← Chapters

တားမြစ်ဝိညာဥ်ကျင့်စဥ်

Vol. 3 Ch. 37

တားမြစ်ဝိညာဥ်ကျင့်စဥ်

Vol. 3 Ch. 37

အဆင့်နိမ့်ဝိညာဥ်ကျောက် ၁၈၀ ကို ယူပြီးတာနဲ့ စုန့်ဝမ် အရင်တစ်ခေါက် အလောင်းချီစျေးနှုန်း မေးခဲ့ဖူးတဲ့ဆိုင်ဆီ ပြန်သွားခဲ့တယ်။

ရောက်တာနဲ့ စုန့်ဝမ် ဘာမှမပြောရသေးခင် သူ့ကို မှတ်မိသွားတဲ့ဆိုင်ရှင်က မျက်မှောင်ကြုတ်ပြီး ဆိုလာတယ်။

“မင်းပြန်လာပြန်ပြီးလား .. ဘာလဲ ပြဿနာ ရှာချင်တာလား”

စုန့်ဝမ်လည်း ချိုချိုသာသာ ပြုံးပြလိုက်ရတယ်။

“အာ .. စီနီယာကလည်း စိတ်မဆိုးပါနဲ့။ ကျနော်က တကယ်ဝယ်ဖို့ လာတာပါ။ တစ်ပုလင်းကို အဆင့်နိမ့်ဝိညာဥ်ကျောက် ၆၀ ဆိုရင်ရော .. ဘယ်လိုလဲ”

“မင်းတကယ်ပေးရင် ရောင်းမယ်ကွာ”

သူလည်း စျေးဦးမပေါက်သေးလို့ စျေးဆစ်တာ လက်ခံလိုက်တယ်။

စုန့်ဝမ်လည်း အဆင့်နိမ့်ဝိညာဥ်ကျောက် ၆၀ ပေးချေပြီး အလောင်းချီပုလင်းကို သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်တယ်။ ပြန်ထွက်မယ်အလုပ် အနီးနားက စားပွဲပေါ်မှာ ခင်းကျင်းထားတဲ့ စာအုပ်ဆီ အကြည့်ရောက်သွားတယ်။ စာအုပ်မျက်နှာဖုံးမှာ ရေးထားတဲ့ နာမည်က စိတ်ဝင်စားစရာ ကောင်းတယ်။ တားမြစ်ဝိညာဥ်ကျင့်စဥ်တဲ့။

“ဒီစာအုပ်ကရော ဘယ်လောက်လဲ”

“အဆင့်နိမ့်ဝိညာဥ်ကျောက်တစ်ရာ”

စျေးကအရမ်းမြင့်နေပေမယ့် စျေးထဲ လှည့်ပတ်လေ့လာထားတဲ့ စုန့်ဝမ် မအံသြတော့ဘူး။ စျေးသည်တွေက မူလဇစ်မြစ် မရှင်းလင်းတဲ့ ရှားပါးပစ္စည်းတွေဆို စျေးအမြင့်ကြီး အော်တယ်။ ဒီလိုနဲ့ ဝယ်သူမရှိ ပိုက်ဘောမိပြီး နောက်ဆုံးတော့ အလကားနီးနီးစျေးနဲ့ ရောင်းရရော။

“ကြည့်လို့ရမလား”

“ရတယ်”

စာအုပ်ကောက်ကိုင်ပြီး ဖွင့်ကြည့်တာနဲ့တင် စုန့်ဝမ် စိတ်ပျက်သွားတယ်။ စျေးကသာ မတရားအော်နေ၊ ပါတာကဖြင့် စာမျက်နှာက တစ်မျက်နှာတည်းရယ်။ စာအုပ်အဖုံးကတော့ ခံ့ညားတယ်။ စာရွက်က နတ်ဆိုးသားရဲအရေခွံနဲ့ လုပ်ထားပြီး အတော့်ကို ရှေးကျနေပြီ။ အလွတ်ကျတ်မှာ စိုးရိမ်လို့ စာသားတချို့ကို စက္ကူနဲ့ ဖုံးထားပေမယ့် အလွန်ဆုံးရှိမှ စာလုံးရေ သုံး၊လေးရာပေါ့။ ဖတ်ကြည့်ရသလောက်ဆို ရှားပါးတဲ့ဝိညာဥ်ကျင့်စဥ်မျိုးပဲ၊ တပါးသူရဲ့ ဝိညာဥ်အပိုင်းအစတွေကို ဝါးမျိုပြီး ဝိညာဥ်ခွန်အားမြှင့်တင်ရတာမျိုးပဲ။

