မင်းမှာ အဖေ မရှိဘူး
Vol. 1 Ch. 58
နှစ်ရက်အတွင်းတွင် ကောင်းကင်တောင်ပံ မြို့တွင် မိုးသက်မုန်တိုင်း ကျရောက်လာခဲ့သည်။ မိုးသည် အဆက်မပြတ် ရွာသွန်းနေရာ ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် လူသစ်လက်ခံပွဲ အခမ်းအနားကို ရွှေ့ဆိုင်း လိုက်ရသည်။ အပူချိန်သည်လည်း ပို၍ပင် ကျဆင်းလာခဲ့ပြီး ဆောင်ဦးရာသီသို့ မသိမသာ ရောက်ရှိလာခဲ့သည်။
အေးမြသော ရာသီဥတုနှင့် နှိုင်းယှဉ်ရသော် မာဂိုဏ်းသားများနှင့် ကျန်းဂိုဏ်းသားများ၏ နှလုံးသားများသည် ပို၍ အေးစိမ့်နေခဲ့ကြသည်။
အနောက်ဘက် မြို့စောင့်တပ်သည် မာအိမ်တော်နှင့် ကျန်းအိမ်တော်ကို ဝန်းရံထားခဲ့ကြသည်။ နှစ်ရက်ကြာပြီ ဖြစ်သော်လည်း စစ်တပ်သည် မည်သို့မှ လှုပ်ရှားမလာခဲ့ပေ။ ဖြူဖွေးနေသော ဓားရှည်များ ကိုင်ဆောင်ထားကြသော ထိုအနက်ရောင်သံချပ်ဝတ် စစ်သားတို့သည် ဂိုဏ်းနှစ်ဂိုဏ်း လုံးကို လေးလံသော ခံစားချက်များ ပေးစွမ်းလေသည်။
အနောက်ဘက် တောင်ကုန်းတွင် ကျန်းယွင်ဟိုင်သည် စကားတစ်ခွန်းနှင့်ပင် ကျန်းယွင်ရှစ် အပါအဝင် ဦးခေါင်းဆယ့်ကိုးခုကို ပြတ်သွားစေခဲ့သည် ... ကျန်းယွင်ဟိုင်၏ ဂုဏ်သတင်းသည် ကောင်းကင်တောင်ပံ မြို့တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ သူ၏ သတ်ဖြတ်ရခြင်းကို နှစ်ခြိုက်သူ ဟူသော ဂုဏ်သတင်းသည် အမည် သက်သက်သာ မဟုတ်ကြောင်း သက်သေလည်း ဖြစ်သည်။
ထို့ပြင် ကျန်းရီဟူသော နာမည်တစ်ခုသည်လည်း ဂိုဏ်းအသီးသီးတွင် တောမီးပမာ ပျံ့နှံ့ နေခဲ့သည်။
ကျန်းယွင်ရှဲနှင့် အခြားလူများ အနောက်ဘက်တောင်ကုန်းသို့ အမြန်သွားခဲ့စဉ်က ဂိုဏ်းအသီးသီးမှ ကင်းထောက်လူငယ်များ စေလွှတ်ခဲ့ကြသည်။ ထိုလူငယ်များသည် ကိုယ်တိုင် မမြင်ခဲ့ရသော်လည်း ကျန်းရီ ဖြစ်ခဲ့သမျှ အရာအားလုံးကို လူတိုင်း သိရှိသွားခဲ့ကြလေသည်။
မာဟေးချီနှင့် ကျန်းရုလုံတို့သည် ကျန်းရီကို ပြိုင်ပွဲမှ ထွက်ရစေရန် ကျန်းရီ၏ အစေခံ မိန်းကလေးကို ပြန်ပေးဆွဲခဲ့သည်။ ကျန်းရီသည် တောင်ကုန်းသို့ တစ်ယောက်တည်း သွားကာ ခရမ်းရောင်နန်းတော်ရှင် ပထမအဆင့်ဖြသ်သော မာယင်းအပါအဝင် လူအမြောက်အမြားကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် တောင်ကမ်းပါးတွင်လည်း ကျန်းယွင်ရှဲသည် ကျန်းရီ၏ ဒန်တျန်းကို ဖျက်ဆီးရန် ရည်ရွယ်ခဲ့သော်လည်း ဒန်တျန်းထဲမှ မီးနဂါးတစ်ကောင် ထွက်လာပြီး အသတ်ခံလိုက်ရသည်။
