လက်တွေ့စလုပ်ရပြီ
Vol. 3 Ch. 34
စုန့်ဝမ် ကြည့်နေရင်း အလုပ်ပြီးစီးလို့ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတယ်။ နောက်ဆုံးကျန်ရှိတဲ့ အလောင်းခွဲစိတ်သူ ထွက်သွားတော့မှ စုန့်ဝမ် လိုက်ထွက်လာခဲ့တယ်။
စောင့်ကြည့်ရသလောက်ဆို အလောင်းခွဲစိတ်သူတစ်ယောက်စီ အလောင်း ၁၀၀ နဲ့ ၁၅၀ ကြား ခွဲစိတ်ကြရတယ်။ တစ်နာရီကို အလောင်း ၅၀ လောက် ခွဲစိတ်နိုင်ကြတယ်။ လူသစ်ကတော့ နည်းနည်းအချိန်ပိုယူရမှာပေါ့။
သူ့လိုဏ်ဂူဆီ ပြန်လာတော့ ဝူလျှံလိုဏ်ဂူရော၊ ကျန်းရှောင်ဖန်တို့ လိုဏ်ဂူတွေမှာ ပိတ်ထားတာ၊ လူသစ်ရောက်တာတွေ တွေ့ရတယ်။ သူတို့အလုပ်တွေက ဆိုင်ရာခန်းမက ပိုကောင်းတဲ့နေရာတွေ စီစဥ်ပေးတယ်။ ဂိုဏ်းရဲ့အဆိုးဆုံးနေရာဖြစ်ပြီး၊ အပြစ်သားတွေ အများဆုံးရောက်လေ့ရှိတဲ့ အလောင်းခွဲစိတ်ဂူ၊ သွေးသန့်စင်ခန်းမက နေဖို့နေရာ စီစဥ်ပေးလေ့ မရှိဘူး။ နေနေကျနေရာမှာပဲ ဆက်နေကြရတယ်။
လိုဏ်ဂူဆီ ပြန်ရောက်တာနဲ့ စုန့်ဝမ် အရိုးသန့်စင်ဓားကို စစ်ဆေးကြည့်တယ်။ သုံးပြီး ထိန်းသိမ်းပြင်ဆင်တာ မရှိလို့ ဓားအခြေအနေက နည်းနည်းဆိုးနေပြီ။ နောက်နေ့ အလုပ်စရမှာဆိုတော့ အဆင်ပြေတဲ့ အနေအထားရောက်အောင် ပြန်သန့်စင်ပြင်ဆင်ရတယ်။ သူ့ဝိညာဥ်စွမ်းအားက အားနည်းနေသေးတော့ သန့်စင်ဖို့ အချိန်ကြာကြာယူခဲ့ရတယ်။ ပြီးလည်းပြီးရော ဝိညာဥ်စွမ်းအင် ကုန်ခမ်းသလောက် ဖြစ်သွားတယ်။ စမ်းသုံးကြည့်ဖို့တောင် မလုံလောက်တော့ဘူး။ အဆင့်နိမ့်ဝိညာဥ်လက်နက် သန့်စင်ဖို့တောင် မနည်းကြိုးစားနေရတဲ့ သူ့ဝိညာဥ်စွမ်းအင်ကို အရေးတကြီး ဖြည့်တင်းဖို့ လိုနေပြီဆိုတာ စုန့်ဝမ် သဘောပေါက်သွားတယ်။
ညနေရောက်တော့ ဗိုက်ဆာတာနဲ့ ထမင်းစားဆောင်ဆီ ထွက်လာခဲ့တယ်။ အဟာရဆေးလုံး ကုန်သွားပြီး၊ လစဥ်ထောက်ပံ့ကြေးကလည်း လကုန်မှ ရမှာဆိုတော့ ဒါပဲ အားကိုးရာ ရှိတော့တယ်။
ညစာစားချိန်ဆိုတော့ ထမင်းစားဆောင်မှာ လူစည်နေပြီ။ လူတစ်ထောင်လောက် ရှိမယ်။ အားလုံးလိုလိုက လုပ်သားတပည့်တွေ၊ အပြင်စည်းတပည့် နည်းနည်းပဲ ပါတယ်။
