← Chapters

အလောင်းခွဲစိတ်သူတာဝန်

Vol. 3 Ch. 32

အလောင်းခွဲစိတ်သူတာဝန်

Vol. 3 Ch. 32

ယေဘုယျအနေနဲ့ ပြောရရင် အသက် ၆၀ ကျော်တာနဲ့ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဟာ သွေးနဲ့ချီ တဖြည်းဖြည်း အားနည်းလာတယ်။ အဲဒီမတိုင်ခင် နှောင်းပိုင်းအဆင့် ရောက်သူတောင် အသက်ရာချီ ရှည်ပေမယ့် အချိန်နဲ့အမျှ အားနည်းလာတယ်။

အခြေခံတည်ဆောက်ခြင်းအဆင့် ချိုးဖြတ်နိုင်ဖို့ဆိုတာ အသက် ၆၀ မတိုင်ခင် ချီစုစည်းခြင်းအဆင့် အထွတ်အထိပ် ရောက်ရှိပြီး သွေး၊ ချီနဲ့ ဝိညာဥ်စွမ်းအင်တို့ကို လူသားတစ်ယောက်ရဲ့ အမြင့်ဆုံးအနေအထားထိ မြှင့်တင်နိုင်ဖို့ လိုတယ်။ ဒါမှသာ ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ကို ဖောက်ထွက်ပြီး သက်ရှိတို့ရဲ့ ဆင့်ကဲပြောင်းလဲခြင်းကို ပြီးမြောက်စေနိုင်တယ်။ ချိုးဖျက်ပြီးမြောက်တာနဲ့ ပိုကြီးမားတဲ့စွမ်းအင်တွေနဲ့ ရှည်လျားတဲ့သက်တမ်းကို ပိုင်ဆိုင်ပြီး အင်မော်တယ်လမ်းပေါ် ခြေချနိုင်မယ်။

အသက် ၆၀ မတိုင်ခင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို မချိုးဖျက်နိုင်ခဲ့ရင် ချီစုစည်းခြင်းအဆင့်မှာ ထာဝရပိတ်မိသွားတယ်။ ကျင့်စဥ်အဆင့်အလိုက် သေမျိုးတွေထက် ခွန်အားသာလွန်ပြီး အသက် ၁၂၀ ကနေ ၁၈၀ ထိ ရှည်ပေမယ့် ကြီးလာလေ၊ ခွန်အားလျော့ကျလာလေပဲ။

အခု ဝူလျှို့က အသက် ၁၆ နှစ်ပဲ ရှိသေးပေမယ့် ကျင့်ကြံသူမိသားစုကလာသူပီပီ ဒါကို နားလည်တယ်။ အသက် ၆၀ မတိုင်ခင် အခြေခံတည်ဆောက်ခြင်းအဆင့် ချိုးဖျက်နိုင်ဖို့အတွက် အခုတည်းက ပြင်ဆင်နေပြီ။ လိုအပ်တဲ့ရင်းမြစ်တွေ စုဆောင်းနိုင်ဖို့အတွက် စွန့်စားဖို့လည်း ဝန်မလေးဘူး။ သူ့က ကျင့်ကြံမှုလမ်းကြောင်းနဲ့ အစီအစဥ်တွေ သေချာရေးဆွဲထားပြီးပြီ။ ဒါက ချီစုစည်းခြင်းအဆင့်မှာ ရပ်တန့်ပြီး ဆုံးပါးသွားတဲ့ဖခင်ဖြစ်သူရဲ့ အတွေ့အကြုံကနေ ဆင်းသက်လာတာ။

အလောင်းစုဆောင်သူတံဆိပ် လက်ခံပြီးတာနဲ့ ဝူလျှို့က နောက်နားမှာ သွားရပ်နေလိုက်တယ်။ စုန့်ဝမ်ကတော့ ဝူလျှို့ သူလိုချင်တာရဖို့ မျက်နှာချိုသွေး၊ လာဘ်ထိုးနေရတာ ကြည့်ပြီး သက်ပြင်းချလိုက်မိတယ်။ သေမျိုးလောကဖြစ်စေ၊ ကျင့်ကြံသူလောကဖြစ်စေ လူ့သဘာဝကတော့ အတူတူပါပဲ။

