← Chapters

ပြောင်းရွှေ့ရန် ဆုံးဖြတ်ခြင်း

Vol. 6 Ch. 90

ပြောင်းရွှေ့ရန် ဆုံးဖြတ်ခြင်း

Vol. 6 Ch. 90

"ကျေးဇူးတင်ပါတယ်... အိုးယန်မိသားစုခေါင်းဆောင်သာ ဒီသတင်းကို ယူမလာခဲ့ရင် ကျွန်တော်တို့ချင်းမိသားစု ပျက်စီးသွားနိုင်တယ်"

ချင်းယွမ်က မတ်တတ်ထရပ်ပြီး ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။

ချင်းမိသားစု၏ အကြီးအကဲများသည်လည်း မတ်တတ်ထရပ်လိုက်ကြပြီး ကျေးဇူးတင်စကားများကို ထပ်ခါတလဲလဲ ပြောဆိုလိုက်ကြ၏။

"ဒီလိုလုပ်ဖို့ မလိုပါဘူး..."

အိုးယန်မိသားစုခေါင်းဆောင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါတို့က မဟာမိတ်တွေပဲ... ပြီးတော့ ငါတို့ လုပ်နိုင်သမျှ အရာအားလုံးကို ငါတို့ လုပ်ပေးခဲ့ပြီးပြီ"

ထိုစကားကိုပြောဆိုးပြီးနောက် အိုးယန်မိသားစုခေါင်းဆောင်က ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာသွားသည်။

"အိုးယန်မိသားစုခေါင်းဆောင်....."

ချင်းယွမ်က အော်ခေါ်လိုက်သည်။

အိုးယန်မိသားစုခေါင်းဆောင်၏ခြေလှမ်းများ ရပ်တန့်သွားသည်။

"ချင်းမိသားစုခေါင်းဆောင်... ငါတို့ အိုးယန်မိသားစုက လျိုမြို့မှာ ဆက်နေတော့မှာ မဟုတ်ဘူး... ဒါကြောင့် မင်းတို့လည်း ကိုယ့်ဘာသာကိုယ် စီစဉ်ကြတော့"

ထိုစကားကို ပြောဆိုပြီးနောက် အိုးယန်မိသားစုခေါင်းဆောင်သည် သူ ခေါ်ဆောင်လာသော အကြီးအကဲများနှင့်အတူ အပြင်ဘက်သို့ ဆက်လက်၍ လျှောက်လှမ်းသွားပြီး သူ့ကိုကြည့်ရသည်မှာ အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်။

အိုးယန်မိသားစုခေါင်းဆောင်နှင့် အိုးယန်မိသားစုအကြီးအကဲများ ထွက်ခွာသွားသည်ကို မြင်တွေ့ချိန်၌ ချင်းမိသားစုဝင်များအားလုံးထံတွင် စိတ်ခံစားချက်များဖြင့် ပြည့်နှက်သွားတော့သည်။

အိုးယန်မိသားစုနှင့် သူတို့ချင်းမိသားစုတို့၏ မဟာမိတ်ဖွဲ့မှုတွင် အိုးယန်မိသားစုသည် မည်သည့်အကျိုးကျေးဇူးကိုမျှ မရရှိခဲ့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် ချင်းမိသားစုထံမှ ကူးစက်လာနိုင်သော ပြဿနာများကြောင့် အိုးယန်မိသားစုသည် လျိုမြို့မှ ပြောင်းရွှေ့သွားရန် ကြံရွယ်ထားရမည်။

တစ်ခုသိထားရမည်မှာ အိုးယန်မိသားစု၏ အခြေခံအုတ်မြစ်များသည် လျိုမြို့တွင် ရှိနေခြင်းပင်။

လျိုမြို့မှ ပြောင်းရွှေ့သွားခြင်းကြောင့် အိုးယန်မိသားစုသည် ကြီးမားသောဆုံးရှုံးမှုများကို ခံစားရပေမည်။

အဆက်အသွယ်များ... ဆိုင်များ... မြေယာများ အစရှိသည်တို့သည် သူတို့ ယူဆောင်သွား၍ မရသော အရာများပင်။