လုပ်သားတပည့်ဆိုတာ ဂိုဏ်းမှာ အထွေထွေအလုပ်တွေ လုပ်ကိုင်ရင်း အဆင့်နိမ့်ကျင့်စဥ် ကျင့်ကြံနေသူတွေ။ သူတို့မှာ အဆင့်နိမ့်ဝိညာဥ်အမြစ်ပဲ ရှိကြတယ်။ တချို့က ပြင်ပမှာ ကျင့်စဥ် ရှာဖွေရခက်လို့ ဂိုဏ်းတစ်ခုခုထဲ ဝင်ရောက်ခဲ့တဲ့ လေလွင့်ကျင့်ကြံသူတွေ။ တူညီတာက ဘဝတလျှောက် ချီစုစည်းခြင်း အလယ်အလတ်အဆင့်ထိပဲ ကျင့်ကြံနိုင်စွမ်း ရှိကြတယ်။ နှောင်းပိုင်းအဆင့်ထိ ဖောက်ထွက်နိုင်ရင် အပြင်စည်းတပည့်အဖြစ် ရာထူးတိုးခံရမယ်၊ ဒါပေမယ့် ဒီလို ဖောက်ထွက်နိုင်သူ အလွန်ရှားတယ်။ အပြင်စည်းတပည့်ဖြစ်ဖို့ဆိုတာ သူတို့ဘဝရဲ့ အမြင့်ဆုံး ရည်မှန်းချက်။
စုန့်ဝမ်က ငယ်ရွယ်သေးသလို၊ အပြင်စည်းတပည့်ဝတ်စုံဖြစ်တဲ့ အပြာရောင်ဝတ်စုံကို ဝတ်ဆင်လာတော့ လုပ်သားတပည့်တွေက အားကျတဲ့အကြည့်၊ မနာလိုတဲ့အကြည့်နဲ့ ကြည့်နေကြတယ်။
အလောင်းနတ်ဆိုးဂိုဏ်းက လုပ်သားတပည့်တွေကို သိပ်တန်ဖိုးမထားပေမယ့် ဂိုဏ်းကြီးပီပီ အစားအသောက်ကို ကောင်းကောင်းကျွေးနိုင်တယ်။ စုန့်ဝမ်လည်း စားကောင်းကောင်းနဲ့ အဝစားပြီးမှ ပြန်ထွက်လာခဲ့တယ်။ အလောင်းဘုရင်သွေးသန့်စင်နည်းစနစ် စလေ့ကျင့်တည်းက သူ့စားအား အတော်တက်လာတာ သတိထားမိတယ်။ အခုဆို အရွယ်ရောက်ပြီး သေမျိုးယောက်ျားကြီး ၃/၄ ယောက် စားပိုးနင့်မယ့် ပမာဏကို စားလာခဲ့တာ။
လိုဏ်ဂူဆီ ပြန်ရောက်တာနဲ့ ဝိညာဥ်စွမ်းအင် ပြန်ပြည့်စေဖို့ အားစိုက်ကျင့်ကြံခဲ့တယ်။ ဒါမှ မနက်ဖြန် အလုပ်စဝင်ချိန် အဆင်ပြေမှာလေ။
...........
နောက်နေ့ မနက်စောစော စုန့်ဝမ် အလောင်းခွဲစိတ်လိုဏ်ဂူဆီ စောစောရောက်သွားတယ်။ သူ့ရှေ့မှာ လူတစ်ယောက်ပဲ ရောက်သေးတယ်။
စုန့်ဝမ် အထဲရောက်တာနဲ့ ယွမ်ချန်က လှမ်းခေါ်တယ်။
"ဂျူနီယာကျိယင် .. ဒီနေ့က မင်းရဲ့ ပထမဆုံး ခွဲစိတ်ရမယ့်နေ့ပဲ။ အလေ့အကျင့် မရှိသေးဘူးဆိုတော့ အလောင်း ၅၀ ပဲ ပေးလိုက်မယ်။ စိတ်မလောဘဲ ကျွမ်းကျင်အောင် လေ့ကျင့်။ မနက်ဖြန်အလောင်းတစ်ရာ ပေးမယ်။ အဲဒီနောက်ဆို အများနဲ့ တန်းတူလုပ်ရမယ်။ ပြောစရာ ရှိသေးလား"
"မရှိပါဘူး အကိုယွမ် .. အဆင်ပြေပါတယ်"
ရှင်းပြပြီးတာနဲ့ ယွမ်ချန်က သိုလှောင်အိတ် ၄ လုံး ထုတ်ပေးတယ်။ တစ်လုံးက အလောင်း ၅၀ ပါတယ်၊ ကျန်သုံးလုံးက အလွတ်တွေ။ အလွတ်တွေက ခွဲစိတ်ပြီးရင် အသား၊ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါတွေ သပ်သပ်စီ ထည့်ရမှာ။
"ခွဲစိတ်စင် အမှတ် ၇၃ ကို သွား"
