ချိတ်ပိတ်သင်္ကေတကို ဘယ်သူလုပ်ခဲ့တာလဲ
Vol. 1 Ch. 59
ကျန်းရီ၏ အခြေအနေကို မြင်လျှင် ကျန်းယွင်ဟိုင်၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုတို့ ပေါ်ပေါက်လာခဲ့သည်။ သူသည် မနှစ်သိမ့်တတ်သောကြောင့် ကျန်းရီကို အားပေးရန် စကားလုံးပင် ရှာမရချေ။ လူတိုင်းသည် သူတို့အဖေကို မသိရဘဲ အမေမှာ သေဆုံးပြီ ဖြစ်ကြောင်းသိလျှင် ဝမ်းနည်း ပူဆွေးကြမည် ဖြစ်သော်လည်း ကျန်းရီသည် ကြောက်စရာကောင်းအောင် တည်ငြိမ်နေခဲ့သည်။
ကျန်းရီသည် စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသော်လည်း သူသည် စိတ်ငြိမ်အောင် အရင်လုပ်လိုက်သည်။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကျန်းရီသည် တည်ငြိမ်စွာ မေးလာခဲ့သည်။
"အဘိုး ... ကျွန်တော့်ရဲ့ ဒန်တျန်းမှာ ချိတ်ပိတ် သင်္ကေတကို လုပ်တာလည်း သူမပဲလား”
"သခင်မက မင်းကို သာမန်ဘဝနဲ့ပဲ နေစေချင်တာဆိုတော့ ဖြစ်နိုင်တယ်”
ကျန်းယွင်ဟိုင်သည် ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ အတွေးတစ်ခုသည် သူ့စိတ်တွင်းသို့ ဝင်ရောက် လာသောကြောင့် သူသည် ကျန်းရီ၏ ဒန်တျန်းကို ကြည့်ကာ မေးလိုက်သည် ...
"သခင်လေး ... ချိတ်ပိတ်သင်္ကေတကို ဘယ်လိုလုပ်လိုက်တာလဲ ... တကယ်ပဲ ကျန်းယွင်ရှဲ သခင်လေးကို သတ်ခါနီးမှာ မီးနဂါးကြီး ထွက်လာတာကြောင့်လား”
"အတိအကျ မဟုတ်သေးဘူး”
ကျန်းရီသည် ခေါင်းရမ်းလိုက်သည်။ ထို့နောက်တွင် သူသည် ဆန်းကြယ်သည့် အမည်မဲ့ ကျင့်စဉ်အကြောင်း၊ အနက်ရောင် အတွင်းအားတို့ အကြောင်းကို ကျန်းယွင်ဟိုင်အား အလုံးစုံ ပြောပြလိုက်သည်။ သူ့အတွက် ကျန်းယွင်ဟိုင်သည် ယုံကြည် စိတ်ချရသူ ဖြစ်သည်။ ထို့ပြင် သူသည် ကျန်းယွင်ဟိုင်အား အနက်ရောင် အတွင်းအားကို ပြသ၍ ဘာကြောင့် အလွန်အစွမ်း ထက်နေသည်ကို ကူညီအဖြေရှာ စေလိုသည်။
ကျန်းယွင်ဟိုင်သည် စူးစမ်းကြည့်ရန် ကျန်းရီ၏ ကျောပေါ် လက်တင်၍ အတွင်းအား တချို့ကို ထည့်သွင်းလိုက်သည်။ တစ်အောင့်လောက်ကြာသော် သူသည် စိတ်ရှုပ်ထွေးသည့် အမူအရာနှင့် ဆိုလာခဲ့သည်။
"သခင်လေး ... ဒန်တျန်းထဲမှာ ဘာအနက်ရောင် အတွင်းအားမှ ရှိမနေဘူး”
