ဒီနေ့တော့ လေ့လာလိုက်ဦး
Vol. 3 Ch. 33
"မင်းဘယ်သူလဲ ... ဒီထဲကို ဘယ်လိုဝင်လာတာလဲ"
ဘယ်သွားရမယ်၊ ဘယ်သူနဲ့ တွေ့ရမယ် မသိလို့ ယောင်တောင်တောင်နဲ့ လှည့်ပတ်ကြည့်နေတဲ့စုန့်ဝမ် ရုတ်တရက် ထွက်ပေါ်လာတဲ့အသံကြောင့် လန့်သွားတယ်။ ချက်ချင်းဆိုသလို လူတစ်ယောက် သူ့ရှေ့မှာ ပေါ်လာတယ်။ အဲဒီလူဆီက သွေးညှီနံ့တွေ ထောင်းထောင်းထနေလို့ မအန်မိအောင် မနည်းထိန်းလိုက်ရတယ်။ ရောက်လာသူက စူးစိုက်ကြည့်နေပေမယ့် စုန့်ဝမ်ရဲ့ နိမ့်ပါးတဲ့ ကျင့်ကြံဆင့်ကြောင့်လား၊ အစီအရင်ကို ဖြတ်ကျော်ဝင်နိုင်လို့ပဲလား မသိ ရန်လိုဟန်တော့ မရှိဘူး။
စုန့်ဝမ်က ချက်ချင်း အရိုအသေပြုပြီး တံဆိပ်ပြားကို ပြလိုက်တယ်။
"အကြီးအကဲကို တင်ပြပါတယ်။ ကျနော်က ဒီနေ့မှ အလောင်းခွဲစိတ်သူအဖြစ် အသစ်ခန့်အပ်ခံရတဲ့ အပြင်စည်းတပည့်ကျိယင်ပါ။ အခု အလုပ်ဝင်ဖို့ သတင်းလာပို့တာပါ"
စစ်မေးလာသူက တံဆိပ်ပြားကို ယူပြီး စစ်ဆေးတယ်။ အစစ်ဖြစ်တာ သေချာတော့မှ စုန့်ဝမ်ကို ပြန်ပေးတယ်။
"ငါသိပြီ .. နေစမ်းပါဦး၊ မင်းရဲ့ကျင့်ကြံမှုအဆင့်လေးနဲ့ ဘယ်လိုလုပ် အလောင်းခွဲစိတ်လိုဏ်ဂူဆီ ရောက်လာတာလဲ။ အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲတစ်ယောက်ရဲ့ မွေးစားသမီးကို သွားပစ်မှားမိလို့လား"
စုန့်ဝမ်မျက်နှာ ရှုံ့မဲ့သွားတယ်။ ဒါက ဂိုဏ်းစည်းမျဥ်းလက်စွဲမှာ မပါဝင်တဲ့အမှုကြီး ဖြစ်မယ်။
"အဲ့လို မဟုတ်ပါဘူး အကြီးအကဲခင်ဗျာ .. တကယ်တော့ ..."
"တော်ပြီ၊ ထားလိုက်တော့။ အလောင်းခွဲစိတ်ဂူ ရောက်လာတည်းက အရှုံးသမား ဖြစ်နေပြီ။ အကြောင်းရင်း ပြောပြနေစရာ မလိုဘူး။ ငါ့ကို အကြီးအကဲလို့ မခေါ်နဲ့။ ငါ့နာမည် ယွမ်ချန်၊ အခြေခံတည်ဆောက်ခြင်းအဆင့် အပြင်စည်းတပည့်ပဲ။ အကိုယွမ်လို့ပဲခေါ်"
"ဟုတ်ကဲ့ အကိုယွမ် .. တွေ့ရတာ ဝမ်းသာပါတယ်။ ကျနော်က ကျိယင်ပါ"
"ငါ့နောက်လိုက်ခဲ့"
စုန့်ဝမ်လည်း ယွမ်ချန်နောက် လိုက်သွားတယ်။ ယွမ်ချိန်က လိုဏ်ဂူဝင်ပေါက်နားက ဘယ်ဘက်မှာရှိတဲ့ ဂူငယ်လေးထဲ ဝင်သွားတယ်။ စုန့်ဝမ်က အပြင်ကပဲ ရပ်စောင့်နေတယ်။
ယွမ်ချန်က ဂူထဲမှာရှိတဲ့ ကျောက်စားပွဲကို မွှေနှောက်ရှာပြီးမှ ဓားတစ်လက် ထုတ်ယူလာပြီး စုန့်ဝမ်ကို ပေးတယ်။