စုန့်ဝမ်လည်း အိတ်တွေကို လက်ခံယူပြီး အလောင်းခွဲစိတ်စင် အမှတ် ၇၃ ဆီ သွားခဲ့တယ်။ ရောက်တာနဲ့ အိတ်တွေကို နေရာချပြီး၊ အလောင်းတစ်လောင်းကို ဆွဲထုတ်လိုက်တယ်။ အလောင်းက အသက် ၂၀ အရွယ် ယောက်ျားလေး ကျင့်ကြံသူအလောင်း။
စုန့်ဝမ် ချက်ချင်းအလုပ်မစသေးဘဲ အလောင်းကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်တယ်။
"တောင်းပန်ပါတယ်၊ မင်းရဲ့ကျန်ရှိတဲ့ ရုပ်ခန္ဓာကို ငြိမ်းငြိမ်းချမ်းချမ်း အနားယူခွင့် မပေးတဲ့ ကျင့်ကြံမှုလောကကြီးကိုပဲ အပြစ်တင်လိုက်ပါ။ နောက်ဘဝ သေမျိုးလောကမှာ ပြန်မွေးဖွားဖို့ မျှော်လင့်ပါတယ်"
ပြောမယ့်သာ ပြောရတယ်၊ ဒီလူငယ်မှာ နောက်ဘဝ ရှိပါ့မလားတောင် မသေချာဘူး။ နတ်ဆိုးကျင့်ကြံသူသာ သူ့ကို သတ်ခဲ့တာဆိုရင် ဝိညာဥ်ကို အလွတ်ပေးချင်မှ ပေးမှာ။ သန့်စင်ပြီး အသုံးချဖို့ များတယ်။ ဒါဆို လူဝင်စားသံသရာထဲ ဝင်နိုင်တော့မှာ မဟုတ်ဘူး။
စုန့်ဝမ် စိတ်တည်ငြိမ်အောင် ထိန်းပြီး သနားဂရုဏာစိတ်ကို ဖိနှိပ်လိုက်ရတယ်။ တစ်ဖက်မှာလည်း ဒါက အလုပ်သဘောပဲဆိုတာ ဆင်ခြင်ရင်း ရက်စက်ကြမ်းတမ်းတဲ့စိတ်တွေ လွှမ်းမိုးမခံရအောင် သတိကပ်နေရတယ်။
စိတ်တည်ငြိမ်ပြီဆိုတာနဲ့ အရိုးသန့်စင်ဓားကို ထုတ်ယူပြီး မနေ့က ကြည့်ရှုမှတ်သားခဲ့တဲ့အတိုင်း တစ်ဆင့်ချင်း စလိုက်တယ်။ စစချင်း အဝတ်အစားတွေကို ဖြတ်တောက်ဖယ်ရှားတယ်။ တကယ်လုပ်တော့မှ အဆင့်နိမ့်ဝိညာဥ်လက်နက်ဖြစ်တဲ့ အရိုးသန့်စင်ဓားကို အထင်သေးမိပြီဆိုတာ သဘောပေါက်သွားတယ်။ သာမန်ဓားတွေနဲ့ လုံးဝမတူဘဲ အစွမ်းထက်သလို ထိန်းချုပ်ကိုင်တွယ်ရ ခက်တယ်။ အစောပိုင်းမှာ လက်စမထိန်းနိုင်သေးဘဲ အသားကို ဖြတ်မိလိုက်၊ အဝတ်စကို တစ်ခါတည်း မပြတ်လို့ ပြန်ပြန်ဖြတ်ရနဲ့ ဗျာများနေတယ်။
ခဏနေတော့မှ ဓားနဲ့လူ လမိုင်းကပ်ပြီး အဝတ်အစားတွေကို သေသေသပ်သပ် ဖယ်ရှားနိုင်ခဲ့တယ်။ ပြီးတာနဲ့ ဒုတိယအဆင့် အရေခွံ စခွာတယ်။ ခေါင်းကအစ ခြေအဆုံး အရေခွံခွာရင်း စုန့်ဝမ် ချွေးတွေပါ ရွှဲနစ်လာတယ်။ အရေပြားအပြီး အသားတွေ ဖြတ်တောက်ရပြန်တယ်။ ပထမဆုံးအကြိမ်ဆိုတော့ မကျွမ်းကျင်တာကြောင့် နှစ်နာရီနီးပါး ကြာတော့မှ ပြီးဆုံးသွားတယ်။
