သေပါပြီဗျာ
Vol. 10 Ch. 129
အန်လင်းတို့အား မောင်းထုတ်ပြီးသည့် နောက်တွင် သုတေသန အဖွဲ့အစည်း၏ တံခါးပေါက်သည် ပြန်လည် ပိတ်သွားပြီးနောက် ချောက်ချားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ် သွားပြန်သည်။
ပိုင်လင်းသည် ဖန်လုံးနက်အား ပြုပြင်နေရင်း မျက်နှာတွင် ကြေကွဲမှုများ ထင်ဟပ်လျက်ရှိသည်။ “ဇီဝသွေးမျိုးဆက် သုတေသနစင်တာက ကမ္ဘာကြီးကို ဒီလိုနည်းနဲ့ပဲ အထောက်အပံ့ ပေးနိုင်တာကို စဉ်းစားမယ်ဆိုရင်။ ဟူး … သနားဖို့ ကောင်းလိုက်တဲ့ အပျက်အစီးပုံလေး”
“နောက်ထပ် စမ်းသပ်ခံလေးတွေ ဘယ်တော့ ရောက်လာမလဲ သိချင်သား”
“ဒါပေမဲ့လည်း လူသစ်တွေ ရောက်လာရင်တောင် အခုအဖွဲ့လိုမျိုး စိတ်ဝင်စားဖို့ ကောင်းမှာ မဟုတ်လောက်ဘူး။ ဟုတ်တယ်နော်”
သူမထံတွင် ထိုအတွေး ပေါ်လာသည့်အခါတွင် ပိုင်လင်း၏ နှုတ်ခမ်းစွန်းလေး များမှာ အပေါ်သို့ ကွေးတက်သွားသည်။ သူမ၏ အေးစက်မှုများ သည်လည်း နေလာနှင်းကဲ့သို့ လွင့်စဉ်သွားပြီး နွေးထွေးသည့် အပြုံးတစ်ခု ပေါ်လာသည်။
သို့သော် မှောင်မည်းကာ ချောက်ချားဖို့ ကောင်းလောက်အောင် တိတ်ဆိတ်လျက် ရှိသည့် သုတေသန အဖွဲ့အစည်းထဲတွင် သူမ၏ တောက်ပသည့် အပြုံးလေးအား တွေ့မြင်လိုက်ရသူ မရှိပေ။
အန်လင်းတို့သည် မမြင်နိုင်သည့် စွမ်းအားတစ်ခု၏ တွန်းထုတ်ခြင်း ခံလိုက်ရသည်ကြောင့် ရေကန်အတွင်းမှ လွင့်ထွက်လာပြီး ကန်ဘေးရှိ မြက်ခင်းပေါ်သို့ ကျသွားတော့သည်။
လောင်ကျိပင်သည် မြက်တစ်ထွေး အန်လိုက်ပြီးနောက် အန်လင်းထံသို့ လှည့်ကာ “အစ်ကိုကြီးအန်က ဒီတစ်ကြိမ်တော့ အရမ်းကို အထင်ကြီး လေးစားမိသွားပြီဗျာ။ ပိုင်လင်းကို တံခါးဖွင့်ပေးဖို့ တွန်းအား ပေးနိုင်ရုံတင် မကဘူး အပျက်အစီးပုံရဲ့ အပြင်ကို ပို့ပေးနိုင်အောင်ပါ လုပ်လိုက် နိုင်သေးတယ်။ အစ်ကိုကြီးအန် အတော်ဆုံး”
အန်လင်းမှာ အနည်းငယ် ရှုံ့မဲ့သွားမိသည်။ ဒါကို ချီးမွန်းသည်ဟု ယူဆရမည်လား။
“အင်း အပြင်ဘက်လေထုက တကယ်ကို ကောင်းလွန်းတယ်။ အရမ်းကို သက်သောင့်သက်သာ ရှိသွားတာပဲ” ကျုံးရုံရန်သည် မြက်ခင်းပေါ်တွင် လဲလျောင်းကာဖြင့် ပျော်ရွှင်စွာ အသက်ရှူရှိုက်လျက် ကောင်းကင်အား ကြည့်နေလေသည်။
