လျှို့ဝှက်ချက်
Vol. 6 Ch. 83
"ဘာမှမဖြစ်ဘူးလား..."
ချန်မိသားစုခေါင်းဆောင်က ထိုင်ခုံပေါ်သို့ ပြန်ထိုင်ချလိုက်သည်။
သူသည် ချင်းမိသားစုမှ ချင်းမင်နှင့် ဆေးပညာရှင်တို့ သေဆုံးသွားသည်ဟု စိတ်ကူးယဥ်တွေးတောခဲ့လေ၏။ သူတို့နှစ်ယောက်အနက်မှ တစ်ယောက် သေဆုံးသွားသရွေ့ အခြေအနေသည် ချက်ချင်းပြောင်းပြန် ဖြစ်သွားပေလိမ့်မည်။
ချင်းမင် သေဆုံးသွားလျှင် ဆေးပညာရှင်ကြီးသည် ချင်းအိမ်တော်တွင် ဆက်နေမည် မဟုတ်သည်မှာ သေချာပေါက်ပင်။
ဆေးပညာရှင်ကြီး သေဆုံးသွားလျှင်မူ ပို၍ပင် ကောင်းပေ၏။
ထိုသို့ဖြစ်လာပါက ချန်မိသားစုသည် မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်ရန် မလိုတော့ချေ။ ဆေးဆိုင်ပေါင်းလေးဆယ်သည် ချင်းမိသားစု၏လက်ထဲတွင် ရှိနေလျှင်ပင် အရေးမကြီးပေ။
ချင်းမိသားစုတွင် မဟာဆေးဆရာကြီးအဆင့် ဆေးပညာရှင် မရှိလျှင် ထိုဆိုင်များသည် အလှပြသက်သက်သာ ဖြစ်ပေလိမ့်မည်။
"ဘာလို့ တိုက်ခိုက်ခံရတယ်ဆိုတာ မင်း သိလား" ချန်မိသားစုခေါင်းဆောင်က မေးမြန်းလိုက်သည်။
"ကျွန်တော် မသိပါဘူး... ကျွန်တော် သိတာကတော့ ဒါက မဟာဆေးဆရာကြီးဆီကိုလာတဲ့ ရန်သူတွေ ဖြစ်ပုံရတယ်... အဲ့ဒီ နှစ်ယောက်က လျိုမြို့ရဲ့ မဟာသိုင်းဆရာကြီးတွေ မဟုတ်တာတော့ သေချာတယ်"
အစေခံက ပြောဆိုသည်။
"တိုက်ခိုက်တဲ့သူနှစ်ယောက် ဘယ်လိုနေလဲ... သူတို့ ဒဏ်ရာရသွားလား"
ချန်မိသားစုခေါင်းဆောင်က ထပ်မံ၍ မေးမြန်းလိုက်၏။
"မရပါဘူး... အဲ့ဒီနှစ်ယောက်က အရမ်း အစွမ်းထက်တယ်လို့ ကျွန်တော် ကြားထားတယ်... အထူးသဖြင့် ပူးပေါင်းတိုက်ခိုက်မှုမှာ သူတို့က အရမ်းကျွမ်းကျင်တယ်"
ချန်မိသားစုအစေခံက အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် တုံ့ပြန်အဖြေပေးလိုက်သည်။
"ကောင်းပြီလေ... မင်းက အဲ့ဒီလူနှစ်ယောက် လျိုမြို့မှာ ရှိနေသေးလား... ပြီးတော့ ချင်းမိသားစုဆေးပညာရှင်နဲ့ သူတို့အကြားမှာ ရန်ငြိုးရှိမရှိ သွားပြီးစုံစမ်းတော့....."
