အခန်းချီစုစည်းခြင်း တတိယအဆင့်
Vol. 3 Ch. 35
“အား..”
“ဝေါ့…”
လိုဏ်ဂူထဲ ပြန်ရောက်တာနဲ့ စုန့်ဝမ် တင်းမထားနိုင်တော့ဘဲ ဆက်တိုက်ကို ထိုးအန်ပါလေရော။ တစ်နေကုန် ဘာမှမစားရသေးတဲ့အပြင် အန်ချင်စိတ်ကို အတင်းဖိနှိပ်ထားခဲ့လို့ ဗိုက်အောင့်ဗိုက်နာ ဖြစ်နေခဲ့တာ။
အစာမရှိတော့တာတောင် မရပ်သေးဘဲ လေတွေ ဆက်အန်နေတယ်။ ၁၅ မိနစ်လောက်နေတော့မှ အန်တာ ရပ်သွားတယ်။ ဗိုက်နာတာလည်း သက်သာသွားတယ်။ မောလွန်းလို့ အိပ်ပစ်လိုက်ချင်ပေမယ့် အိပ်မရဘူး၊ ကိုယ်ပေါ်မှာ စွဲကပ်နေတဲ့ သွေးညီနံ့တွေ၊ အလောင်းနံ့တွေကြောင့် နောက်တစ်ခါ ပျို့တက်လာပြန်တယ်။
စုန့်ဝမ် မတတ်သာတဲ့အဆုံး ကုန်းရုန်းထ၊ အခန်းသန့်ရှင်းရေးလုပ်ပြီး ရေချိုးရတော့တယ်။ အားလုံးပြီးတော့ လှဲလိုက်တာနဲ့ တချိုးတည်း အိပ်ပျော်သွားပါတော့တယ်။
………
နောက်နေ့မနက် စုန့်ဝမ် အစောကြီး နှိုးလာတယ်။ ဗိုက်ကလည်း တစ်နေ့လုံး တစ်ညလုံး ဘာမှမစားရသေးတော့ တဂွီဂွီ တဂွမ်ဂွမ် အော်နေပြီ။ ချက်ချင်းပဲ မျက်နှာထသစ်ပြီး ထမင်းစားဆောင်ဆီ အပြေးသွား ဗိုက်ဖြည့်လိုက်တယ်။ ပြီးရင် အလောင်းခွဲစိတ်ရမှာဆိုတော့ အန်ထွက်ကုန်မှာ စိုးရိမ်လို့ အများကြီးလည်း မစားရဲပြန်ဘူး။
စားပြီးတာနဲ့ ခဏနားပြီး အလာင်းခွဲစိတ်ဂူဆီ အလုပ်စချိန် မတိုင်ခင် အရောက်သွားခဲ့တယ်။ ဒီနေ့က နှစ်ဆတိုးပြီး အလောင်းတစ်ရာ ခွဲစိတ်ရမှာဆိုတော့ ပေါ့နေလို့ မဖြစ်ဘူး။ မဟုတ်ရင် ညအထိ ခွဲနေရလိမ့်မယ်။
နေတဲ့နေရာနဲ့ အလောင်းခွဲစိတ်လိုဏ်ဂူ သိပ်မဝေးတော့ စုန့်ဝမ်အတွက် အဆင်ပြေတယ်။ သူရောက်တော့ ဘယ်သူမှ မရောက်သေးဘူး။ လိုဏ်ဂူဖွင့်ပြီးစ ယွမ်ချန်ပဲ ရှိသေးတယ်။ စုန့်ဝမ်လည်း ယွမ်ချန်ဆီက အိတ်တွေယူပြီးတာနဲ့ အလောင်းခွဲစိတ်စင်ဆီ တန်းပြေးသွားတယ်။ ဒီနေ့တော့ အရှိန်က မနေ့ကထက် ပိုမြန်လာပြီ။ အလောင်းတစ်ရာကို ၆ နာရီ ကျော်ကျော်နဲ့တင် ပြီးသွားတယ်။ ဒါပေမယ့် နောက်ဆုံးမှ ပြီးစီးသူ ဖြစ်နေဆဲပဲ။
စုန့်ဝမ် ပြန်ထွက်လာတော့ နေဝင်စပြုနေပြီ။ လိုဏ်ဂူပြန် အမြန်ရေချိုးပြီး ထမင်းစားဆောင်ဆီ အပြေးသွားခဲ့တယ်။ သူရောက်တော့ လုပ်သားတပည့်တချို့ပဲ ကျန်တော့တယ်။ စားစရာကတော့ အလျှံအပယ် ကျန်သေးတာနဲ့ ဗိုက်ကားအောင် စားပစ်လိုက်တယ်။ ဒီလောက်တောင် စိတ်ရောကိုယ်ပါ ပင်ပန်းနေချိန် အစာမဝင်ရင် အားနည်းသွားနိုင်တယ်။ ကျင့်ကြံသူဖြစ်လို့သာ ခံနိုင်ရည်ရှိပေမယ့် ကြာရင် မကောင်းဘူး။