ဒီအချက်က စုန့်ဝမ်ကို စိတ်ဝင်စားသွားစေတယ်။ ဖတ်ကြည့်တော့ ပထမအဆင့်လောက်ပဲ ပါတယ်။ အစပိုင်းလမ်းညွှန်နဲ့ အနှစ်ချုပ်အညွှန်းလည်း မပါဘူး။

“ရောင်းစျေးပြော”

အစက စုန့်ဝမ်မေးလို့သာ ဖြေလိုက်ပေမယ့် ဆိုင်ရှင်က သိပ်အရေးမထားဘူး။ ဒီစာအုပ်က သူဆီရှိတာ ဆယ်နှစ်ကျာ် ကြာနေပြီ။ ကျင့်စဥ်နာမည်ကြောင့် စိတ်ဝင်စားကြပေမယ့် စာမျက်နှာတစ်ရွက်တည်း ပါနေတာကြည့်ပြီး စိတ်ပျက်သွားတာ များတယ်။ သူကိုယ်တိုင် စမ်းသပ်ကျင့်ကြံတော့ မရဘူး၊ မိတ်ဆွေတွေကို စမ်းသပ်ခိုင်းလည်း တစ်ယောက်မှ မအောင်မြင်ဘူး။ အလောင်းနတ်ဆိုးဂိုဏ်းက အတွင်းတပည့်တချို့ ဝယ်ပြီး ကျင့်ကြံတော့လည်း မအောင်မြင်လို့ သူ့ဆီတောင် ပြန်လာပေးသွားတယ်။ နောက်တော့ စာအုပ်အတုဆိုပြီး သတင်းထွက်လာလို့ မေးတဲ့သူတောင် ပေါ်မလာတော့ဘူး။

စုန့်ဝမ်က လူသစ်ဖြစ်ပြီး ကျင့်ကြံမှုအဆင့်လည်း နိမ့်သေးတော့ ဂျင်းထည့်ဖို့ တွေးလိုက်မိတယ်။

“ညီငယ်က တကယ်အမြင်ရှိတာပဲ။ ဒီတားမြစ်ဝိညာဥ်နည်းစနစ်က နာမည်ကျော် ဝိညာဥ်တစ်သောင်းဂိုဏ်းကြီးရဲ့ လျှို့ဝှက်ပညာကွ။ ဝိညာဥ်ကို ကျင့်ကြံတဲ့နေရာမှာ ထိပ်တန်းအဆင့်ပညာလို့ ကျော်ကြားတယ်။ ငါ့ညီက ကံပါလာတယ်ဆိုတော့ အဆင့်နိမ့်ဝိညာဥ်ကျောက်တစ်ရာပဲပေး”

ဝိညာဥ်တစ်သောင်းဂိုဏ်းဆိုတာ အလောင်းနတ်ဆိုးဂိုဏ်း တည်ရှိရာ ထို့လန်တောင်တန်းဒေသကြီးကို နှစ်တစ်သောင်းကျော် လွှမ်းမိုးခဲ့ဖူးတဲ့ အစွမ်းထက်နတ်ဆိုးဂိုဏ်းကြီး။ ဝိညာဥ်ကျင့်ကြံမှုကို အသားပေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက လမ်းမှန်ဂိုဏ်းတွေ ပူးပေါင်းတိုက်ခိုက်တာ ခံလိုက်ရလို့ အမြစ်ပြတ် ပျောက်ကွယ်ခဲ့တာ။ ဂိုဏ်းတင်မက အမွေအနှစ်တွေပါ ပျောက်သလောက်နီးနီး ဖြစ်ခဲ့တယ်။

ထိပ်တန်းဂိုဏ်းတစ်ခုရဲ့ နာမည်ကျော်ကျင့်စဥ်မှန်း သိလိုက်ရပေမယ့် အစိတ်အပိုင်းတစ်ခုပဲ ပါနေတော့ စျေးက လုံးဝမတန်ဘူး။

“ဒီကျင့်စဥ်က မပြည့်စုံဘူး။ တစ်ပိုင်းတည်းပါတယ်။ အညွှန်းလည်း မပါဘူး။ ကျင့်ကြံမရဖို့က သေချာလုနီးနီးပဲ။ တစ်ရာ မတန်ဘူး”