"ငါအကုန် သုံးလိုက်ပြီပဲ ... အခုချက်ချင်း တစ်မျှင်ရအောင် ကျင့်ကြံလိုက်မယ်”
ကျန်းရီသည် အလျင်အမြန် ထိုင်ချကာ ကျင့်ကြံလိုက်သည်။ သို့သော် သူသည် စစချင်းမှာပင် အံ့အားသင့်သွားရသည်။ ယခင်က အနက်ရောင် အတွင်းအား တစ်မျှင်ရရန် တစ်နာရီလောက် ကျင့်ကြံရသည်။ ယခုမူ ဒန်တျန်းထဲတွင် အနက်ရောင် အတွင်းအား တစ်မျှင် ပေါ်လာရန် အချိန်ခဏသာ လိုလေသည်။ ကျင့်ကြံနှုန်းသည် ဆယ်ဆခန့် မြန်ဆန်နေခဲ့လေသည်။
ဟုတ်သားပဲ ... ငါ့ရဲ့ ချိတ်ပိတ်သင်္ကေတက ပျက်စီးသွားပြီဆိုတော့ ကျင့်ကြံနှုန်းတွေ မြန်လာပြီပေါ့ ... ဟုတ်ပြီ ... အပြာရောင် အတွင်းအား ကျင့်ကြံနှုန်းက ဘယ်လောက်မြန်လာမလဲ ကြည့်လိုက်ရအောင်။
ကျန်းရီသည် အတွေးများကို ဖယ်ထုတ်လိုက်ပြီး အချိန်မဖြုန်းတော့ဘဲ ကျန်းရေအသွင် ပညာကို လေ့ကျင့်လိုက်သည်။ သူ့ကိုယ်သည် တုန်လှုပ်သွားခဲ့ပြီး မျက်လုံးများပါ ပြူးကျယ် ဝိုင်းစက် သွားခဲ့လေသည်။
"ဘာဖြစ်တာလဲ ... အရှင်ငယ်”
ကျန်းယွင်ဟိုင်သည် စိုးရိမ်စွာ မေးလိုက်သည်။
"ကျွန်တော့်ရဲ့ ... ကျင့်ကြံနှုန်း”
ကျန်းရီသည် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့လေသည်။ သူသည် အချိန်တော်တော်ကြာ ယူပြီးမှ မယုံနိုင်စွာ အော်ပြောလာခဲ့လေသည်။
"အခုဆို ... အရင်ကထက် အဆတစ်ရာလောက် မြန်သွားပြီ”
"ဘယ်လို”
သတင်းကို ကြားလိုက်ရလျှင် ကျန်းယွင်ဟိုင်သည် တုန်လှုပ်သွားခဲ့သည်။ သူသည် ကျန်းရီကို ခပ်တိုးတိုးမေးလာခဲ့သည် ...
"အရှင်ငယ် ... သေချာရဲ့လား”
ကျန်းရီသည် သေချာသည့် အနေနှင့် ခေါင်းပါ ညိတ်ပြလိုက်လျှင် ကျန်းယွင်ဟိုင်သည် အတော်လေး စိတ်လှုပ်ရှားသွားရသည်။ ကျန်းရီ၏ ယခင်ကျင့်ကြံနှုန်းသည် ကျန်းဟန်ရွှေထက် အဆ သုံးဆယ်၊ လေးဆယ်ခန့် နှေးကွေးပေသည်။ ယခင်ကထက် အဆတစ်ရာ မြန်ဆန်သွားသည် ဟူသော အဓိပ္ပာယ်သည် ကျန်ဟန်ရွှေထက် နှစ်ဆ၊ သုံးဆခန့် မြန်ဆန်သွားသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား ... ကျန်းယွင်ဟိုင်သည် ကျန်းဟန်ရွှေ၏ အရည်အချင်းကို အသိအမှတ် ပြုပေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်ကို ရောက်နေခြင်းသည် ကျန်းဟန်ရွှေကို ကောင်းကင်တောင်ပံ မြို့၏ အကောင်းတကာ့ အကောင်းဆုံးဟု ပြော၍ရပြီး