စားသောက်ပြီးလို့ လိုဏ်ဂူထဲ ပြန်ရောက်တာနဲ့ အတွင်းစွမ်းအင်တွေကို ပြန်စစ်တယ်။ ပြီးခဲ့တဲ့ နှစ်ရက် အလောင်းခွဲစိတ်ဂူမှာ သွေးအဆီအနှစ်ကို မစုပ်ယူမိအောင် ထိန်းချုပ်ခဲ့ပေမယ့် သိပ်သည်းလွန်းတဲ့ သွေးစွမ်းအင်ကြောင့် တခါတလေ မရည်ရွယ်ဘဲ စုပ်ယူမိခဲ့သေးတယ်။ အဲ့လောက်နဲ့တင် ကုန်ခမ်းခဲ့သမျှ သွေးနဲ့ ချီ ပြန်ပြည့်ဝနေပြီ။
အဲဒီညမှာတော့ စုန့်ဝမ် ကျင့်ကြံမနေတော့ဘဲ အားပါးတရ အိပ်ချလိုက်ပါတော့တယ်။ စိတ်ပင်ပန်းတာအတွက် အိပ်စက်ခြင်းကသာ အကောင်းဆုံးကုထုံး မဟုတ်ပါလား။
...........
နောက်ရက်တွေမှာတော့ စုန့်ဝမ်တစ်ယောက် အလောင်းခွဲစိတ်လိုက်၊ အိပ်လိုက်၊ စားလိုက်၊ ကျင့်ကြံလိုက်နဲ့ နေ့စဥ်လည်ပတ်နေခဲ့တယ်။ ဒီလိုနဲ့ တစ်လတာ ကုန်ဆုံးသွားတယ်။
အလောင်းခွဲစိတ်တာ တဖြည်းဖြည်း ကျွမ်းကျင်လာပြီး အခုဆို ကျွမ်းကျင်အလောင်းခွဲစိတ်သူ ဖြစ်နေပြီ။ အလောင်း ၁၅၀ ကို ၄ နာရီပဲ အချိန်ယူရတော့တယ်။ ဒါပေမယ့် အမြဲတမ်း နောက်ဆုံးမှ ထွက်ခွာသူ ဖြစ်နေဆဲပဲ။ တကယ်ဆို အမြန်နှုန်းမြှင့်ရင် ၃ နာရီနဲ့ ပြီးတယ်။ တမင်ကို အချိန်ဆွဲလုပ်ပြီး သွေးစွမ်းအင်တွေကို စုပ်ယူနေခဲ့တာ။ သိပ်သည်းတဲ့သွေးစွမ်းအင်က အလောင်းဘုရင်သွေးသန့်စင်ကျင့်စဥ် လျင်လျင်မြန်မြန် တိုးတက်စေခဲ့တယ်။ တစ်လမပြည့်ခင်မှာတင် ချီစုစည်းခြင်း တတိယအဆင့်ကို ရောက်ရှိခဲ့တယ်။
ဒါပေမယ့် ထင်မှတ်မထားတဲ့ပြဿနာ ကြုံရပြန်တယ်။ သူ့ကျင့်ကြံမှုနှုန်းက မြန်ဆန်လွန်းလို့ လိုဏ်ဂူအိမ်မှာ ပေးထားတဲ့ အလောင်းချီပမာဏက မဖြည့်ဆည်းပေးနိုင်တော့ဘူး။ ပေးတဲ့နှုန်းက ကျင့်ကြံမှု အဆင့်အလိုက် အကန့်အသတ် ရှိတယ်။ တခြားသော ချီစုသည်းခြင်း အစောပိုင်းသမားတွေ လုံလောက်တဲ့ပမာဏက စုန့်ဝမ်အတွက်တော့ မလုံလောက်ဘူး။ တရားဝင် တောင်းဆိုလို့ မဖြစ်တာကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းရတော့မယ်။
