အချိန်ပိုဆင်းရမယ်
Vol. 3 Ch. 39
ပုလင်းကို အဖုံးပိတ်ပြီးတာနဲ့ စုန့်ဝမ် ကျေနပ်သွားတယ်။ သက်ရှည်ကျင့်စဥ် အာနိသင်ကြောင့် သွေးအနှစ်က လမ်းမှန်ကျင့်ကြံသူရဲ့အော်ရာ အပြည့်ပါတယ်၊ လုံးဝကို သန့်စင်ပြီး ပြီးပြည့်စုံတဲ့အဆင့် ရှိတယ်။ ဒါက လက်ရှိအချိန်မှာ သူ့အတွက် အဆင့်နိမ့်ဝိညာဥ်ကျောက်တွေ ရရှိနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်တယ် မဟုတ်လား။
မနေ့က စျေးထဲ လှည့်ပတ်ကြည့်ရင်း သန့်စင်တဲ့သွေးအနှစ် စျေးနှုန်းမြင့်မားတာ တွေ့ခဲ့ရတယ်။ အခု သူထုတ်လိုက်တဲ့ သွေးအနှစ်က အလောင်းချီ အငွေ့အသက် လုံးဝမပါဘူး။ ဘယ်လိုစစ်စစ် ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် လမ်းမှန်ကျင့်ကြံသူရဲ့သွေးကနေ သန့်စင်ထားတယ်ပဲ အဖြေထွက်မယ်။ ရောင်းမယ်ဆို ပုလင်းတစ်ဝက် ပမာဏကို အဆင့်နိမ့်ဝိညာဥ်ကျောက် တစ်ရာဝန်းကျင် ရနိုင်တယ်။
ပုလင်းကို သိမ်းပြီးတာနဲ့ စုန့်ဝမ် အလောင်းချီဆေးကို သောက်လိုက်တယ်။ သောက်ပြီးတာနဲ့ မနေ့က ဝယ်လာတဲ့ အလောင်းချီကို ထုတ်ယူပြီး အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်ကို စတင်ကျင့်ကြံခဲ့တယ်။ တားမြစ်ဝိညာဥ်ကျင့်စဥ်ကိုတော့ ဝိညာဥ်ပင်လယ်မှာ ဝိညာဥ်အပိုင်းအစတွေ ပြည့်ခါနီးဖြစ်တော့မှ ကျင့်ကြံဖို့ စိတ်ကူးထားတယ်။
အလုပ်လုပ်လိုက် ကျင့်ကြံလိုက်နဲ့ ဆယ်ရက် ကြာသွားတယ်။ အလောင်းချီနဲ့ အလောင်းသွေးချီဆေးလုံး အကူအညီကြောင့် လျင်လျင်မြန်မြန် တိုးတက်လာခဲ့တယ်။ ဆယ်ရက်မြောက်နေ့မှာ ချီစုစည်းခြင်း ဒုတိယအဆင့် နှောင်းပိုင်းအလွှာကို ရောက်ခဲ့ပြီ။ ဒီနှုန်းက ကျင့်ကြံမှု လျင်လျင်မြန်မြန် တိုးတက်တာကို အားပေးတဲ့ အလောင်းနတ်ဆိုးဂိုဏ်းမှာတောင် ထူးခြားတယ်လို့ ဆိုနိုင်တယ်။
ဒီရက်တွေမှာ အလုပ်လုပ်နေရင်း သွေးအဆီအနှစ်တွေကို ခိုးယူ စုဆောင်းခဲ့သေးတယ်။ ဒါပေမယ့် အရင်တစ်ခါလို့ ပြည့်လျှံတဲ့အဖြစ်ကို ရှောင်လွှဲနိုင်ဖို့ ထိန်းချုပ်နိုင်တဲ့ပမာဏအထိပဲ သတိနဲ့ စုပ်ယူခဲ့တယ်။ ဒါတောင် သန့်စင်သွေးအနှစ်အပြည့်ပါတဲ့ ပုလင်း ၃ ပုလင်း ရလိုက်တယ်။
.........