“ဆုလာဘ် အကြီးကြီးတွေ ရခဲ့ကြတယ်မလား” မုန့်ထျန်းသည် မျက်လုံးများ မှေးမှိတ်သွားသည် အထိ ပြုံးလိုက်သည်။
လူတိုင်းသည် သဘောတူညီစွာဖြင့် ပြုံးလျက် ခေါင်းညိတ်လာကြသည်။ သူတို့၏ မျက်နှာများသည်လည်း ကျေနပ်မှုအပြည့်ဖြင့် တောက်ပလျက်ရှိသည်။
သွေးမျိုးဆက်အမွေအနှစ်က တကယ်ကို အသုံးဝင်လှသည်။
အန်လင်းတစ်ဦးတည်းသာလျှင် ကြေကွဲမှုများ ရှိနေခြင်းဖြစ်သည်။
အချက်အလက် စီးဆင်းမှုဖိအားပေး ဖြတ်တောက် ခံရခြင်းကြောင့် အန်လင်းအား ပြင်းထန်စွာ ဒေါသထွက်စေသည်။
ဟူး … အဲဒီအဆုံးမှာ ဘာပြောသွားတာလဲ။ တကယ်ကိုပဲနော်။
ရုတ်တရက်ဆိုသလို ရေကန်၏ အောက်ခြေမှ ကြီးမားလှသည့် နဂါးတစ်ကောင် ထွက်ပေါ်လာပြီး အန်လင်းတို့အား ထိတ်လန့် တုန်လှုပ်စွာဖြင့် ကြည့်လာသည်။
အဆိုပါနဂါးသည် သက်လတ်ပိုင်းအရွယ် လူတစ်ဦးအသွင် ပြောင်းလဲ သွားပြီးနောက် အန်လင်းတို့ထံ လျှောက်လှမ်းလာလေသည်။
“တာအိုရောင်းရင်း အန်လင်းရေ ဘယ်လိုများ အပြင်ကို ထွက်လာကြတာလဲ” ထိုလူသည် မျက်လုံးများပွတ်ကာ သူ့အရှေ့တွင် ရှိနေသည့် အဖွဲ့အား မယုံကြည်နိုင်မှုများဖြင့် ကြည့်နေမိသည်။
အန်လင်းသည် ခါးသီးစွာ ပြုံးလိုက်ပြီး “ကျွန်တော်တို့က မောင်းထုတ် ခံလိုက်ရတာ။ အပျက်အစီးပုံရဲ့ ပိုင်ရှင်က ကျွန်တော်တို့ကို သဘောကျပုံမရဘူး။ ကန်ထုတ်ပစ်လိုက်တယ်”
သူတို့အားလုံး၏ လေးနက်သည့် အမူအရာများအား ကြည့်ကာဖြင့် ထိုလူသည် ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။ သူတို့မှာ လိမ်ညာနေသည်နှင့် မတူပေ။ "ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ မင်းတို့အထဲမှာ ဘာတွေ လုပ်ခဲ့ကြတာလဲ”
တိမ်ဖြူရေကန်၏ အစောင့်အရှောက်အဖြစ် ထမ်းဆောင်ချိန်မှစကာ အန်လင်းတို့အဖွဲ့ကဲ့သို့ ဆက်ဆံခံရသည့် စမ်းသပ်ခံများအား မကြုံခဲ့ဖူးပေ။
အန်လင်းသည် မချိပြုံး ပြုံးရုံသာ တတ်နိုင်တော့သည်။ အပျက်အစီးပုံထဲတွင် သူပြုလုပ်ခဲ့သည်များကို ထုတ်ဖော်ပြောရန် အတွက် ရှက်လှပေသည်။
ထိုလူသည် အန်လင်းအား ပြန်ဖြေရန် ဖိအားမပေးဘဲနှင့် အခြားမေးခွန်းတစ်ခု ပြောင်းလဲ မေးလိုက်သည်။ "ဘယ်လို အမွေအနှစ်တွေများ ရခဲ့ကြတာလဲ။ ပြောပါဦး”
