ကူမွေးမြူခြင်းနည်းစနစ်
Vol. 3 Ch. 40
အလောင်းကို ခွဲစိတ်နေရင်း ပေါင်အတွင်းသားကို လှီးဖြတ်နေချိန် ဓားက တစ်ခုခုနဲ့ တိုးမိပြီး ရပ်သွားတယ်။ စုန့်ဝမ်က ရေခဲသလင်းကျောက်နဲ့ ထိမိပြန်ပြီ ထင်ပြီး ဖယ်ထုတ်ဖို့ ပေါင်ကြွက်သားကို ဆွဲဟကြည့်လိုက်ချိန် ပုလင်းသေးလိုလို အရာလေးတစ်ခု တွေ့လို့ရတယ်။
သတိနဲ့ ဆွဲထုတ်ပြီး ကပ်ငြိနေတဲ့သွေးနဲ့အသားစတွေ ဖယ်လိုက်တော့မှ နတ်ဆိုးသားရဲအရေခွံနဲ့ လုပ်ထားတဲ့စာလိပ်လေး ဖြစ်နေတယ်။ ခွာထားတဲ့အရေပြားကို ပြန်ကြည့်တော့ ပေါင်မှာ ခွဲစိတ်ထားတဲ့အမာရွက် ရှိနေတယ်။ ခွဲစိတ်ပြီး ထည့်ဖွက်ထားတာပဲ။
စာလိပ်ကို ဖြန့်ကြည့်တော့ လက်ဝါးနှစ်ခုစာအရွယ်ပဲ ရှိတယ်။ စာလိပ်မှာ စာလုံးသေးသေးလေးတွေ ပြွတ်သိပ်ရေးထားပေမယ့် ကျင့်ကြံသူပီပီ အမြင်အာရုံစူးရှလို့ ဖတ်ရတာ အခက်အခဲ မရှိဘူး။
“သွေးကူနည်းစနစ်”
စုန့်ဝမ် ခပ်တိုးတိုး ရေရွတ်ရင်း အညောင်းဆန့်သယောင်ပြုရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။ လိုဏ်ဂူထဲမှာ တစ်ယောက်မှ မရှိတော့ဘူး၊ အားလုံး အလုပ်ဆင်းသွားကြပြီ။ သူပဲ ကျန်နေခဲ့တာ။ ယွမ်ချန်ကို လှမ်းကြည့်တော့ အဝင်ဝနားကဂူထဲမှာ ကျင့်ကြံနေပြီး အပြင်ထွက်မလာဘူး။
ဘယ်သူမှ မမြင်တာ သေချာပြီဆိုတာနဲ့ စုန့်ဝမ်လည်း သွေးကူနည်းစနစ်စာလိပ်ကို သူ့သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်တယ်။ ကူပိုးကောင်တွေအကြောင်း သူဖတ်ဖူးတယ်။ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက် ဒီလိုတန်ဖိုးထား သိမ်းထားတာကို ကြည့်ရင် သာမန်တော့ မဟုတ်နိုင်ဘူး။ အဖိုးတန်မှာ ကျိန်းသေပဲ။
ဝမ်းသားနေတဲ့စိတ်ကို ထိန်းချုပ်ရင်း စုန့်ဝမ် အလုပ်ဆက်လုပ်နေတယ်။ အဘွားကြီးခန္ဓာကိုယ်မှာ သွေးပမာဏ မယုံနိုင်လောက်စရာ ကျဆင်းတာက လွဲရင် တခြားထူးခြားချက် မရှိဘူး။ အန္တရာယ်လည်း ကင်းတယ်။ ဒါပေမယ့် ရင်ဘတ်ကို ခွဲစိတ်လိုက်ချိန်မှာ အရမ်းကို အံအားသင့်သွားတယ်။ အတွင်းအဂ်ါတွေက အကောင်တစ်ကောင် ကိုက်ထားသလို ပျက်စီးနေတယ်။ မပျော်သေးတဲ့ ရေခဲသလင်းတွေပါ တွေ့ရတော့ အပြင်က ဝင်လာတာ မဖြစ်နိုင်ဘူး။ အသက်ရှင်စဥ်တည်းက အကိုက်ခံနေရတဲ့သဘောပဲ။ ဒီအဘွားကြီး ခံစားရမယ့် ဝေဒနာကို တွေးကြည့်ရင်း စုန့်ဝမ် တုန်လှုပ်သွားတယ်။ ခုနက တွေ့ခဲ့တဲ့စာလိပ်ကိုပါ ပြန်မြင်ယောင်လာတယ်။
“ဘာလဲ .. ကူကျင့်စဥ်ကြောင့်များလား”
စုန့်ဝမ် စိတ်ငြိမ်အောင် ပြန်ထိန်းရင်း ဆက်ခွဲစိတ်နေခဲ့တယ်။
