အပြင်စည်းခန်းမ
Vol. 3 Ch. 31
စုန့်ဝမ် ထွက်လာတော့ စိတ်မရှည်တဲ့ရုပ်နဲ့ အသင့်စောင့်ကြိုနေတဲ့တုချိုးကို တွေ့လိုက်ရတယ်။ သူ့နောက်မှ တခြားသူ ၅ ယောက် ရပ်နေတယ်။ စုန့်ဝမ်က အစွန်ဆုံးလိုဏ်ဂူဆိုတော့ နောက်ဆုံးမှ လာခေါ်တာ။
ဝူလျှို့က စုန့်ဝမ်ကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်နေတယ်။ ရောက်ခါစက ပိုကောင်းမွန်တဲ့ စုန့်ဝမ်ရဲ့လိုဏ်ဂူကို အနိုင်ကျင့်လုယူခဲ့တာ သူ့အတွက် အများကြီး အကျိုးရှိခဲ့တယ်။ ဝိညာဥ်စွမ်းအင်နဲ့ အလောင်းချီ သိပ်သည်းလွန်းပြီး အားကောင်းတဲ့နေရာဆိုတော့ ကျင့်ကြံမှု လျင်လျင်မြန်မြန် တိုးတက်ပြီး၊ ချီစုစည်းခြင်းနယ်ပယ် တတိယအလွှာထိ ရောက်ခဲ့ပြီ။ အစက စုန့်ဝမ်အပေါ် နောက်လိုက်မွေးချင်စိတ် ပေါ် ခဲ့မိပေမယ့်၊ အခုတော့ သူ့အစွမ်းကို စမ်းသပ်ဖို့ စမ်းသပ်ခံလို့ မြင်လာတယ်။ သတ်မိရင်တောင် ဒဏ်ကြေးက ဘယ်လောက်မှ မရှိတာ။
စုန့်ဝမ်က ဝူလျှို့ကို ဂရုစိုက်မနေဘူး၊ တုချိုးနား လျှောက်လာရင်း လူသစ်လေးယောက်ကိုပါ အကဲခတ်လိုက်တယ်။ သူတို့က ကျန်းရှောင်ဖန်လို အလောင်းနတ်ဆိုးနည်းစနစ် ကျင့်ကြံနေကြတာ။ အခုမှ ပထမဆုံးအကြိမ် ကျင့်ကြံမှုဖူးတာဆိုတော့ တိုးတက်မှု သိပ်မရှိဘူး။ ပထမအဆင့်တောင် ပီပီပြင်ပြင် မရောက်ဘဲ၊ မိတ်ဆက်အဆင့်လို့ဆိုတဲ့ ချီကို စုစည်းနိုင်ခါစပဲ ရှိသေးတယ်။ သူတို့ကိုယ်ပေါ်က အလောင်းချီ အငွေ့အသက်ပါးပါးလေးပဲ ရသေးတယ်။
တုချိုးက စုန့်ဝမ်ကို ဝိညာဥ်စွမ်းအင်နဲ့ စစ်ဆေးပြီး အလောင်းဘုရင်သွေးသန့်စင်ပညာ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်တာ သိလိုက်ရလို့ ကျေနပ်သွားတယ်။ သူ့တာဝန်က လူသစ်တွေကို မိတ်ဆက်အဆင့် ပြီးမြောက်ရင် အောင်မြင်ပြီ။
"တစ်လပြည့်ပြီဆိုတော့ မင်းတို့တွေ အပြင်စည်းခန်းမမှာ ဂိုဏ်းတာဝန် လက်ခံရမယ်။ ငါ့နောက်လိုက်ခဲ့"
တုချိုးက ကြမ်းတမ်းတဲ့တောင်တက်လမ်းအတိုင်း တောင်စောင်းတစ်နေရာကို ဦးတည်သွားတယ်။ လူသစ်တွေက မပျံသန်းနိုင်သေးလို့ သူပါ လမ်းလျှောက်နေရတယ်။ စုန့်ဝမ်တို့ လူသစ်အုပ်စုလည်း တုချိုးနောက်က တိတ်တိတ်ဆိတ်ဆိတ် လိုက်ခဲ့တယ်။