ပြည်နယ်၏ ဂုဏ်ဆောင်ဟုပင် ပြော၍ရလေသည်။ ကျန်းရီသာ ကျန်းဟန်ရွှေထက် နှစ်ဆ၊ သုံးဆခန့် မြန်ဆန်အောင် ကျင့်ကြံနိုင်လျှင် ရှန်ဝူနိုင်ငံတော်၏ အတော်ဆုံး ပါရမီရှင်နှင့်ပင် နှိုင်းယှဉ်၍ ရနေပေပြီ ... ကောင်းကင်အဆင့် ဇယားရှိ ပါရမီရှင် ထိပ်ဆုံးငါးယောက်သည်ပင် ထိုနှုန်းကို ကျော်လွန်နိုင်မည် မဟုတ်ပေ။
ရှန်ဝူနိုင်ငံတော်၏ ကောင်းကင်အဆင့် ဇယားသည် အသက် နှစ်ဆယ်အောက် လူငယ် ပါရမီရှင်များအတွက် ဖြစ်ပြီး စွမ်းရည်နှင့် အင်အားကိုကြည့်၍ စီစဉ်ထားခြင်း ဖြစ်သည်။ ထိုအဆင့်၏ ထိပ်ဆုံး ဆယ်ယောက်သည် ပြိုင်ဘက်ကင်းပေသည်။ ထိုသူတို့၏ အနာဂတ်သည် တိုင်းတာ၍ပင် မရချေ။
"အိုး ... ငါတော်တော်လေး ကြောင်တောင်တောင် နိုင်တာပဲ ... သခင်မနဲ့ အဲဒီလူက ဒီလောက် စွမ်းအားကြီးတာ အရှင်ငယ်ကရော ဘယ်လိုလုပ်ပြီး သာမန်ဖြစ်နိုင်မှာလဲ ... သခင်မက အရှင်ငယ်ရဲ့ ကိုယ်ထဲမှာရှိတဲ့ စွမ်းအားတွေအကြောင်း သိလို့ သိုင်းပညာ မလေ့ကျင့်နိုင်အောင် ဒန်တျန်းမှာ ချိတ်ပိတ် သင်္ကေတကို ထားခဲ့တာ ဖြစ်ရမယ်”
ကျန်းယွင်ဟိုင်သည် စိတ်ထဲမှ ရေရွတ်လိုက်ပြီး ကျန်းရီဘက်သို့ လှည့်လိုက်သည်။
"အနက်ရောင် အတွင်းအားကို ကျင့်ကြံပြီးပြီလား ... ဒါဆိုရင် အပြာရောင် အတွင်းအားနဲ့ ပေါင်းပြီး ကျွန်တော့်ကို ပြကြည့်”
ကျန်းရီသည် ခေါင်းညိတ်လိုက်ပြီး အတွင်းအားနှစ်ခုကို ပေါင်းစပ်လိုက်ကာ မျက်လုံးဆီသို့ ပို့ဆောင်လိုက်သည်။ သူ၏ အမြင်အာရုံသည် အစွမ်းထက်လာရာ ကျန်းယွင်ဟိုင်ဘက်သို့ လှည့်လိုက်ပြီး မေးလိုက်သည်။
"အဘိုး ... ဒါကို ဘယ်လို ကောက်ချက်ချမလဲ”
ကျန်းယွင်ဟိုင်၏ မျက်လုံးများသည် မှိတ်သွားသော်လည်း အံ့အားသင့်သော အမူအရာတို့သည် သူ့မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ အချိန်အတော်ကြာသော် သူ့မျက်လုံးများ ပွင့်လာခဲ့ပြီး ရေရွတ်လိုက်သည်။
"အနက်ရောင် အတွင်းအားရဲ့ တည်ရှိမှုက ထူးဆန်းလွန်းတယ် ... အခြား အတွင်းအားနဲ့ ပေါင်းစပ်လိုက်ရင် အင်အားက နှစ်ဆလောက် ဖြစ်သွားတယ် ... အာရုံငါးပါးကိုလည်း ခံစားမှု မြှင့်တင်ပေးတယ် ... ဒါက သေချာပေါက်ကို အတွင်းအား မဖြစ်နိုင်ဘူး ... ဒါဆို ဒါက ဘာများလဲ”
"ဟမ် ..."