လူတိုင်းသည် တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။
ထိုလူသည် နားမလည်နိုင်စွာဖြင့် မျက်တောင်များ ပုတ်ခတ် ပုတ်ခတ် လုပ်နေလေသည်။ "အဲဒါက ဘာကိုပြောတာလဲ”
"လူတိုင်း အမွေအနှစ်တွေ ရရှိခဲ့ကြတယ်” အန်လင်း ပြန်ဖြေလိုက်သည်။
"မင်းတို့အားလုံး အမွေအနှစ်တစ်ခုစီ ရခဲ့ကြတယ်လို့ ပြောတာလား” ထိုလူ၏ ခေါင်းပေါ်ရှိ နဂါးသည်ပင်လျှင် ထိတ်လန့် တုန်လှုပ်သွားသည်။
"အဲဒါတင် မဟုတ်ဘူး။ စွန်းရှန့်လျန်နဲ့ ရှောင်းဟုန်တို့က နှစ်ခုစီ ရခဲ့ကြတာ” အန်လင်း ဆက်ပြောလိုက်သည်။
ထိုလူသည် သူတို့အား အပျက်အစီးပုံသို့ ခေါ်ဆောင်ပေးခဲ့သူ မဟုတ်ခဲ့လျှင် အန်လင်းအနေဖြင့် ထိုမျှလောက်အထိ ထုတ်ဖော်ပြောမည် မဟုတ်ချေ။
"ဘုရားရေ။ အိပ်မက်မက်နေတာ များလား။ ငါဆိုတဲ့ ကျင်းအန်လန် ဘဝမှာ အဖွဲ့တစ်ခုလုံး အမွေအနှစ်ကို လက်ခံရရှိတာမျိုးနဲ့ ကြုံတွေ့ခဲ့ရပြီပေါ့လေ” ကျင်းအန်လန်သည် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အော်ဟစ် ရယ်မောလိုက်သည်။
အန်လင်းတို့သည် တစ်ဦးကိုတစ်ဦး စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြသည်။ သူတို့အရှေ့ရှိ လူသည် မည်သည့်အတွက်ကြောင့် ထိုမျှလောက်အထိ စိတ်လှုပ်ရှား နေရကြောင်းကို တွေးမရနိုင်အောင် ဖြစ်ရသည်။
"အဲတော့ ရှင်သန်နိုင်စွမ်း သုညပဲရှိတဲ့ စမ်းသပ်မှုကိုလည်း ဖြတ်ကျော် နိုင်ခဲ့ကြတာပေါ့” ကျင်းအန်လန်၏ မျက်လုံးများသည် ရှောင်ချိုး၏ မျက်လုံးများထက်ပင် တောက်ပလာသည်။
အန်လင်းတို့လည်း ခေါင်းညိတ်လိုက်ကြသည်။
"ပြီးတော့ အမွေအနှစ် လက်ခံရရှိတာနဲ့ အချက်အလက် အသစ်တွေက မင်းတို့စိတ်ထဲကို တန်းစီပြီး ဝင်လာတော့တာပဲ မဟုတ်လား” ကျင်းအန်လန်သည် စိတ်လှုပ်ရှားစွာဖြင့် မေးလေသည်။
လူတိုင်းသည် တစ်ဦးနှင့်တစ်ဦး ကြည့်ကာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"ဟားဟားဟား … အရမ်းကောင်းတာပဲ ဟားဟားဟား" ကျင်းအန်လန်သည် ပျော်ရွှင်စွာဖြင့် ကခုန်လျက်ရှိသည်။
အန်လင်းသည် စိတ်ရှုပ်ထွေးလာပြီး "ဒီလူက ရူးသွားတာလား”