လမ်းမှာ ဝူလျှို့က စုန့်ဝမ်ကို ရန်စစော်ကားတဲ့အမူအရာ အကြိမ်ကြိမ် လုပ်ပြပေမယ့် စုန့်ဝမ်က မသိချင်ယောင်ဆောင်နေလိုက်တယ်။ ခဏတာပဲ စကားပြောဖူးတဲ့ ကျန်းရှောင်ဖန်ကတော့ စုန့်ဝမ်ကို ရင်းရင်းနှီးနှီး ပြုံးပြတယ်။ စုန့်ဝမ်ကလည်း ပြုံးပြုံးရွှင်ရွှင်ပဲ တုံ့ပြန်ခဲ့တယ်။ အဖွဲ့အစည်းတစ်ခုထဲ ရောက်မှတော့ ထိုက်သင့်တဲ့လူမှုဆက်ဆံရေး တည်ဆောက်ရမှာပဲလေ။ အပေါ်ယံဆန်တဲ့ ရင်းနှီးမှုဖြစ်ပါစေ ထိုက်သင့်သလောက် တန်ဖိုးရှိပါတယ်။
နာရီဝက်လောက်နေတော့ တောင်အလယ် မရောက်တရောက် တောင်ခါးပန်းတစ်နေရာမှာရှိတဲ့ အပြင်စည်းခန်းမဆီ ရောက်လာကြတယ်။ တုချိုးက ခန်းမနား ရောက်တာနဲ့ နောက်လှည့်ကြည့်ပြီး သတိပေးစကား ဆိုလာတယ်။
"ဒါက အပြင်စည်းခန်းမပဲ။ မင်းတို့ကို စေတနာနဲ့ သတိပေးချင်တယ်။ တာဝန်ရွေးတဲ့အခါ သေချာစဥ်းစားပြီးမှ ရွေး။ ရွေးပြီးရင် ၅ နှစ် တာဝန်ထမ်းဆောင်ရမယ်။ အဲဒီအချိန်အတိုင်းအတာက မင်းတို့ရဲ့ ကျန်ရှိတဲ့ဘဝနဲ့ ကျင့်ကြံမှုလမ်းပေါ် အကျိုးသက်ရောက်လာလိမ့်မယ်။ ကဲ ... အထဲကို ဝင်တော့။ ဟိုမှာ ထိုင်နေတဲ့အကြီးအကဲဆီ သွားသတင်းပို့လိုက်"
စကားဆုံးတာနဲ့ တုချိုးက ခန်းမထဲ မဝင်တော့ဘဲ အပေါက်ဝမှာတင် ချက်ချင်းလှည့်ထွက်သွားတယ်။ စုန့်ဝမ်တို့အုပ်စု အံအားသင့်ပြီး ကြောင်သွားပေမယ့် တုချိုးညွှန်ပြတဲ့အကြီးအကဲက သူတို့ကို စိုက်ကြည့်နေတာကြောင့် အချိန်မဆိုင်းဘဲ ခပ်သုတ်သုတ် ဝင်သွားကြတယ်။
ဝူလျှို့က ဂိုဏ်းအကြောင်း သိထားသူပီပီ လိုချင်တဲ့တာဝန်ကို ရွေးချယ်ပြီးသားဆိုတော့ ခန်းမအကြီးအကဲဆီ အရင်ချဥ်းကပ်ပြီး အရိုအသေပြုလိုက်တယ်။
"အကြီးအကဲခင်ဗျာ .. ကျနော်က ပြီးခဲ့လက ဝင်ရောက်လာတဲ့ ဂိုဏ်းသားသစ်ပါ။ တာဝန် ရွေးချယ်ဖို့ သတင်းပို့ပါတယ်"
ခန်းမအကြီးအကဲက သူ့ကို တစ်ချက်ကြည့်ပြီး နောက်မှာရပ်နေတဲ့ စုန့်ဝမ်တို့လူစုကိုပါ လှမ်းကြည့်လိုက်တယ်။
"မင်းတို့က အဲဒီမှာ ဘာလုပ်နေတာလဲ။ တခါတည်းလာခဲ့။ ငါနှစ်ခါထပ်ပြောပြီး အချိန်မဖြုန်းချင်ဘူး"
စုန့်ဝမ်တို့လည်း အပြေးသွားပြီး အရိုအသေပြုလိုက်တယ်။
"ကောင်းပြီ .. လောလောဆယ် လူသစ်လိုနေတဲ့ဌာနတွေ ရှိတယ်။ ဝိညာဥ်ဆေးပင်ဌာနက ဝိညာဥ်ဆေးပင်စိုက်ပျိုးသူ ၆ ယောက်၊ သွေးသန့်စင်ခန်းမက အလောင်းခွဲစိတ်သူ ၂ ယောက်၊ ဝိညာဥ်သန့်စင်ရေးခန်းမက ဝိညာဥ်စုဆောင်းသူ ၃ ယောက်နဲ့ အလောင်းတွင်းက အလောင်းသယ်ပို့သူ ၂ ယောက် လိုနေတယ်။ ဒါက မင်းတို့ ရွေးခြယ်ခွင့်ရှိတဲ့ အလုပ်နေရာတွေပဲ။ ကြိုက်တာရွေး၊ ရွေးပြီးရင် ၅ နှစ် တာဝန်ထမ်းဆောင်ရမယ်၊ ပြောင်းခွင့် မရှိဘူး"