ကျန်းရီသည် ဆွံ့အသွားရသည်။ ကျန်းယွင်ဟိုင်တောင် အနက်ရောင် အတွင်းအားအကြောင်းကို မသိဘူးတဲ့လား။
ကျန်းယွင်ဟိုင်သည် သူ့ဟာသူ ရေရွတ်လိုက်ပြီး ကျန်းရီကို ထပ်ခါထပ်ခါ အနက်ရောင် အတွင်းအားကို ပေါင်းစပ်ခိုင်းနေလေသည်။ သေသေချာချာ လေ့လာပြီး နောက်တွင်တော့ ကျန်းယွင်ဟိုင်သည် အခိုင်အမာ ပြောလာခဲ့သည် ...
"အရှင်ငယ် ... .ဒါက လုံးဝကို အတွင်းအား မဟုတ်ဘူး ... ကျွန်တော်တို့ လောကမှာ မီး၊ ရေ၊ လေ၊ မြေ၊ သစ်သားဆိုတဲ့ ဓာတ်ငါးမျိုးရဲ့ ဝိညာဉ်စွမ်းအင်တွေကို အတွင်းအားအဖြစ် ပြောင်းပြီးတော့ အသုံးပြုကြတယ် ... ကမ္ဘာပေါ်က ရွေးချယ်ခံရသူ အနည်းငယ်ကပဲ ထူးခြားတဲ့ အတွင်းအားမျိုး ပိုင်ဆိုင်နိုင်တာ”
"ကျွန်တော် ကျင့်ကြံတဲ့ အတွင်းအားကျတော့ မိုးကြိုးလျှပ်စီး ဓာတ်ကို အခြေခံ ထားပြီးတော့ ခရမ်းရောင် အတွင်းအားကို ထုတ်ဖော်နိုင်တယ် ... ထူးခြားတဲ့ အတွင်းအားတွေ ဆယ့်သုံးမျိုးလောက် ရှိသေးပေမဲ့ စွမ်းအားတွေအကုန်လုံးကို မြှင့်တင်ပေးနိုင်တဲ့ သခင်လေးရဲ့ အတွင်းအားကို တစ်ခါမှ မကြားဖူးဘူး ... ပြီးတော့ ဒီအနက်ရောင် အတွင်းအားကို တစ်ခါမှာ ဆယ်မျှင်ထက် ပိုမထုတ် နိုင်ဘူးဆိုတဲ့ အချက်ကြောင့် ဒါက လုံးဝ အတွင်းအား မဖြစ်နိုင်ဘူး ... .ဒါက ဆန်းကြယ်တဲ့ စွမ်းအင်တစ်မျိုး ဖြစ်နိုင်တယ် ... အမည်မဲ့ ကျင့်စဉ်ကလည်း သခင်လေးရဲ့ ဒန်တျန်းကို ချိတ်ပိတ်သွားတဲ့ တစ်ယောက် ဆီက ဖြစ်နိုင်တယ် ...”
"တစ်ခုခုတော့ မှားနေသေးသလိုပဲ”
ကျန်းရီ၏ မျက်ခုံးတို့သည် စုကျုံ့သွားခဲ့သည်။
"အဘိုး ... ကျွန်တော့်ရဲ့ ဒန်တျန်းကို ချိတ်ပိတ်ထားတဲ့သူက ကျွန်တော့် အမေလို့ ပြောခဲ့တယ် မလား ... သူမသာ ကျွန်တော့်ကို သာမန်လူအဖြစ် နေထိုင် သွားစေချင်တယ်ဆို ဘာလို့ ဒီလိုမျိုး အားကောင်းတဲ့ ကျင့်စဉ်တစ်ခု ချန်ထားပေးခဲ့မှာလဲ”
ကျန်းယွင်ဟိုင်သည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလာခဲ့သည် ...
