ချင်းမိသားစု၏ ဗျူဟာ
Vol. 6 Ch. 88
အိမ်ပြန်ရောက်ပြီးနောက် ချင်းမင်နှင့် သူ၏ညီမသည် အခန်းဘက်သို့ လျှောက်လှမ်းသွားကြ၏။ ချင်းမင်းသည် အခန်းသို့ ပြန်၍ သူ့ညီမငယ်အတွက် ဆေးသကြားလုံးတချို့ ပြုလုပ်ပေးရန် စီစဉ်လိုက်သည်။
ပြီးခဲ့သောတစ်ကြိမ်က သူ သန့်စင်ခဲ့သော ဆေးသကြားလုံးများသည် သူ့ညီမငယ်၏ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက်သာ ဖြစ်သောကြောင့် သူမသည် များများမစားနိုင်ဘဲ တစ်နေ့လျှင်တစ်လုံးသာ စားခဲ့ရသည်။
ဤအဖြစ်အပျက်ကြောင့် သူ၏ညီမက သူ့ကို ညည်းတွားပြခဲ့လေ၏။
ချင်းချင်းအတွက်မူ မြင်တွေ့နေရပြီး မစားရခြင်းသည် ညှဉ်းပန်းနှိပ်စက်ခံရမှုတစ်မျိုးပင်။
ထို့ကြောင့်ပင် သူ၏ညီမငယ်က ဆေးသကြားလုံးတချို့ ပြုလုပ်ပေးရန် သူ့ကို အလွန်အလျင်စလိုတိုက်တွန်းနေခြင်း ဖြစ်သည်။
ထိုအချိန်မှာပင် အစေခံတစ်ဦးက ချင်းမင်ကို မြင်တွေ့သွားပြီး အော်ခေါ်လေသည်။
"သခင်လေး... ခဏစောင့်ပါအုံး"
အလျင်အမြန် ပြေးလာသော အစေခံကို တွေ့ချိန်၌ ချင်းမင်က မျက်မှောင်ကြုတ်လိုက်သည်။
ချင်းမိသားစုတွင် အစေခံများသည် အလွန် အမူအကျင့်ကောင်းကြ၏။ သူတို့သည် ဟိုဟိုသည်သည်ပြေးလွှားခြင်း သို့မဟုတ် ဆန္ဒရှိသလို အော်ဟစ်ခြင်းများ မပြုလုပ်ကြချေ။ ဤအစေခံသည် ဤမျှထိ ထိတ်လန့်တကြား ဖြစ်နေခြင်းမှာ အရေးကြီးသောကိစ္စ တစ်စုံတစ်ခု ရှိနေရပေမည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် အစေခံက ချဉ်းကပ်လာပြီးနောက် စိတ်အားထက်သန်စွာ ပြောဆိုလိုက်သည်။
"သခင်လေး... မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲတွေအားလုံး ခန်းမဆောင်ထဲမှာ ရောက်နေတယ်... သခင်လေးကို အမြန်လာဖို့ ခေါ်ခိုင်းလိုက်တယ်"
ချင်းမင်က ခေါင်းညိတ်လိုက်၏။
"ငါ သိပြီ... မင်း သွားနှင့်လိုက်... ငါ လိုက်လာခဲ့မယ်"
အစေခံက ဦးညွှတ်အရိုအသေပြုပြီး ထွက်ခွာသွားသည်။
"ညီမလေး..."
ချင်းမင်က နောက်သို့ပြန်လှည့်ပြီး သူ၏ညီမငယ်ကို ခေါ်လိုက်သည်။
"ကျွန်မ သိတယ်... သိပါတယ်.."
ချင်းချင်းက သူမ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"အစ်ကို သွားလိုက်လေ.. ကျွန်မ အဲ့ဒီကို မလိုက်တော့ဘူး... ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်မ နားမလည်ဘူး"
ချင်းမင်က အာမခံလိုက်သည်။
"ဒီကိစ္စတွေ ပြီးသွားတဲ့ အချိန်ကျရင် ငါက မင်းအတွက် ဆေးသကြားလုံးတွေ လုပ်ပေးမယ်"
ထပ်ခါတလဲလဲ အာမခံချက်များ ပေးပြီးနောက် ချင်းမင်သည် နောက်ဆုံးတွင် ချင်းချင်းအား ပျော်ရွှင်စွာ ထွက်ခွာသွားစေနိုင်ခဲ့သည်။ ဤအကြောင်းကြောင့် ချင်မင်သည် တန်းတူညီမျှ မရှိသော သဘောတူညီချက်များကို သူ၏ညီမငယ်အား ကတိပေးခဲ့ရလေ၏။
ချင်းမိသားစုခန်းမဆောင်ထဲတွင် အကြီးအကဲများနှင့် ချင်းမိသားစုခေါင်းဆောင်ချင်းယွမ်တို့ ရောက်ရှိနေကြလေပြီ။
ချင်းမင် ရောက်လာသည့်အချိန်တွင် သူတို့ ဆွေးနွေးနေသည်မှာ အချိန်တခဏကြာမျှ ကြာမြင့်နေလေပြီ။
"အဖေ... အကြီးအကဲ"
ချင်းမင်က ဦးညွှတ်လိုက်သည်။
ထိပ်ဆုံးထိုင်ခုံတွင် ထိုင်နေသော ချင်းယွမ်သည် ချင်းမင် ရောက်လာသည်ကို မြင်တွေ့ချိန်၌ ဝမ်းသာအားရ ပြောဆိုသည်။
"မင်အာ... နေရာတစ်ခုရှာကြပြီး ထိုင်လိုက်အုံး... ဒီတစ်ကြိမ်မှာ ကိစ္စတွေအများကြီး ဖြစ်ပျက်ခဲ့တယ်... မင်းလည်း နားထောင်ရမယ်"