"ရော့ .. ဒီဓားက အလောင်းခွဲစိတ်သူတွေ သုံးဖို့ ဂိုဏ်းက ထုတ်ပေးထားတဲ့ အရိုးသန့်စင်ဓား။ ရိုးရိုးဓား မဟုတ်ဘူး၊ အဆင့်နိမ့်ဝိညာဥ်လက်နက် .. သေချာကိုင်။ ဒီနေ့အတွက် ခွဲစိတ်ရမယ့်အလောင်းတွေ ဝေပြီးသွားပြီ။ သူတို့တွေ လုပ်ကိုင်တာကို သေချာလိုက်ကြည့်ထား၊ အနှောင့်အယှက် မဖြစ်စေနဲ့။ မနက်ဖြန်က စပြီး မနက် ၇ နာရီ အလုပ်စဝင်ရမယ်"
"ဟုတ်ကဲ့ .. အကိုယွမ်"
ယွမ်ချန်က ထုတ်မပြောပေမယ့် အလောင်းခွဲစိတ်ဂူကို သူစီမံနေတယ်ဆိုတာ စုန့်ဝမ် သဘောပေါက်လိုက်မိတယ်။ အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ဆို တခြားသူတွေ အကြီးအကဲ ဖြစ်နေချိန် ယွမ်ချန်က ပြင်ပစည်းတပည့်အဆင့်နဲ့ အလောင်းခွဲစိတ်ဂူကို ကြီးကြပ်နေရတယ်ဆိုတော့ နောက်ကြောင်းက ရိုးရှင်းပုံ မရဘူး။ အရှုံးသမားဆိုတဲ့စကားကလည်း သူ့အတွေ့အကြုံပဲနေမှာ။
နောက် ၅ နှစ်တာက သူ့လက်အောက်မှာ နေရမှာဆိုတော့ စုန့်ဝမ် ရိုရိုသေသေ ဂါရဝပြုလိုက်တယ်။
"လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ် အကိုယွမ်၊ ကျနော် မှတ်သားထားပါ့မယ်။ နောင်လည်း ဂရုစိုက်ပေးပါဦး"
ယွမ်ချန်က ခေါင်းညိမ့်အသိအမှတ်ပြုရင်း သွားလို့ရပြီဆိုတဲ့သဘောနဲ့ လက်ဝေ့ယမ်းပြတယ်။
စုန့်ဝမ်လည်း လိုဏ်ဂူအတွင်းဘက်ထဲ ဝင်လာခဲ့တယ်။ လမ်းလျှောက်ရင်း အရိုးသန့်စင်ဓားကို စစ်ဆေးကြည့်တယ်။ ဒီအလုပ်အတွက် ဝိညာဥ်လက်နက် ပေးလိမ့်မယ်လို့ ထင်မထားမိဘူး။ အဆင့်နိမ့်ဝိညာဥ်လက်နက်က သူလို ချီစုစည်းခြင်း အစောပိုင်းအဆင့်အတွက် သင့်တော်တယ်။ ဟွမ်ရှန့်ရဲ့မှတ်တမ်းအရ ဝိညာဥ်လက်နက်ကိရိယာတွေ ဘယ်လောက်တန်ဖိုးကြီးတယ်ဆိုတာ စုန့်ဝမ် နားလည်တယ်။ ဟွမ်ရှန့်လို အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ရှိသူတောင် တစ်သက်လုံးနေမှ အဆင့်နိမ့်ဝိညာဥ်ပစ္စည်းဖြစ်တဲ့ ဆေးမီးဖိုတစ်လုံးပဲ ပိုင်ဆိုင်ခဲ့တယ်။ ဂိုဏ်းမဲ့ လွတ်လပ်တဲ့ကျင့်ကြံသူ ဖြစ်တာလည်း ပါမှာပေါ့လေ။
ဂူထဲ လှည့်ပတ်ကြည့်ရင်း အလောင်းခွဲစိတ်လိုဏ်ဂူ အန္တရာယ်ကြီးတယ်ဆိုတာ သိပ်သည်းလွန်းတဲ့ သွေးစွမ်းအင်၊ အလောင်းချီနဲ့ အငြိုးအတေးစွမ်းအင်ရဲ့ သက်ရောက်မှုကြောင့်ဆိုတာ သိလာရတယ်။ ဒါက စုန့်ဝမ်အတွက်တော့ ပြဿနာမရှိဘူး။ သူ့လျှို့ဝှက်ဆန်းကြယ်စွမ်းအင်က သွေးစွမ်းအင်ကို စုပ်ယူနိုင်သလို၊ အလောင်းဘုရင်သွေးသန့်စင်နည်းကလည်း အလောင်းချီနဲ့ တခြားမသန့်စင်တဲ့စွမ်းအင်တွေကို သန့်စင်ပေးနိုင်လို့ ဖိအားတစ်စုံတစ်ရာ မခံစားရဘူး။
