ဝိညာဉ်သားရဲတောင် သွေးရှင်းတမ်း
Vol. 1 Ch. 60
"အရှင်ကျန်း ... ခဏ နေပါဦး”
ကျန်းယွင်ဟိုင်သည် ဆရာများနေထိုင်ရာ အဆောင်မှ ထွက်လာရုံပင် ရှိသေးသည်။ သာယာ ပျော့ပြောင်းသော အသံတစ်သံသည် ထွက်ပေါ်လာခဲ့သည်။ ကျန်းယွင်ဟိုင်သည် နောက်သို့လှည့်ကာ ပြုံးပြလိုက်သည်။
"မိန်းကလေးစုကို နှုတ်ဆက်ပါတယ် ... အကြီးအကဲဖေးကများ သူ့စိတ်ကို ပြောင်းလဲ လိုက်လေလား”
"မဟုတ်ပါဘူး ... "
နှင်းကဲ့သို့ စွတ်စွတ်ဖြူနေသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော စုလောရွှယ်၏ အသားအရေသည် နှင်းပွင့်လေးကဲ့သို့ပင် နူးညံ့ဖြူစင် နေခဲ့သည်။ သူမ၏ မျက်နှာတွင် မည်သည့် အမူအရာမှ ရှိမနေဘဲ စကားပြောရင်း လမ်းလျှောက်လာခဲ့သည်။
"ကျန်းရီက ပြိုင်ပွဲကို နှုတ်ထွက်လိုက်ပြီဆိုတော့ အဲဒီ ကြေငြာချက်ကို ပြောင်းလဲဖို့ နည်းလမ်း မရှိတော့ဘူး ... ဒါပေမဲ့ ရှင်ကြားဖူးမလား မသိဘူး ... ဝိညာဉ်သားရဲတောင် သွေးရှင်းတမ်း ဆိုတာ ... နှစ်လအတွင်း အဲဒါက ဝိညာဉ်သားရဲ မြို့တော်မှာ စတင်လိမ့်မယ်”
"ဝိညာဉ်သားရဲတောင် သွေးရှင်းတမ်း”
ကျန်းယွင်ဟိုင်သည် ချက်ချင်း သဘောပေါက်သွားခဲ့ပြီး မျက်လုံးများ တောက်ပလာခဲ့သည်။ သူသည် ခေါင်းငုံ့ကာ အရိုအသေပေးလိုက်ပြီး ...
"ကျွန်တော့်ကို လမ်းမှန်ညွှန်ပြ ပေးတဲ့အတွက် ဆရာမစုကို ကျေးဇူးတင်ပါတယ် ... ကျန်းရီသာ ကံကောင်းပြီး ကျောင်းဝင်ခွင့်ရခဲ့ရင် ဆရာမစုရဲ့ ကျေးဇူးကို မမေ့ပါဘူး”
"ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး”
စုလောရွှယ်သည် လှည့်ထွက်သွားခဲ့သည်။ သူမသည် အဆောင်၏ ဝင်ပေါက်တွင်ပင် ရှိသေးသည် နောက်သို့လှည့်လာခဲ့ပြီး ပြောလာခဲ့သည်။
"ကျွန်မက ဒီသတင်းကို ပြောတာ ရှင့်ကြောင့်မဟုတ်ဘဲ ကျန်းရီအတွက် ပြောပေးတာ ... အပြင်ဘက်မှာ သူ့အကြောင်း ကောလာဟလတွေ အများကြီး ထွက်နေပေမဲ့ ... အစေခံမိန်းကလေး တစ်ယောက်အတွက် သူ့အနာဂတ်နဲ့ အသက်ကို စွန့်လွှတ်ဖို့ ဆန္ဒရှိတဲ့လူက မကောင်းတဲ့သူ မဟုတ်ဘူး ဆိုတာ ကျွန်မယုံကြည်တယ် ... ဒီလို လူကောင်းတွေက လောကမှာ အရမ်း နည်းပါးလွန်းတယ် ..."