လွန်ခဲ့သော ခြောက်လခန့်က သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်၌သာ ရှိသေးသော အမှိုက်ကောင်သည် လူတိုင်း ဆွံ့အရသော အမြန်နှုန်းဖြင့် တိုးတက်လာခဲ့သည်။ ပို၍ အရေးကြီးသည်မှာ သူ၏ အဆင့်အတန်း ဖြစ်သည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ဖြစ်သော ကျန်းယွင်ဟိုင်ကပင် သူ့ရှေ့တွင် ဒူးထောက်ရသည်။ ကျန်းရီ၏ မိဘများ၏ အဆင့်အတန်းကို စိတ်ကူး ကြည့်နိုင်ပေသည် ... မီးနဂါးသည်ပင် သူ့မိဘများ သူ့ကို ကာကွယ်နိုင်ရန် ချန်ထားခဲ့သည်များ ဖြစ်နေလေမလား။
ကျန်းရီသည် ရှန်မိနိုင်ငံ၏ မှော်ဆရာတစ်ဦး ဖြစ်နိုင်သည်ဟု ကောလာဟလများ ထွက်လာသော်လည်း လူအများစုက မယုံကြပေ။ သူသာ ရှန်မိနိုင်ငံ၏ မှော်ဆရာတစ်ယောက် ဖြစ်နေလျှင် ကျီထျန်းနှင့် အနောက်ဘက် မြို့စောင့်တပ်သည် သူ့ကို သတ်ပြီး လောက်ပေပြီ။
ကျန်းရီ၏ သတင်းကို ကြားရပြီးသော် ရီလင်းရွှယ်၏ စိတ်အစုံသည် အတော်လေး လှုပ်ရှားသွားခဲ့သည်။
သူမသည် ကျန်းရီ၏ ထူးခြားသည့် အရည်အချင်းကို ပထမဆုံး မြင်တွေ့ခဲ့ချိန်က ကျန်းရီကို အထင်အမြင်သေးစွာ အထက်စီးမှ ပြုမူဆက်ဆံ ခဲ့သည်။ သူမသာ သူနှင့် ဆက်ဆံရေးတချို့ တည်ဆောက်နိုင်သည့် အခွင့်အရေးကို အသုံးချနိုင်ခဲ့ပါလျှင် ရီဂိုဏ်း၏ အဆင့်အတန်းသည်လည်း မြင့်တက် လာပေလိမ့်မည်။ ကျန်းယွင်ဟိုင် အသက်ရှင်နေ သေးသရွေ့ ရီဂိုဏ်းကို မည်သူကမှ ရန်စဝံ့မည် မဟုတ်ချေ။
ကျီထင်ယွီသည်လည်း အတော်လေး နောင်တရနေခဲ့သည်။ သို့သော် သူမသည် ဂုဏ်ယူ ဝံ့ကြွားနေဆဲဖြစ်ကာ ကျန်းရီကို သူမအတွက် မသင့်တော်ဟု တွေးနေဆဲပင်။ ရှန်ဝူနိုင်ငံတော် တစ်ခုလုံး၏ အဆင့်တွင် ပါရမီရှင် ထိပ်ဆုံး ငါးယောက်မှတစ်ပါး ကျန်လူများသည် ထည့်ပြောရန်ပင် မထိုက်တန်ပေ။
သူမ နောင်တရသည်ကား လွန်ခဲ့သော လအနည်းငယ်က သိုင်းလေ့ကျင့် ခန်းအတွင်း၌ ကျန်းရီ၏ ခံစားချက်များကို နာကျင်စေခဲ့သောကြောင့် ဖြစ်သည်။ ကျန်းရီသည် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင် သားတစ်ယောက် ဖြစ်လျှင်တောင် ကိစ္စမရှိပေ။ ယခုမူ သူသည် ကျန်းဂိုဏ်းနှင့် သံယောဇဉ် ဖြတ်ပစ်ရလောက်သည်အထိ တန်ဖိုး ရှိနေခဲ့သည်။