ချင်းမင်သည် ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး အကြီးအကဲများနှင့် သူ့ဖခင်တို့၏ ဆွေးနွေးမှုကို ဂရုတစိုက် နားထောင်လိုက်သည်။
"မနေ့ညကတည်းက မြို့စောင့်တပ်က လူနှစ်ယောက်ကို ရှာနေခဲ့ကြပြီးတော့ ဒီမနက်မှ ပြီးသွားတယ်... သူတို့တွေက အဲ့ဒီလူတွေကို ရှာတွေ့သွားလောက်တယ်"
အကြီးအကဲတစ်ဦးက ပြောဆိုသည်။
ချင်းယွမ်က ခေါင်းညိတ်လိုက်၏။ လျိုမြို့တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို သူ သိရှိထားသည်။
"သူတို့က ဘယ်သူ့ကို ရှာနေလဲ မသိဘူး... မနေ့က ချင်းမိသားစုကို တိုက်ခိုက်ခဲ့တဲ့လူတွေနဲ့ ပတ်သက်နေနိုင်လား"
အကြီးအကဲများသည် အချင်းချင်းကြည့်လိုက်ကြသော်လည်း သူတို့အားလုံး မသိကြချေ။
"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်... ဒါက ပို အရေးကြီးတယ်... မြို့တော်ဝန်နဲ့ ချန်မိသားစုခေါင်းဆောင်တို့က ဒီနေ့ ဝမ်မိသားစုဆီကို အလည်အပတ်သွားကြတယ်... ငါတို့က ဒါကို သတိထားရမယ်"
ဆံပင်များဖြူဖွေးနေသော အဘိုးအိုတစ်ဦးက ပြောဆိုလိုက်၏။
ချင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
ဤသည်မှာ ကိစ္စကြီးတစ်ခုပင်။
မြို့တော်ဝန်ချန်နှင့် ချန်မိသားစုခေါင်းဆောင်တို့၏အပြုအမူများအရ သူတို့သည် မကောင်းသော အရာတစ်ခုကို ကြံစည်နေသည်ဟု သူ ခန့်မှန်းမိသည်။
ချင်းမိသားစု၏ ကောင်းမွန်သောအခြေအနေသည် ဤအတိုင်း ပျက်စီးသွား၍မဖြစ်ချေ။
ယခုချိန်၌ ချင်းမိသားစုသည် မုန်တိုင်းမတိုင်မီ ငြိမ်သက်နေသကဲ့သို့ ဖြစ်နေသော်လည်း လေထုသည် သိပ်သည်းလေးလံနေပြီး လေပြင်းမုန်တိုင်းတစ်ခု အချိန်မရွေး ကျရောက်လာနိုင်သည့်အလားပင်။
"ငါတို့လူတွေက ဘာသတင်းရခဲ့သေးလဲ... သူတို့က ဘာလုပ်ဖို့ ကြံစည်နေတာလဲ"
ချင်းယွမ်က တည်ကြည်လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။
"ဘာသတင်းမှ မရဘူး..."
အကြီးအကဲတစ်ဦးက ခေါင်းခါလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"သူတို့ရဲ့တိုင်ပင်ဆွေးနွေးမှုက ဒီတစ်ကြိမ်မှာ အရမ်းလျှို့ဝှက်တယ်... ငါတို့လူတွေက ဘာသတင်းမှ မရခဲ့ဘူး"
"ကြည့်ရတာတော့ သူတို့က လှုပ်ရှားမှုကြီးတွေ လုပ်တော့မယ့်ပုံပဲ"
ချင်းယွမ်က သက်ပြင်းချလိုက်သည်။
ချင်းမိသားစုသည် အလွန်အားနည်းနေပေ၏။ အကယ်၍ ချင်းမိသားစု၌ မဟာသိုင်းဆရာကြီးအဆင့် ကျင့်ကြံသူအမြောက်အများ ရှိနေမည်ဆိုလျှင် လျိုမြို့တစ်မြို့လုံးရှိ မိသားစုများ အတူပူးပေါင်း၍လာလျှင်ပင် သူတို့ ကြောက်ရွံနေရမည် မဟုတ်ပေ။
အစွမ်းအစသည် နောက်ဆုံးအဆုံးအဖြတ်ဖြစ်သည်မှာ သေချာပေါက်ပင်။
"အဖေ... ကျွန်တော်တို့က ဒါကို စိတ်ပူဖို့ မလိုသေးဘူး.. အခုချိန်မှာ အရေးကြီးဆုံးက အိုးယန်မိသားစုနဲ့ ဆွေးနွေးဖို့ပါပဲ... အိုးယန်မိသားစုဘက်က သတင်းရမရ စောင့်ကြည့်ရအောင်... ဒါ့ပြင် သူတို့ ဘာကိုပဲ ဆွေးနွေးခဲ့ကြပါစေ... နောက်ဆုံးမှာ ကျွန်တော်တို့က တိုက်ပွဲတစ်ခုကို ရှောင်လို့လွတ်မှာမဟုတ်ဘူး... ကျွန်တော်တို့က စောစောစီးစီး စီစဉ်ပြီးတော့ စုဆောင်းနိုင်သမျှ အင်အားတွေကို စုဆောင်းထားရမယ်"
ချင်းမင်က မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်သည်။