ထိတ်လန့်သွားခြင်း
Vol. 77 Ch. 1193
အားလုံးက ငွေလကောင်းကင်မြို့တော် အထက်ကို မော့ကြည့်လိုက်ကြသည်။ နတ်သူငယ်တိုင်းက ဖောက်ထွင်းမြင်နိုင်ပုံ ရနေသော ကောင်းကင်က အမှန်တွင် အလွန် ခိုင်မာလှသော အစီအရင်ဖြင့် ဖုံးအုပ်ထားကြောင်းကို သိရှိကြသည်။ ထိုအရာက အစွမ်းအထက်ဆုံး အစီအရင် ရှိနေသည့် ငွေလကောင်းကင်မြို့တော်၏ အလယ်ဗဟို ဖြစ်သည်။ အားကောင်းသော အထူးအတဆင့် အစွမ်းထက်ပုဂ္ဂိုလ်လျှင် ထိုကဲ့သို့ အစီအရင်ကို အလွယ်တကူ မဖောက်နိုင်ပေ။ သို့သော် ငွေရောင် အလင်းတန်းက အမှန်ပင် အလွယ်တကူ ဆင်းသက်လာခဲ့လေသည်။
ခဏလေး အတွင်းမှာပင် လေထုက တင်းမာသွားခဲ့သည်။
စပန်၊ ခီလန်ယာနှင့် ဒါဆာကဲ့သို့သော နတ်ဘုရားတစ်ပိုင်း အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များ လှုပ်ရှားမှု မပြုနိုင်ခင်မှာပင် အလင်းတန်းက မြေပြင်ပေါ် ကျရောက်ပြီး ဖြစ်သည်။ ပုံရိပ်သုံးခု ပေါ်လာခဲ့၏။
အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး။
ရှေ့တွင် ဆံပင်ရွှေရောင်နှင့် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ထွားကျိုင်းကျိုင်းနှင့် အမျိုးသားတစ်ဦး ရှိနေသည်။ သူ့တွင် လေးနက်သော အသွင်အပြင် ရှိနေ၏။
နောက်တွင် ဘေးချင်းယှဉ် ရပ်နေသော အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူတို့ကလည်း ဝတ်ရုံဖြူ ဝတ်ဆင်ထားကြသည်။ သူတို့၏ မျက်နှာ သွင်ပြင်များမှာ အနည်းငယ် မှုန်ဝါးနေ၏။ အမျိုးသား၏ မျက်လုံးများမှာ ဂရုမထား ဖြစ်နေပြီး အမျိုးသမီး၏ မျက်လုံးများမှာ မှိတ်ထားနေသည်။
ထိုလူသုံးဦးက နတ်သူငယ်များအား ခန့်မှန်း၍ မရနိုင်သော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။ အထူးသဖြင့် နောက်မှ အမျိုးသားနှင့် အမျိုးသမီးမှာမူ ဖော်ပြ၍ မရနိုင်သော မမြင်နိုင်သည့် ဖိအားတစ်ခု ထုတ်လွှတ်နေ၏။ တစ်ချက် ကြည့်ရုံဖြင့် ဒူးထောက်ပြီး မော့ကြည့်လိုစိတ် တစ်ခု ပေါ်ပေါက်လာစေသည်။
“ကာမေရယ်။” ခီလန်ယာ လွှတ်ခနဲ ပြောလိုက်သည်။
နတ်သူငယ်များ လန့်သွားကြသည်။ သိဒ္ဓိကျောင်းတော်က အစွမ်းအထက်ဆုံး နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့် တောင်ပံ(၈)ခုနဲ့ ကောင်းကင်တမန်တော် ကာမေရယ် ဖြစ်နေတာကိုး။
