လေနှင့်မိုးထဲမှ လျိုမြို့တော်
Vol. 6 Ch. 81
အကယ်၍ ချင်းယွမ်နှင့်ချင်းယန်တို့ လိုက်လံတိုက်ခိုက်မည်ဆိုလျှင် ထိုလူနှစ်ယောက်သည် ရက်စက်သောတိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ကြပေမည်။ ထိုသို့ဖြစ်လာပါက သူတို့နှစ်ယောက်အနက်မှတစ်ယောက် သေဆုံးသွားနိုင်ခြေရှိသည်။ ထိုကြောင့် သူတို့ လိုက်လံ၍ မတိုက်ခိုက်ခြင်းသည် မှန်ကန်ပေ၏။
ချင်းယန်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ဂါရဝပြုလိုက်သည်။
"ချင်းမိသားစုကို ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်... မင်းတို့သာ မရှိခဲ့ရင် ငါ ဒီနေ့ အန္တရာယ် ကျရောက်နေလောက်ပြီ"
"မဟုတ်ဘူး... ခင်ဗျားက ကျွန်တော်တို့ မိသားစုရဲ့ ရိုသေလေးစားခံရတဲ့လူပဲ... ခင်ဗျားက ကျွန်တော်တို့ရဲ့ မိသားစုဝင်တစ်ယောက်ပါ... ဒါတွေအားလုံးက ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာတွေပဲ... ဒီလိုစကားတွေကို ထပ်မပြောပါနဲ့တော့"
ချင်းယွမ်က ချင်းယန်၏ကျေးဇူးတင်စကား ပြောဆိုမှုကို ငြင်းဆိုလေသည်။ သူ၏အကူအညီ မရှိလျှင်ပင် ချင်းယန် အဆင်ပြေမည်ကို သူ သိသည်။ ချင်းယန်သည် သိုင်းဘုရင်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။ သူ့ထံတွင် ဝှက်ဖဲတချို့ရှိနေမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် ထို ထိုကျူးကျော်လာသူနှစ်ယောက်၏လက်ထဲတွင် လွယ်လင့်တကူ ကျရှုံးသွားမည် မဟုတ်ချေ။
ချင်းယန်၏ဒဏ်ရာကို ချင်းမင်မှ ဖိနှိပ်မထားခဲ့လျှင် ဤအချိန်တွင် သူ လှုပ်ရှားရန်ပင် ခက်ခဲလိမ့်မည်ဖြစ်ကာ အင်အားအသုံးပြုရန်မှာ ဆိုဖွယ်ရာပင် မရှိသည်ကို ချင်းယွမ် မည်သို့ သိနိုင်မည်နည်း။
ချင်းယန်ထံ၌ ဒဏ်ရာများစွာ ရရှိထားသည်ကို မသိသောကြောင့် ချင်းယွမ်က ထိုသို့ တွေးထင်မိခြင်း ဖြစ်ပေမည်။
"ဘာပဲဖြစ်ဖြစ်... ငါ ချင်းယန်က မင်းတို့ကို အကြွေးတင်သွားပြီ... နောင်တစ်ချိန်ကျရင် မင်းတို့မှာ ဘာကိစ္စပဲရှိရှိ... ငါ့ကို ပြောသာပြောလိုက်ပါ"
ချင်းယန်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။
သိုင်းဘုရင်တစ်ပါး၏ ကျေးဇူးကြွေးသည် အလွန်တန်ဖိုးရှိပေ၏။ ချင်းယန်၏ကတိကို ကြားသည့်အချိန်တွင် ချင်းယွမ်က တိတ်တဆိတ် ဝမ်းမြောက်သွားသည်။
