စျေး
Vol. 3 Ch. 36
စုန့်ဝမ်လည်း မွဲနေတာကြောင့် အရောင်းအဝယ်ခန်းမထဲက ကျင့်စဥ်တွေ ဝယ်ယူဖို့ မတတ်နိုင် ဖြစ်နေတယ်။ သူလိုချင်နေတဲ့ အလောင်းရုပ်သေးသန့်စင်နည်းက အဆင့်နိမ့်ဝိညာဥ်ကျောက် ၂၅ လုံး ရှိတယ်။
စုန့်ဝမ် စိတ်ပျက်လက်ပျက်နဲ့ အရောင်းအဝယ်ခန်းမက ထွက်လာပြီး တောင်ခြေမှာရှိတဲ့ စျေးတန်းဆီ ဦးတည်လိုက်တယ်။ တောင်ခြေစျေးက အလောင်းနတ်ဆိုးဂိုဏ်းက ဖွင့်လှစ်ထားတာဆိုပေမယ့် တခြားနတ်ဆိုးဂိုဏ်းတပည့်တွေ၊ တစ်ကိုယ်တော်ကျင့်ကြံသူတွေကိုပါ စျေးရောင်းခွင့်ပြုထားတယ်။ ဂိုဏ်းကဆိုင်တွေမှာ ပစ္စည်းတွေက အရည်အသွေးအာမခံချက် အပြည့်ရှိပေမယ့် စျေးကြီးတယ်။ တခြားဆိုင်တွေက စျေးပေါပေမယ့် အရည်အသွေးပိုင်း စိတ်မချရဘူး။ ဆေးဆို အာနိသင်မပြည့်တာ၊ ကျင့်စဥ်ဆို ချို့ယွင်းချက်ပါတာမျိုးပေါ့။ ဒါပေမယ့် ဆင်းရဲတဲ့တပည့်တွေအတွက် အားကိုးရာတော့ ဖြစ်တယ်။
စုန့်ဝမ် ရောက်သွားချိန်က ညနေစောင်းဆိုတော့ တောင်ခြေစျေးထဲမှာ လူစည်နေပြီ။ ဒီအချိန်က ဂိုဏ်းတပည့်တွေ အလုပ်သိမ်းချိန်ဖြစ်လို့ အနားယူပြီး စျေးဝယ်ထွက်တဲ့အချိန်။ တချို့တပည့်တွေဆို ယာယီဆိုင် ခင်းကျင်းပြီး စျေးရောင်းနေကြတယ်။
စုန့်ဝမ်က အလောင်းချီ ဝယ်ဖို့နဲ့ ရောက်ဖူးတယ်ရှိအောင် လာကြည့်တာဆိုတော့ အေးအေးဆေဆေး လမ်းလျှောက်ရင်း စျေးအနှံ့ လိုက်ကြည့်နေတယ်။ နာရီဝက်လောက်နေတော့ ဆိုင်တစ်ဆိုင်မှာ အလောင်းချီ ရောင်းနေတာ တွေ့လို့ရတယ်။ အလောင်းချီကို အနက်ရောင်ဖန်ပုလင်းတွေထဲ ထည့်ပြီး စားပွဲပေါ် ခင်းကျင်းထားတယ်။ ပုလင်းပေါ်မှာ အလောင်းချီ မပျံ့လွင့်အောင် ရှုပ်ထွေးတဲ့အစီအရင်တွေ ရေးဆွဲထားတယ်။ ၃ ပုလင်းပဲ တင်ထားပေမယ့် နောက်မှာ ရှိနိုင်သေးတယ်။
“ဆိုင်ရှင် .. ဒီအလောင်းချီက ဘယ်လောက်လဲ”
“အဆင့်နိမ့်ဝိညာဥ်ကျောက်ရှစ်ဆယ်”