သူမသည် အဝါရောင် ထီးလေးကို ကိုင်ကာ ကျီဂိုဏ်းအတွင်းရှိ သပ်သပ်ရပ်ရပ် အဆောင်တစ်ခုဆီ လျှောက်သွားလိုက်သည်။ ထို့နောက် သူမသည် အနောက်ဘက် မြို့စောင့်တပ်၏ စစ်သားတစ်ဦးကို တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်သည်။
"သခင်လေးကျန်း နိုးပြီလား ... ကျွန်မ သူ့ကို တွေ့ချင်လို့”
စစ်သားသည် ကျီထင်ယွီကို တစ်ချက်ကြည့်လိုက်သော် ညှို့ယူဖမ်းစား ခံလိုက်ရသည်။ ဒီမိန်းကလေးက အပြည့်အဝ မဖွံ့ဖြိုးသေးပေမဲ့ ပြည်နယ်တွေ မြို့တွေကိုတောင် ပျက်စီးစေနိုင်မယ့် အလှလေးပဲ ... ကံကောင်းစွာ ထိုစစ်သားသည် အသက်အရွယ် အတော်အတန် ကြီးမြင့်ကာ စစ်ပွဲများစွာကို ဖြတ်သန်းခဲ့ဖူးပြီ ဖြစ်သည်။ သူသည် အလျင်အမြန် စိတ်ထိန်းကာ ပြန်ပြောလိုက်သည်။
"အရှင်ဟိုင်က ဒီအတောအတွင်းမှာ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဖို့ အမိန့်ပေးထားပါတယ်”
"အိုး”
ကျီထင်ယွီသည် စိတ်ပျက်လက်ပျက်နှင့် ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်လာခဲ့သည်။ သူမ၏ အဝါရောင် ဝတ်စုံနှင့် အနက်ရောင် ဆံကေသာတို့သည် လေပြည်နှင့်အတူ မျောလွင့်နေခဲ့သည်။
***
ကျန်းရီသည် နိုးလာခဲ့ပြီး ဖြစ်ကာ ကျန်းယွင်ဟိုင် ကျန်းရှောင်နူအား အတွင်းအားသုံး၍ ကုသနေသည်ကို တုန်လှုပ်စွာ ကြည့်နေခဲ့သည်။ သူ့ကိုယ်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခဲ့သည်။ သူသည် မြေကမ္ဘာအဆင့် ဒဏ်ရာကုသဆေး အမြောက်အမြားကို စားသုံးလိုက်ပြီးနောက် ဒဏ်ရာများ ဖြည်းဖြည်းချင်း ပြန်ကောင်းလာပြီ ဖြစ်သော်လည်း သူသည် အလွန်အားနည်းနေဆဲ ဖြစ်သည်။ သို့သော် သူနိုးလာသည်နှင့် ရှောင်နူ၏ အခြေအနေကို အရင် စူးစမ်းခဲ့သည်။
ကျန်းရှောင်နူသည် အခြေအနေ မကောင်းပေ။ အဆိပ်သည် အတော်လေး ပြင်းပြီး သူမသည် ကိုယ်ခံပညာ တတ်မြောက်မထားခဲ့ပေ။ ကျန်းယွင်ဟိုင် ရောက်လာသောအချိန်တွင် အဆိပ်သည် သူမ၏ ကိုယ်တွင်း ပျံ့နှံ့နေခဲ့ပြီး ဖြစ်ကာ အတော်လေး နောက်ကျနေခဲ့ပြီ ဖြစ်သည်။ သူမသည် ဖြေဆေး အမြောက်အမြား စားခဲ့ပြီး ကျန်းယွင်ဟိုင်သည် အဆိပ်များကို တွန်းထုတ်ပေးနေခဲ့သော်လည်း အခြေအနေသည် ဆိုးဝါးနေဆဲပင် ဖြစ်သည်။
"ဟူး ...”