ချန်မိသားစုနှင့်မြို့တော်ဝန်တို့သည် အိုးယန်မိသားစုကို ထိုအရာများအား ယူဆောင်သွားခွင့် ပေးမည် မဟုတ်ချေ။

အိုးယန်မိသားစု လုပ်ဆောင်ခဲ့သော အရာများသည် အလွန်စေတနာကောင်းမွန်သည်ဟု ယူဆနိုင်ပြီး သူတို့ ထွက်ခွာသွားမည့် အချိန်တွင်ပင် ချင်းမိသားစုကို လာရောက်အသိပေးခဲ့ပေ၏။

မဟာမိတ်ဖွဲ့မှုတစ်ခုလုံးတွင် ချင်းမိသားစုသည် အိုးယန်မိသားစု၏အစွမ်းအစကို အသုံးချနေခဲ့ပြီး အိုးယန်မိသားစုသည် မည်သည့် အကျိုးကျေးဇူးမျှ မရရှိခဲ့ပေ။

တစ်ခုတည်းသောအရာမှာ ချင်းမင်က အိုးယန်မိသားစုထံသို့ ပေးပို့ခဲ့သော ဆေးပုလင်းတစ်ပုလင်းပင်။

"ပြောကြအုံး... ငါတို့ အခု ဘာလုပ်သင့်လဲ"

ချင်းယွမ်သည် ထိုင်ခုံပေါ်တွင် အားအင်ချည့်နဲ့စွာ လဲလျောင်းလိုက်ပြီး သက်ပြင်းချလိုက်သည်။

ဤအချိန်ကာလအတွင်းတွင် ကိစ္စအမြောက်အများ ဖြစ်သွားခဲ့သော်လည်း ယခုချိန်မူ ချင်းမိသားစုသည် မူလပုံစံသို့ပြန်ရောက်ကာ ဖိနှိပ်ခံရတော့ပေမည်။ ဤကိစ္စကို တွေးတောကြည့်လျှင် အမှန်တကယ်ကို စိတ်ပျက်ဖွယ် ကောင်းပေ၏။

ချင်းမိသားစု ထွက်ခွာသွားခြင်းကို လူ မည်မျှထိများများ တိတ်တဆိတ် လှောင်ပြောင်နေမည်ကို သူ မသိရှိချေ။

ချင်းယွမ်၏စကားကို ကြားချိန်၌ မိသားစု အကြီးအကဲများသည်လည်း သက်ပြင်းချလိုက်ကြသည်။

အလွန်အမင်းကြီးမားသောအင်အားဖြင့် ဖိနှိပ်ခြင်းကို ခံရပါက သူတို့သည် မည်သည့်အရာကို လုပ်နိုင်အုံးမည်နည်း။

ချန်မိသားစုတွင် မဟာသိုင်းဆရာကြီး နှစ်ယောက် မြို့တော်ဝန်အိမ်တော်တွင် တစ်ယောက်နှင့် ဝမ်မိသားစုမှ တစ်ယောက်အပြင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက် ရှိသည်။

ရန်သူဘက်တွင် စုစုပေါင်း မဟာသိုင်းဆရာကြီးအဆင့် ကျင့်ကြံသူခြောက်ယောက် ရှိနေပေ၏။

ချင်းမိသားစုတွင် မဟာသိုင်းဆရာကြီးအဆင့် ကျင့်ကြံသူ တစ်ယောက်တည်းသာရှိပြီး အားကိုးရန်လူဟူ၍ ဆေးပညာရှင်ကြီးသာရှိပေမည်။ အိုးယန်မိသားစုတွင် ထိုအဆင့် ကျင့်ကြံသူတစ်ယောက် ရှိသည်။

သူတို့၏ဘက်မှ အင်အားများအားလုံးကို စုပေါင်းလိုက်လျှင်ပင် မဟာသိုင်းဆရာကြီးအဆင့် ကျင့်ကြံသူသုံးယောက်သာရှိပေ၏။

အကယ်၍ ချန်မိသားစုတွင် မဟာသိုင်းဆရာကြီးလေးယောက်သာ ရှိနေလျှင် သူတို့ တိုက်ခိုက်နိုင်သေးသည်။

ယခု၌မူ...