ပြောပြောဆိုဆို စုန့်ဝမ်က စာအုပ်ကို ပြန်ချမယ်အလုပ် ဆိုင်ရှင်က လှမ်းတားတယ်။

“ခဏနေဦး .. ငါ့ညီက တယ်လောတာကိုး။ ဒါက ခေါ်စျေးလေကွာ။ ကဲပါ .. မင်းဘက်က စျေးတစ်ခု ပြောကြည့်”

“မဖြစ်ဘူး .. ကျနော်ပြောရင် ခင်ဗျား ထထိုးမှာ”

“အာ .. မဟုတ်တာကွာ။ ဒီစျေးမှာ ဘယ်သူက ကိုယ်ထိလက်ရောက် ကျူးလွန်ရဲမှာလဲ။ ပြောသာ ပြော”

“အဆင့်နိမ့်ဝိညာဥ်ကျောက် ၅ လုံး”

“အေး .. ရပြီ၊ အရောင်းအဝယ်ဖြစ်ပြီ။ ပေးတော့”

ဆိုင်ရှင်က စုန့်ဝမ် စိတ်ပြောင်းပြီး မဝယ်မှာကြောက်တဲ့ပုံနဲ့ ချက်ချင်းကို သဘောတူပြီး လက်ဖြန့်တောင်းလိုက်တယ်။

စုန့်ဝမ် သူ့နားတောင် သူမယုံနိုင် ဖြစ်သွားတယ်လေ။ ခေါ်စျေးက တစ်ရာ၊ သူဆစ်လိုက်တာ ၅ လုံး။ အရောင်းအဝယ် ဖြစ်သတဲ့လား။

“ကျနော်ပြောတာ အဆင့်နိမ့်ဝိညာဥ်ကျောက်နော်”

“အေးလေ .. အဆင့်နိမ့်ဝိညာဥ်ကျောက်ပဲလေ”

ဆိုင်ရှင်က အတည်ကို ပြောနေတာ။ ဒီစာအုပ်က မပြည့်စုံတဲ့အပြင် နာမည်ပါပျက်နေတော့ လွင့်ပစ်ရမလို ဖြစ်နေတာ။ လူသစ်တပည့်သာ ဘာမှကြားထားပုံ မရလို့ လိုချင်နေတာ။

“ဘာလဲ .. မင်းက စိတ်ပြောင်းသွားတာလား”

“မဟုတ်ရပါဘူးဗျာ .. ရော့ ရော့”

စုန့်ဝမ် ရယ်ရယ်မောမောနဲ့ အဆင့်နိမ့်ဝိညာဥ်ကျောက် ၅ လုံး ပေးလိုက်ပြီး စာအုပ်ကို သိမ်းလိုက်တယ်။

ဆိုင်ရှင်လည်း အခုမှ ပြုံးနိုင်တော့တယ်။ အလကားရမယ့် ဝိညာဥ်ကျောက်ကို လက်လွှတ်ရတော့မလို့၊ တော်ပါသေးရဲ့။

“ညီငယ် .. လိုချင်တာ ရှိသေးလား”

“မရှိတော့ဘူး၊ လိုတာအကုန်ဝယ်ပြီးပြီ .. သွားပြီနော်”

“အေးပါ .. နောက်လည်း လိုတာရှိရင် လာခဲ့နော်”

ဆိုင်ရှင်က ခပ်သုတ်သုတ်ထွက်သွားတဲ့ စုန့်ဝမ်ကို လှမ်းအော်ရင်း နှုတ်ဆက်လိုက်သေးတယ်။

…….

စုန့်ဝမ် လိုဏ်ဂူအိမ်ကို တန်းမပြန်ဘဲ အရောင်းအဝယ်ခန်းမ မပိတ်ခင် အချိန်မီအောင် အပြေးသွားခဲ့တယ်။ ရောက်တာနဲ့ သူကြည့်ထားတဲ့ သွေးစတေးနည်းစနစ်နဲ့ ဝိညာဥ်ရုပ်အလောင်းပညာ စာအုပ်တွေ ဝယ်လိုက်တယ်။

ဝိညာဥ်ရုပ်အလောင်းပညာက အဆင့်နိမ့်ဝိညာဥ်ကျောက် ၂၅ လုံးပဲ ပေးရတယ်။ အလောင်းရုပ်သေး သန့်စင်ဖန်တီးတဲ့နေရာမှာ လူသုံးအများဆုံးနည်းစနစ်လည်း ဖြစ်တယ်။ ဒီပညာမှာ ရုပ်အလောင်း ထိန်းသိမ်းနည်းနဲ့ အလောင်းရုပ်သေးဖန်တီးနည်းတွေ အပြည့်အစုံ ပါဝင်တယ်။

All Chapters