ကံကောင်းပေလို့သာပေါ့
Vol. 3 Ch. 38
စုန့်ဝမ် ဝယ်ခြမ်းရေးပြီးတာနဲ့ လိုဏ်ဂူအိမ်ဆီ ပြန်လာခဲ့တယ်။ ပြန်ရင်း စျေးအစွန်ကဆိုင်မှာ မှော်အဆောင်ရေးဆွဲရာမှာ သုံးတဲ့ စာရွက်တွေ တွေ့တာနဲ့ အဆင့်နိမ့်ဝိညာဥ်ကျောက် ၂ လုံး သုံးပြီး ဝယ်လိုက်သေးတယ်။ ဝယ်စရာ မရှိတော့သလို၊ အဆင့်နိမ့်ဝိညာဥ်ကျောက်ကလည်း လက်ကျန်နည်းနေပြီလေ။
အလေ့အကျင့်သိပ်မရှိလို့ စုန့်ဝမ်ရဲ့ မှော်အဆောင်ရေးဆွဲတဲ့ အရည်အချင်းက အတော်လေး နိမ့်ကျနေသေးတယ်။ လေ့ကျင့်ရင်း ကျိုးယင်ဆီက ရလိုက်တဲ့ အဆောင်စာရွက်တွေသာ ကုန်သွားတယ်၊ မီးတောက်အဆောင်တောင် မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် လက်လျှော့ဖို့ စိတ်ကူး မရှိဘူး၊ မှော်အဆောင်တွေက တိုက်ခိုက်ရေးအတွက်တင်မက ရောင်းချပြီး ငွေရှာဖို့အတွက်လည်း အသုံးဝင်တယ်လေ။ စျေးကွက်ထဲမှာ မီးတောက်အဆောင်လို အဆင့်နိမ့်အဆောင်တောင် နှစ်ခုကို အဆင့်နိမ့်ဝိညာဥ်ကျောက်တစ်လုံး တန်တယ်။
လက်ရှိအချိန်မှာ လိုအပ်တာတွေ ဝယ်ယူရင်း အဆင့်နိမ့်ဝိညာဥ်ကျောက် လက်ကျန်နည်းသွားပြီ။ အလောင်းချီဆေးလုံးက ၁၀ လုံးပဲ ကျန်တော့လို့ လက်ရှိကျင့်ကြံနှုန်းအရဆို ၁၀ ရက်စာပဲ ကျန်တော့တယ်။ ကျင့်ကြံမှု အရှိန်မြှင့်ဖို့ဆို အရင်းအမြစ်တွေ ဝယ်ရဦးမယ်။ စုန့်ဝမ်တစ်ယောက် ကျန်တာထက် အဆင့်နိမ့်ဝိညာဥ်ကျောက် ဘယ်လိုရှာရမလဲပဲ တွေးရင်း ခေါင်းခြောက်နေတယ်။
လိုဏ်ဂူထဲရောက်တော့ သက်ပြင်းချရင်း ဝယ်လာတဲ့ပစ္စည်းတွေ စားပွဲပေါ် ချခင်းလိုက်တယ်။ ပထမဆုံး တားမြစ်ဝိညာဥ်ကျင့်စဥ်ကို စကြည့်တယ်။ ကျင့်ကြံနိုင်မလား မသိပေမယ့် တပါးသူဝိညာဥ်ကို စုပ်ယူနိုင်တဲ့အချက်က သူ့ရဲ့သွေးအဆီအနှစ်နဲ့ ဝိညာဥ်စွင်းအင် စုပ်ယူနိုင်စွမ်းနဲ့ သဘောတရား ဆင်တူနေလို့ စိတ်ဝင်စားနေတယ်။ ဒီကျင့်စဥ်သာ ကျင့်နိုင်ရင် လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကို ထိန်းချုပ်ရာမှာ အထောက်အကူ ဖြစ်လာနိုင်တယ်။ လက်ရှိအချိန်မှာ ဝိညာဥ်စွမ်းအင်ကို စုပ်ယူနိုင်ပေမယ့် အနည်းငယ်ပဲ ထိန်းချုပ်စုပ်ယူနိုင်ပြီး အများစုက ပျံ့လွင့်ကွယ်ပျောက်ပြီး အကျိုးမဲ့ဖြစ်နေတယ်။