လူတိုင်းသည် သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
ရူးသွပ်သွားခြင်း မဟုတ်လျှင် ထိုသို့ဖြစ်လာမည် မဟုတ်။
ခေတ္တမျှ ပျော်ရွှင်စွာ ကခုန်ပြီးနောက်တွင် ကျင်းအန်လန်သည် သူ၏ စိတ်အား အထိန်းအချုပ်မဲ့ကာ လွှတ်လိုက်မိကြောင်း သတိရမိလိုက်သည်။
သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ပြီး နောက်တွင် "မင်းတို့ သခင်မ ထျန်းယွီနဲ့တွေ့ဖို့ ငါနဲ့ လိုက်ခဲ့ရမယ်။ မင်းတို့ရခဲ့တဲ့ အချက်အလက်တွေ အကြောင်း သခင်မကို အသိပေးရမယ်။ သခင်မက မင်းတို့ကို ဆုလာဘ်တွေ ချီးမြှင့်မှာ အသေအချာပဲ”
သခင်မ ထျန်းယွီက ဘယ်သူလဲ။
ကျုံးရုံရန်သည် ရုတ်တရက်ဆိုသလို ထိတ်လန့်သွားပြီး "ခင်ဗျားပြောတဲ့ သခင်မ ထျန်းယွီဆိုတာ ကောင်းကင် အရှင်သခင်ရဲ့ သမီးတော်ဖြစ်တဲ့ ကောင်းကင်နတ်မိမယ် ထျန်းယွီ လား”
"သေချာတာပေါ့” ကျင်းအန်လန်သည် ပြုံးကာဖြင့် "မင်းတို့တွေ သခင်မရဲ့ ဆုလာဘ်ကို ငြင်းပယ်မှာတော့ မဟုတ်ဘူးမလား”
ကောင်းကင် အရှင်သခင်သည် ကောင်းကင်ဘုံ ပိုင်နက်၏ ဘုရင်ဖြစ်ပြီး ကိုးပြည်ထောင် နိုင်ငံတော်အား အုပ်ချုပ်သူဖြစ်သည်။ သူ့ထံတွင် သမီးတော် ၇ ပါး ရှိပြီး အငယ်ဆုံး သမီးတော်၏ တာအိုအမည်မှာ ထျန်းယွီဖြစ်သည်။ သူမသည် ထက်မြက်သည့်အပြင် သူမ၏ လက်များအား အသုံးပြုရာတွင် ကျွမ်းကျင်လှသည်။ ထို့အပြင် ကြင်နာတတ်သူလည်း ဖြစ်သည်။ ထျန်းယွီသည် ကောင်းကင် အရှင်သခင်၏ အချစ်ဆုံး သမီးတော်လည်း ဖြစ်သည်။
ကောင်းကင်နတ်မိမယ် ထျန်းယွီထံမှ ဆုလာဘ်သည် အလွန်အမင်း ရှားပါးလှသည့် အခွင့်အရေးတစ်ရပ် ဖြစ်သည်။
ကျင်းအန်လန်၏ စကားကြောင့် သူတို့အားလုံးသည် စိတ်လှုပ်ရှားလာကြပြီး အနည်းငယ်မျှပင် စဉ်းစားခြင်း မပြုဘဲနှင့် သဘောတူ လိုက်ကြသည်။
အန်လင်းတို့၏ အပြုအမူများအား မြင်လိုက်ရသည့် အခါတွင် ကျင်းအန်လန်သည် စိတ်သက်သာရာရစွာဖြင့် လေပူများ မှုတ်ထုတ် လိုက်လေသည်။ "သခင်မ ထျန်းယွီက တိမ်တိုက်တောင်ထိပ်မှာ နေတာလေ။ မင်းတို့ကို ခေါ်သွားပေးမယ်”
တိမ်တိုက် တောင်ထိပ် ဟုတ်လား။
အန်လင်းသည် အနည်းငယ် တုံ့ဆိုင်းသွားသည်။ ကျန်ရှိသည့် အဖွဲ့သားများ သည်လည်း သတိပြုမိဟန်ရှိသည်။