ပြင်ပစည်းတပည့်ဝတ်စုံဝတ်ဆိုင်ရှင်က စုန့်ဝမ်ကို အထင်သေးဟန်နဲ့ ကြည့်ပြီး ခပ်ပေါ့ပေါ့ ပြန်ဖြေတယ်။
“စျေးကြီးလိုက်တာ”
စုန့်ဝမ် အံအားသင့်ပြီး လွှတ်ခနဲ ပြောလိုက်မိတယ်။
နဂိုတည်းက အထင်သေးနေတဲ့ဆိုင်ရှင် တင်းသွားတာပေါ့။
“စျေးကြီးတယ် ဟုတ်လား။ ဒါတွေကို အလောင်းတစ်သောင်းချောက်က ထုတ်ယူခဲ့ရတာကွ။ ငါကိုယ်တိုင် အကြာကြီးနေပြီး အသန့်စင်ဆုံး အလောင်းချီဖြစ်အောင် သန့်စင်ထားတာ။ မင်းလို ချီစုစည်းခြင်း အစောပိုင်းတပည့်ကို ၃ လလောက် ထောက်ပံ့ပေးနိုင်တယ်။ ဘယ်လိုလုပ် စျေးပေါရမှာလဲ . . ဒါက တန်ရာတန်ကြေးပဲ”
ဆိုင်ရှင် ရှင်းပြလိုက်မှ စုန့်ဝမ် သံသယ ဝင်သွားတယ်။ အလောင်းတစ်သောင်းချောက်က အလောင်းနတ်ဆိုးဂိုဏ်းနဲ့ မလှမ်းမကမ်းမှာ ရှိတယ်။ အဲဒီနေရာက အလောင်းချီတွေ ဖုံးလွှမ်းနေလို့ ဂိုဏ်းကလူတွေ မကြာခဏ သွားစုဆောင်းလေ့ ရှိတယ်။ ဒါပေမယ့် ဒီဆိုင်ရှင်လို ချီစုစည်းခြင်းကျင့်ကြံသူတွေ အလွယ်တကူ ဝင်လို့ရတာမှ မဟုတ်တာ။ ရကြေးဆို တပည့်တိုင်း ကိုယ်တိုင်သွားစုကြမှာပေါ့။
“စျေးလျှော့လို့ရမလား၊ ဝိညာဥ်ကျောက်နှစ်ဆယ် ထားလိုက်”
ဆိုင်ရှင် မျက်နှာရှုံ့မဲ့သွားတာပေါ့။
“မဝယ်နိုင်ရင် သွားတော့။ ငါ့အလုပ်ကို လာမနှောင့်ယှက်နဲ့။ ဒီပုလင်းတစ်လုံးတောင် ဝိညာဥ်ကျောက်ဆယ်လုံးတန်တယ်ကွ”
စုန့်ဝမ် အသာလစ်ပြီး ထွက်လာခဲ့တယ်။ တခြားဆိုင်တချို့မှာ တွေ့လို့ စျေးမေးကြည့်တော့ ဝိညာဥ်ကျောက် ၆၀ ဝန်းကျင် ရှိတယ်။ ဝယ်သူက ကိုယ့်ပုလင်းထဲ ထည့်ယူမယ်ဆို ဆယ်လုံးလျှော့ပေးသေးတယ်။ ဒါပေမယ့် ပထမဆုံးဆိုင်လောက် အရည်အသွေး မကောင်းကြဘူး။
စျေးနှုန်းသိပြီးတာနဲ့ စုန့်ဝမ် ငွေရှာဖို့ စလုပ်ရတယ်။ သူ့မှာ အဆင့်နိမ့် ဆေးမီးဖိုတစ်လုံး ရှိတယ်လေ။ ဆေးမဖော်တတ်တော့ အသုံးမဝင်ဘူး။ ငွေဖော်ဖို့ပဲ အသုံးဝင်မယ်။ အဆင့်နိမ့်ဆိုပေမယ့် ရှားပါးပစ္စည်းဆိုတော့ စျေးကောင်းရလောက်တယ်။