အလုပ်လုပ်နေတဲ့ အလောင်းခွဲစိတ်လိုဏ်ဂူမှာ ဝိညာဥ်အပိုင်းအစတွေ အရမ်းများနေတော့ အလိုအလျောက် စုပ်ယူမိပြီး ဝိညာဥ်ပင်လယ်မှာ အမြဲလိုလို ပြည့်နေတယ်။ သန့်စင်နိုင်စွမ်းလည်း နည်းနေတော့ အဲဒါက ဒုက္ခတစ်ခုလို ဖြစ်လာတယ်။ တားမြစ်ဝိညာဥ်နည်းစနစ်ကသာ ဒီပြဿနာကို ဖြေရှင်းပေးနိုင်ရင် ဝိညာဥ်စွမ်းအင်ကို အမြန်ဆုံးနှုန်းနဲ့ မြှင့်တင်နိုင်ပြီး အလားအလာကောင်းတွေ ပိုင်ဆိုင်နိုင်လိမ့်မယ်။
စုန့်ဝမ်လည်း စာရွက်ပေါ်က ဖုံးအုပ်ထားတဲ့နေရာတွေကို ဂရုတစိုက် ဖယ်ရှားပြီး စဖတ်ရှုခဲ့တယ်။ စာလုံးရေက သူမှန်းထားသလို ၃၀၀ ကျော်ပဲ ရှိတယ်။ စာရွက်က နတ်ဆိုးသားရဲအရေခွံနဲ့ လုပ်ထားတာတောင် အတော်လေး ဟောင်းနွမ်းနေပြီ။ ဝိညာဥ်တစ်သောင်းဂိုဏ်းရဲ့ ရှေးကျတဲ့အမွေအနှစ်ဆိုတာ မှန်လောက်တယ်။
စုန့်ဝမ်လည်း နည်းစနစ်ကို နားလည်အောင် ဖတ်ရှုပြီးတာနဲ့ စကျင့်ကြံကြည့်တယ်။ စုပ်ယူထားတဲ့ ဝိညာဥ်အပိုင်းအစတွေကို သန့်စင်ပြီး ဝိညာဥ်ပင်လယ်မှာ စုစည်းဖို့ ကျင့်စဥ်အတိုင်း ကြိုးစားကြည့်နေတယ်။ ကျင့်စဥ်က သိပ်တော့ မခက်ဘူး၊ မကြာခင်မှာပဲ အသားကျလာတယ်။ ဝိညာဥ်ပင်လယ်ထဲ ပြန့်ကျဲနေတဲ့ ဝိညာဥ်အပိုင်းအစတွေ သန့်စင်ပြီးတာနဲ့အမျှ ဝိညာဥ်စွမ်းအင် လျင်လျင်မြန်မြန် တိုးတက်လာတယ်။ သွေးအဆီအနှစ်နဲ့ ဝိညာဥ်စွမ်းအင်ကို စုပ်ယူနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းရည်ရဲ့ အထောက်အကူကြောင့် လွယ်လင့်တကူ အောင်မြင်တာကို စုန့်ဝမ် နားလည်တယ်။ စွမ်းရည်နဲ့ ကျင့်စဥ် အပ်စပ်ပုံက ကွက်တိပဲ။