ရှေ့မှ ထွားကျိုင်းကျိုးနှင့် အမျိုးသားက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ “မစ်-ခီလန်ယာ။”
ခီလန်ယာက နောက်မှ အမျိုးသားနှင့် အမျိုးသမီးကို ကြည့်ပြီး တစ်စုံတစ်ခုကို မသဲမကွဲ ခန့်မှန်းမိလိုက်သည်။ သူက ပို၍ တုန်လှုပ်လာခဲ့သော်လည်း တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။ “ဆာ-ကာမေရယ်၊ သိဒ္ဓိအလင်းတောင်နဲ့ ငွေလကောင်းကင်မြို့တော်တို့က အမြဲ ခင်မင်ရင်းနှီးပြီး အချင်းချင်း အပြန်အလှန် ထောက်ပံ့ခဲ့ကြတယ်။ အခုက နတ်သူငယ် မျိုးနွယ်စုရဲ့ အမြင့်မြတ်ဆုံး လပြည့်ည ပွဲတော်ပဲ။ ရှင်တို့ သုံးယောက်က ဒီလိုမျိုး အစီအရင်ထဲကို တိုက်ရိုက်ဝင်လာတာက မယဉ်ကျေးဘူးလို့ မထင်ဘူးလား။”
“ကျုပ်ရဲ့ မယဉ်ကျေးမှုကို ခွင့်လွှတ်ပါ။” ကာမေရယ်က နှုတ်ဖြင့် တောင်းပန် လိုက်သော်လည်း သူ၏ လေသံထဲတွင် တောင်းပန်မှု မရှိခဲ့ပေ။ “ကျုပ် ခင်ဗျားတို့ အားလုံးကို မိတ်ဆက်ပေးချင်တာကတော့ ဒီနှစ်ယောက်က သိဒ္ဓိအလင်းတောင်ရဲ့ ကောင်းကင်တမန်တော် နှစ်ပါး မဒမ်-ဂေဘရီရယ်နဲ့ ဆာ-ရာဖယ်ရယ်တို့ပါ။”
ထိုမိတ်ဆက်မှုသည် မြို့တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ လူသားလောကမှ အထင်ရှားဆုံးနှင့် အစွမ်းအထက်ဆုံး နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် နှစ်ဦးနှင့် သိဒ္ဓိအလင်းတောင်မှ ကောင်းကင်တမန်တော် ၃ပါး ရောက်ရှိ လာခဲ့လေသည်။
ထိုသို့သော အထွတ်အထိပ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များကို အရေအတွက် အားကိုး၍ အနိုင်မယူနိုင်ပေ။ အကယ်၍ ပြိုင်ဘက်က ရန်လိုမှုဖြင့် ရောက်လာခြင်း ဖြစ်ပါက နတ်သူငယ်အားလုံး အသက် ချမ်းသာရာရမည် မဟုတ်ပေ။
“နတ်သူငယ် မျိုးနွယ်စုရဲ့ လပြည့်ည ပွဲတော် ဟုတ်လား။” ရာဖယ်ရယ်က တည်ငြိမ်သော မျက်နှာဖြင့် ပတ်လည်ကို ကြည့်လိုက်သည်။ သူ၏ အကြည့်က လာလာရီယာကို ဖြတ်သွားပြီးနောက် အဲလစ်အပေါ်တွင် ခဏ ရပ်တန့်သွား၏။ “ဒီလောက် ပြင်းထန်တဲ့ အမှောင် အငွေ့အသက် ရှိတဲ့ ဧည့်သည် တစ်ယောက်ကို တကယ်ပဲ ဖိတ်ကြား ထားတာလား။ ဒီလူနှစ်ယောက်၊ တစ်ယောက်က နဂါးနက်၊ ပြီးတော့ နောက်ထပ် တစ်ယောက်က... နတ်ဆိုး ဖြစ်မယ်။ နတ်သူငယ် မျိုးနွယ်စုက နတ်ဆိုးဘုံဆီကို ခိုလှုံသွားပြီလား။”