ဒီနေ့တော့ အလုပ်ပြီးတာနဲ့ တောင်ခြေစျေးဆီသွားပြီး သွေးအနှစ်ပုလင်းတွေ ရောင်းချဖို့ စုန့်ဝမ် စိတ်ကူးထားတယ်။ အလုပ်ဆင်းချိန် မတိုင်ခင် နာရီဝက်လောက် စောပြီးသွားတာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ စုထည့်ထားတဲ့သိုလှောင်အိတ်ကို ယွမ်ချန်ဆီ အပ်လိုက်တယ်။
အပ်ပြီးတာနဲ့ စုန့်ဝမ် ထွက်သွားမယ်အလုပ် ယွမ်ချန်က တားလိုက်တယ်။
“ကျိယင် ခဏစောင့်ဦး”
“အကိုယွမ် ဘာခိုင်းစရာ ရှိလို့လဲ”
“ဒီမှာ ချက်ချင်းကိုင်တွယ်ရမယ့် အလောင်းတစ်ခု ရောက်နေတယ်။ ဒါကို ရှင်းပေးဦး”
ပြောပြောဆိုဆို ယွမ်ချန်က သိုလှောင်အိတ်တစ်လုံး ထုတ်ပေးတယ်။
စုန့်ဝမ် မကျေမနပ် ဖြစ်သွားပေမယ့် မျက်နှာမှာ မပေါ်အောင်ထိန်းပြီး လက်ခံယူလိုက်ရတယ်။
“ရပါတယ် အကိုယွမ်၊ ပြဿနာ မရှိပါဘူး”
“ကျိယင် .. ဒီအလောင်းကို ခွဲစိတ်ရင် ဂရုစိုက်လုပ်”
အလောင်းခွဲစိတ်စင်ဆီ ပြန်သွားတဲ့ စုန့်ဝမ်ကို ယွမ်ချန်က လှမ်းအော်ပြီး သတိပေးလိုက်တယ်။
ယွမ်ချန်ရဲ့သတိပေးစကားကြောင့် စုန့်ဝမ် မျက်နှာရှုံ့မဲ့သွားတယ်။ ခုနက ချက်ချင်းသဘောတူမိတာ မှားသွားပြီ ထင်တယ်။ သာမန်အလောင်းဆို နေ့ချင်းပြီး အရေးတကြီး လုပ်ခိုင်းမှာ မဟုတ်ဘူး။ အတွေ့အကြုံ နုတာကို အကြောင်းပြပြီး ငြင်းလို့ ရနိုင်တယ်။ တခြားသူတွေလည်း ခဏနေ အလုပ်ပြီးမှာဆိုတော့ ......
စုန့်ဝမ် ပြန်လှည့်ကြည့်လိုက်ပေမယ့် ယွမ်ချန်က မျက်စိမှိတ်ပြီး ကျင့်ကြံမှု ပြန်စနေပြီ။ စုန့်ဝမ် သက်ပြင်းချရင်း အလောင်းခွဲစိတ်စင်ဆီ ဆက်သွားလိုက်ရတယ်။ အခုမှတော့ စကားပြင်ဖို့ နောက်ကျသွားပြီ။ ပုံမှန်မဟုတ်တဲ့ ဒီအလောင်းကို သတိထားကိုင်တွယ်ဖို့ပဲ ရှိတော့တယ်။
အလောင်းခွဲစိတ်စင်ဆီ ရောက်တာနဲ့ အလောင်းကို မထုတ်သေးဘဲ သူ့သိုလှောင်အိတ်ထဲက သားရေဝတ်စုံနဲ့ လက်အိတ်ကို အရင်ထုတ်လိုက်တယ်။ နှစ်လနီးပါးရှိနေပြီဖြစ်တဲ့ လုပ်ငန်းခွင် အတွေ့အကြုံအရဆို ဝါရင့်အလောင်းခွဲစိတ်သူတွေက ထူးခြားတဲ့အလောင်း ခွဲစိတ်မယ်ဆိုရင် အကာအကွယ်အဖြစ် သားရေဝတ်စုံနဲ့ လက်အိတ်ကို ဝတ်ဆင်ကြတယ်။ သာမန်အချိန်ဆို အလုပ်ရှုပ်ခံ မဝတ်ကြဘူး။ တတ်နိုင်သူတွေဆို ဖာယန်အဆင့် အကာအကွယ်ပစ္စည်းတွေတောင် ဝတ်ဆင်ကြတယ်။ လက်ရှိအချိန်မှာ စုန့်ဝမ်အနေနဲ့ ဖာယန်အဆင့်ပစ္စည်းစျေးတွေ မတတ်နိုင်သေးလို့ သားရေပစ္စည်းတွေပဲ သုံးနေရတယ်။
သွေးအနှစ်ပုလင်းတွေ ရောင်းပြီးရင်တော့ ဝယ်နိုင်ပြီ၊ ဒါပေမယ့် ဝယ်ဖို့ စိတ်မကူးထားဘူး။ နောက်ခံမရှိတဲ့ ဂိုဏ်းတပည့်သစ်တစ်ယောက်က ဖာယန်အဆင့်ပစ္စည်းတွေ ဝယ်လိုက်ရင် တခြားသူတွေ အာရုံစိုက်စရာ ဖြစ်သွားနိုင်တယ်။ ဂိုဏ်းထဲဝင်တာ ၃ လ မပြည့်ခင် ဘယ်ကဝင်ငွေရလို့ ဝယ်နိုင်ရတာလဲဆိုတဲ့ မေးခွန်းက စုန့်ဝမ်ရင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး။ နောက်ပြီး ကျင့်ကြံမှုလောကကို ရောက်ချိန်တည်းက သူ့ကိုယ်သူ စည်းကမ်းတစ်ခု ချထားသေးတယ်။ ချမ်းသာတာကို ဖုံးကွယ်ပြီး၊ စကားများများ မပြောရတဲ့။