နှလုံးကို ခွဲထုတ်ယူလိုက်ချိန် နှလုံးသွေးကြောပေါက်ထဲက ဆန်စေ့အရွယ် ဥလေး ၃ လုံး လျှောကျလာတယ်။ စုန့်ဝမ်လည်း အမြန်ဖမ်းပြီး စစ်လိုက်တယ်။ အပြင်အလွှာက နို့နှစ်ရောက်ရှိပြီး အရမ်းပါးလွှာလို့ အတွင်းကို မြင်နေရတယ်။ အထဲမှာ အဖြူရောင်သားလောင်းတစ်ခုစီ ပါနေတယ်။
“ကူပိုးကောင်ဥတွေပဲ ဖြစ်ရမယ်”
ပုလင်းလွတ်တစ်လုံး အမြန်ထုတ်ယူပြီး ထည့်သိမ်းလိုက်တယ်။ သေချာအောင် နှလုံးကို ထပ်ခွဲကြည့်တော့ ဥ ၅ လုံး ထပ်တွေ့ရတယ်။ ဒါနဲ့ ဥ ၈ လုံးကို ပုလင်းထဲထည့်ပြီး သိမ်းထားလိုက်တယ်။
စုန့်ဝမ် ခွဲစိတ်နေရင်း အဘွားအိုရဲ့ ပျက်စီးနေတဲ့ အတွင်းအဂ်ါတွေကို မြင်ပြီး သွေးကူနည်းစနစ်ကို ထိတ်လန့်လာတယ်။ ဒါပေမယ့် ရခဲလှတဲ့ အဆင့်မြင့်ကျင့်စဥ်တစ်ခုကိုလည်း လက်လွှတ်မခံနိုင်ပြန်ဘူး။ နောက်ဆုံးတော့ အန္တရာယ်များတဲ့ ကျင့်ကြံမှုလောကမှာ အန္တရာယ်ရှိပါစေ၊ ရှင်သန်နိုင်ခြေ တိုးမြှင်ပေးနိုင်ရင် တန်ပါတယ်လို့ တွေးတောရင်း ယူထားဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။
နာရီဝက်လောက်နေတော့ အလောင်းခွဲစိတ်တာ ပြီးသွားတယ်။ ပြဿနာ တစ်စုံတစ်ရာ မရှိသလို၊ ပိုးဥတွေကိုလည်း ထပ်မတွေ့ခဲ့ရဘူး။ အားလုံးလက်စသတ်ပြီးတာနဲ့ စုန့်ဝမ်လည်း အစိတ်အပိုင်းတွေကို သူ့အိတ်နဲ့သူ ထည့်သိမ်းပြီး ယွမ်ချန်ဆီ သွားအပ်လိုက်တယ်။
ယွမ်ချန်က အိတ်တွေကို လက်ခံယူရင်း စုန့်ဝမ်ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး မေးတယ်။
“အဆင်ပြေရဲ့လား .. မတော်တဆဖြစ်တာမျိုး မကြုံဘူးမလား”
“မဖြစ်ပါဘူး .. ရေခဲသလင်းကျောက်တွေက အရမ်းမာလို့ အချိန်ပိုယူလိုက်ရတာ”
စုန့်ဝမ် တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်ပေမယ့် စိတ်ထဲမှာ ဒေါကန်နေပြီ။
ယွမ်ချန်မေးပုံက သွေးကူကျင့်စဥ် ကျင့်ကြံသူတစ်ယောက်အလောင်းကို ခွဲစိတ်ရတာ အန္တရာယ်များမှန်း ကြိုသိထားသလိုပဲ။ တစ်ခုခု လွဲချော်တာနဲ့ အန္တရာယ် ကြုံရမှာ သိပေမယ့် သတိတောင် မပေးခဲ့ဘူး။ ဒါက တမင်သက်သက် အသုံးချတာပဲ။
စုန့်ဝမ် တွေးသလိုပါပဲ။ ယွမ်ချန်က သူ့ကို တမင်ရွေးချယ်ခဲ့တာ။ ကူကျင့်ကြံသူတွေက ကူပိုးကောင်တွေကို သူတို့ခန္ဓာကိုယ်အနှံ့မှာ ဖွတ်ထားလေ့ရှိတယ်။ တိုက်ခိုက်သတ်ဖြတ်နိုင်ရင်တောင် ပေါ့ဆလို့ မရဘူး။ သေပြီဆိုပြီး အလောင်းကို ပေါ့ပေါ့ဆဆ ကိုင်တွယ်မိလို့ ကူပိုးကောင်တွေ တိုက်ခိုက် ခံရပြီး အသက်ဆုံးရှုံးတာမျိုးတောင် ရှိတယ်။