တစ်နာရီခန့် ကြာပြီးနောက် ကျန်းယွင်ဟိုင်သည် မျက်လုံးများ ဖွင့်လာကာ သက်ပြင်းရှည် တစ်ချက်ချလိုက်ပြီး ခေါင်းရမ်းလိုက်သည်။ သူသည် ကျန်းရီကို ကြည့်လိုက်ပြီး ပြောလာခဲ့သည်။
"အရှင်ငယ် ... ရှောင်နူရဲ့ အသက်ကို ကယ်ပြီးပါပြီ ... အဆိပ်အများစုကလည်း သူမ ကိုယ်ထဲကနေ ထွက်သွားပါပြီ ... ဒါပေမဲ့ အဆိပ်အနည်းငယ်က သူမရဲ့ ဦးနှောက်ထဲအထိ ရောက်သွားခဲ့တယ် ... ရှောင်နူ ချက်ချင်း သေသွားနိုင်တာကြောင့် ကျွန်တော်လည်း စွတ်ပြီး မလုပ်ရဲဘူး ... အဆိပ်သာ ပြေမသွားရင် သူမဦးနှောက် သေသွားနိုင်တယ် ... "
"ဦးနှောက် သေသွားနိုင်တယ်လား”
ကျန်းရီသည် တုန်လှုပ်စွာ မေးလာခဲ့သည် ...
"အဘိုး ... တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား။ အနောက်ဘက် မြို့စောင့်တပ်ရဲ့ လက်ထောက် စစ်သူကြီးက အဘိုးကို အရှင်လို့ နှုတ်ဆက်ခဲ့တယ် မဟုတ်ဘူးလား။ သူနဲ့ မြို့စားကျီဆီက အကူအညီ တောင်းမယ်ဆိုရင်ရော”
"အသုံးမဝင်ဘူး”
ကျန်းယွင်ဟိုင်သည် ခေါင်းယမ်းပြလိုက်သည်။
"သူမကို ကယ်ဖို့ဆိုရင် ငါတို့က ထာဝရ ရှင်သန်သူအဆင့် ဆေးလုံးတစ်လုံး ဒါမှမဟုတ် ကောင်းကင်အဆင့် ကုသသူတစ်ယောက် လိုတယ် ... သူမကို တခြား ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး ... ထာဝရ ရှင်သန်သူအဆင့် ဆေးလုံးက မင်းမှာ ပိုက်ဆံရှိရင်တောင် တွေ့နိုင်ဖို့ မလွယ်ဘူး ... ကောင်းကင်အဆင့် ကုသသူက ကောင်းကင်ကြယ်တာရာ နယ်မြေ တစ်ခုလုံးမှာမှ လေးယောက်ပဲ ရှိတယ်”
"ဘန်း”
ကျန်းရီ၏ ကိုယ်သည် ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ် ထိုင်ရက်သား ကျသွားခဲ့သည်။ သူသည် ကျန်းရှောင်နူကို မျက်နှာ ဖြူဖျော့ဖျော့နှင့် ကြည့်လိုက်သည်။ သူသည် သူနှင့် ကျန်းရှောင်နူ ငယ်စဉ်က အတူကြီးပြင်း လာခဲ့သည်တို့ကို ပြန်တွေးရင်း မျက်ရည်များ စီးကျလာခဲ့သည်။ သူ၏ နှလုံးသားသည်လည်း ဓားထက်ထက်ဖြင့် အမွှမ်းခံနေရသလို ခံစားနေခဲ့ရသည်။
မိန်းကလေးသည် သူ၏ အစေခံမိန်းကလေး ဖြစ်သော်လည်း သူသည် အစ်မအရင်း တစ်ယောက်လို သဘောထား ဆက်ဆံခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူမသည် သူ့ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။ သူမ မရှိဘဲ သူဘယ်လို အသက် ရှင်ရမည်ကို ကျန်းရီ မသိပေ။