အသင့်ဖြစ်တာနဲ့ အလောင်းကို သိုလှောင်အိတ်က ထုတ်ယူ၊ ခွဲစိတ်စင်ပေါ်တင်ပြီး သေချာစစ်ဆေးလိုက်တယ်။ သေဆုံးသူက အဘွားအိုတစ်ယောက်ပဲ။ ခါးကုန်းပြီး၊ မျက်နှာမှာ အရေးအကြောင်းတွေ ပြည့်နေပုံအရ အသက်အရမ်းကြီးနေလောက်ပြီ။ အလောင်းက ရေစိုနေပြီး အရည်မပျော်သေးတဲ့ ရေခဲသလင်းကျောက် အပိုင်းအစတွေ ကိုယ်ပေါ်ကပ်နေတယ်။ သေစေနိုင်တဲ့ဒဏ်ရာက ခေါင်းအနောက်ဘက်မှာ၊ ရေနွေးကြမ်းပန်းကန်အရွယ် အပေါက်တစ်ခု ဖြစ်နေတယ်။ အပေါက်ထဲမှာ အရည်မပျော်သေးတဲ့ ရေခဲသလင်းကျောက် အပြည့်ပဲ။
စုန့်ဝမ် မျက်မှောင်ကြုတ်လိုက်မိတယ်။ အသတ်ခံရတာ ကြာလောက်ပြီ။ ဘယ်သူကများ ဒီလောက်စွမ်းအင် အကုန်အကျခံပြီး ရုပ်အလောင်းကို သိမ်းထားတာလဲ။ ဘာရည်ရွယ်ချက်ကြောင့်လဲ။ အကြောင်းရင်း ရှုပ်ထွေးသလို၊ လတ်လတ်ဆက်ဆက် အလောင်းလည်း မဟုတ်လို့ စုန့်ဝမ် သတိအပြည့်နဲ့ အလုပ်စခဲ့တယ်။
စုန့်ဝမ် ဓားထုတ်ပြီးတာနဲ့ အဝတ်အစားကို စဖယ်ရှားတယ်။ အဝတ်ပေါ်မှာ ရေခဲသလင်းအလွှာပါးတွေ ကပ်ငြိနေလို့ အားစိုက်သုံးနေရသလို ခန္ဓာကိုယ်ကို မထိအောင် ထိန်းနေရလို့ ချွေးတောင် ထွက်လာတယ်။ နောက်ဆုံးတော့ ရေခဲသလင်းကျောက်တွေ ဖယ်ရှားပြီး အဝတ်တွေ ချွတ်ဖယ်လိုက်နိုင်တယ်။ မာကြောလွန်းတဲ့ ရေခဲသလင်းကျောက်တွေက အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ လက်ရာများလားလို့ တွေးလိုက်မိသေးတယ်။
အဝတ်တွေ မရှိတော့တာနဲ့ သွေးမရှိဘဲ ပိန်ကပ်နေတဲ့ခန္ဓာကိုယ်ကို တွေ့လိုက်ရလို့ စုန့်ဝမ် တွေးရကြပ်သွားတယ်။ ပုံစံက သွေးတွေကို တစ်စုံတစ်ခုက ဆက်တိုက်စုပ်ယူသွားလို့ သွေးနဲ့ ချီ ကုန်ခမ်းလုနီးပါး အခြေအနေပဲ။ စတင်ခွဲစိတ်တော့ အတော်အခက်ကြုံပြန်တယ်။ အအေးဒဏ်ကြောင့် အသားတွေ မာတောင့်နေသလို၊ ဒီအဘွားကြီးရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံမှုစွမ်းအားကြောင့် သဘာဝခွန်အားကောင်းနေတာက ခွဲစိတ်ရတာ ပိုခက်စေတယ်။ ဒီကျင့်ကြံမှုအဆင်နဲ့ ရုပ်အလောင်းက အလောင်းရုပ်သေးအဖြစ် သန့်စင်ဖို့ အသင့်တော်ဆုံးပဲ။ အကြောင်းတစ်ခုကြောင့်သာ အလောင်းခွဲစိတ်ဂူကို ပို့လိုက်တာ ဖြစ်မယ်။
ဖြစ်နိုင်ရင် သူတောင် လိုချင်သေးတယ်။ ဝိညာဥ်ရုပ်အလောင်းနည်းစနစ် ဝယ်လာပြီးတည်းက သန့်စင်ဖို့ ရုပ်အလောင်းတစ်ခု လိုချင်နေခဲ့တာ။ အခုလို သင့်တော်တဲ့ရုပ်အလောင်းကို မြင်နေရပြီး၊ ယူခွင့်မရဘဲ ခွဲစိတ်ဖြတ်တောက်ရမှာဆိုတော့ နှမျောမိသွားတယ်။ ဒါပေမယ့် သူ့အဆင့်နဲ့ မစွန့်စားရဲလို့ ခိုင်းတဲ့အတိုင်းပဲ လုပ်ပေးလိုက်ရတယ်။
ထူးခြားတဲ့ နောက်ခံအကြောင်းတွေကြောင်း ဒီရုပ်အလောင်းဆီက သွေးအဆီအနှစ်နဲ့ ဝိညာဥ်အပိုင်းအစတွေကို မစုပ်ယူမိအောင်လည်း သတိထားပြီး ထိန်းချုပ်နေရတယ်။