ထိုမှတ်ချက် ထွက်ပေါ်လာသည်နှင့် လူတိုင်းက အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ သူတို့၏ မျက်လုံးများ အားလုံးက လာလာရီယာနှင့် အဲလစ် အပေါ်တွင် စူးစိုက်နေကြသည်။
အယ်လ်တာနီက သူ၏ ဘေးနားမှ ‘နတ်သူငယ်မိန်းကလေး’မှာ အမှန်တွင် နဂါးနက်တစ်ကောင်ဖြစ်ကြောင်း ကြားရာ လန့်သွားပြီး လာလာရီယာနှင့် ဝေးဝေး နေလိုသော်လည်း နတ်သူငယ်တစ်ပိုင်းက သူ့ကို တည်ငြိမ်စေရန် အချက်ပြသည့် အနေဖြင့် သူ့ထံသို့ ခေါင်းခါပြလိုက်သည်။
မီရှယ်လည်း မိတ်ဆွေကောင်းအသစ် အဲလစ်ကို ငေးကြောင်ကာ စိုက်ကြည့်ရင်း လန့်သွားခဲ့သည်။
“အဲဒီမြှား...” ရာဖယ်ရယ်၏ အာရုံက ဆန်းကြယ်စန္ဒာလေးကို ကြေမွသွားစေပြီး အစီအရင်ကို စုတ်ဖြဲပစ်လိုက်သော မြေပြင်ပေါ်မှ မြှားကြောင့် ရုတ်တရက် ဆွဲဆောင်ခြင်း ခံလိုက်ရသည်။ သူက မယုံနိုင်စရာ တစ်ခုခုကို မြင်တွေ့လိုက် ရသည့်အလား ထင်နေရသည်။ သူက အနည်းငယ် လှုပ်ရှားသွားခဲ့လေသည်။ “ဒီမြှားအမွေးတောင်။ ဒါက ဧကန္တ...”
“မိုက်ကယ်ရဲ့ အမွေးတောင်ပဲ။” မျက်လုံးများ မှိတ်ထားနေဆဲ ဖြစ်သော ဂေဘရီရယ်က ၎င်းကို ပြောနှင့်ပြီး ဖြစ်သည်။
နတ်သူငယ်များက နောက်တစ်ကြိမ် တုန်လှုပ် သွားကြပြန်သည်။ ဖာလီက ‘မိစ္ဆာလက်နက်’လို့ ခေါ်ခဲ့တဲ့ မြှားက တကယ်တော့ ကောင်းကင်တမန်တော် ၃ပါးထဲမှ ပထမဆုံးဖြစ်တဲ့ မိုက်ကယ်ရဲ့ အမွေးတောင်နဲ့ လုပ်ထားတာပဲ။
ဒါကြောင့် ဒီလို စွမ်းအားမျိုး ရှိနေတာကိုး။
“ဒါက မိုက်ကယ်ရဲ့ အမွေးတောင် ဖြစ်နေလို့ ဒီလောက်တောင် တုန်လှုပ်စရာ ကောင်းတာလား။ ဒါက အရန် အခန်း ကဏ္ဍ တချို့မှာပဲ ပါဝင်တာပါ။” မြှားက မျက်စိတစ်မှိတ်အတွင်း လူတစ်ယောက်၏ လက်ထဲသို့ ရောက်ရှိသွားသည်။ အသံက ကြောက်ရွံ့ရိုသေမှု မရှိဘဲ နောက်ပြောင် နေသည်။ “ရာဖယ်ရယ်၊ တကယ်လို့ ဒါက ခင်ဗျားရဲ့ အမွေးတောင်သာဆိုရင် ကျုပ် ကြည့်တောင်ကြည့်မှာ မဟုတ်ဘူး။”
တုန်လှုပ်မှုကြောင့် လုံးဝနီးပါး ထုံကျဉ် နေပြီ ဖြစ်နေသော နတ်သူငယ်များက နောက်တစ်ကြိမ် မှင်တက်သွားပြန်သည်။ ကောင်းကင်တမန်တော် ရာဖယ်ရယ်ကို တစ်စုံတစ်ယောက်က ထိုသို့ပြောရဲသည်။
ထိုလူက အကြီးအကဲ ဖာလီ ဖမ်းဆီး ချင်နေတဲ့ စော်ကားသူပဲ။