စုန့်ဝမ် ဆေးနဲ့ ဆေးပစ္စည်းတွေပါ ရောင်းချတဲ့ဆိုင်ကြီးတစ်ဆိုင်ထဲ ဝင်လိုက်တယ်။ အထဲရောက်တာနဲ့ ချီစုစည်းခြင်း တတိယအဆင့်ရှိသူ ဝန်ထမ်းတစ်ယောက် ချဥ်းကပ်လာတယ်။
“ဧည့်သည်တော် .. ဘာများ အလိုရှိပါသလဲ”
“ဝယ်ဖို့ မဟုတ်ပါဘူး။ ရောင်းဖို့ပါ။ ဒီမှာ ဆေးမီးဖိုတွေ ဝယ်လား”
“ဟုတ်ကဲ့ .. ဝယ်ပါတယ်။ ဆရာက ဘယ်လိုဆေးမီးဖိုမျိုး ရောင်းချင်တာလဲ။ ပြလို့ရမလား”
စုန့်ဝမ်လည်း သိုလှောင်အိတ်ထဲက ဆေးမီးဖိုကို ထုတ်ပြီး ဆိုင်ဝန်ထမ်းကို ပေးလိုက်တယ်။
“ဒီဆေးမီးဖိုပါ .. ဘယ်လောက်တန်လဲ”
ဆိုင်ဝန်ထမ်းက သေချာစစ်ကြည့်ပြီးမှ ပြန်ဖြေတယ်။
“ဆရာ့ဆေးမီးဖိုက အဆင့်နိမ့်အမျိုးအစားပဲ။ သက်တမ်းကြာပြီး အသုံးလည်း များထားတယ်။ အပေါ်ပိုင်း အစီအရင်တချို့လည်း ထိခိုက်ထားတယ်။ ရောင်းမယ်ဆို ဝိညာဥ်ကျောက် ၅၀ လောက် ရပါမယ်”
စုန့်ဝမ် စိတ်လေသွားတယ်။ စျေးနှိမ်လာချည်လား။
“မနည်းလွန်းဘူးလား”
စုန့်ဝမ် စျေးထဲ လှည့်ကြည့်ထားလို့ ပေါက်စျေးကို သိပြီးသား။ ဆေးမီးဖိုအသစ်ဆို အဆင့်နိမ့်ဝိညာဥ်ကျောက် ၅၀၀ ဝန်းကျင် ရှိတယ်။ လက်နက်နဲ့ အကာအကွယ်ပစ္စည်းတွေဆို တစ်ရာကျော်ပဲ ရှိတယ်။ ဒါကြောင့် ဆေးဝါးလမ်းစဥ် လိုက်စားရတာ အကုန်အကျများတယ်လို့ သတင်းကြီးတာ။ သူ့ဆေးမီးဖိုက တစ်ပတ်ရစ်ဆိုတော့ ၁၂၀ လောက် ရမယ်လို့ တွက်ထားတာ။ ဆိုင်က စျေးနှိမ်ဝယ်မယ်၊ ပြန်ပြင်ဆင်ပြီးတာနဲ့ စျေးတင်ရောင်းမယ်ဆိုတာ သိပေမယ့် ဒီလောက်နှိမ်မယ် မထင်မိဘူး။
ဝန်ထမ်းက အပြုံးမပျက် ပြန်ရှင်းပြလာတယ်။
“ဆရာ မသိသေးဘူး ထင်တယ်။ ကျနော်တို့ဆိုင်က ပစ္စည်းကို ဇစ်မြစ်မမေးဘဲ ဝယ်ပါတယ်။ ဝယ်ပြီးတာနဲ့ ဆက်စပ်နေတဲ့ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ စျေးနှုန်းက ဒါကြောင့် နိမ့်တာပါ”