လျှို့ဝှက်ဆန်းကြယ်စွမ်းအင်က သွေးစွမ်းအင်ကို စုပ်ယူနေတာကြောင့် စုန့်ဝမ် ဝမ်းသာသွားတယ်။ ဒါက အလောင်းခွဲစိတ်လိုဏ်ဂူမှာ အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းပဲလေ။ သွေးစွမ်းအင်ကို ဖြည်းဖြည်းချင်း စုပ်ယူရင်း အလောင်းဘုရင်သွေးသန့်စင်ကျင့်စဥ်ကို ကျင့်ကြံချိန်က လျှော့ပါးခဲ့တဲ့ သွေးနဲ့ချီ ပြန်ပြည့်လာတယ်။ သွေးစွမ်းအင်က သိပ်သည်းလွန်းလို့ စုပ်နေတာက လုံးဝမသိသာဘူး။ လူမသတ်ရဘဲ သွေးစွမ်းအင် စုပ်ယူစုဆောင်းနိုင်ပြီဖြစ်လို့ စုန့်ဝမ် ဝမ်းသာနေတယ်။
စုန့်ဝမ် လှည့်ပတ်ကြည့်နေရင်း အလောင်းခွဲစိတ်သူတစ်ယောက်နား ရောက်သွားတယ်။ အလောင်းခွဲစိတ်သူက အမျိုးသမီးကြီးတစ်ယောက်အလောင်းကို အရိုးသန့်စင်ဓားနဲ့ ကျွမ်းကျွမ်းကျင်ကျင် ဖြတ်တောက်ခွဲစိတ်နေတယ်။ စုန့်ဝမ် ကြည့်နေတဲ့ မိနစ်ပိုင်းအတွင်း အပိုင်းပိုင်း ဖြတ်တောက်ပြီးသွားပြီ။ ကျွမ်းကျင်သားသတ်သမားအလား မှတ်ရတယ်။ လူ့ခန္ဓာဗေဒကို ကျွမ်းကျင်ပိုင်နိုင်တော့ လုပ်ငန်းစဥ်တလျှောက် အထစ်အငေါ့မရှိ ချောမွေ့နေတာပဲ။ စုန့်ဝမ် မနည်းလိုက်ပြီး မှတ်နေရတယ်။
အသားနဲ့ အရိုးတွေ သီးခြားစီ ခွဲထုတ်ပြီးတာနဲ့ ကပ်ငြိနေတဲ့သွေးတွေကို သန့်စင်တယ်။ လုပ်ငန်းစဥ်တလျှောက် ထွက်လာသမျှသွေးတွေက အလောင်းခွဲစင်မှာ ဖော်ထားတဲ့မြောင်းထဲကတဆင့် မလှမ်းမကမ်းမှာ ရှိနေတဲ့ သွေးကန်ကြီးတစ်ခုထဲ စီးဝင်သွားတယ်။ အားလုံးပြီးတာနဲ့ အလောင်းခွဲစိတ်သူက အရိုး၊ အသားနဲ့ ကိုယ်တွင်းအင်္ဂါတွေကို သိုလှောင်အိတ်တွေထဲ သီးခြားစီ ခွဲထည့်လိုက်တယ်။
သူလုပ်သမျှ စောင့်ကြည့်မှတ်သားနေတဲ့ စုန့်ဝမ်မှာတော့ ပျို့ပျို့တက်လာလို့ အန်မချမိအောင် မနည်းထိန်းနေရတယ်။ ဒီအလုပ် ရွေးချယ်ရင် ဒီလိုမြင်ရ၊ လုပ်ရမယ်ဆိုတာ ကြိုတွေးပြီးသား၊ ဒါပေမယ့် တကယ်ကြုံလာတော့ မခံနိုင်အောင် ဖြစ်နေတယ်။ ဒါပေမယ့် ဆက်တိုးရုံပဲ ရှိတယ်၊ အလုပ်ပြောင်းမရတော့သလို အကျိုးကျေးဇူးကိုလည်း လက်လွတ်မခံနိုင်ဘူးလေ။ ဒါလေးမှ မကျော်ဖြတ်နိုင်ရင် ကျင့်ကြံမှုလောက မဆိုထားနဲ့ အလောင်းနတ်ဆိုးဂိုဏ်းမှာတောင် အသက်ရှည်မှာ မဟုတ်ဘူး။