ဆရာမစု ထွက်သွားခဲ့ပြီ ဖြစ်သော်လည်း ကျန်းယွင်ဟိုင်သည် ထိုနေရာ၌သာ ရပ်၍ ကျန်ခဲ့သည်။ သူမ၏ စကားများသည် သူမ၏ မမြင်ရသော ဘက်ခြမ်းကို ဖွင့်ပြနေခဲ့ပေသည်။ သူမ၏ အတွင်းစိတ်သည် သူမ၏ ပုံပန်းသွင်ပြင်ထက် ပို၍ နူးညံ့ပေသည်။ သူမတွင်လည်း ကိုယ်ပိုင် ဇာတ်လမ်းတစ်ပုဒ် ရှိရပေမည်။
***
"ဘယ်လို ... အဘိုးက ကျွန်တော့်ကို ဝိညာဉ်သားရဲ သင်တန်းကျောင်းကို တက်စေချင်တယ် ... ကျွန်တော် မသွားချင်ဘူး ... ကျွန်တော် ရှောင်နူနဲ့ပဲ နေချင်တယ် ..."
"အရှင်ငယ် ... ကျွန်တော်ပြောတာကို နားထောင်ပါဦး”
ကျန်းယွင်ဟိုင်သည် လက်ဝှေ့ယမ်းလိုက်ကာ ပြောလိုက်သည်။
"ကျွန်တော်စောစောက ကျီထျန်းနဲ့ ရှောင်နူရဲ့ အခြေအနေကို ဆွေးနွေးပြီးပြီ ... ကျွန်တော်တို့ နှစ်ယောက်လုံး သိလိုက်တာက သူမကို ကယ်ဖို့ နည်းလမ်းနှစ်ခုပဲ ရှိတယ်”
ကျန်းယွင်ဟိုင်သည် ခဏရပ်ထားပြီးမှ ဆက်ပြောလာခဲ့သည်။
"ပထမအဖြေက လူတစ်ယောက်ကို ရှာဖို့ပဲ ... ဒါပေမဲ့ အရမ်းကြီး မလိုအပ်ဘဲ သူ့ကို သွားမရှာချင်ဘူး ... မဟုတ်ရင် သခင်လေးရဲ့ သရုပ်မှန် ပေါ်သွားပြီး သခင်လေးအမေရဲ့ ဆန္ဒကို ဆန့်ကျင်ရာ ရောက်လိမ့်မယ် ... သူမသာ ဒါကို သိသွားခဲ့ရင်လည်း သူမရဲ့ ဝိညာဉ်က တမလွန်လောကမှာ ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး”
"လူတစ်ယောက်”
ကျန်းရီ၏ အမူအရာသည် မည်းမှောင်သွားခဲ့ပြီး သူ၏ နှုတ်ခမ်းထောင့်များသည် ခါးသက်စွာ တွန့်ကွေးသွားခဲ့သည်။
"အဘိုးက ကျွန်တော့်အဖေကို ပြောတာပဲ ... ဟုတ်တယ်မလား”
ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေသော ကျန်းယွင်ဟိုင်၏ မျက်နှာသည် တစ်စတစ်စ ဒေါသများနှင့် ပြည့်နှက်လာခဲ့သည်။
"မင်းအဖေက အင်အားကြီးတဲ့ လူတစ်ယောက်ပဲ ... ဒါပေမဲ့ သူက တစ်နေ့မှာ သခင်မကို ပစ်သွားခဲ့တယ် ... သူ့အတွက်သာ မဟုတ်ရင် သခင်မ သေစရာအကြောင်း မရှိဘူး ... ဒါကြောင့်မို့ ငါရွေးစရာမရှိတာ မဟုတ်ဘဲ သူ့ဆီ မသွားချင်ဘူး ... ငါ သူ့မျက်နှာကို မတွေ့ချင်ဘူး ... မြင်မိရင် ငါ့မှာ ရှိသမျှ အားလုံးနဲ့ ပုံအောပြီး သူ့ကိုသတ်ဖို့ ကြိုးစားမိလိမ့်မယ် ... ဒါပေမဲ့ မင်းက မင်းအဖေနဲ့ ပြန်ဆက်သွယ်ချင်တယ် ဆိုရင်လည်း ငါမင်းကို မတားပါဘူး ... မင်းနဲ့ငါ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ မတွေ့ကြရုံပေါ့"
"အဘိုး ... ဆက်မပြောနဲ့တော့”
"သူ့ဆီကို သွားဖို့ မလိုပါဘူး ... ကျွန်တော်က သူမရှိဘဲ အသက်ရှင်နိုင်ပေမဲ့ အဘိုးမရှိဘဲတော့ အသက် မရှင်နိုင်ဘူး ... အဘိုး ... ကျွန်တော့်အကြောင်းကို မသိဘူးလား ... ဒါတွေ ဆက်မပြောပါနဲ့တော့ ... ကျွန်တော် သူ့အကြောင်းကို ဘာမှ မကြားချင်ဘူး”
"ကောင်းပြီလေ”
ကျန်းယွင်ဟိုင်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် ဆက်ပြောလာခဲ့သည် ...