ကျင့်ကြံရင်း၊ အကြံထုတ်နေရင်းနဲ့ မိုးလင်းသွားတယ်။ ဒီနေ့က ထောက်ပံ့ကြေး ထုတ်ရမယ့်ရက်ဖြစ်လို့ ထုတ်ပြီးတာနဲ့ တောင်ခြေစျေးမှာ အလောင်းချီ ဝယ်လို့ရမလား စုံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီနေ့တော့ အလောင်းခွဲစိတ်တာကို နာရီဝက်လောက် စောပြီး လက်စသတ်လိုက်တယ်။ တခြားသူတွေလည်း အမြန်လုပ်ကြတော့ စုန့်ဝမ်က နောက်ဆုံးလူ ဖြစ်နေဆဲပဲ။ ယွမ်ချန်ဆီ သိုလှောင်အိတ်တွေ အပ်ပြီးတာနဲ့ တစ်လစာ ထောက်ပံ့ကြေး ရလာတယ်။ တစ်လစာအတွက် အဆင့်နိမ့်ဝိညာဥ်ကျောက် ၂၀၊ အလောင်းသွေးချီဆေး ၁၀ လုံး ရတယ်။ ဝိညာဥ်အားဖြည့်ဆေးတော့ မရဘူး။ ဒါက အန္တရာယ်များပြီး ဂိုဏ်းရဲ့ ပင်မကျင့်ကြံမှုရင်းမြစ်ဖြစ်တဲ့ အလောင်းချီကို ထုတ်လုပ်ပေးတဲ့အဖွဲ့မလို့ အဆင့်တူတွေထက် ခံစားခွင့် ပိုရကြတာ။
ထုတ်ယူပြီးတာနဲ့ လိုဏ်ဂူကို ပြန်ပြီး ရေချိုးကိုယ်လက်သန့်စင်တယ်။ ပြင်းထန်လွန်းတဲ့ သွေးညှီနံ့တွေနဲ့ စျေးထဲသွားဖို့ မသင့်တော်ဘူးလေ။
ကိုယ်လက်သန့်စင်ပြီးတာနဲ့ စိတ်ကူးတစ်ခုရတာကြောင့် စျေးထဲကို ချက်ချင်းမသွားဘဲ၊ သင်ကြားရေးခန်းမကို အရင်သွားခဲ့တယ်။ သင်ကြားရေးခန်းမဆိုပေမယ့် အကြီးအကဲတွေက စိတ်ကူးပေါက်မှ ထသင်တာဆိုတော့ သင်တန်းထက် စာကြည့်တိုက်လို ဖြစ်နေတယ်။ ဂိုဏ်းပိုင်ကျမ်းစာတွေက အဲဒီမှာ ထားတာ။ စုန့်ဝမ်အနေနဲ့ အလောင်းဘုရင်သွေးသန့်စင်ကျင့်စဥ် ဒုတိယအဆင့်ကို ရောက်ပြီဖြစ်လို့ တိုက်ခိုက်ရေးစွမ်းရည် သင်ယူဖို့ အချိန်တန်ပြီလေ။
သင်ကြားရေးခန်းမ ရောက်တော့ တံဆိပ်ပြား ထုတ်ပြပြီး ဝင်ခဲ့တယ်။ အစောင့်က ချီစုစည်းခြင်း အစောပိုင်းတပည့်အနေနဲ့ ကျမ်းစာအခန်း ပထမအထပ်ပဲ ဝင်ခွင့်ရှိတဲ့အကြောင်းတော့ သတိပေးလိုက်တယ်။ စာအုပ်တွေကတော့ အများကြီးပဲ၊ ကျင့်စဥ်တွေ၊ တိုက်ခိုက်ရေးပညာတွေ၊ အလောင်းရုပ်သေးနည်းစနစ်တွေ၊ ဝိညာဥ်ဆေးပင်စိုက်ပျိုးနည်းတွေ စသဖြင့် စသဖြင့် အစုံရှိတယ်။ ဒါပေမယ့် အားလုံးက အခြေခံနဲ့ အဆင့်နိမ့်တွေချည်းပဲ။
စုန့်ဝမ်က သူလိုချင်တဲ့ တိုက်ခိုက်ရေးပညာအပိုင်းပဲ ကြည့်လိုက်တယ်။ အများကြီးတော့ မရှိဘူး၊ ၃၀ ကျော်ပဲ ရှိတယ်။ သူ့ဆီမှာ ရှိပြီးသားဖြစ်တဲ့ မီးတောက်မန္တန်နဲ့ ဒိုင်းကာမန္တန်လို သမားရိုးကျပညာတွေ တွေ့ပေမယ့် စိတ်မဝင်စားဘူး။ အလောင်းနတ်ဆိုးဂိုဏ်းမူပိုင်ကျင့်စဥ်တွေကိုပဲ အဓိက ရှာတယ်။