စာအုပ်မှာ ကျင့်စဥ်အကြောင်း အနှစ်ချုပ်ရှင်းပြချက် မပါဝင်တာကြောင့် တကယ့်စစ်မှန်တဲ့ စွမ်းဆောင်နိုင်စွမ်းကို စုန့်ဝမ် မသိနိုင် ဖြစ်နေတယ်။ လက်ရှိမှာ တခြားသူရဲ့ဝိညာဥ်စွမ်းအင်ကို စုပ်ယူသန့်စင်နိုင်ပြီး ဝိညာဥ်ပင်လယ်မှာ စုစည်းသိုလှောင်နိုင်တယ်ဆိုတာပဲ သိသေးတယ်။
တကယ်တော့ စုန့်ဝမ်က သူပိုင်ဆိုင်ထားတဲ့ ဆန်းကြယ်စွမ်းအင်ကြောင့် ဝိညာဥ်စွမ်းအင်ကို အလွယ်စုပ်ယူနိုင်နေလို့ တားမြစ်ဝိညာဥ်ကျင့်စဥ်ရဲ့ ခက်ခဲနက်နဲမှုကို သဘောမပေါက်တာ။ ပုံမှန်အတိုင်းဆို တပါးသူရဲ့ ဝိညာဥ်စွမ်းအင်ကို စုပ်ယူစုဆောင်းဖို့ဆိုတာ အရမ်းခက်ခဲတယ်။ များပြားတဲ့အရင်းအမြစ်နဲ့ အစီအရင်တွေ အသုံးချပြီးမှာ ကျင့်စဥ်အတိုင်း စုပ်ယူရတယ်။ ရသမျှကို ဝိညာဥ်ပင်လယ်ထဲ စုစည်းပြီး သန့်စင်ရတယ်။ လုပ်ငန်းစဥ်က အရမ်းနှေးသလို အန္တရာယ်လည်း များတယ်။
ဝိညာဥ်စွမ်းအင်က နားလည်ရခက်တဲ့စွမ်းအင် ဖြစ်သလို၊ ဝိညာဥ်ပင်လယ်ကလည်း ကျင့်ကြံသူတစ်ယောက်မှာ အနက်နဲဆုံးသော အစိတ်အပိုင်းလည်း ဖြစ်တယ်။ အစွမ်းထက်ဆုံး ဖြစ်သလို၊ ထိခိုက်ပျက်စီးဖို့လည်း လွယ်တယ်။ တစ်ချက်မှားတာနဲ့ ဝိညာဥ်ပင်လယ် ပျက်စီးတာ၊ ဝိညာဥ်ဆုံးရှုံးတဲ့အထိ ကြုံနိုင်တယ်။ မူလပိုင်ရှင် ဝိညာဥ်တစ်သောင်းဂိုဏ်းမှာတင် တားမြစ်ဝိညာဥ်ကျင့်စဥ် ကျင့်ကြံရင်း ဝိညာဥ်ပင်လယ် ပျက်စီးသူ၊ အသက်ဆုံးရှုံးသူ ပါရမီရှင်ပေါင်း မနည်းဘူး။ တည်ငြိမ်အားကောင်းတဲ့ ဝိညာဥ်ပင်လယ် ပိုင်ဆိုင်သူတချို့ပဲ အောင်မြင်ခဲ့တယ်။ တော်ရုံလူဆို သူတပါးဝိညာဥ်ကို မစုပ်ယူနိုင်လို့ ကျင့်ကြံနိုင်စွမ်းတောင် မရှိကြဘူး။
ကံကောင်းတဲ့ စုန့်ဝမ်ကတော့ သူရရှိထားတဲ့ ကျင့်စဥ်ပထမအဆင့်ကို အလွယ်တကူ အောင်မြင်သွားတယ်။ ညလုံးပေါက် ကျင့်ကြံနေရင်း မိုးလင်းခါနီး ရပ်နားချိန်မှာ ဝိညာဥ်ပင်လယ်ထဲ စုဆောင်းမိထားတဲ့ ဝိညာဥ်အပိုင်းအစ တစ်ဝက်လောက်ကို သန့်စင်နိုင်ခဲ့တယ်။ ဝိညာဥ်စွမ်းအင်ကိုလည်း အများကြီး မြှင့်တင်နိုင်ခဲ့တယ်။ မအိပ်ရသေးပေမယ့် ပင်ပန်းနွမ်းနယ်တာမရှိ လန်းဆန်းနေတယ်။
........