စုန့်ဝမ် ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ ဝန်ထမ်းက သူ့ကို ခိုးရာပါပစ္စည်း လာရောင်းတယ် ထင်နေတာကိုး။ အံသြစရာတော့ မရှိပါဘူး။ ဆေးမီးဖိုဆိုတာ ချီစုစည်းခြင်း အစောပိုင်းကျင့်ကြံသူတွေ ပိုင်ဆိုင်နိုင်တဲ့အရာမှ မဟုတ်တာ။
စုန့်ဝမ် ခေါင်းခါလိုက်တယ်။
“ခင်ဗျား အထင်မှားနေပြီ။ ဒီဆေးမီးဖိုက နောက်ကြောင်း ရှင်းတယ်။ ဘာပြဿနာမှ မရှိဘူး”
စကားဆုံးတာနဲ့ လှည့်ထွက်လာခဲ့တယ်။ ဒီဆိုင်က ဆေးထဲမှာ အကြီးဆုံးဖြစ်လို့ အရင်ဝင်ကြည့်ပေမယ့်၊ တခြားရွေးစရာဆိုင်တွေ ရှိပါသေးတယ်။
စုန့်ဝမ် ခပ်ပြတ်ပြတ်ပြောပြီး ထွက်သွားလို့ ဆိုင်ဝန်ထမ်း ကြောင်သွားပြီး အမြန်လှမ်းပြောတယ်။
“၈၀ ဆိုရင်ရော”
စုန့်ဝမ် ဆိုင်တံခါးနား ရောက်နေပြီး လှည့်မကြည့်ဘဲ ဆက်သွားနေတယ်။ ဆိုင်ဝန်ထမ်းလည်း ဆေးမီးဖိုရဲ့ဇစ်မြစ်ကို သူအတွက်မှားပြီလို့ ထင်လာတယ်။ ခိုးရာပါ မဟုတ်ဘဲ မိသားစုအမွေကို အသုံးမချတတ်လို့ ရောင်းစားတာရော မဖြစ်နိုင်ဘူးလား။
“၁၂၀ ပေးမယ် ဆရာ”
စုန့်ဝမ် လှည့်မကြည့်ဘဲ လမ်းပေါ် ထွက်သွားတယ်။ ဆိုင်ဝန်ထမ်းလည်း အပြေးလိုက်လာပြီး စုန့်ဝမ်လက်ဆွဲရင်း နောက်ဆုံးစျေး ပြောလိုက်ရတယ်။
“ဆရာ .. ၁၈၀ ပေးမယ်။ ဒါအမြင့်ဆုံစျေးပါ။ တခြားဆိုင်တွေမှာဆို ဇစ်မြစ်က ပြဿနာ မရှိရင်တောင် ဒီစျေးတော့ ပေးနိုင်မှာ မဟုတ်ဘူး”
“ကောင်းပြီ .. ဒါဆို အရောင်းအဝယ် ဖြစ်ပြီ”
စုန့်ဝမ် ဆိုင်ထဲ ပြန်လိုက်လာပြီး ဆေးမီးဖိုကို လက်လွှဲပေးလိုက်တယ်။
စျေးထဲမှာ ကိုယ်တိုင်ရောင်းရင် အဆင့်နိမ့်ဝိညာဥ်ကျောက် ၂၀၀၊ ၂၅၀ လောက် ရနိုင်ပေမယ့် အချိန်ပေးရမယ်၊ စျေးအကောက်က တစ်ရက်ကို အဆင့်နိမ့်ဝိညာဥ်ကျောက် ၅ လုံးဆိုတော့ ရက်ရှည်ရင် မကိုက်ဘူး။ ဒါမျိုးက ဆေးပညာရှင်တွေပဲ ဝယ်မှာဆိုတော့ ဘယ်လာက်ကြာကြာနေမှ ရောင်းထွက်မယ်ဆိုတာလည်း မသိနိုင်ဘူး။ အဆင့်နိမ့်ဝိညာဥ်ကျောက် ၁၈၀ ဆိုတာ သူစိတ်ပိုင်းဖြတ်ထားတာထက် ကျော်နေပြီ မဟုတ်ပါလား။