သူက ပါးစပ်မှ အသေးစား သွားအကာ တစ်ခုကို ထွေးထုတ်လိုက်ပြီး ဒဏ်ရာကို ဖြန်းရန် ယူလာခဲ့သော ကုသရေး စပရေးတစ်ခုကို အိတ်ထဲမှ ထုတ်ယူလိုက်ကာ ဒဏ်ရာကို ဆေးဂွမ်းဖြင့် သုတ်လိုက်၏။
ထိုသို့ အေးအေးဆေးဆေး ပုံစံမျိုးက ထိုလက်သီးကို ကြိုတင် မျှော်လင့်ထားပုံ ရလေသည်။
ချီးပဲ! သောက်ရှေ့ဖြစ်ဟော!
ချန်လွေ့က လက်သီးကို အနည်းငယ် ဆုပ်ထားရင်း နောက်တစ်ကြိမ် ထပ်မံ၍ ထိုးချင်နေခဲ့သည်။