လူတိုင်းသည် အန်လင်းအား ကြည့်လိုက်သည်။ အန်လင်းသည် တိမ်တိုက် တောင်ထိပ်သို့ သွားကာဖြင့် တွဲလောင်း ခုန်ချခဲ့သည် မဟုတ်ပါလား။
အန်လင်း၏ နှလုံးသားလေးမှာ တင်းကျပ်လာသည်။ တိမ်တိုက် တောင်ထိပ်တွင် ချယ်ရီတောအုပ်ငယ် တစ်ခု ရှိပြီး လင်းကျွင်းကျွင်းဟူသည့် မိန်းမတစ်ဦး နေထိုင်သည်။ သူမအပြင် အခြားမည်သူမျှ မရှိချေ။
"ကောင်းကင်နတ်မိမယ် ထျန်းယွီက တိမ်တိုက် တောင်ထိပ်မှာ တစ်ဦးတည်း နေထိုင်တာလားဗျ” အန်လင်းသည် စိုးရိမ်ပူပန်မှု အပြည့်ဖြင့် မေးလိုက်သည်။
အန်လင်း၏ အမေးကြောင့် ကျင်းအန်လန်မှာ အနည်းငယ် ရှုပ်ထွေးသွားသည်။ သို့သော်လည်း ခေတ္တမျှ တုံ့ဆိုင်းပြီးနောက်တွင် "ဟုတ်တယ်။ သခင်မ ထျန်းယွီက တိမ်တိုက်တောင်ထိပ်မှာ မကြာခဏ ဆိုသလို အနုပညာတာအိုကို ကျင့်ကြံလေ့ရှိတယ်။ သာမန်လူသားတွေ အနေနဲ့ တိမ်တိုက်တောင်ထိပ်ကို ဖြတ်သန်း ဝင်ရောက်ခွင့်မရှိဘူး”
အနုပညာတာအို ကျင့်ကြံတယ်တဲ့လား။ ခင်ဗျားပြောတာ ရယ်စရာကောင်းတဲ့ ကြိုးကြာဖြူတွေ ဆွဲတာကို ဆိုလိုတာလား။
သူမသာလျှင် ဖြစ်ပေလိမ့်မည်။
အန်လင်းသည် ဆက်စပ် တွေးကြည့်ပြီးနောက်တွင် ရှုံ့မဲ့လာတော့သည်။ သူသည် ကျင်းအန်လန်ပြောသည့် သာမန်လူသားများထဲမှ တစ်ဦးဖြစ်သည်။ ထိုမျှသာမကသေးချေ သူမ၏ ပိုင်နက်အား ဖြတ်ကျော်ကာ သူမ၏ အနုပညာကိုပင် လှောင်ပြောင်ခဲ့သေးသည်။
ဖာ့ခ် … အဲဒီကို ပြန်သွားတာနဲ့ သေပြီပဲ။
လင်းကျွင်းကျွင်း၏ ရက်စက် ကြမ်းကြုတ်မှုများအား ပြန်လည် သတိရမိသည့်အခါတွင် အန်လင်း၏ နဖူးတွင် ချွေးသီးများ ဖြစ်လာတော့သည်။
မဟုတ်ဘူး။ ပြန်မသွားနိုင်ဘူး။
“အာ့”
အန်လင်းသည် သူ၏ဝမ်းဗိုက်အား ဖိကာဖြင့် ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။
"ဟမ် .. အဆင်ပြေရဲ့လား အန်လင်းရေ” ကျင်းအန်လန်သည် အန်လင်းထံသို့ လျှောက်လာသည်။
"ကျွန်တော့်ရဲ့ ဗိုက်က ရုတ်တရက်ကြီး နေလို့မကောင်း ဖြစ်လာလို့ပါ။ ခြေထောက်တွေလည်း အတော်လေး အားနည်းနေတယ်။ လမ်းလျှောက်နိုင်မယ်လို့ မထင်ပါဘူးဗျာ။ ကျွန်တော့်ကို ထားခဲ့ပြီး ခင်ဗျားတို့ပဲ တိမ်တိုက်တောင်ကို သွားကြပါ။ ကျွန်တော်က ခဏလောက် အနားယူဖို့ လိုအပ်နေလို့ပါ” အန်လင်းသည် ဝေဒနာကြီးစွာ ခံစားနေရပုံဖြင့် ပြောလိုက်သည်။