မနက်စာ စားပြီးတာနဲ့ စုန့်ဝမ် အလုပ်ချိန်အမီ အလောင်းခွဲစိတ်လိုဏ်ဂူဆီ အရောက်သွားခဲ့တယ်။ အလုပ်ချိန်စတာနဲ့ ခွဲတမ်းရအလောင်းတွေ ခွဲစိတ်ရင်း ကပ်ညှိကျန်ရှိနေတဲ့ ဝိညာဥ်အပိုင်းအစတွေကို သတိထားပြီး စုပ်ယူနေခဲ့တယ်။ သွေးအဆီအနှစ်ကိုလည်း တပါတည်း စုပ်ယူတယ်။ အလောင်းခွဲစိတ်တာကို အာရုံစိုက်ရင်း၊ ဝိညာဥ်နဲ့ သွေးအဆီအနှစ် စုပ်ယူတာကို လူမသိအောင် သတိထားနေရလို့ အတော်လေး စိတ်ပင်ပန်းသွားတယ်။ အာရုံကြောတွေ တောင့်တင်းနေသလိုတောင် ခံစားနေရတယ်။
အလောင်းခွဲစိတ်ရင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုပဲ ယွမ်ချန်ဆီ အပ်နှံရပြီး၊ သွေးကို မအပ်ရတာ စုန့်ဝမ်အတွက် ကံကောင်းသွားတယ်။ သွေးတွေက အလောင်းခွဲစိတ်စင်ကနေ မြောင်းတစ်ခုထဲ စီးဝင်ပြီး လိုဏ်ဂူရဲ့ ပင်မသွေးကန်ဆီ ရောက်သွားတယ်။ သူစုပ်ယူလိုက်တဲ့ သွေးအဆီအနှစ်ကြောင့် လျော့ပါးသွားတဲ့ သွေးပမာဏက သိပ်မများတော့ ဘယ်သူမှ သတိမထားမိကြဘူး။
အလုပ်သိမ်းချိန်ရောက်လို့ ယွမ်ချန်ဆီ လွှဲပြောင်းအပ်နှံရမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထုပ်ပိုးစစ်ဆေးနေရင်း မအီမသာ ခံစားရတော့မှ သွေးအဆီအနှစ်တွေ လက်ခံနိုင်တာထက် ပိုစုပ်မိတာ စုန့်ဝမ် သတိထားမိသွားတယ်။ ခန္ဓာကိုယ်ထဲ သွေးစွမ်းအင် ပြည့်လျှံနေသလို၊ အနီးမှာပါ ပျံ့လွှင့်ရစ်ဝဲနေတယ်။ ဒီတိုင်းဆို ယွမ်ချန် သတိမထားမိစရာ အကြောင်းမရှိဘူး။
စုန့်ဝမ်လည်း ရွေးစရာ မရှိတော့တဲ့အဆုံး အလုပ်ပြီးပေမယ့် ပြန်မထွက်သေးဘဲ ရပ်နေရင်းက အလောင်းဘုရင်သွေးသန့်စင်ကျင့်စဥ် အားအပြည့်နဲ့ လည်ပတ်ကျင့်ကြံရင်း ချေဖျက်နေရတယ်။ ၁၅ မိနစ်ကြာ ကျင့်ကြံပြီး ပုံမှန်အနေအထားရောက်အောင် ထိန်းနိုင်တော့မှ အိတ်တွေသယ်ပြီး ထွက်ခဲ့တယ်။ ဒီနေ့လည်း နောက်ဆုံးမှ ထွက်ခွာသူ ဖြစ်လာပြန်တယ်။
ယွမ်ချန်က စုန့်ဝမ်အပ်တဲ့အိတ်တွေ လက်ခံယူရင်း စူးစမ်းသလို ကြည့်နေတယ်။
“ခုနက ဘာဖြစ်နေတာလဲ။ အလောင်းခွဲစင်နားမှာ ၁၅ မိနစ်လောက် ငြိမ်ပြီး ရပ်နေတာ ငါမြင်လိုက်တယ်”