ဝူလျှို့ပြီးတာနဲ့ ကျန်တဲ့သူ ၄ ယောက်လည်း လုပ်ငန်းတာဝန် ရွေးချယ်ကြတယ်။ သူတို့ကတော့ ကြိုတင်တိုင်ပင်ထားလား ထင်ရလောက်အောင် ဝိညာဥ်ဆေးပင်စိုက်ပျိုးသူအလုပ်ကို ရွေးချယ်လိုက်ကြတယ်။ အလောင်းနတ်ဆိုးဂိုဏ်းမှာက ကျင့်စဥ်တိုးတက်မှု မြန်ဆန်အောင် ဆေးလုံးတွေ မှီဝဲကြတော့ ဆေးလုံးလိုအပ်ချက် များတယ်။ အဲဒီတော့ ကုန်ကြမ်းများများ လိုလာပြီး ဝိညာဥ်ဆေးပင်ဌာနက လူလိုအပ်ချက်လည်း များတယ်။ သူတို့အလုပ်က ဝိညာဥ်ဆေးပင်နဲ့ အဆိပ်ဆေးပင်တွေ စိုက်ပျိုးရုံပဲဆိုတော့ လူသစ်တွေနဲ့ သင့်တော်တယ်။ တခြားအလုပ်တွေနဲ့ နှိုင်းယှဥ်ရင် အန္တရာယ်လည်း နည်းတော့ လူသစ်တွေအတွက် သည်းခြေကြိုက်အလုပ်လည်း ဖြစ်တယ်။ အကြီးဆုံး အန္တရာယ်က အဆိပ်ဆေးပင် ကိုင်တွယ်ရာမှာ လွဲချော်ရင် အဆိပ်သင့်တာနဲ့ အဆိပ်ရှိအင်းဆက်နဲ့ ရင်ဆိုင်ရရုံပဲ ရှိတယ်။

နောက်ဆုံးတော့ စုန့်ဝမ်အလှည့် ရောက်လာပြီ။

"ကျနော် သွေးသန့်စင်ခန်းမရဲ့ အလောင်းခွဲစိတ်သမားကို ရွေးပါတယ်"

အားလုံး အံအားသင့်ပြီး ခန်းမအကြီးအကဲ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ ဒီကောင်လေး လက်စွဲစာအုပ်ကို ဖတ်မှ ဖတ်ရဲ့လားတောင် တွေးမိသွားတယ်။ ဒီအလုပ်က ရွေးချယ်ခွင့်ရှိတဲ့အထဲမှာမှ အဆိုးဆုံးအလုပ်ထဲကတစ်ခု။

အလောင်းနတ်ဆိုးဂိုဏ်းရဲ့ ကျင့်ကြံမှုလမ်းစဥ်အတွက် ဆေးလုံးတွေ၊ မှော်ပစ္စည်းတွေ သန့်စင်တဲ့နေရာမှာ လူသွေး အများကြီး လိုတယ်။ ဒါကို သွေးသန်စင်ခန်းမက တာဝန်ယူ ဖြည့်ဆည်းပေးရတယ်။ ဒီလုပ်ငန်းစဥ်အတွက် အဓိကတာဝန်ယူရတာ အလောင်းခွဲစိတ်သူတွေ။ သေမျိုးလောကမှာဆို သားသတ်သမားအလုပ်မျိုး။ ကိုယ်တိုင် မသတ်ရဘဲ သေပြီးသားအလောင်းကို ခွဲစိတ်ရတာပဲ ကွာတယ်။ ရုပ်အလောင်းကို အရိုး၊ အသားနဲ့ ကိုယ်တွင်းအင်္ဂါတွေ ဖြတ်တောက်ခွဲထုတ်ပြီး သွေးထုတ်ယူပေးရတာ။

"ကောင်လေး .. သေချာရဲ့လား။ မင်းတကယ်ပဲ ဒီအလုပ် လုပ်ချင်တာလား"

ခန်းမအကြီးအကဲက သေချာအောင် ထပ်မေးတယ်။

အလောင်းခွဲစိတ်သူရာထူးက နှိုင်းယှဥ်ချက်အရဆို တခြားခန်းမရာထူးတွေထက် အဆင့်မြင့်မြင့် သတ်မှတ်ခံရပြီး၊ ခံစားခွင့်လည်း ပိုများတယ်။ ဒါက အန္တရာယ်များလွန်းလို့ ပေးထားတာ။ အလောင်းခွဲစိတ်ဂူက အလောင်းနတ်ဆိုးတောင်ရဲ့ မြေအောက်အနက်ပိုင်းမှာ တည်ရှိတယ်။ သက်တမ်းရှည်ကြာတာနဲ့အမျှ ဂူထဲမှာ ပြင်းထန်တဲ့သွေးချီတွေ ပြည့်နေပြီ။ အလောင်းစွမ်းအင်နဲ့ အငြိုးအာဃာတအော်ရာတွေလည်း ဖုံးလွှမ်းနေတယ်။ ညစ်ညမ်းတဲ့စွမ်းအင်တွေ ပြည့်နှက်နေတဲ့ အဲဒီနေရာက လူသားတစ်ယောက်အတွက် နတ်ဆိုးလမ်းစဥ် ကျင့်ကြံရင်တောင် ကြာကြာနေဖို့ မသင့်တော်ဘူး။ အချိန်ကြာလာရင် ဝိညာဥ်စွမ်းအင် ညစ်ညမ်းတာ၊ အတွင်းနတ်ဆိုး စွဲကပ်တာတွေ ဖြစ်လာတတ်တယ်။ အလောင်းခွဲစိတ်လိုဏ်ဂူမှာ လုပ်ကိုင်ကြတာက ပြစ်ဒဏ်ကျခံရသူတွေ၊ ချီစုစည်းခြင်းနှောင်းပိုင်းရောက်ပြီး အဆင့်တက်ဖို့ ခက်ခဲနေလို့ ပြင်းထန်တဲ့ ပတ်ဝန်းကျင် လှုံဆော်မှုကို ရှာနေသူတွေပဲ များတယ်။