ဆေးပညာရှင်တစ်ယောက်၌ မြင့်မားသော အဆင့်အတန်း ရှိသည်ကို သူ သိရှိထားသည်။ ချင်းယန်အနေဖြင့် ချင်းမိသားစုသို့ ဤမျှ လွယ်ကူစွာနှင့် စိတ်ရောကိုယ်ပါ ဝင်ရောက်ရန်မှာ မဖြစ်နိုင်ချေ။ ယခုချိန်၌ သူတို့နှင့်ချင်းယန်အကြားရှိ ဆက်ဆံရေးသည် ချင်းမင်ဟူသော နှောင်ကြိုးပေါ်တွင် မူတည်နေသည်။ အကယ်၍ ချင်းမင်သာ တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင် သို့မဟုတ် ချင်းမင် ထွက်ခွာသွားခဲ့လျှင် ချင်းယန်သည်လည်း ချင်းမိသားစုတွင် ဆက်နေတော့မည် မဟုတ်ပေ။
ချင်းယန်ကဲ့သို့ ထိပ်သီးပညာရှင်တစ်ဦးအတွက် ချင်းမိသားစုသည် သူ၏မျက်စိထဲ ထည့်သွင်းရလောက်အောင် မကြီးကျယ်သေးချေ။
"အကြီးအကဲချင်း... ခင်ဗျား တကယ်ပြောတာလား... ကျွန်တော်တို့က ခင်ဗျားဆီကနေ အကျိုးကျေးဇူးတွေအများကြီး ရထားပြီးပါပြီ... ဒါတွေက ကျွန်တော်တို့ လုပ်သင့်တာတွေပါ... အကြီးအကဲ အမိန့်ပေးချင်တာမှန်သမျှ ပြောသာပြောပါ... ကျွန်တော်တို့က ခင်ဗျားအတွက် လုပ်ပေးပါ့မယ်... ခင်ဗျား ချင်မိသားစုကို ဝင်ရောက်လာတာကတင် ကျွန်တော်တို့ ချင်းမိသားစုအတွက် အရမ်းတန်ဖိုးရှိနေပါပြီ... ကျေးဇူးပြုပြီး အရမ်းအားနာမနေပါနဲ့"
ချင်းယွမ်က သူ၏လက်ကိုပူးဆုပ်ပြီး ဆက်လက်၍ပြောဆိုသည်။
"တော်သင့်ပြီ... အဖေတို့နှစ်ယောက် ဒီအကြောင်းကို ဆက်မပြောကြနဲ့တော့... ည အရမ်းနက်နေပြီ... လူတိုင်း အိပ်မောကျနေကြပြီ... ကျွန်တော်တို့အားလုံးက မိသားစုဝင်တွေချည်းပဲ... ဘာလို့ ဒီလောက်တောင် စိမ်းကားနေကြတာလဲ"
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"ဟား ဟား..."
ချင်းယန်နှင့်ချင်းယွမ်တို့နှစ်ဦးလုံး ရယ်မောလိုက်ကြ၏။
ချင်းယန်က သူသည် ချင်းမိသားစုအတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဟု ခံစားနေရသည်။ သို့ရာတွင် ချင်းယွမ်ကမူ ချင်းယန်သည် မိသားစုအတွက် အလွန်ကြီးမားသော အကျိုးကျေးဇူးများကို ပေးခဲ့သည်ဟု ခံစားမိသည်။ သူတို့သည် ချင်းယန်ကို ကူညီခွင့်ရခြင်းမှာ ချင်းမိသားစု၏ကံကြမ္မာကောင်းကြီးပင်။ ဤအရာများအားလုံးသည် သူတို့ လုပ်သင့်လုပ်ထိုက်သော အရာများ ဖြစ်ပေ၏။ ဤသို့ဖြင့် သူတို့နှစ်ဦး၏ နားလည်မှုလွဲမှားခြင်း ပေါ်ပေါက်လာခဲ့၏။ သို့ရာတွင် ဤသည်မှာ ကောင်းမွန်သော နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သဖြင့် ချင်းမင်က ဖွင့်ဟပြောဆိုခြင်း မပြုခဲ့ပေ။
လူများအားလုံးသည် ရယ်မောပြီးနောက် နေရာမှ ထွက်ခွာသွားကြတော့ချေ။ သို့ရာတွင် ဤညမှ စတင်၍ ချင်းအိမ်တော်၏ကာကွယ်ရေးသည် ပို၍ပင် တင်းကျပ်လာပေ၏။ ချင်းမိသားစုဝင်များသည် ကံကြမ္မာ၏ အဆိုးအကောင်း အတက်အကျများကို ကြိုမြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