"ဒါကြောင့်ပဲ သခင်လေးရဲ့ ဒန်တျန်းကို ချိတ်ပိတ်ခဲ့တာ သခင်မလို့ တပ်အပ်မပြောနိုင်သေးတာပဲ ... သူမသာ ချိတ်ပိတ်ခဲ့တဲ့ လူဆိုရင် အမည်မဲ့ကျင့်စဉ်ကို ချန်ထားပေးမှာ မဟုတ်ဘူး ... .သူမ မဟုတ်ရင် ဘယ်သူများ ဖြစ်နိုင်မလဲ”
"အိုး ... ဟုတ်သားပဲ”
အချိန်အတော်ကြာ စဉ်းစားပြီးသော် ကျန်းယွင်ဟိုင်သည် စိုးရိမ်စွာ ပြောလာခဲ့သည်။
"အရှင်ငယ် ... ဒါကို သေချာမှတ်ထားနော် ... ဒီအမည်မဲ့ ကျင့်စဉ်နဲ့ အနက်ရောင် စွမ်းအင်တွေ အကြောင်းကို ဘယ်သူ့ကိုမှ ပြောလို့ မဖြစ်ဘူး ... .မဟုတ်ရင် ဒုက္ခ ရောက်နိုင်တယ်”
ကျန်းရီသည် တုံ့ဆိုင်းမနေဘဲ လက်ခံလိုက်သောအခါ ကျန်းယွင်ဟိုင်သည် စကားပြောပြီး အပြင်ဘက်သို့ ထွက်သွားခဲ့လေသည် ... .
"အရှင်ငယ် ... အနားယူလိုက်ပါဦး ... ကျွန်တော် စီစဉ်စရာ ရှိတာတွေ သွားစီစဉ် လိုက်ပါဦးမယ် ... ကျွန်တော်တို့ သခင်လေးရဲ့ သတင်းတွေကို တားမြစ်ရမယ် ... .သတင်းတွေသာ ပျံ့သွားရင် တော်တော် ဒုက္ခများလိမ့်မယ် ... "
***
"ခန်းမသခင် ... ခန်းမချုပ်က စကားပါးလိုက်ပါတယ် ... အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်မှာ ကျန်းရိလျှိုလို့ ခေါ်တဲ့ သားတစ်ယောက်တည်းပဲ ရှိပါတယ် ... မြို့စားက အမြင်ကျဉ်းပြီး ... စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ အရာရာကို ဆုံးဖြတ်လေ့ရှိပြီး သူကိုယ်တိုင်လည်း စည်းကမ်းအလွန် ရှိပါတယ် ... သူက သူ့ဇနီးမှ တစ်ပါး တခြား မိန်းမတွေနဲ့ ဇာတ်လမ်းတွေလည်း မရှိဘူးလို့ သိရပါတယ် ... ကျန်းရီက သူ့ရဲ့ တိတ်တိတ်ပုန်းကလေး မဖြစ်နိုင်ပါဘူး”
သိုင်းခန်းမတွင် အကြီးအကဲဖေးသည် ခန်းမသခင်ကို တရိုတသေနှင့် အစီအရင် ခံနေခဲ့သည်။ သိုင်းခန်းမ သခင်သည် ငွေရောင်နားကပ်လေး လှုပ်ယမ်း သွားသည်အထိ ခေါင်းညိတ်လိုက်သည်။
"ငါ အနောက်ဘက် နယ်စပ်မြို့စား ကျန်းပိုင်လီနဲ့ တစ်ခါက တွေ့ဖူးတယ် ... သူကတကယ့်ကို ရှေးရိုးဆန်တဲ့ လူတစ်ယောက်ပဲ ... ကျန်းရီက သူ့တရားမဝင် ကလေး ဘယ်လိုမှ မဖြစ်နိုင်ဘူး ... "
အကြီးအကဲ ဖေးသည် ဆက်လက်တင်ပြလာခဲ့သည်။
"ကျီဂိုဏ်းထဲမှာ ကောလဟာလတွေ ပျံ့နေပါတယ် ... ကျန်းရီရဲ့ ဒန်တျန်းက ချိတ်ပိတ် ခံထားရတယ်လို့ ... လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ကျွန်တော်တို့ရဲ့ ဆေးတွေကြောင့်သာ သူဒီလောက် မြန်မြန် တိုးတက် လာခဲ့တယ်လို့လည်း ပြောနေကြတယ် ... ပြောရမယ်ဆိုရင် သူက အခုဆို ကျီထင်ယွီနဲ့ ကျန်းဟန်ရွှေတို့နဲ့တောင် ယှဉ်လို့ ရနေပြီလို့ ကြားပါတယ် ...”