ရာဖယ်ရယ် ထိတ်လန့်သွားခဲ့သည်။ ငါ ဒီပုဂ္ဂိုလ်ရဲ့ တည်ရှိမှုကို တကယ်ပဲ အရင်က သတိမပြုမိခဲ့ဘူး။
အဲဒီ ပုဂ္ဂိုလ်နောက်က မိန်းကလေးငယ် ဆီကနေ အမှောင် အငွေ့အသက်ရဲ့ ဖျော့တော့တဲ့ ထိတွေ့မှုကို သတိပြုမိ ခဲ့တယ်။ ဒါက ငါ သူ့ကို အာရုံမခံမိခဲ့တာ မဟုတ်ဘူး။ အထူးစွမ်းအား တစ်ခုရဲ့ ထင်ရှားပေါ်လွင်မှု တစ်ခုပဲ။ သို့တိုင်အောင် ရာဖယ်ရယ်ကို အံ့အားသင့်စေဆုံးမှာ ထို‘နတ်သူငယ်’၏ အသွင်အပြင်ကိုပင်။
“မင်းပဲ။” ရာဖယ်ရယ်က နောက်ဆုံး တည်ငြိမ်မှုကို မထိန်းနိုင်တော့ပေ။ သူက ထိုမျက်နှာကို လုံးဝ မေ့လိမ့်မည်မဟုတ်။
သိဒ္ဓိသားတော် အခမ်းအနားတွင် ထိုယောက်ျားက ငါ အပါအဝင် လူတိုင်းကို လှည့်စားခဲ့ပြီး နောက်ဆုံးမှာ နတ်ဆိုး အမျိုးသမီးနှင့်အတူ ငါ့ရဲ့ လက်ထဲကနေ လွတ်မြောက်သွားခဲ့တယ်။
သုံးလေးနှစ်ကြာတော့ အဲဒီလူက သိဒ္ဓိအလင်းတောင်ကို နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့သည်။ အဲဒီ ၁၀မိနစ် တိုက်ပွဲမှာ ငါ သူ့လက်ထဲမှာ သေလုနီးပါး ဖြစ်ခဲ့ရတယ်။
ဒီပုဂ္ဂ္ဂိုလ်က ‘အာသာ’ တင်မကဘူး၊ ‘သူ’ လည်း ဟုတ်တယ်။
ဂေဘရီရယ်သည်လည်း အနည်းငယ် လှုပ်ရှားသွားသည်။ “ရှင် တကယ်ပဲ ဒီမှာရှိနေတာပဲ။”
ထိုကဲ့သို့ ရိုင်းစိုင်းသော ရန်စမှုကို ရင်ဆိုင်ရသော်လည်း ကောင်းကင်တမန် နှစ်ပါးက လှုပ်ရှားမှု မပြုခဲ့ပေ။ သူတို့၏ လေသံနှင့် သဘောထားသည် ယခင်က အသံကျယ်ပြီး ဩဇာရှိ လေသံများနှင့် မတူဘဲ အပြန်အလှန် လေသံတစ်ခု ဖြစ်နေပြီး ဆိုလိုသည်မှာ ‘နတ်သူငယ်’က သူတို့နှင့် တူညီသော စွမ်းအားအဆင့် ရှိနေခြင်းပင်။
နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်။
လျှို့ဝှက်ဆန်းကြယ်ပြီးတော့ ခန့်မှန်းလို့ မရနိုင်တဲ့ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောအပြင် နတ်သူငယ် မျိုးနွယ်စုမှာ ဒီလိုမျိုး မယှဉ်နိုင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဘယ်တုန်းက ရှိသွားတာလဲ။
ဖာလီ၏ မျက်နှာအမူအရာ ရုတ်တရက် အလွန်ပင် ဖြူဖျော့သွားခဲ့သည်။ ငါက နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် တစ်ဦးကို နိုင်ချင်တယ်လို့ ပြောခဲ့တယ်။