လျိုမြို့သည်လည်း ယခင်မြို့လေး မဟုတ်တော့သည့်အလားပင်။ ဤအချိန်တိုလေးအတွင်း၌ လျိုမြို့တွင် ကိစ္စများစွာ ဖြစ်ပျက်သွားခဲ့သည်။
ပထမဦးစွာ ထိပ်သီးမိသားစုကြီးလေးခုမှ ကျောက်မိသားစု ပျက်စီးခဲ့ပြီး ထိုမိသားစု၏ ပိုင်ဆိုင်မှုများအားလုံးကို ကျန်ထိပ်သီးမိသားစုသုံးစုနှင့်မြို့တော်ဝန်တို့က ခွဲဝေယူခဲ့ကြသည်။
ကျောက်မိသားစု၏အရေးအခင်း မပြီးဆုံးသေးမီ လျူမြို့နှင့်ချန်ယန်မြို့အကြားရှိ ဆေးလုံးကုန်သွယ်မှု ပြတ်တောက်သွားခဲ့သည်။
ဤကဲ့သို့ အရေးအကြီးဆုံး အချိန်အခိုက်အတန့်တွင် ချင်းမိသားစုထံ၌ မဟာဆေးဆရာကြီးအဆင့် ဆေးပညာရှင်တစ်ဦး ထွက်ပေါ်လာသဖြင့် လျိုမြို့တစ်မြို့လုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ထို့နောက် ချင်းမိသားစုနှင့်အိုးယန်မိသားစုတို့ မဟာမိတ်ဖွဲ့ကာ ကိစ္စရပ်အမြောက်အများတွင် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။
ချန်မိသားစုနှင့်မြို့တော်ဝန်တို့သည်လည်း မဟာမိတ်ဖွဲ့ကာ ချင်းမိသားစုနှင့် အိုးယန်မိသားစုတို့ကို ဆန့်ကျင်ခဲ့ကြ၏။
ချင်းမိသားစုသည် ချန်မိသားစု မြို့တော်ဝန်တို့နှင့် ပြင်းထန်သော ဆေးလုံးတိုက်ပွဲတစ်ပွဲကို ယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးတွင် နှိမ့်ချခံခဲ့ရသော ချင်းမိသားစုက အနိုင်ရရှိခဲ့သည်။
ဤသည်မှာ လျိုမြို့ရှိ ထိပ်သီးမိသားစုကြီးလေးစုတွင် ချင်းမိသားစု၏အဆင့်အတန်းကို အခိုင်အမာ ဖြစ်စေခဲ့သည်။
ဤအချိန်ကာလအတွင်းတွင် ပိုင်းခြားသိမြင်နိုင်စွမ်းရှိသည့် မည်သူမဆို လျိုမြို့တွင် အန္တရာယ်အငွေ့အသက်များ ရစ်သိုင်းလွှမ်းခြုံနေကြောင်း ခံစားနိုင်မိပေမည်။
လူအများသည် လျိုမြို့ အမှန်တကယ် ငြိမ်းချမ်းသွားမည့်အချိန်ကို စောင့်ဆိုင်းရင်း တစ်ယောက်ပြီးတစ်ယောက် ပြောင်းရွှေ့ထွက်ခွာသွားကြသည်။
သို့ရာတွင် လူတချို့ကမူ ပဋိပက္ခ၏အလယ်တွင် ရောက်ရှိနေကြပြီဖြစ်သောကြောင့် ထွက်ခွာသွားရန် မလွယ်ကူလှပေ။
ဥပမာအားဖြင့် ဝမ်မိသားစုပင်။ သူတို့သည် ထိပ်သီးမိသားစုကြီးလေးစုအနက်မှ တစ်စုဖြစ်ပြီး လျိုမြို့သည် သူတို့၏အခြေခံအုတ်မြစ်ပင်။ သူတို့အနေဖြင့် လက်လွတ်စပယ်ထွက်ခွာသွားရန် နည်းလမ်း မရှိပေ။
ထို့ပြင် သူတို့သည် ဤရှုပ်ထွေးမှုများအတွင်းတွင် ဝေစုတစ်စုကို ဝင်ယူလိုပေ၏။