ဒါပေမယ့် သေသေသပ်သပ်တော့ မဟုတ်ခဲ့ဘူး။ အရိုးမှာ မတော်တဆ ထိုးခုတ်မိတဲ့ဓားရာတွေ အတော်လေး ကျန်ခဲ့သလို၊ အသားနဲ့သွေးတချို့ ကပ်ငြိကျန်ခဲ့သေးတယ်။ တခြားသူတွေလည်း ပထမဆုံးအကြိမ်ဆို ဒီလိုဖြစ်မှာပဲလို့ ကိုယ့်ကိုယ်ကို အားပေးရင်း အရိုး၊ အသားနဲ့ ကိုယ်တွင်းအင်္ဂါတွေကို အိတ်တွေထဲ သီးခြားစီ ခွဲထည့်လိုက်တယ်။
လုပ်ကိုင်နေချိန်တလျှောက် ပျို့အန်လုနီးနီး ကြုံခဲ့ရပေမယ့် အတင်းဖိနှိပ်ထိန်းခဲ့ရတယ်။ တခါတလေ လျှို့ဝှက်ဆန်းကြယ်စွမ်းရည်က သွေးအဆီအနှစ်တွေ ထထုစုပ်ယူတာကိုလည်း အတင်းအကြပ် ရပ်တန့်စေခဲ့ရတယ်။ ကုံးဟန်တို့ဆီက သွေးအဆီအနှစ် စုပ်ယူရင်း ထိန်းချုပ်နိုင်အောင် လေ့ကျင့်ခဲ့လို့သာ တော်ရော့တယ်။ မဟုတ်ရင် ကိုင်သမျှအလောင်းတွေ မံမီဖြစ်ကုန်ပြီး အလောင်းနတ်ဆိုးဂိုဏ်းက အကြီးအကဲတွေ သတိပြုမိသွားနိုင်တယ်။ နောက်ဆက်တွဲက မတွေးဝံ့စရာ။
စုန့်ဝမ် အနားမယူနိုင်သေးဘဲ အလောင်းတစ်လောင်းကို ထပ်ထုတ်လိုက်တယ်။ အမျိုးသမီးငယ်အလောင်းဖြစ်လို့ လက်တွန့်သွားပေမယ့် စိတ်တင်းပြီး အလုပ်စလိုက်ရတယ်။ အသက်ဝိညာဥ် မရှိမှတော့ ကျား/မ ခွဲနေစရာ မလိုဘူးလို့ပဲ နှလုံးသွင်းပြီး ခပ်သွက်သွက် စတယ်။
ဒီတစ်ခါတော့ လက်မြန်လာပြီး တစ်နာရီမပြည့်ခင် ပြီးသွားတယ်။ လက်ရာလည်း အတော်လေး သေသပ်လာပြီ။
နောက်ဆုံးအလောင်းကို ခွဲစိတ်ပြီးတော့ အလုပ်ချိန်က ၆ နာရီတောင် ကျော်သွားတယ်။ တခြားလူတွေက အလုပ်ပြီးသွားလို့ တစ်ယောက်မှ မရှိတော့ဘူး။ တစ်ဝက်လောက်မှာတည်းက ဝိညာဥ်စွမ်းအင် ကုန်ခမ်းသွားလို့ နောက်ပိုင်းမှာ ကာယအားသက်သက် အားပြုခဲ့ရတယ်။ ပြီးလည်းပြီးရော တစ်ကိုယ်လုံး ကိုက်ခဲနေပြီ။ ဒါပေမယ့် ခန္ဓာကိုယ် ပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးတယ်။ လုပ်ငန်းခွင် အခြေအနေက ဆိုးရွားသလို၊ စိတ်ကို ထိန်းသိမ်းချုပ်တည်းရလွန်းလို့ အားကုန်သလောက် ဖြစ်နေပြီ။
စုန့်ဝမ် အားတင်းရင်း ယွမ်ချန် ထိုင်နေတဲ့ဂူငယ်ဆီ သွားပြီး သိုလှောင်အိတ်တွေ ပြန်အပ်လိုက်တယ်။
"အကိုယွမ် .. အားလုံးပြီးပါပြီ"
ယွမ်ချန်က သိုလှောင်အိတ်တွေကို ဝိညာဥ်စွမ်းအင်နဲ့ စစ်ဆေးပြီး လက်ခံယူလိုက်တယ်။
"ကောင်းတယ် ကျိယင်။ မင်းက နတ်ဆိုးကျင့်ကြံသူဖြစ်ဖို့ မွေးလာတဲ့သူပဲ။ မနက်ဖြန် ခွဲတမ်း နှစ်ဆတိုးမယ်။ အခု သွားနားတော့"
စုန့်ဝမ်လည်း အရိုအသေပေးပြီး အမြန်ထွက်လာခဲ့တယ်။