“ကျုပ်ကက... လပြည့်ညပွဲတော်ကို ဖိတ်ကြားခံထားရတဲ့ ဧည့်သည်တစ်ဦးပါ။” ချန်လွေ့ ပြုံးဖြီးဖြီး လုပ်လိုက်ပြီး သူ၏ အသွင်အပြင်က ‘နတ်သူငယ်’မှ မူလ ‘အာသာ’သို့ အမြန် ပြောင်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လာလာရီယာနှင့် အဲလစ်တို့ ပျောက်သွားပြီး ကြယ်အပ်နှင်း စင်မြင့်တွင် သိမ်းဆည်းခံလိုက်ရ၏။
မည်သို့ပင်ဖြစ်စေ ပြိုင်ဘက်များသည် ဂေဘရီရယ်နှင့် ရာဖယ်ရယ်တို့ ဖြစ်သည်။ လာလာရီယာပင် တိုက်ပွဲ နောက်ဆက်တွဲ အရှိန်ကို မခံနိုင်လောက်ပေ။ အဲလစ်ကို မဆိုထားဘိ။
ဒီပုဂ္ဂိုလ်က နတ်သူငယ် တစ်ယောက် မဟုတ်ဘူးပဲ။ နတ်သူငယ်များ အချင်းချင်း ကြည့်လိုက်ကြသည်။
ထိုအမွေးတောင်မြှား၏ အမွေးတောင်က အမှန်တကယ်ပင် မိုက်ကယ့် အမွေးတောင် ဖြစ်သည်။ ၎င်းကို သူ ပထမဆုံး မိုက်ကယ်နှင့် တွေ့ဆုံစဉ်က မိုက်ကယ်နှင့် ဖိုက်သွန် အကြား တိုက်ပွဲအတွင်း မတော်တဆ ရရှိခဲ့ခြင်း ဖြစ်သည်။
မိုက်ကယ့် အမွေးတောင် အပြင် ထိုမြှားက သဘာဝသစ်ပင်၏ အကိုင်း အခက်များ အပါအဝင် ရှားပါးသော ပစ္စည်း အမျိုးမျိုးဖြင့် ပြုလုပ်ထားလေသည်။ ထိုအချိန်က ချန်လွေ့ အဆောင်ပစ္စည်း ပစ္စည်းတစ်ခုကို ပြုလုပ်လိုခဲ့သော်လည်း ၎င်းမှာ လိုချင်သော သက်ရောက်မှုကို မရရှိခဲ့ပေ။ ထိုမြှား၏ အရည်အသွေးမှာ သာမန် အဆောင်ပစ္စည်း-ယောင်များထက် များစွာ သာလွန်ပြီး ၎င်းတွင် အထူး ‘ပိုင်နက်-ချိုးဖျက်’ ဂုဏ်သတ္တိ ရှိ၏။
ထိုမြှားတွင် တိုင်းပြည်များ သို့မဟုတ် ပိုင်နက်များ အားလုံးကို ဆန့်ကျင်သည့် အထူး ထိုးဖောက်ခြင်း ဂုဏ်သတ္တိ ရှိသည်။ အကယ်၍ နတ်သူငယ် တစ်ပိုင်းသာ အားမနည်းခဲ့ပါက ယခင်မြှားက ပြိုင်ပွဲ၏ အစီအရင်ကို လုံးဝ ကြေမွသွားစေနိုင်၏။ ထိုအခါ ပွန်ရို သေသွားပေလိမ့်မည်။
“ဟွန့်။ ဖိတ်ကြားခံရတဲ့ ဧည့်သည် တစ်ယောက်က နတ်သူငယ်လို ရုပ်ဖျက်ဖို့ လိုအပ်လို့လား။” ရာဖယ်ရယ်က လှောင်ရယ်လိုက်သည်။ “ဒါပေမဲ့ မင်း ဒီကို ခိုးဝင်ရတဲ့ ရည်ရွယ်ချက်ကို သိဖို့ ငါ စိတ်မဝင်စားဘူး။ ငါတို့ရဲ့ စာရင်းတွေကို ရှင်းဖို့ အချိန်ကျပြီ။”
ချန်လွေ့၏ ရိုးရှင်းသော စကားက ရာဖယ်ရယ်၏ နတ်သူငယ်မျိုးနွယ်စုကို ဆုံးဖြတ်ချက်အား လမ်းလွဲစေခဲ့သည်။ သူ၏ မျက်နှာပေါ် အပြုံးတစ်ခု ရှိနေ၏။ “ခင်ဗျား ဒီစာရင်းကို ဘယ်လိုရှင်းချင်လဲ။ အချင်းချင်း သတိပေးတာပေါ။ ခင်ဗျား တစ်ယောက်တည်း တိုက်ခိုက်ရုံနဲ့တော့ သေချာပေါက် မလုံလောက်ဘူး။”