ကျင်းအန်လန်သည် အန်လင်း၏ ဝမ်းဗိုက်ပေါ် လက်တင် လိုက်ပြီးနောက် ခန္ဓာကိုယ်အတွင်းသို့ အနွေးဓာတ် ပျံ့နှံ့စေလိုက်သည်။
ထို့နောက်တွင် စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ "ထူးဆန်းလိုက်တာ။ အန်လင်းရေ မင်းရဲ့ခန္ဓာကိုယ်ထဲ ဝမ်းပျက် ဝမ်းလျောတာမျိုး မတွေ့မိပါဘူး”
"အပျက်အစီးပုံထဲက အရာတွေကြောင့် ဖြစ်မယ်ထင်တယ်” အန်လင်းသည် နာကျင်စွာဖြင့် မျက်လုံးများအား မှိတ်ထားလိုက်သည်။
ကျင်းအန်လန်သည် အန်လင်း၏ စကားကို ကြားသည့်အခါတွင် ပို၍ တုန်လှုပ်သွားတော့သည်။ "အဲဒါဆိုရင် အခုပဲသွားမှ ဖြစ်လိမ့်မည်။ အပျက်အစီးပုံက အဆိပ်ဆိုရင် သေစေနိုင်တယ်ကွ။ သခင်မထျန်းယွီက ဆေးပညာမှာ အရမ်းထူးချွန်တယ်။ ဘယ်လိုရောဂါမျိုးမဆို ကုသပေးနိုင်တယ်”
အန်လင်းမှာ ပို၍ပင် စိုးရိမ်လာမိသည်။ သေလိုက်ပါတော့။ ကျုပ်ကိုကုပေးဖို့ သူမဆီ ခေါ်သွားမယ်တဲ့လား။ ဘယ်လိုကုမှာလဲ။ ခန္ဓာကိုယ်ကို ရိုက်နှက်ပြီး ကုသမှာလား။
ဝုန်း ...
ကျင်းအန်လန်သည် မီတာ ၁၀၀ ရှည်သည့် ချိုနဂါးအသွင် ပြောင်းလဲ လိုက်ပြီးနောက် လေပေါ်သို့ တက်လိုက်သည်။
လေပြင်းတစ်ချက် တိုက်ခတ် သွားပြီးနောက်တွင် အန်လင်းတို့သည် ချိုနဂါး၏ ကျောပေါ်သို့ ရောက်ရှိသွားကြသည်။
တိမ်မြူသံကြိုးများသည် လေထုအတွင်းမှ ဖြစ်တည်လာပြီးနောက် အန်လင်းတို့အား တင်းတင်း ချည်နှောင်လိုက်သည်။
"စိတ်ကိုလျှော့ထား အန်လင်းရေ။ သခင်မထျန်းယွီဆီ အမြန်ဆုံး ပို့ပေးမယ်”
မီတာ၁၀၀ ရှည်သည့် ချိုနဂါးသည် အန်လင်းအား နှစ်သိမ့်ပြီးနောက်တွင် တိမ်တိုက်တောင်ထိပ်သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
"အဆင်ပြေမနေဘူး ခင်ဗျ။ နှေးနှေးလေး သွားပေးလို့ ရမလား” အန်လင်းသည် နဂါး၏ကျောပေါ်တွင် ထိုင်လျက်ရှိသည့်။ သူ၏ မျက်လုံးထဲတွင် မျက်ရည်များ ရစ်ဝဲလျက် ရှိနေလေသည်။
တိမ်တိုက်တောင်နှင့် နီးကပ်လာသည်ကို ကြည့်ကာဖြင့် မကြာမီတွင် အသက်ပျောက်ရ တော့မည်ကို သိနေလေသည်။
***