အားလုံး အံအားသင့်နေကြပေမယ့် စုန့်ဝမ်က ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တယ်။

"ဟုတ်ကဲ့ .. ကျနော် အလောင်းခွဲစိတ်သူ လုပ်ချင်ပါတယ်"

စုန့်ဝမ်က ရည်ရွယ်ချက်ရှိရှိ ရွေးခဲ့တာ။ အလောင်းခွဲစိတ်သူဖြစ်မှ လိုဏ်ဂူထဲ ဝင်ရောက်ခွင့် ရမှာလေ။ ဒါမှလည်း လျှို့ဝှက်ဆန်းကြယ်စွမ်းအင်က သွေးအဆီအနှစ် စုပ်ယူဖို့ အခွင့်အရေး ရနိုင်မယ်။ များပြားလွန်းတဲ့ သွေးအဆီအနှစ်တွေကြားမှာ ပမာဏ နည်းနည်းပါးပါး လျှော့သွားတာတော့ ဘယ်သူမှ သတိမထားမိလောက်ဘူး။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူတွေအစွမ်းကို မျက်ဝါးထင်ထင် မြင်ပြီးတည်းက သူလည်း အင်အားကြီးချင်နေခဲ့တာ။ အားကြီးသူ နိုင်စားတဲ့လောကမှာ အားနည်းနေလို့ မဖြစ်ဘူး။

"ကောင်းပြီ"

စုန့်ဝမ်ရဲ့ ပြတ်သားတဲ့အဖြေကြောင့် ခန်းမအကြီးအကဲက ဆက်မေးမနေတော့ဘဲ အလောင်းခွဲစိတ်သူလို့ ရေးထွင်းထားတဲ့တံဆိပ်လေး ပစ်ပေးလိုက်တယ်။ လူတစ်ယောက် သူ့ဆန္ဒနဲ့သူ ရွေးချယ်တာကို ဟန့်တားစရာမှ မလိုတာ။ ကံကြမ္မာဖန်လာရင် နောက်လထုတ်မယ့် အလောင်းချီဆေးလုံးမှာ ဒီကောင်လေးသွေးအဆီအနှစ်တောင် ပါလာနိုင်တယ်။ သွေးအနှစ်နဲ့ အလောင်းချီရဖို့ နယ်လှည့်ရှာနေရတဲ့ အလောင်းနတ်ဆိုးဂိုဏ်းက သေဆုံးသွားတဲ့တပည့်တွေကို အချည်းအနှီး အဖြစ်မခံဘူးလေ။

....

တာဝန်ကိုယ်စီ ယူပြီးတာနဲ့ စုန့်ဝမ်တို့တွေ ခန်းမအပြင် ထွက်လာခဲ့တယ်။ အပြင်ရောက်တော့ တာဝန်ကျရာ သတင်းပို့ဖို့ လမ်းခွဲကြရတယ်။ ဂိုဏ်းစည်းကမ်းလက်စွဲမှာ ခန်းမနေရာတွေ ဖော်ပြထားတဲ့ မြေပုံပါလို့ ကိုယ့်နေရာ ကိုယ်သွားရုံပဲ။

လမ်းခွဲခါနီး ကျန်းရှောင်ဖန်းက စုန့်ဝမ်ကို တစ်ခုခုပြောဖို့ ပြင်ပြီးခါမှ မပြောတော့ဘဲ သက်ပြင်းချရင်း ခေါင်းတယမ်းယမ်းနဲ့ ထွက်သွားတယ်။ ကျန်တဲ့ ၃ ယောက်လည်း လိုက်ပါသွားကြတယ်။ သူတို့က ဌာနတူတွေလေ။ သူတို့ ၄ ယောက် ကြိုညှိထားပြီးသား၊ အတင်းအကြပ် ဖမ်းခေါ်ခံရလို့ ရောက်လာပေမယ့် ဂိုဏ်းထဲရှိချိန် အန္တရာယ်ကင်းအောင် နေမယ်၊ ကျင့်ကြံပြီး အားမွေးမယ်၊ အခွင့်သာရင် ဂိုဏ်းကထွက်ပြီး လွတ်လပ်တဲ့ဘဝကို ပြန်သွားကြမယ်ပေါ့။

စုန့်ဝမ်ကို ရန်လိုနေတဲ့ဝူလျှို့တောင် သနားသလို ကြည့်ပြီး ထွက်သွားတယ်။

.....