"သူ ဒီလောက် အင်အားကြီးလာရတာလည်း သူ့အမေ သူ့အတွက် ချန်ထားပေးခဲ့တဲ့ ကောင်းကင်အဆင့် ကျင့်စဉ်ကြောင့်လို့လည်း သတင်းတွေ ထွက်နေပါတယ် ... နောက်သတင်းကတော့ ကျန်းယွင်ရှဲကို သတ်သွားတဲ့ မီးနဂါး အကြောင်းပါ ... အဲဒီမီးနဂါးက ကျန်းရီရဲ့ အသက်ကို သေရေးရှင်ရေး ကြုံလာရင် ကယ်ဖို့ သူ့အမေ ထားခဲ့တဲ့ အကာအကွယ်ဖြစ်ပြီး တစ်ကြိမ်ပဲ အသုံး ဝင်တယ်လို့လည်း ပြောနေကြပါတယ်”
"ကောင်းကင်အဆင့် ကျင့်စဉ် ... အကာအကွယ် "
သိုင်းခန်းမသခင်သည် ခေါင်းရမ်းလိုက်ပြီး အေးစက်စက် ပြုံးလိုက်သည်။
"ကျန်းရီရဲ့အမေ ... သူမက အနည်းဆုံးတော့ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် အမြင့်ဆုံး ရောက်နေမှ ဒီလို အကာအကွယ်မျိုး လုပ်နိုင်မှာ ... နယ်မြေ တစ်ခုလုံးမှာ ဒီလို အင်အားမျိုး ရှိတာဆိုလို့ လူငါးယောက်ထက် မပိုနိုင်ဘူး ... ကျန်းရီရဲ့ မိဘတွေက စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ရောက်နေပြီး တာအိုတည်ဆောက် ပုံတွေပါ နားလည်ထားလောက်ပြီ ... မဟုတ်ရင် ကျန်းရီအတွက် ဒီလို အားကောင်းတဲ့ အကာအကွယ်မျိုး ထားပေးနိုင်မှာ မဟုတ်ဘူး ... "
"ကျန်းရီနဲ့ သိုင်းခန်းမအကြားမှာ ရှိတဲ့ သဘောတူညီမှုကို ဘယ်လိုလုပ်ရမလဲ”
အကြီးအကဲဖေးသည် မေးမြန်းလာခဲ့သည်။ ကျန်းရီတွင် ထိုမျှ အင်အားကြီးသော နောက်ခံများ ရှိနေရာ သိုင်းခန်းမတွင် ကျွန်အဖြစ် နေရန်မှာ ဖြစ်နိုင်ပါ့မလား
"လျှော်ပေးလိုက်တော့”
ခန်းမသခင်သည် လက်ကို ရမ်းလိုက်သည်။
"ငါတို့တွေက ဒီကိစ္စကို အစမဖော်သင့်ဘူး ... ကျန်းယွင်ဟိုင် အလာကို စောင့်ကြတာပေါ့ ... သူ့မှာ ငါတို့ကို အကြွေး တင်သွားတာလည်း မဆိုးပါဘူး ..."