အခု အဘွားကြီးအလောင်းကလည်း ဒီသဘောပဲ။ တစ်စုံတစ်ယောက်က သတ်ဖြတ်ပြီး ကူပိုးကောင်တွေရန်ကို စိုးရိမ်လို့ အေးခဲ့စေပြီးမှ ရုပ်အလောင်းကို သိမ်းခဲ့တာ။ အလောင်းရုပ်သေးလုပ်ဖို့ စိတ်မရဲသေးတာနဲ့ စောင့်နေရင်း ရေခဲသလင်းတွေ အရည်ပျော်လာလို့ အလောင်းခွဲစိတ်ဂူကို အပ်နှံပြီး ရှင်းခိုင်းခဲ့တာ။
ယွမ်ချန်ကလည်း မတော်တဆဖြစ်ရင် အဆုံးအရှုံး နည်းပါးအောင် အလုပ်ဆင်းချိန်နီးလို့ လူရှင်းတော့မှ ဝါအနုဆုံးဖြစ်တဲ့ စုန့်ဝမ်ကို တာဝန်ပေးခဲ့တာ။ အကယ်၍ ကူပိုးကောင်တွေသာ တိုက်ခိုက်လာရင် အနီးဆုံးလူ စုန့်ဝမ်ပဲ ထိမှာ။ သူက အစီအရင် အကာအကွယ်ရှိတဲ့ လိုဏ်ဂူထဲမှာ ဘေးကင်းတယ်လေ။
အခြေအနေကို ရိပ်စားမိသွားတဲ့ စုန့်ဝမ် မကျေမနပ် ဖြစ်သွားပေမယ့် ဘာမှမတတ်နိုင်လို့ သည်းခံလိုက်ရတယ်။ အန္တရာယ် မကြုံရဘဲ သွေးကူနည်းစနစ်နဲ့ ကူပိုးကောင်ဥတွေ ရလိုက်တာ အမြတ်ပေါ့။
ယွမ်ချန်က စုန့်ဝမ်ကို အဆင့်နိမ့်ဝိညာဥ်ကျောက် ၁၀ လုံး ထုတ်ပေးတယ်။
“ရော့ .. ဒီအလောင်းက ခွဲတမ်းထဲမပါတဲ့အလုပ်ဆိုတော့ လုပ်အားခ ယူလိုက်”
“ကျေးဇူးတင်ပါတယ်”
စုန့်ဝမ်လည်း ငြင်းမနေတော့ဘဲ ယူထားလိုက်တယ်။ ဒါက နှုတ်ပိတ်ခ ဖြစ်နိုင်တယ်။ နောက်တစ်ခါ ထပ်မခိုင်းတော့ရင် ပြီးတာပဲ။ သူ့အတွက် အသက်နဲ့ရင်းပြီး ငွေရှာစရာမှ မလိုတာ။ သွေးအဆီအနှစ်တွေ တိတ်တဆိတ် စုဆောင်းရင်း ရှာလို့ရနေပြီ မဟုတ်လား။
“ကဲ ကဲ .. သွားလို့ရပြီ။ ဒီအကြောင်း ဘယ်သူ့မှ ပြောလို့ မရဘူးနော်။ မမေ့နဲ့”
စုန့်ဝမ် ခေါင်းညိတ်ပြပြီး ခပ်သွက်သွက် ထွက်လာခဲ့တယ်။
............
လိုဏ်ဂူအိမ် ပြန်ရောက်တာနဲ့ တံခါးအလုံပိတ်ပြီး သွေးကူနည်းစနစ်ကို ချက်ချင်း လေ့လာလိုက်တယ်။ ရလာတဲ့ ပိုးဥတွေက ဘယ်အမျိုးအစားလဲ သိဖို့ လိုနေပြီလေ။ ဒါမှ ပေါက်ဖွားအောင် ဘယ်လိုမွေးမြူရမယ်၊ ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ နားလည်မှာ။ မဟုတ်ရင် မပေါက်ဖွားနိုင်တာ၊ ပေါက်ဖွားလာပြီး ရန်ပြုတာတွေ ဖြစ်လာနိုင်တယ်။ စာအုပ်ထဲမှာ ကူပိုးကောင် အတော်များများ မှတ်တမ်းတင်ထားတယ်။ အတွေ့အကြုံ မှတ်စုတိုလေးတွေလည်း ပါတော့ လွယ်လွယ်ကူကူ သဘောပေါက်သွားတယ်။
ပိုးဥတွေနဲ့ တိုက်စစ်ကြည့်တော့ အတောင်မာကူဆိုတဲ့ ကူအမျိုးအစား ဖြစ်နေတယ်။ ဒီကောင်တွေက စိတ်သဘာဝ နူးညံ့တယ်၊ တိုက်ခိုက်ရေးစွမ်းအားလည်း မရှိသလောက်ပဲ။ ပုံမှန်အရွယ်အစားက ဆန်စေ့လောက်ပဲ ရှိမယ်။ တိတ်တိတ်ဆိတ်ဆိတ် ပျံသန်းနိုင်လို့ ကင်းထောက်တဲ့အလုပ်မျိုးမှာ အသုံးဝင်တယ်။