လိုချင်တဲ့နေရာ ကြိုရွေးထားတဲ့ ဝူလျှို့က ချက်ချင်းပြောလာတယ်။
"အကြီးအကဲခင်ဗျာ၊ ကျနော်က ယင်နတ်ဆိုးခန်းမရဲ့ အလောင်းစုဆောင်းသူ ဖြစ်ချင်ပါတယ်"
ယင်နတ်ဆိုးခန်းမ၊ အလောင်းစုဆောင်းသူ။ ဒီနေရာက အရေးပါတဲ့ခန်းမတစ်ခု။ အလောင်းနတ်ဆိုးဂိုဏ်းရဲ့ ကျင့်စဥ်တွေအရ လမ်းမှန်ကျင့်ကြံသူအလောင်းတွေ ရယူဖို့ လိုအပ်တယ်။ အလောင်းစုဆောင်းသူဆိုတာ လမ်းမှန်ကျင့်ကြံသူတွေကို တိုက်ခိုက်သတ်ဖြတ်ပြီး ရုပ်အလောင်းရယူဖို့ တာဝန်ပေးခံရသူတွေ။ ဒီလို ရုပ်အလောင်းတွေတင်မက အထူးကိစ္စရပ်တွေအတွက် မဂ်လာမရှိတဲ့နက္ခတ်နဲ့ အချိန်တွေမှာ မွေးဖွားသူတွေ ရုပ်အလောင်းနဲ့ နှစ်ရာချီ မပျက်မစီး တည်ရှိနေတဲ့ ကျင့်ကြံသူရုပ်အလောင်းတွေပါ လိုအပ်တယ်။
လမ်းမှန်ကျင့်ကြံသူရုပ်အလောင်းရဖို့ တိုက်ခိုက်သတ်ဖြတ်တာတွေ လုပ်ရတော့ လမ်းမှန်ကျင့်ကြံသူတွေကလည်း လက်တုံ့ပြန်တိုက်ခိုက်လေ့ ရှိတယ်။ ဒါကြောင့် အထူးလိုအပ်ချက်အရ မဟုတ်ရင် လမ်းမှန်ဂိုဏ်းကြီးတပည့်တွေကို ရှောင်ရှားပြီး၊ ဂိုဏ်းငယ်တပည့်တွေနဲ့ လေလွင့်ကျင့်ကြံသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ များတယ်။ ဒါပေမယ့် အန္တရာယ်ကတော့ ရှိတာပါပဲ။
ဝူလျှို့တောင်းဆိုချက်က အရေးပါတဲ့အလုပ်လည်းဖြစ်၊ သူပြောတဲ့အထဲလည်း မပါလို့ ခန်းမအကြီးအကဲ ဒေါသထွက်သွားတယ်။
"ဘာကွ .. မင်းလိုလူသစ်က ယင်နတ်ဆိုးခန်းမမှာ အလောင်းစုဆောင်သူ လုပ်ချင်တယ် ဟုတ်လား .. မင်းနဲ့တန်တယ် ထင်နေလား"
အလောင်းစုဆောင်းသူဖြစ်ဖို့က တကယ်လည်း မလွယ်ပါဘူး။ အနည်းဆုံး ချီစုစည်းခြင်း အလယ်အလတ်အဆင့် ရှိဖို့ လိုအပ်တယ်။ ဒါက စည်းမျဥ်းသက်သက်ပါ။ လက်တွေ့မှာ နှောင်းပိုင်းအဆင့်ရှိသူပဲ လုပ်ကြတယ်။ ကျင့်ကြံသူချင်း တိုက်ခိုက်သတ်ဖြတ်ရတာဆိုတော့ အန္တရာယ်များတယ်လေ။ အန္တရာယ်များလို့ ခံစားခွင့်လည်း များတယ်။ လစဥ် ပမာဏများတဲ့ အရင်းအမြစ်တွေ ထောက်ပံ့သလို တပည့်တွေထဲ ထိပ်တန်းအဆင့်အနေနဲ့ ဦးစားပေးလေ့ ရှိတယ်။ ကိုယ်သတ်ဖြတ်နိုင်တဲ့သူရဲ့ ပိုင်ဆိုင်မှုကိုလည်း သိမ်းယူခွင့် ရှိတယ်။