***
အကြီးအကဲဖေး ယူဆောင်လာခဲ့သော သတင်းများသည် ကျန်းယွင်ဟိုင်မှ ရည်ရွယ်ချက်ရှိရှိ လွှင့်လိုက်ခြင်း ဖြစ်သည်။ သူတို့ကို ကျန်းရီ၏ အင်အားကြီးသော အမေအကြောင်း ပြောပြ လိုက်ခြင်းသည် အရာရာကို ရှင်းလင်းရန် လွယ်ကူ သွားပေသည်။
မာအိမ်တော်နှင့် ကျန်းအိမ်တော်သည် အနောက်ဘက် မြို့စောင့်တပ်၏ ဝန်းရံထားခြင်းကို ခံနေရဆဲ ဖြစ်ကာ မည်သူမှ ဝင်ခွင့်ရော၊ ထွက်ခွင့်ရော မရပေ။ ကျန်းယွင်ဟိုင်သည် ထိုအခြေအနေကို နည်းနည်းလေးမှပင် အရေးမစိုက်ပါချေ။ ထိုအချိန်တွင် သူသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာသုံးယောက်နှင့် ဆွေးနွေးနေခဲ့သည်။
"ကျန်းရီကို ပြိုင်ပွဲမှာ ဆက်ပြိုင်စေချင်တာလား”
ကျန်းယွင်ဟိုင် လာရောက်ရသော အကြောင်းကို သိလျှင် အကြီးအကဲဖူသည် မျက်မှောင် ကြုတ်သွားခဲ့သည်။ ကျန်ဆရာနှစ်ယောက်သည်လည်း အလားတူ အမူအရာများ ရှိနေခဲ့သည်။ ထိုဆရာ သုံးယောက်သည် ကျန်းယွင်ဟိုင် ထိုနေ့က ပြောခဲ့သော ကျန်းရီသာ သေသွားခဲ့လျှင် လူတိုင်းကို သူနှင့်အတူ မြုပ်နှံမည်ဟူသော စကားကို သိသိသာသာ အခဲမကျေသေးခြင်း ဖြစ်သည်။
"အမှန်ပဲ”
ကျန်းယွင်ဟိုင်သည် ခေါင်းညိတ်လိုက်သည်။
"အဲဒီနေ့က ကျန်းရီ ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ရတာက တစ်ယောက်ယောက်က သူ့အစေခံ မိန်းကလေးကို ပြန်ပေးဆွဲလို့ပဲ ... ဒါကို စဉ်းစားပေးကြမယ်လို့ ထင်ပါတယ် ... သူ့ကို ဒီအတွက်နဲ့ မထုတ်ပယ် လိုက်သင့်ပါဘူး ... သူထုတ်ပြခဲ့တဲ့ အင်အားကိုလည်း တွေ့ခဲ့ကြမှာပါ ... သူသာ သင်တန်းကျောင်းကို ဝင်ခွင့်ရခဲ့ရင် စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ အာမခံပါတယ် ... ပြီးတော့ သူသာ ရှိမယ်ဆိုရင် ခင်ဗျားတို့ရဲ့ သင်တန်းကျောင်းက တခြားသင်တန်းကျောင်းကြီး နှစ်ခုထက် သာလွန် သွားစေရမယ်”