စုန့်ဝမ်က ကိုယ့်အကြံနဲ့ကိုယ်ဆိုတော့ ပေါ့ပေါ့ပါးပါးပဲ အလောင်းခွဲစိတ်လိုဏ်ဂူဆီ ထွက်လာခဲ့တယ်။ လိုဏ်ဂူဝင်ပေါက်က မြေပုံမှာ ပြထားတဲ့အတိုင်း အနောက်မြောက်ဘက် တောင်ခြေမှာ ရှိတယ်။

ခဏနေတော့ စုန့်ဝမ် လိုဏ်ဂူဝဆီ ရောက်လာတယ်။ အပေါက်ဝမှာ အလောင်းခွဲစိတ်လိုဏ်ဂူလို့ ကျောက်သားမှာ ရေးထွင်းထားတယ်။ ဂူအဝက ပေ ၃၀ လောက်မြင့်ပြီး ပေတစ်ရာလောက် ကျယ်ဝန်းတယ်။ အဝင်ဝနားလေးပဲ အလင်းရောင်ရပြီး အတွင်းပိုင်းမှာ မှောင်မဲနေတယ်။ ပုံစံက သားရဲကြီးတစ်ကောင် သားကောင်ဝါးမြိုဖို့ ပါးစပ်ဟထားသလိုပဲ။ တစ်ချက် တစ်ချက် ဂူထဲကလေအေးတွေ တိုက်ခတ်လာလို့ ရပ်နေရင်း ချမ်းစိမ့်စိမ့်တောင် ဖြစ်သွားတယ်။ လူသေအနံ့တွေကလည်း မသတီစရာ။

စုန့်ဝမ်လည်း စိတ်တည်ငြိမ်အောင် ထိန်းချုပ်ပြီး တံဆိပ်ပြားကို အသင့်ကိုင်ရင်း လိုဏ်ဂူထဲ ဝင်ခဲ့တယ်။ အပေါက်ဝ ရောက်တာနဲ့ အစီအရင်တစ်ခု ရှိတာ အာရုံခံမိတယ်။ စာအုပ်ထဲက လမ်းညွှန်ချက်အတိုင်း အလောင်းခွဲစိတ်သူတံဆိပ် ကိုင်ဆောင်ထားလို့ အန္တရာယ် တစ်စုံတစ်ရာ မရှိခဲ့ဘူး။ တံဆိပ်မပါဘဲ ဝင်လာရင်တော့ အစီအရင်က တိုက်ခိုက်တာ ခံရမယ်အပြင် အစောင့်တွေပါ ရောက်လာပြီး အမဲဖျက်လိမ့်မယ်။ အလောင်းခွဲစိတ်လိုဏ်ဂူက ဂိုဏ်းတပည့်တွေတောင် အလုပ်မရှိရင် မလာချင်ကြလို့ အနီးနားမှာ အစောင့်ချမထားဘူး။

လိုဏ်ဂူထဲ ရောက်သွားတာနဲ့ အလင်းရောင် ပေါ်လာတယ်။ အစီအရင်က အထဲကမြင်ကွင်းကို မမြင်ရအောင် ဖုံးကွယ်ထားတာပဲ။ စုန့်ဝမ်လည်း အောက်စိုက်ဆင်းနေတဲ့လမ်းအတိုင်း ဖြည်းဖြည်းချင်း ဆင်းလာခဲ့တယ်။ နံရံတွေမှာ တစ္ဆေမီးလို မှိန်ဖျော့ဖျော့အလင်းတွေ တောက်ပနေလို့ လမ်းကို ကောင်းကောင်းမြင်ရတယ်။

မိုင်ဝက်လောက် ဆင်းလာပြီးချိန်မှာတော့ တစ်မိုင်လောက် ကျယ်ဝန်းတဲ့ လိုဏ်ဂူကြီးတစ်ခု တွေ့လိုက်ရတယ်။ ပျို့အန်ချင်စရာ အနံ့ဆိုးကြီးကလည်း တထောင်းထောင်းနဲ့။ ဂူပတ်လည်မှာ အဖြူရောင်မီးတောက်ကြီးတွေ ရှိပေမယ့် အလင်းရောင်က မလုံလောက်တော့ အမှောင်ထုက ခပ်ပါးပါး ခြုံလွှမ်းနေတယ်။ အလောင်းချီကတော့ မယုံနိုင်လောက်အောင် အားပြင်းနေလေရဲ့။

All Chapters