ရာဖယ်ရယ် ဂေဘရီရယ်ကို ပြန်လှည့် ကြည့်လိုက်သည်။ “ဂေဘရီရယ်၊ ဒါက အရေးကြီးတဲ့ အချိန်ပဲ။ သူ့ကို အတူတူ ဖမ်းကြရအောင်။”
ထိုစကားက နတ်သူငယ်အားလုံးကို တုန်လှုပ်သွားစေလေသည်။ လေးနက်ပြီး အမြင့်မြတ်ဆုံးသော ကောင်းကင်တမန် ရာဖယ်ရယ်က ထိုလျှို့ဝှက်ဆန်းကြယ် အစွမ်းထက် ပုဂ္ဂိုလ်ကို ကိုင်တွယ်ရန် ဂေဘရီရယ်နှင့် ပူးပေါင်းရန် လူသိရှင်ကြား အဆိုပြုခဲ့ခြင်းပင်။
အတုန်လှုပ်ဆုံးမှာ ဧကရီ အရှင်မ လစ်ဗ်၊ လန်ဘိစ်နှင့် ခီလန်ယာတို့ပင် ဖြစ်သည်။ သူ၏ အထင်အမြင်အရ ချန်လွေ့တွင် နတ်ဘုရား-ယောင်အဆင့် စွမ်းအား ရှိသော်လည်း ရာဖယ်ရယ်၏ လက်ထဲမှ မနည်းမနော ထွက်ပြေးခဲ့ရ၏။ သို့သော် ရာဖယ်ရယ်၏ သဘောထားက ယခုအခါ ချန်လွေ့၏ စွမ်းအားမှာ သူနှင့် တန်းတူ သို့မဟုတ် ပို၍ကြီးမားနေပြီ ဖြစ်ကြောင်း ပြသနေခဲ့သည်။
သူက တကယ်ပဲ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့်ပါလား... ဧကရီ အရှင်မ လစ်ဗ် တိတ်တဆိတ် ခါးသီးစွာ ပြုံးလိုက်သည်။ တကယ်လို့ သူ တကယ်ပဲ နတ်သူငယ်သာ ဆိုရင်တော့ ဒီလိုမျိုး အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးနဲ့ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော အလူစီယာနဲ့ ပေါင်းလိုက်ရင် နတ်သူငယ် မျိုးနွယ်စုမှာ နောက်ထပ် ရည်မှန်းချက်တွေ မရှိရင်တောင် အနည်းဆုံးတော့ ငါတို့ အကာအကွယ် အောက်မှာ ငြိမ်းချမ်းတဲ့ ဘဝတစ်ခုကို အမှန်တကယ် ခံစားနိုင်လိမ့်မယ်။ သေချာတာကတော့ ကောင်းကင်တမန် သုံးပါးက အလူစီယာကို ကြောက်ရွံ့ နေတုန်းပဲ။ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော မရှိရင် နတ်သူငယ်တွေ ရှင်းပစ်ခံရတာ ကြာလောက်ပြီ။
လန်ဘိစ်က နတ်ဘုရား-ယောင် အထွတ်အထိပ် နှစ်ဦးကို စကားပြောရင်း ရယ်မောနေသော ချန်လွေ့ကို ကြည့်ပြီး အတွေးနက်နေပုံရကာ သူ၏ အကြည့်ကို တဖြည်းဖြည်း နှိမ့်ချလိုက်၏။