ကျန်းရီ၏ ချိတ်ပိတ်ခံ သင်္ကေတသာ ပျက်စီးမသွားခဲ့လျှင် ကျန်းယွင်ဟိုင်သည် သူ့ကို ကျေးရွာလေးတစ်ခု သို့မဟုတ် မြို့ငယ်လေး တစ်ခုသို့ ခေါ်သွားကာ အေးအေးချမ်းချမ်း နေသွား တော့မည် ဖြစ်သည်။ သို့သော် ကျန်းရီ၏ ကျင့်ကြံနှုန်းနှင့် အနက်ရောင် အတွင်းအား၏ အစွမ်းကို မျက်မြင် တွေ့ရသောအခါ ကျန်းယွင်ဟိုင်သည် အများကြီး မျှော်လင့်ထားခဲ့သည်။ ကျန်းရီ၏ အမေသည် သိုင်းပညာ သင်ကြားပေးရန် တားမြစ် ထားခဲ့သော်လည်း သူသည် သာမန်ထက် ထူးကဲသော ပါရမီရှင် တစ်ယောက် အလဟဿ ဖြစ်သွားမည်ကို ရပ်ကြည့် မနေနိုင်ပါချေ။
"မရဘူး”
အေးစက်စက် လေသံသည် ကျန်းယွင်ဟိုင်၏ စကားကို ဖြတ်ပြော လာခဲ့သည်။ ငယ်ရွယ်သော ဆရာသည်လည်း ထူးမခြားနားသည့် လေသံဖြင့် ပြောလာခဲ့သည်။
"စည်းမျဉ်းတွေက စည်းမျဉ်းပါပဲ ... (၅၃၆)က ပြိုင်ပွဲကနေ နှုတ်ထွက်သွားပြီးပြီ ... သူ့ကို ပြန် လက်မခံနိုင်ပါဘူး ... မဟုတ်ရင် တခြားပြိုင်ပွဲဝင်တွေကို ဘယ်လို ရှင်းပြရမလဲ ... ပြီးတော့ ကျောင်းအုပ်ကိုရော ဘယ်လို ရှင်းပြရမလဲ”
အကြီးအကဲဖူသည် သဘောတူစွာ ခေါင်းညိတ်လာခဲ့သည်။
"တကယ်တော့ ကျုပ်တို့က စည်းမျဉ်းကို လိုက်နာရမယ် ... ဒါတွေက သင်တန်းကျောင်းရဲ့ စည်းမျဉ်းတွေပဲ ... ပြိုင်ပွဲကနေ နှုတ်ထွက်တာက နှုတ်ထွက်တာပါပဲ ... အကြောင်းပြချက် မလိုဘူး”
ကျီထင်ယွီထက်ပင် ပို၍ လှပသော ဆရာမစုသည် ခေါင်းညိတ်လာခဲ့သည်။ သူမသည်လည်း ကျန်းရီကို ပြန်လက်မခံချင်သည်မှာ ထင်ရှားသည်။
"ဒါဆိုရင် ... ကျွန်တော့်ကို ခွင့်ပြုပါဦး ... အဲဒီနေ့က ကျွန်တော် ဒေါသထွက်လွန်းလို့ မသင့်တော်တာတွေ ပြောမိပါတယ် ... ခွင့်လွှတ်ပေးစေချင်ပါတယ်”
ကျန်းယွင်ဟိုင်သည် သက်ပြင်း အသာချလိုက်သည်။ သူသည် လက်နှစ်ဖက်ကို ယှက်၍ နှုတ်ဆက်လိုက်ပြီး နဂါးခေါင်းပါ တောင်ဝှေးကို ထောက်ကာ ထွက်သွားခဲ့သည်။ သူ မကြားလောက်သော နေရာသို့ ရောက်သည်နှင့် ငယ်ရွယ်သော ဆရာသည် လှောင်ပြောင် ရယ်မောလိုက်သည်။
"ဟာသပဲ ... ဆယ့်ခြောက်နှစ်မှာ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ပဲ ရှိသေးတာ ... သူ့မှာ အင်အားတွေကို တိုးမြှင့်ပေးနိုင်တဲ့ ကောင်းကင်အဆင့် ကျင့်စဉ် ရှိနေတော့ရော ဘာအရေးလဲ ... သူက ငါတို့သင်တန်းကျောင်းကို တခြား ကျောင်းနှစ်ကျောင်းထက် သာအောင် လုပ်ပေးနိုင်မယ် ... အိပ်မက်ပဲ မက်နေလိုက်”
***