စုန့်ဝမ် စိတ်ကို မနည်းထိန်းနေရချိန်မှာ အလောင်းခွဲစိတ်သူက အမျိုးသမီးအလောင်း ခွဲစိတ်တာ ပြီးသွားတယ်။ ပြီးတာနဲ့ လုံးဝမနားဘဲ သိုလှောင်အိတ်ထဲက အမျိုးသားအလောင်းတစ်လောင်း ဆွဲထုတ်လိုက်တယ်။ အလောင်းကို စားပွဲပေါ် တင်ပြီး အရိုးသန့်စင်ဓားနဲ့ လည်ပင်းကနေ ခြေကျင်းဝတ်ထိ တစ်ချက်တည်း ဆွဲချလိုက်တာ အဝတ်အစားတွေ ပြဲထွက်သွားတယ်။ အရေပြားပေါ်မှာ အစင်းရာလေးတစ်ခုတောင် ဖြစ်မသွားဘူး။
အလောင်းခွဲစိတ်သူရဲ့ ကျွမ်းကျင်မှုကို ကြည့်ပြီး စုန့်ဝမ် အံအားသင့်သွားတယ်။ အဝတ်အစားတွေ ဖယ်ရှားပြီးတာနဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်တယ်။ ဒီတစ်ခါတော့ အစိမ်းသက်သက် မဟုတ်တော့တဲ့စုန့်ဝမ် အသေးစိတ်ကြည့်ပြီး မှတ်သားလိုက်နိုင်တယ်။ နာရီဝက်လောက်နေတော့ ခွဲတမ်းရအလောင်းတွေ ကုန်သွားတဲ့ အလောင်းခွဲစိတ်သူက အလောင်းခွဲစိတ်စင်ကို သန့်ရှင်းရေးလုပ်ပြီး ယွမ်ချန်ရှိရာ ဂူငယ်လေးဘက် ထွက်သွားတယ်။
သူ့ရှေ့ကအဖြတ် စုန့်ဝမ်က ဦးညွှတ်ပြီး နှုတ်ဆက်လိုက်တယ်။
"မဂ်လာပါ စီနီယာ၊ ကျနော်က အသစ်ရောက်လာတဲ့ အပြင်စည်းတပည့်ပါ။ လမ်းညွှန်ပေးပါဦး"
သူမသိတာ ရှိရင် မေးမြန်းနိုင်အောင် ရင်းနှီးတဲ့ဆက်ဆံရေး ထူထောင်ဖို့ စုန့်ဝမ် ကြိုးစားခဲ့တာ။
အလောင်းခွဲစိတ်သူက ခြေလှမ်းမရပ်ဘဲ စုန့်ဝမ်ကို ရှုတည်တည်ကြည့်ပြီး ပြောလိုက်တယ်။
"ဖယ်စမ်း"
စုန့်ဝမ်လည်း ဝင်တိုက်မခံရအောင် အမြန်ရှောင်ပေးလိုက်ရတယ်။ အလောင်းခွဲစိတ်သူက ယွမ်ချန်ရှိရာဂူဆီ ဆက်လျှောက်သွားတယ်။ စုန့်ဝမ် သက်ပြင်းချလိုက်မိတယ်။ အလောင်းနတ်ဆိုးဂိုဏ်းရဲ့ အကြမ်းတမ်းဆုံး လုပ်ငန်းခွင်မှာ သဘောကောင်းသူ၊ ရင်းရင်းနှီးနှီး ဆက်ဆံလို့ရသူ ဘယ်တွေ့နိုင်ပါ့မလဲ။ ကိုယ့်အားကိုယ်ကိုးရုံပဲ ရှိတော့တယ်။
စုန့်ဝမ်လည်း ကျန်ရှိနေသေးတဲ့ အလောင်းခွဲစိတ်သူတွေ လုပ်ကိုင်နေတာကို လိုက်ကြည့်ရင်း လေ့လာမှတ်သားနေခဲ့တယ်။ အဲဒီလူတွေက အလုပ်ကို အာရုံစိုက်လုပ်နေတော့ သူတို့ကို စကားမပြောဘဲ ရပ်ကြည့်နေတဲ့စုန့်ဝမ်ကို ရှိတယ်လို့တောင် မထင်ကြဘူး။
အလောင်းခွဲစိတ်လိုဏ်ဂူမှာ အလောင်းခွဲတဲ့စင် တစ်ရာလောက် ရှိတယ်။ စုန့်ဝမ် ဝင်လာချိန် လူရေတွက်ကြည့်တော့ ၄၃ ယောက်ပဲ ရှိတယ်။ စွမ်းအားပြည့် လည်ပတ်ရလောက်အောင် သွေးလိုအပ်ချက် မများသေးတဲ့သဘောပဲ။