လိုက်ကြည့်ရင်း သွေးစတေးနည်းစနစ်ဆိုတဲ့စာအုပ် တွေ့လိုက်တယ်။ ဖတ်ကြည့်တော့ ဒီနည်းစနစ်ကို အသက်သွင်းရင် ကျင့်ကြံမှုအဆင့်ကို သိသာတဲ့အဆင့်တစ်ခုထိ ယာယီမြှင့်တင်ပေးနိုင်တယ်တဲ့။ ဒါပေမယ့် သွေးအနှစ်ကို လောင်စာအနေနဲ့ ပေးဆပ်ရမယ်။ အတိမ်းအစောင်းရှိရင် သွေးခန်းခြောက်ပြီး အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ရှိလို့ တခြားရွေးခြယ်စရာ မရှိတော့မှ နောက်ဆုံးအနေနဲ့ သုံးကြတယ်။
စုန့်ဝမ် ပြုံးလိုက်မိတယ်၊ ဒါက သူ့အတွက် သီးသန့်ဖန်တီးထားလား မှတ်ရတယ်။ ဒီတစ်လအတွင်း သူ့ရဲ့ သွေးအဆီအနှစ် စုပ်ယူနိုင်စွမ်းကို အတော်နားလည်ခဲ့ပြီးပြီ။ ခန္ဓာကိုယ် ကြံ့ခိုင်ပြီး ကျင့်ကြံမှု မြင့်လာတာနဲ့အမျှ သွေးအဆီအနှစ် စုပ်ယူရတာ အခက်အခဲ မရှိတော့သလို၊ ပမာဏများလို့ ဒဏ်ခံရတာလည်း မရှိသလောက် ဖြစ်နေပြီ။ ဘယ်လောက်များတဲ့ပမာဏဖြစ်ဖြစ် လျင်လျင်မြန်မြန် ချေဖျက်နိုင်တယ်။ လက်ရှိအချိန်မှာ စုန့်ဝမ်အနေနဲ့ အဆင့်တူတွေထက် ဆယ်ဆများတဲ့ သွေးအနှစ်ပမာဏကို သိုလှောင်ထားနိုင်နေပြီ။ သွေးစတေးနည်းစနစ်အတွက် သွေးအနှစ်ပမာဏက သူ့အတွက် ပြဿနာ မဟုတ်တော့ဘူး။
အဲ .. ပြဿနာက စျေးနှုန်း။ အဆင့်နိမ့်ဝိညာဥ်ကျောက်တစ်ရာတဲ့။ သူ့လစာနဲ့ဆို ၅ လစာ ဖြစ်နေပြီ။ နောက်တစ်ခုက သွေးလွတ်မြောက်ကျင့်စဥ်၊ ဘာများလဲလို့ ဖတ်ကြည့်တော့ သွေးအနှစ် လောင်ကျွမ်းစေပြီး အရှိန်နှုန်းမြှင့် ထွက်ပြေး … ထားပါ လှုပ်ရှားနည်းစနစ် ဖြစ်နေတယ်။ စျေးနှုန်းက အဆင့်နိမ့်ဝိညာဥ်ကျောက် ၈၀။
အလောင်းရုပ်သေးလုပ်ဖို့ စိတ်ကူးထားလို့ သွားကြည့်တော့ နည်းစနစ် တစ်ဒါဇင်လောက် ရှိတယ်။ ဒါတွေက နတ်ဆိုးအလောင်းဂိုဏ်းမှာ သာမန်လိုဖြစ်နေတော့ စျေးသက်သာတယ်။ အဆင့်နိမ့်ဝိညာဥ်ကျောက် ၄/၅ လုံးကနေ၊ ပထမထပ်မှာ အမြင့်ဆုံးဖြစ်တဲ့ ဝိညာဥ်ရုပ်အလောင်းပညာတောင် ၂၅ လုံးပဲ ပေးရမယ်။ ဒီပညာက အတော်ပြည့်စုံတယ်၊ ဝိညာဥ်နဲ့ ရုပ်အလောင်း ပေါင်းစပ်သန့်စင်လို့ရတဲ့ အဆင့်မြင့်နည်းစနစ်တစ်ခု။ အလောင်းသက်သက်ကို သန့်စင်တာမျိုးက အဆင့်နိမ့်ပညာ။ ဝိညာဥ်ပါတဲ့အလောင်းရုပ်သေးကို သက်ဝင်အလောင်းလို့ ခေါ်တယ်။ ကိုင်တွယ်ရလွယ်ပြီး စွမ်းအားကြီးတယ်။ ယင်ဓာတ်ဝိညာဥ်ပစ္စည်းတွေ အသုံးချပြီး အဆင့်မြှင့်လို့ ရတယ်။ ရေရှည်အသုံးခံတယ်။
ဝိညာဥ်မပါတဲ့ အလောင်းရုပ်သေးကို သက်မဲ့အလောင်းလို့ ခေါ်တယ်။ ကိုင်တွယ်ရခက်သလို စွမ်းအားနည်းတယ်။ ထပ်အဆင့်မြှင့်လိုလဲ မရဘူး။ ထုတ်လုပ်မှုစရိတ်နည်းလို့ တစ်ခါသုံးလက်နက်အဖြစ်လည်း သုံးကြတယ်။