ချန်မိသားစုခေါင်းဆောင်က အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော် အခုချက်ချင်း သွားပါ့မယ်"
အစေခံက ဦးညွှတ်အရိုအသေပြုပြီး ထွက်ခွာသွားသည်။
"ဘယ်သူက မဟာဆေးဆရာကြီးအဆင့် ဆေးပညာရှင်ကို တိုက်ခိုက်ရဲတာလဲ"
ချန်မိသားစုခေါင်းဆောင်သည် နားမလည်နိုင် ဖြစ်သွားလေ၏။
ဤလူနှစ်ယောက်၏နောက်ကွယ်တွင် ကြီးမားသောအင်အားစုတစ်ခု ရှိနေနိုင်သည်။ ထိုသို့မဟုတ်လျှင် သူတို့သည် မဟာဆေးဆရာကြီးအဆင့် ဆေးပညာရှင်ကို ဤကဲ့သို့ ရဲတင်းစွာ တိုက်ခိုက်ဝံ့မည် မဟုတ်ချေ။
ဖြစ်နိုင်သည်မှာ ဤလူနှစ်ယောက်၏အင်အားစုသည်လည်း ဆေးပညာရှင်တစ်ယောက် ဖြစ်နိုင်ပေ၏။
ဆေးပညာရှင်များ တစ်ဖက်နှင့်တစ်ဖက် ပဋိပက္ခဖြစ်ပွားပါက ဆေးပညာမဟာမိတ်အဖွဲ့က ဂရုစိုက်မည် မဟုတ်ချေ။
ဤကဲ့သို့သာ ဖြစ်နေပါက သူသည် ထိုလူနှစ်ယောက်ကို အသုံးချနိုင်သည် မဟုတ်လော...
ချန်မိသားစုခေါင်းဆောင်သည် လောကကြီးတွင် ရှေ့ဆက်ရန် လမ်းမရှိတော့ဟု ခံစားနေရကာ ချင်းမိသားစုကို ဖျက်ဆီးလိုသည့် အချိန်တွင် တစ်စုံတစ်ယောက်က ဓားတစ်ချောင်းကို တိုက်ရိုက်ပို့ပေးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဤထက် ပို၍ကောင်းမွန်သောအရာ မရှိတော့ပေ။
"ကြည့်ရတာတော့ နတ်ဘုရားတွေက မင်းတို့ ချင်းမိသားစုကို ဆက်ပြီးကြည့်မနေနိုင်တော့ဘူး ထင်တယ်... ပြီးတော့ နတ်ဘုရားတွေက မင်းတို့ကို ရှင်းလင်းဖို့ ငါ့ရဲ့လက်ကို ငှားလိမ့်မယ်"
ချန်မိသားစုခေါင်းဆောင်သည် သူ၏လက်သီးကို ဆုပ်လိုက်ပြီး သူ့ကိုကြည့်ရသည်မှာ ချင်းမိသားစု၏ ကျဆုံးခန်းကို မြင်ယောင်နေသည့်အလားပင်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ချန်မိသားစုခေါင်းဆောင်သည် မတ်တတ်ထရပ်လိုက်ပြီး မြို့တော်ဝန်အိမ်တော်ဘက်သို့ လျှောက်လှမ်းသွားသည်။
ဤတိုက်ခိုက်မှုသည် ချန်မိသားစုခေါင်းဆောင်အား အခွင့်အရေးတစ်ခု ပေးခဲ့လေ၏။ ဤသည်မှာ ချင်းမိသားစုကို အမြစ်ပြတ်သုတ်သင်ရန်အတွက် တစ်သက်တွင်တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေးပင်။
ညဉ့်နက်နေပြီဖြစ်ကာ မြို့တော်ဝန်အိမ်တော်၏ တံခါးမကြီးကို ပိတ်ထားသည်။
ချန်မိသားစုခေါင်းဆောင်သည် မည်ကဲ့သို့ ပုဂ္ဂိုလ်မျိုး ဖြစ်သနည်း။ သူကိုယ်တိုင် မြို့တော်ဝန်အိမ်တော်သို့ လာရောက်လည်ပတ်ခဲ့သည်ကို အိမ်တော်မှအစေခံများ မြင်တွေ့ချိန်၌ သူတို့သည် ချက်ချင်း တံခါးဖွင့်ပေးလိုက်ကြ၏။ သူတို့သည် ချန်မိသားစု အကြီးအကဲကို အိမ်တော်အတွင်းသို့ ဖိတ်ခေါ်လိုက်ကြသည်။