သေတာနဲ့ တစ်သက်လုံး ဦးနှောက် သေသွားမှာ ဘာများ ကွာခြားသွားလို့လဲ။
ကျန်းရီသည် မျက်လုံးများကို မှိတ်ချလိုက်သည်။ သူ့မျက်နှာသည် အတော်လေး ပျက်ယွင်း နေခဲ့သည်။ ခဏကြာသော် ကျန်းရီသည် ပါးစပ် ဖွင့်လိုက်ကာ သွေးများကို အန်ချ ခဲ့လိုက်လေသည်။
"အရှင်ငယ်”
ကျန်းယွင်ဟိုင်၏ မျက်နှာ ပျက်သွားခဲ့သည်။ သူသည် ကျန်းရီဆီ အမြန်လျှောက်လာကာ ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။ ကျန်းယွင်ဟိုင်သည် ကျန်းရီကို နှစ်သိမ့်လာခဲ့သည်။
"အရှင်ငယ် ... အလျင်မလိုပါနဲ့ ... ရှောင်နူ မသေသေးရွေ့ အခွင့်အရေး ရှိပါသေးတယ် ... ဒီအမှုထမ်းအိုကြီးက သူမကို ကယ်ဖို့ အစွမ်းကုန် ကြိုးစားမှာပါ ... ကျွန်တော့်ကို ယုံကြည်ပါ”
ကျန်းရီသည် လက်မြှောက်ကာ သူ့ပါးစပ်ကို သုတ်လိုက်ပြီး ခေါင်းလှည့်ကာ ကျန်းယွင်ဟိုင်ကို ကြည့်လိုက်သည် ...
"အဘိုး ... တကယ်နည်းလမ်း ရှာတွေ့နိုင်လောက်လား”
ကျန်းယွင်ဟိုင် ခေါင်းညိတ်သည်ကို မြင်မှ ကျန်းရီသည် စိတ်သက်သာရာ ရသွားခဲ့သည်။ သူသည် အားယူ၍ ပြုံးကာ မေးလိုက်သည် ...
"အဘိုး ... ဘာလို့ ကျွန်တော့်ကို အရှင်ငယ်လို့ အမြဲတမ်းခေါ်နေတာလဲ ... ကျွန်တော့်ကို ရှောင်ရီလို့ ခေါ်သင့်တယ်လေ ... အိုး ... ဟုတ်သား အဘိုး ဒီနှစ်တွေမှာ ဘယ်တွေရောက်နေတာလဲ”
"ဟား ... ဟား ... ဟား”
ကျန်းယွင်ဟိုင်သည် အပြင်ဘက်ကို ကြည့်ရင်း ခါးသက်စွာ ပြုံးလိုက်သည်။ ထို့နောက်တွင် သက်ပြင်းချကာ ရေရွတ်ခဲ့သည်။
"ဒီနှစ်တွေအတွင်းမှာ ငါက ငါ့မှတ်ဉာဏ်တွေကို ရှာဖွေနေရတယ် ... ငါက မှတ်ဉာဏ်တချို့ ဆုံးရှုံးသွားခဲ့တယ် ... အဲဒါက မင်းနဲ့ရှောင်နူကို အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ရဲ့ အိမ်တော်ကနေ ခေါ်လာခဲ့တဲ့ အပိုင်းတွေပဲ ... ငါဘာကိုမှ မစဉ်းစားနိုင်ပေမဲ့ ငါ့စိတ်ထဲမှာတော့ မင်းနဲ့ ရှောင်နူရဲ့ နာမည်တွေကို မှတ်မိနေခဲ့တယ် ... ရှောင်နူက မင်းရဲ့ အစေခံ မိန်းကလေးပဲ ... ဒါပေမဲ့ ငါ့အတွက်တော့ မင်းတို့နှစ်ယောက်လုံးက အရေးကြီးတယ် ... ငါက ငါ့ဘဝကို မင်းတို့နှစ်ယောက်ကို ကာကွယ်ဖို့အတွက် ပေးရမယ်”