ဂေဘရီရယ်က ရာဖယ်ရယ်၏ အဆိုပြုချက်ကို အဖြေမပေးနိုင်ခင်မှာပင် ချန်လွေ့နောက်မှ အမျိုးသမီး ‘နတ်သူငယ်’က ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ နတ်သူငယ်များက မည်သည်ကိုမှ မခံစားမိသော်လည်း ရာဖယ်ရယ်နှင့် ဂေဘရီရယ်တို့က အင်အားပေါက်ကွဲမှု တစ်ခုကို ခံစားလိုက်ရသည်။ ပစ်မှတ် မဟုတ်သော ကာမေရယ်က ထိုအားကို မခံနိုင်ဘဲ နောက်သို့ လွင့်စင်သွားခဲ့သည်။ သူ မြေပြင်ပေါ်သို့ ကျရောက်သောအခါ ဟန်ချက် ဆုံးရှုံးပြီး လဲကျသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်က မသိစိတ်ဖြင့် တုန်ခါနေခဲ့လေသည်။
“နတ်ဘုရား-ယောင် အထွတ်အထိပ်...” ရာဖယ်ရယ်က မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားရင်း လွှတ်ခနဲ ပြောလိုက်သည်။
“ဖိုက်သွန် မဟုတ်ဘူးလား။” ဂေဘရီရယ်က မျက်လုံးကို မှိတ်ထား သော်လည်း သူ၏ အာရုံခံစားမှုများမှာ ထက်မြက်ပေသည်။
ထိုကောင်းကင်တမန်တော် နှစ်ပါး၏ စိတ်များက တစ်ချိန်တည်း တုန်လှုပ် သွားကြသည်။ ‘သူ’နဲ့ ဖိုက်သွန် အပြင်ကို နောက်ထပ် နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် တစ်ယောက် ရှိနေသေးတယ်။
ထိုသို့သော စွမ်းအားတစ်ခုတည်းအရ ဆိုလျှင် သူက သိဒ္ဓိအလင်းတောင်နှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်နိုင်လေပြီ။
“ကိုယ် လုပ်လိုက်မယ်။” ချန်လွေ့၏ အသံထွက်ပေါ်လာရာ ခရမ်းရောင်ကြယ် အလင်းရောင်တစ်ခု မစ်-နတ်မိမယ်နဂါး အနောက်တွင် ထွန်းလင်းလာခဲ့သည်။ ထိုကဲ့သို့ ခမ်းနားထည်ဝါပြီး လှပသော ချပ်ကာမှ ထုတ်နေသော ခန့်ညားမှုက လှပသော အရာများကို ချစ်မြတ်နိုးသော နတ်သူငယ်များအား စွဲမက်သွားစေခဲ့ပြီး တစ်ချိန်တည်းပင် ပို၍ ကြောက်ရွံ့ရိုသေ လာခဲ့သည်။
“အင်း...” ဇိုလာက ချန်လွေ့၏ လက်ကို ကိုင်လိုက်ပြီး နောက်ဆုတ်သွားကာ ခေါင်းညိတ်လိုက်သည်။ သူက စွမ်းအားကို တိတ်တဆိတ် အားသွင်းလိုက်ပြီး သူ၏ ချစ်သူကို ကူညီရန်နှင့် ဖခင်ဖြစ်သူ အပါအဝင် နတ်သူငယ် မျိုးနွယ်စုကို ကာကွယ်ရန် အချိန်မရွေး အသင့် ဖြစ်နေခဲ့လေသည်။
“မင်းက အကူအညီ တစ်ယောက်ကို တကယ် မလိုချင်ဘူးပဲ။ မင်းက ငါတို့နဲ့ တစ်ယောက်တည်း တိုက်ခိုက်ဖို့ စီစဉ် နေတာလား။” ရာဖယ်ရယ်က ချန်လွေ့၏ အစီအစဉ်ကို မြင်လိုက်ရလေသည်။ တောင်ပံဖြူ ၁၂ခုက သူ၏နောက်တွင် ပေါ်လာပြီး [ယုံကြည်မှုချပ်ကာ]က သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။၊ “ငါ ဒါကို တောင်းဆိုခဲ့ပေမယ့် မင်းကို ပြောရဦးမယ်။ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ။”