မကြာမီပင် ချန်မိသားစု အကြီးအကဲသည် မြို့တော်ဝန်ကို တွေ့ဆုံလိုက်ရသည်။
"ချန်မိသားစုခေါင်းဆောင်... ဒီလောက် ညဉ့်နက်မှ ငါ့ကိုလာရှာတာ ဘာကိစ္စ ရှိလို့လဲ"
မြို့တော်ဝန်က မေးမြန်းသည်။
"မြို့တော်ဝန်ချန်... ငါ မင်းကို သတင်းကောင်းတစ်ခု ပြောပြမယ်... ချင်းမိသားစု တိုက်ခိုက်ခံရတယ်"
ချန်မိသားစုခေါင်းဆောင်က အပြုံးနှင့် ပြောဆိုသည်။
"ဒါက တကယ့်ကို သတင်းကောင်းပဲ... ချင်မိသားစုမှာ ဘယ်နှစ်ယောက် သေလဲ"
မြို့တော်ဝန်သည်လည်း ရယ်မောလိုက်၏။
မကြာသေးမီက ချင်းမိသားစုသည် သူ့ကို အလွန် စိတ်ညစ်စေခဲ့သဖြင့် ချင်းမိသားစု ကံဆိုးမိုးမှောင်ကျပါက သူ ဝမ်းမြောက်မိသည်မှာ သေချာပေါက်ပင်။
"တစ်ယောက်မှ မသေဘူး"
ချန်မိသားစုခေါင်းဆောင်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"တစ်ယောက်မှ မသေဘူးလား..."
မြို့တော်ဝန်ချန်က မျက်မှောင်ကြုတ်လိုက်သည်။
"တစ်ယောက်မှ မသေတာက ဘယ်လိုလုပ်ပြီး သတင်းကောင်း ဖြစ်မလဲ"
"မင်းက ချင်းမိသားစုကို တိုက်ခိုက်တဲ့ လူတွေရဲ့ အင်အားကို သိလား... အဲ့ဒါ မဟာသိုင်းဆရာကြီးနှစ်ယောက်ပဲ... ဒါ့ပြင် သူတို့ တိုက်ခိုက်မှုရဲ့ အဓိကပစ်မှတ်က ချင်းမိသားစုရဲ့ဆေးပညာရှင်ပဲ"
ချန်မိသားစုခေါင်းဆောင်က ပြောဆိုသည်။
"တစ်ယောက်ယောက်က မဟာဆေးဆရာကြီးအဆင့် ဆေးပညာရှင်ကို တိုက်ခိုက်ရဲတာလား"
မြို့တော်ဝန်ချန် အံ့အားသင့်သွားသည်။
အကယ်၍ ဆေးပညာရှင်တစ်ယောက်ကို သာမန်ကာလျှံကာ သတ်ဖြတ်နိုင်မည်ဆိုလျှင် သူသည် မဟာသိုင်းဆရာကြီးတချို့ကို ရှာဖွေပြီး ချင်းမိသားစုမှဆေးပညာရှင်ကို သတ်ခိုင်းပြီးဖြစ်ပေမည်။ ထိုသို့ဆိုပါက သူ့ထံတွင် ဤမျှထိ ဒုက္ခများမည် မဟုတ်ချေ။
"ဒါကြောင့် ငါက ဒါကို သတင်းကောင်းလို့ ပြောတာပဲ... သူတို့နှစ်ယောက်က အဲ့ဒီဆေးပညာရှင်ကို တိုက်ခိုက်ရဲမှတော့... အနည်းဆုံးတော့ သူတို့က ဆေးပညာမဟာမိတ်အဖွဲ့က ဒုက္ခပေးမှာကို မကြောက်ဘူးဆိုတာ သက်သေပြနေတာပဲ... ဒီလို အခြေအနေမှာ ငါတို့က ဘာလို့ ဒါကို အသုံးမချဘဲ နေရမှာလဲ"
ချန်မိသားစုခေါင်းဆောင်က ဆက်လက်၍ ပြောဆိုလိုက်၏။
"မင်းက ဘယ်လို လုပ်နိုင်မှာလဲ"
မြို့တော်ဝန်ချန်က သံသယဖြင့် မေးမြန်းလိုက်သည်။