ကျန်းရီသည် ငယ်စဉ်ဘဝကို သတိရသွားခဲ့သည်။ သူနှင့် ရှောင်နူငယ်စဉ်က ကျန်းယွင်ဟိုင်ကို သူတို့ မိဘတွေအကြောင်း မေးလေ့ရှိခဲ့သည်။ သို့သော် ကျန်းယွင်ဟိုင်သည် အမြဲတမ်း ပြုံးနေခဲ့ပြီး ဘယ်တော့မှ ပြန်မဖြေခဲ့ပေ။ ကျန်းရီသည် ကျန်းယွင်ဟိုင် သူတို့ကို မပြောချင်သောကြောင့် မပြောဟု ထင်ခဲ့သည်။ ယခုတော့ သူနားလည်သွားပြီ ဖြစ်သည်။ ကျန်းယွင်ဟိုင်သည် ကျန်းရီ၏ နောက်ခံကို မှတ်ဉာဏ်များ ဆုံးရှုံးသွား၍ မသိတော့သောကြောင့် ဖြစ်သည်။
ကျန်းယွင်ဟိုင်သည် ဆက်ပြောလာခဲ့သည်။
"မင်းငယ်ငယ်တုန်းက မင်းရဲ့ ဒန်တျန်း ချိတ်ပိတ် ခံထားရတာကြောင့် ငါအရမ်း စိုးရိမ်ခဲ့ရတယ် ... အဲဒီချိတ်ပိတ် သင်္ကေတကို ဖျက်ဆီးဖို့ နည်းလမ်းရှာဖို့ရော ငါ့ရဲ့ မှတ်ဉာဏ်တွေ ပြန်ရဖို့ အတွက်ရော ငါက ကမ္ဘာအနှံ့ လျှောက်သွားခဲ့တယ် ... ငါ့မှတ်ဉာဏ်တွေသာ ပြန်ရရင် ဘယ်သူက အဲဒီသင်္ကေတကို ထားခဲ့တယ်ဆိုတာကို သိပြီးတော့ အဲဒီဟာကို ဖျက်ဆီးပေးနိုင်လိမ့်မယ်"
ကျန်းရီသည် ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။
"နောက်တော့ရော”
"ငါက ရန်သူတစ်ယောက် လိုက်လံ ဖမ်းဆီးတာကို ခံရပြီး အစိမ်းရောင် မေပယ်လ် တောင်ကြားလို့ခေါ်တဲ့ အန္တရာယ် နယ်မြေကို ကျရောက်သွားတယ်"
ကျန်းယွင်ဟိုင်သည် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
"မင်းက ဒီတောင်ကြား အကြောင်းကို သိမှာ မဟုတ်ဘူး ... အဲဒါက သခင်တစ်ယောက်ရဲ့ အထိမ်းအမှတ် နေရာဖြစ်ပြီးတော့ အကာအကွယ် ယန္တရားတွေ တင်းတင်းကျပ်ကျပ်ချထားတယ် ... အဲဒီနေရာကို ကျရောက်သွားတဲ့ ဘယ်သူမှ အသက်ရှင်လျက် ထွက်မလာနိုင်ကြဘူး ... ငါက ခရမ်းရောင် နန်းတော်ရှင်အဆင့် အမြင့်ဆုံးကို ရောက်နေပြီ ဖြစ်တာကြောင့် ငါအဲဒီ ယန္တရားတွေကို မချိုးဖျက်နိုင်ပဲ ... အဲဒီမှာ နှစ်အနည်းငယ် ပိတ်မိနေခဲ့တယ် ... လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက ငါ မတော်တဆနဲ့ ယန္တရား တစ်ခုကို ထိမိသွားခဲ့ပြီး အဲဒီသခင်ရဲ့ သိုင်းလေ့ကျင့် ခန်းထဲကို ပို့ဆောင် ခံလိုက်ရတယ် ... ငါက စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်ကို ရောက်သွားရုံတင်မကဘူး ... ငါရဲ့ ပိတ်ထားခံရတဲ့ မှတ်ဉာဏ်တွေပါ ပြန်ရလာခဲ့တယ် ... နောက်ဆုံးမှာ ငါလွတ်မြောက်ခဲ့တယ် ..."