အမြန်ဆုံး ထွက်ပြေးရန်သာ တတ်နိုင်ပေတော့မည်။

ချင်းယွမ်သည် စကားမပြောသော လူများကို မြင်တွေ့ချိန်၌ သူတို့ထံတွင် လုပ်ဆောင်နိုင်သည့်အရာဟူ၍ မရှိတော့သည်ကို သိလိုက်သည်။

သူသည် မနေနိုင်တော့ဘဲ မတ်တတ်ထရပ်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ဒီလိုအခြေအနေမျိုးကို ရောက်လာမှတော့... ငါတို့က လျိုမြို့ကနေ ပြောင်းရွှေ့ကြရအောင်"

"အကြီးအကဲ... လျိုမြို့က ငါတို့ရဲ့ အခြေခံအုတ်မြစ်ပါ... ငါတို့ချင်းမိသားစုဘိုးဘေးတွေက အစဥ်အဆက် လျိုမြို့မှာ နေခဲ့ကြတာ... ငါတို့ ဘယ်လိုမှ ထွက်သွားနိုင်မှာ မဟုတ်ဘူး"

အကြီးအကဲတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်ပြီး ပြောဆိုလိုက်၏။

"ငါလည်း ထွက်မသွားနိုင်ဘူး... ဒါမှမဟုတ် ငါတို့က ချန်မိသားစုနဲ့ တိုက်ခိုက်ကြမယ်... ငါတို့က သူသေကိုယ်သေ တိုက်ခိုက်ကြတာပေါ့"

အသက်အိုမင်းသော အကြီးအကဲတစ်ဦးက အော်ဟစ်လိုက်သည်။

"ဟူး... တိုက်ခိုက်မယ်... တိုက်ခိုက်မယ်... မင်းတို့က တိုက်ခိုက်မယ်ပဲ ပြောနေကြတယ်"

ချင်းယွမ်က ပြောဆိုသည်။

"ငါတို့က ဘယ်လိုပဲ တိုက်ခိုက်ပါစေ... ငါတို့ပဲ သေကြေပျက်စီးရမှာ သေချာတယ်... သူတို့ဘက်မှာ အထိအခိုက်ရှိမရှိဆိုတာကတော့ နောက်ထပ်ကိစ္စတစ်ခုပဲ"

ချင်းယွမ်၏အော်ငေါက်သံကို ကြားချိန်တွင် အကြီးအကဲအများစု၏မျက်နှာများ ဖြူဖျော့သွားကြသည်။

သူတို့ သိလိုက်သည်မှာ ချင်းမိသားစုသည် လျိုမြို့မှ ထွက်ခွာရမည်ဖြစ်ပြီး အချိန်တခဏမျှစောင့်ဆိုင်း၍ မရတော့ခြင်းပင်။

အိုးယန်မိသားစုပင်လျှင် ထွက်ခွာရန် စီစဉ်နေပြီ ဖြစ်သောကြောင့် သူတို့ ချင်းမိသားစုတွင် လုပ်ဆောင်နိုင်သည့်အရာ မရှိတော့ချေ။

အိုးယန်မိသားစုသည် သူတို့ကြောင့် ထိခိုက်ခဲ့ရပြီး သူတို့ချင်မိသားစုသည် အဓိကပစ်မှတ်ပင်။

အိုးယန်မိသားစုပင်လျှင် ထွက်ခွာသွားခဲ့ပြီ ဖြစ်ရာ သူတို့ချင်းမိသားစု ဤနေရာတွင် ဆက်နေလျှင် ပျက်စီးခြင်းမှလွဲ၍ ဒုတိယဖြစ်နိုင်ခြေ မရှိတော့ချေ။

"ကောင်းပြီ... အလွန်ဆုံးမှ ငါတို့က အစကနေ ပြန်စကြရုံပဲ... တစ်နေ့နေ့မှာ ငါတို့ ပြန်လာနိုင်လိမ့်မယ်... အဲ့ဒီအချိန်ကျရင် ဒါက ငါတို့ ချင်းမိသားစု လျိုမြို့ကို ပြန်ရောက်လာတဲ့အချိန် ဖြစ်လိမ့်မယ်"

ချင်းယွမ်သည် အပြင်ဘက်မှ မိုးကောင်းကင်ယံကို ခါးသီးစွာ ကြည့်လိုက်သည်။

All Chapters