"ဒုတိယ အခွင့်အရေးကတော့ မင်း ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဝင်ခွင့်ရဖို့ပဲ ... ငါပြောခဲ့တဲ့ နည်းလမ်းတစ်ခုက ရှောင်နူကိုကယ်ဖို့ ထာဝရ ရှင်သန်သူအဆင့် ဆေးလုံး လိုအပ်တယ် ... ဒီဆေးလုံးမျိုးက အရမ်းရှားပါးပြီး ပြုလုပ်ဖို့လည်း နှစ်ချီပြီး ကြာမြင့်တယ် ... တခြားနည်းလမ်း တစ်ခုက ကောင်းကင်အဆင့် ကုသသူကို အကူအညီ တောင်းဖို့ပဲ”
"ကောင်းကင်ကြယ်တာရာ နယ်မြေ တစ်ခုလုံးမှာ ကောင်းကင်အဆင့် ကုသသူ လေးယောက်ဘဲ ရှိတယ် ... နှစ်ယောက်က ရှားနိုင်ငံတော်နဲ့ မြောက်ဘက်လျန့်နိုင်ငံရဲ့ တော်ဝင် မိသားစုထံမှာ အမှုထမ်း နေကြတယ် ... တခြားတစ်ယောက်က ကမ္ဘာ့အနှံ့ လှည့်လည် သွားလာနေတာ ဖြစ်ပြီးတော့ သူ့အကြောင်း မကြားရတာ နှစ်အတော်ကြာပြီ ... နောက်ဆုံးတစ်ယောက်ကတော့ ဝိညာဉ်သားရဲ သင်တန်းကျောင်းမှာ ရှိတယ် ... ငါရည်ရွယ်တာက မင်း ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဝင်ခွင့်ရပြီး မျက်နှာသာ အပေးခံရရင် ရှောင်နူကို ကုသပေးဖို့ တောင်းဆိုလို့ ရတယ် ... သူမကူညီဘူး ဆိုရင်တောင် ငါ့မှာ သူ့ကို ကမ်းလှမ်းဖို့ ငွေကြေးအများကြီး ရှိတယ်”
"ကျွန်တော် သိပါပြီ”
ကျန်းရီသည် သဘောပေါက်သွားခဲ့သည်။ သူသည် အိပ်ရာထက်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေသော ဖြူဖျော့နေသည့် ရှောင်နူကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ကျွန်တော်သွားမယ် ... ဒါပေမဲ့ ... ကျွန်တော်က ဘယ်လိုလုပ်ပြီး ဝင်ခွင့်ရမှာလဲ ... ကျွန်တော် ပြိုင်ပွဲကနေ ထွက်လိုက်ပြီလေ”
"ဒါကို စိတ်ပူမနေနဲ့"
"အခု မင်းရဲ့ တာဝန်က မြန်မြန်နေကောင်းလာပြီး ကျင့်ကြံခြင်းမှာ အားအပြည့် စိုက်ထားဖို့ပဲ ... ဒီအတောအတွင်း မင်းရဲ့ ကျင့်ကြံဆင့်တွေ တိုးမြှင့်ပေးနိုင်တဲ့ ပစ္စည်းတွေကို ငါပေးမယ် ... နောက်လမှာ မင်းနဲ့ ရှောင်နူကို ဝိညာဉ်သားရဲမြို့ကို ခေါ်သွားမယ်”
"ကောင်းပါပြီ”
ကျန်းရီ၏ အသံသည် တုန်ခါနေခဲ့သည်။ သူ နိမ့်ကျစွာ ကြီးပြင်းခဲ့ရသော ဤဝမ်းနည်းစရာ နေရာမှ သူနှင့်ရှောင်နူကို ခေါ်ဆောင်သွားမည် ဟူသော ကျန်းယွင်ဟိုင်၏ အစီအစဉ်ကို ကြားပြီးသော် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