"ငါ့ရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာတာကြောင့် နောက်ဆုံးမှာ မင်းရဲ့ အတိတ်ကို ငါသိသွားခဲ့တယ် ... မင်းရဲ့ အမေက ငါ့ရဲ့ သခင်မ ဖြစ်ပြီးတော့ သူမသာ မရှိခဲ့ရင် ငါသေသွားတာ ကြာပြီ ... ဒါကြောင့် မင်းကို အရှင်ငယ်လို့ သုံးနှုန်းတာပဲ ... ပြီးတော့ ငါ့ရဲ့ မှတ်ဉာဏ်တွေကို ပိတ်ထားတဲ့ သူကလည်း မင်းရဲ့ အမေပဲ”
"အမေ”
ကျန်းရီသည် ရှုပ်ထွေးသွားခဲ့ပြီး သူနှင့် တစ်ခါမှ ရင်းနှီးကျွမ်းဝင်ဖူးခြင်း မရှိသော ဝေါဟာရကို တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် သံသယများနှင့် မေးလာခဲ့သည်။
"အဘိုး ... အမေကဘာလို့ အဘိုးရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်တာလဲ ... သူမက ကျွန်တော့်ကို ကျွန်တော့်ရဲ့ ဘဝမှန်ကို မသိစေချင်လို့လား ... သူမအခု ဘယ်မှာရှိနေလဲ ... ကျွန်တော့်ရဲ့ အဖေကရော ဘယ်သူလဲ ... သူတို့က ကျွန်တော့်ကို ဘာလို့ ကျန်းဂိုဏ်းဆီ ခေါ်လာခိုင်းတာလဲ”
ကျန်းယွင်ဟိုင်သည် တိတ်ဆိတ်သွားခဲ့ပြီး ခဏကြာသော် ခေါင်းရမ်းပြလာခဲ့သည် ...
"စိတ်မကောင်းပါဘူး ... အရှင်ငယ် ... ဒါတွေကို ကျွန်တော် အခုမပြောပြနိုင်သေးပါဘူး ... ကျွန်တော် ပြောနိုင်တာက သခင်မ ကျွန်တော့်ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်ထားတာက အရှင်ငယ်ကို အရှင်ငယ်ရဲ့ ဘဝမှန်ကို မသိစေချင်တာရယ် ကောင်းကင်တောင်ပံ မြို့မှာ အေးအေးချမ်းချမ်း နေသွား စေချင်တာကြောင့်ပါ ... သခင်မက အရှင်ငယ်ကို အရမ်းချစ်ပါတယ် ... သူမသာ သေတော့မယ့် အချိန် မဟုတ်ဘူးဆိုရင် ကောင်းကင်တောင်ပံ မြို့ဆီ ကျွန်တော်နဲ့ ထည့်ပေးလိုက်မှာ မဟုတ်ပါဘူး ... အရှင့်ရဲ့ အဖေကတော့ သခင်မပြောတာက ... အရှင့်မှာ အဖေမရှိဘူးတဲ့”
ကျန်းရီ၏ စိတ်သည် ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။ သူသည် ငယ်စဉ်တည်းက အေးစက်စက် ဆက်ဆံမှုများကို ကြုံတွေ့ခဲ့ရသည်။ သူသည် မိဘမဲ့ ကလေးတစ်ယောက် ဖြစ်သော်လည်း သူ့စိတ်တွင် သူ့မိဘများကို လွမ်းဆွတ်နေခဲ့သည်။ သူသည် တစ်နေ့တွင် သူ့မိဘများ သူ့ရှေ့တွင် ပေါ်လာလိမ့်မည် မျှော်လင့်နေခဲ့သေးသည်။
ကျန်းရီသည် နောက်ဆုံးတွင် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
"သေသွားပြီလား ... ကောင်းပြီလေ ... ကျွန်တော့်မှာ အဖေမရှိဘူး ... ဒီအတိုင်းက ပိုကောင်းပါတယ် ..."
သူ့မိဘတွေသည် သူမွေးလာတည်းက သူ့ဘဝတွင် ပါဝင်ခဲ့ခြင်း မရှိဘဲ သူသည် မိဘမဲ့ ကလေးတစ်ယောက် အဖြစ်သာ ကြီးပြင်း လာခဲ့ရသည်။ သူ့ဘဝအမှန်ကို သူသိသွားရင်ရော ... သူက ဘယ်လိုပဲ ဖြစ်နေနေ ချစ်တတ်တဲ့ အမေမရှိတဲ့ အဖမဲ့ ကလေးတစ်ယောက်ပဲ မဟုတ်လား။
***