“ဘာဖြစ်သွားမှန်း မသိပါဘူးဗျာ။ လက်စသတ်ပြီးတော့မှ ချီနဲ့ သွေးက ထိန်းမရဖြစ်ပြီး လှိုင်းထန်သလို ဖြစ်လာတာ ခံစားမိလိုက်တယ်။ အဲဒါနဲ့ တည်ငြိမ်အောင် ပြန်ထိမ်းဖို့ ကြိုးစားနေရတာ”
စုန့်ဝမ်က စိတ်ဓာတ်ကျတဲ့ပုံစံနဲ့ ပြန်ဖြေလိုက်တယ်။
စုန့်ဝမ်ပြောတဲ့ပုံစံက အလောင်းခွဲစိတ်သူတွေ ပတ်ဝန်းကျင်ဖိအားနဲ့ မသန့်စင်တဲ့ချီဒဏ် ခံစားရတဲ့ဝေဒနာနဲ့ ထပ်တူဖြစ်နေလို့ ယွမ်ချန် သံသယ မဝင်ဘဲ လက်ခံသွားတယ်။ ဒီလက္ခဏာတွေက နတ်ဆိုးစွဲကပ်မှု ခံရတော့မယ်လို့ ဆိုလိုတာပဲ မဟုတ်လား။ ယွမ်ချန်လည်း စုန့်ဝမ်ကို သနားသလို ကြည့်ရင်း လက်ဝေ့ယမ်းပြီး ထွက်သွားခွင့် ပြုလိုက်တယ်။
စုန့်ဝမ်လည်း ကိုယ့်ကိုယ်ကို သတိနဲ့ထိန်းရင်း လိုဏ်ဂူဆီ အမြန်ပြန်လာခဲ့တယ်။ အချိန်တစ်ခုထိပဲ ထိန်းနိုင်မှာဆိုတော့ ကြန့်ကြာနေလို့ မရဘူး။ ရောက်တာနဲ့ လိုဏ်ဂူကို သေချာပိတ်တယ်။ ပြီးတာနဲ့ တင်ပလ္လင်ခွေထိုင်ပြီး ပိုလျှံနေတဲ့ သွေးစွမ်းအင်ကို အတင်းအကြပ် စွန့်ထုတ်ဖို့ ကြိုးစားနေတယ်။
တဖြည်းဖြည်းနဲ့ စုန့်ဝမ်ခန္ဓာကိုယ်တစ်ခုလုံး နီရဲတောက်ပနေတဲ့ သွေးစွမ်းအင် အငွေ့အသက်တွေ ဖုံးလွှမ်းလာတယ်။ ဂူတစ်ခုလုံးလည်း သွေးစွမ်းအင်တွေ ပြည့်နှက်လာတယ်။ ခဏနေတော့ စုန့်ဝမ်နဖူးပေါ်မှာ ပဲစေ့အရွယ်သွေးအနှစ်တစ်စက် စုစည်းလာပြီး မကြာခင်မှာပဲ အသင့်စီစဥ်ထားတဲ့ ပုလင်းထဲ လွင့်စင်ဝင်ရောက်သွားတယ်။
စုန့်ဝမ်က သူ့ကိုယ်ထဲ ပိုလျှံနေတဲ့သွေးစွမ်းအင်တွေကို သွေးအနှစ်အဖြစ် အသွင်ပြောင်းပြီး အတင်းအကြပ် စွန့်ထုတ်နေခဲ့တာ။ တစ်စက် တစ်စက်နဲ့ သွေးအနှစ်တစ်ရာကျော် စွန့်ထုတ်ပြီးသွားတယ်။ တခြားလူတစ်ယောက်သာ မြင်ရင် မယုံနိုင်လောက်အောင် အံသြသွားမှာ။ ဒီပမာဏက ချီစုစည်းခြင်းနှောင်းပိုင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ သွေးအဆီအနှစ်ပမာဏလောက် ရှိတယ်။ စုန့်ဝမ်လို ချီစုစည်းခြင်း ဒုတိယအဆင့် ကျင့်ကြံသူဆို နှစ်ဘဝစာ ပေါင်းရင်တောင် ဒီပမာဏတစ်ဝက် မရနိုင်ဘူး။
စုန့်ဝမ်ကတော့ ဒီလောက်သွေးပမာဏ စွန့်ထုတ်ခဲ့တာတောင် နည်းနည်းမှ အားနည်းသွားတဲ့လက္ခဏာ မပေါ်ခဲ့ဘူး။ ဝန်ပေါ့ပြီး စိတ်သက်သာရာရတဲ့ အသွင်တောင် ပေါ်နေသေးတယ်။