"အိုး ... ဟုတ်သားပဲ”
မေးခွန်းတစ်ခုသည် ကျန်းယွင်ဟိုင်ဆီမှ ထွက်ပေါ်လာခဲ့သည်။
"မာဂိုဏ်းနဲ့ ကျန်းဂိုဏ်းကို သခင်လေး ဘယ်လိုစီရင်စေချင်လဲ ... သခင်လေး မကျေနပ်သေးရင် ... ကျွန်တော် မာဂိုဏ်းတစ်ခုလုံးနဲ့ အတိတ်က သခင်လေးအပေါ် မကောင်းခဲ့တဲ့ ကျန်းဂိုဏ်းသားတွေ အကုန် ကျွန်တော်သတ်ပေးနိုင်တယ်”
"အာ”
ကျန်းရီသည် ခေါင်းရမ်းလိုက်သည်။
"ထားလိုက်ပါတော့ ... အဘိုး ... ဘာပဲပြောပြော ... အဘိုးက ကျန်းဂိုဏ်းသား တစ်ယောက်ပဲလေ ... ဒါအတွက် လူတွေသေတာ လုံလောက်နေပါပြီ ... ကျွန်တော် မာဟေးချီ၊ ကျန်းရုလုံနဲ့ ကျန်တဲ့ သူတွေကို သတ်ပြီးသွားပြီ ... ကျွန်တော် နောက်ထပ် ဘယ်သူ့ကိုမှ မသေစေချင်တော့ဘူး”
"ကောင်းပြီလေ ... အနားယူပြီး မင်းရဲ့ ဒဏ်ရာတွေကို အရင် ကုသလိုက်ပါဦး ... ငါအပြင်ခဏ သွားဦးမယ်”
ကျန်းယွင်ဟိုင်သည် ကျန်းရီ၏ ပခုံးကို ပုတ်၍ ထွက်သွားခဲ့သည်။ ကျန်းရီသည်လည်း ဘေးတွင် ရှိသော ရှောင်နူကို တစ်ချက်ကြည့်လိုက်ပြီး စတင်ကျင့်ကြံနေခဲ့သည်။
သူ့အတွက် ကျန်းရှောင်နူကို ကုသရန်မှလွဲ၍ ဘာမှအရေးမကြီးပေ။ ဝိညာဉ်သားရဲ သင်တန်းကျောင်း သူမည်မျှပင် အထင်သေးသေး ... ကျန်းရှောင်နူကို ကုသလိုပါလျှင် သူသည်းခံ ရပေမည်။ ရည်ရွယ်ချက်သည် အပျော်ရှာရန် အတွက်ရော၊ သင်ကြားရန်ပါ မဟုတ်ပဲ အသက် တစ်ချောင်းကို ကယ်တင်နိုင်ရန် ဖြစ်သည်။
***
သည်းထန်နေသော မိုးသည် မွန်းလွဲပြီး လေးဆယ့်ငါးမိနစ်ခန့်တွင် လျော့ပါးသွားသော်လည်း လေထုကမူ အေးစိမ့်နေဆဲပင် ဖြစ်သည်။ အပြင်ဘက်တွင် သွားလာနေသူများမှာ အနည်းငယ်သာ ရှိရာ ကောင်းကင်တောင်ပံ မြို့တစ်ခုလုံးတွင် လူသူကင်းမဲ့ နေသည့်နှယ်ပင်။
သို့သော် မာဂိုဏ်း၏ ခြံဝန်းထဲတွင်မူ ကွဲပြားစွာ လူတစ်အုပ်သည် စုစည်းနေခဲ့သည်။ ကျန်းယွင်ဟိုင်သည် မြို့စားအိမ်တော်မှ ပထမဆုံးအကြိမ် ထွက်လာခဲ့ခြင်းဖြစ်ပြီး သူသည် ကျန်းဟွိုက်နှင့်အတူ မာဂိုဏ်းဆီသို့ ရောက်ရှိနေခဲ့သည်။ ဂိုဏ်းအသီးသီးမှလည်း အခြေအနေများကို စောင့်ကြည့်ရန် သူလျှိုများ စေလွှတ်လိုက်ကြသည်။ အပြင်လူများသည် ကျန်းယွင်ဟိုင်များ သွေးရူးသွေးတန်း ဖြစ်သွားကာ မာဂိုဏ်းလို ဂိုဏ်းကြီးတစ်ဂိုဏ်းကို အမြစ်ဖြတ် သုတ်သင် ပစ်လိုက်လေမလားဟု လာကြည့်ကြခြင်း ဖြစ်သည်။