ချန်လွေ့ ရာဖယ်ရယ်နှင့် မငြင်းခုံဘဲ တစ်လှမ်းချင်းစီ လျှောက်သွားခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာများက အရေးကြီးသော်လည်း အမှန်တကယ် အရေးပါသည်မှာ အကြွင်းမဲ့ စွမ်းအားပင်။ သူက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နောက်မှ ကြယ်အလင်းရောင်မှာ ပိုမို၍ တောက်ပလာခဲ့သည်။
ရာဖယ်ရယ် မမျှော်လင့်ထားခဲ့သည်မှာ ကြယ်အလင်းရောင်က သူ့ကိုသာမကဘဲ ဂေဘရီရယ်ကိုပါ ခိုင်မာစွာ အသေမှတ် ထားနေခြင်းပင်။ သူ ငါတို့နှစ်ယောက်ကို တစ်ယောက်တည်း တကယ်ပဲ တိုက်ခိုက် တော့မှာလား။
ခဏနေပါဦး၊ ဒီတိုက်ကွက်က...
ထိုအချိန် ချန်လွေ့နောက်မှ ကြီးမား ကျယ်ပြန့်သော ကြယ်စင်စု လူတိုင်း၏ အမြင်အာရုံတွင် ရှင်းလင်းစွာ ပေါ်လာပြီး ဖြစ်သည်။ ကြယ်စင်စုတွင် အထူးသဖြင့် မျက်စိကျစရာ နက္ခတ်တာရာ အခု၂၀ ရှိနေပြီး ထူးထူးခြားခြား တောက်ပနေ၏။
ထိုမြင်ကွင်းက ရာဖယ်ရယ်၏ မှတ်ဉာဏ်တွင် လတ်ဆတ်နေသည်ဟု ဆိုနိုင်ပြီး သူ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွား၏။ ‘သူ’က ဒီလိုမျိုး ကြောက်စရာ အကောင်းဆုံး အဆုံးစွန် တိုက်ကွက်ကို တကယ်ကြီး ချက်ချင်း အသက်သွင်းခဲ့တယ်။ ဒီအကွက် အရှိန်အဟုန်က နောက်ဆုံးတစ်ခါလိုမျိုး ရှေးဟောင်း ပြိုင်ကွင်းမှာထက် ပိုစွမ်းတာ အသေအချာပဲ။ ဒီလိုစွမ်းအားနဲ့ဆိုရင် ငါ့မှာ မသေနိုင်လုနီးပါး [အလင်းကုသခန္ဓာ] ရှိရင်တောင်မှ ငါ ဒါကို မခံနိုင်ဘူး။
ရာဖယ်ရယ်၏ ထိတ်လန့်မှု ဆက်လက် ဖြစ်ပေါ်လာသည်။ ထိုနက္ခတ်တာရာများ တဖြည်းဖြည်း ထပ်ဆင့်စပြုလာခဲ့သည်။ သူ အကန့်အသတ်သို့ ရောက်ရှိသွားပြီဟု ထင်ခဲ့သော ပြိုင်ဘက်၏ အရှိန်အဟုန်က နောက်ထပ် ခုန်တက်သွားခဲ့ပြန်သည်။ ထိုသို့ ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်အဟုန်က... [ကျက်သရေဆောင် အလင်းခွင့်လွှတ်ခြင်း]ကို မိုက်ကယ် အပြည့်အဝ အသက်သွင်းလျှင်ပင် အလှမ်းဝေး နေသေးသည်။
ဒီပုဂ္ဂိုလ်က အန္တရာယ် များလွန်းတယ်။ အချိန်တိုလေးအတွင်းမှာ သူ့ရဲ့စွမ်းအားက ဒီလောက်အဆင့်ကို မြင့်တက်သွားခဲ့ပြီ။