ဝူလျှို့က အကြီးအကဲရဲ့ဒေါသကို မကြောက်ဘူး။ အရိုအသေပြုရင်း ထပ်တောင်းဆိုလာတယ်။
"အကြီးအကဲခင်ဗျာ .. ကျနော်အဖေက ဂိုဏ်းတပည့်အနေနဲ့ အလောင်းခွဲစိတ်သူတာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ ကျနော့်ကို ငယ်စဥ်တည်းက အလောင်းနတ်ဆိုးနည်းစနစ် သင်ပေးခဲ့ပါတယ်။ အခုဆို ကျနော်က ချီစုစည်းခြင်း တတိယအဆင့် အထွတ်အထိပ်ကို ရောက်ရှိပါပြီ။ ချီစုစည်းခြင်း ဆဋ္ဌမအဆင့်ရှိသူနဲ့ ညီမျှတဲ့ အလောင်းရုပ်သေးလည်း ပိုင်ဆိုင်ထားပါတယ်။ အကြီးအကဲအနေနဲ့ ကျနော်မိသားစုရဲ့ ဂိုဏ်းအပေါ် အကျိုးပြုမှုကို ထည့်သွင်းစဥ်းစားပြီး သင့်သလို စီမံပေးစေလိုပါတယ်"
ဝူလျှံက သူ့အဖေ မဆုံးခင် စီစဥ်ပေးခဲ့တဲ့ ဝိညာဥ်ကျောက် ၅၀ ပါ အိတ်လေးကို ခန်းမအကြီးအကဲလက်ထဲ ထည့်ပေးလိုက်တယ်။
ပမာဏက သိပ်မများပေမယ့် ခန်းမအကြီးအကဲမျက်နှာက ဒေါသတွေ လွင့်စင်သွားစေဖို့တော့ လုံလောက်တယ်။
"အင်း ... မင်းမိဘတွေက ဂိုဏ်းအတွက် အလုပ်အကျွေး ပြုဖူးတော့လည်း မျက်နှာထောက်ရမှာပေါ့ကွာ။ ကောင်းပြီလေ .. မင်းကို ယန်နတ်ဆိုးခန်းမမှာ အလောင်းစုဆောင်းသူအဖြစ် တာဝန်ထမ်းဆောင်ခွင့် ပြုမယ်"
ပြောပြောဆိုဆို သိုလှေင်အိတ်ထဲက အလောင်းစုဆောင်းသူစာသားပါ တြဂံပုံ အနက်ရောင်တံဆိပ်ပြားလေး ထုတ်ယူပြီး ပစ်ပေးလိုက်တယ်။
"အကြီးအကဲကို ကျေးဇူးတင်ပါတယ်"
ဝူလျှို့လည်း တံဆိပ်ပြားကို အမြန်သိမ်းပြီး ခန်းမအကြီးအကဲကို ခါးညွှတ်အရိုအသေ ပြုလိုက်တယ်။
အလောင်းစုဆောင်းသူအလုပ်က အန္တရာယ်များပေမယ့် ဝူလျှို့မှာ မဖြစ်မနေ ရွေးချယ်ရမယ့် အကြောင်းရင်း ရှိနေတယ်။ သူက စတုတ္ထအဆင့် ဝိညာဥ်အမြစ်ပဲ ပိုင်ဆိုင်တာ။ အခြေခံတည်ဆောက်ခြင်းနယ်ပယ် တက်လှမ်းဖို့ အခွင့်အရေးရှိတယ် ဆိုပေမယ့် ရှိတယ်ဆိုရုံလေးပဲ၊ အရင်းအမြစ်ပမာဏ အများကြီး သုံးစွဲရမှာ။ သူ့အဖေက ချီစုစည်းခြင်း အဆင့် ၈ ထိပဲ ရောက်ခဲ့တော့ လိုအပ်တဲ့အရင်းအမြစ် မစုစည်းနိုင်ခဲ့ဘူး။
ဝူလျှို့အနေနဲ့ ဘယ်လောက်ပဲ တန်ဖိုးပေးရပါစေ၊ သူ့အဖေလို အခြေခံတည်ဆောက်ခြင်းနယ်ပယ် မတက်လှမ်းနိုင်ခဲ့လို့ ဂိုဏ်းက ထွက်ခဲ့ရပြီး အင်မော်တယ်အိပ်မက် စွန့်လွှတ်ခဲ့ရတာမျိုး မဖြစ်ချင်ဘူးလေ။
..........