"ဒီအမိုက်အမဲလေးက အရှင်ဟိုင်နဲ့ စစ်သူကြီး ကျန်းဟွိုက်ကို ကြိုဆိုပါတယ်”
မာခွေသည် ခရမ်းရောင်နန်းတော်ရှင် အဆင့် လူတစ်အုပ်ကို ဦးဆောင်ကာ ကျန်းယွင်ဟိုင်နှင့် ကျန်းဟွိုက်ကို ကြိုဆိုပြီး မာဂိုဏ်း၏ ခြံဝန်းထဲသို့ ဝင်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ကျန်းယွင်ဟိုင်သည် စကားတစ်ခွန်းမှ မဆိုခဲ့ချေ။ သူ၏ တိတ်ဆိတ် ငြိမ်သက်နေသော အမူအရာသည် ယဉ်ကျေးပျူငှာဟန် ထိန်းထားရသော မာခွေနှင့် အခြားလူများကို ခြောက်လှန့်နေခဲ့သည်။
ခန်းမကျယ်ကြီးထဲသို့ ရောက်လျှင် သူသည် အိမ်ရှင်ထိုင်ခုံသို့ တန်းတန်းမတ်မတ် သွား၍ ထိုင်ချလိုက်သည်။ သူသည် ကျန်းဟွိုက် ထိုင်ပြီးသည်အထိ စောင့်လိုက်ပြီး ကျန်လူများကို ဓားသွားကဲ့သို့ ထက်ရှသော မျက်လုံးများနှင့် တစ်ချက်ကြည့်လိုက်သည်။
"ကိစ္စကို ရပ်တန့်လိုက်ရအောင် ... ရွေးချယ်စရာ နှစ်ခုရှိတယ် ... မာဂိုဏ်းက လူတွေအားလုံး သေမလား ... မင်းတို့ရဲ့ လုပ်ရပ်တွေအတွက် ငါတို့ကို လျော်ကြေးပေးမလား ... မာခွေ ... မင်းဆုံးဖြတ်လိုက်”
မာခွေနှင့် မာဂိုဏ်းမှ ကျန်လူများ၏ စိတ်များသည် ခြောက်ခြားသွားခဲ့သည်။ လက်ထောက်စစ်သူကြီး ကျန်းဟွိုက်တောင် သူ့စကားများကို ခုခံနေခဲ့ရသည်။ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် အင်အားသည်သာ အရေးအပါဆုံး ဖြစ်ပြီး စည်းမျဉ်းများသည် အသုံးမဝင် သော်လည်း ကျင့်ဝတ် ထုံးတမ်းများကို ဟန်ပြ၍ဖြစ်စေ လိုက်နာသင့်သည် မဟုတ်ပါလား ... ကျန်းယွင်ဟိုင်က မာဂိုဏ်းတစ်ခုလုံးကို သတ်ချင်နေတာကို ဘယ်လိုများ ဖုံးကွယ်မထားဘဲ ပြောနိုင်ရတာလဲ။
ရွေးချယ်စရာ ... ဘယ်မှာရွေးချယ်စရာ ရှိလို့လဲ။
မာခွေသည် ကျန်းဟွိုက်ကို တစ်ချက်ခိုးကြည့်လိုက်ပြီး အံကြိတ်ကာ အရှုံးပေးလိုက်ရသည်။
"ကျွန်တော်က အရှင်ဟိုင်ကို လျော်ကြေးပေးဖို့ ရွေးပါတယ် ... ပမာဏကို ပြောကြည့်ပါ”
မာခွေသည် ကျန်းရီနှင့် မာဂိုဏ်းသားတို့၏ ပြဿနာသည် ဘယ်လို စတင်ခဲ့သည်ကို မသိတော့သော်လည်း ယခုမူ မာဂိုဏ်းသားတို့၏ အသက်နှင့် ပတ်သက်နေခဲ့ပြီးဖြစ်ကာ မာဂိုဏ်းသည် ချောင်ပိတ်မိနေခဲ့ပြီ ဖြစ်သည်။ မာဂိုဏ်းသည် မှားခဲ့လျှင်တောင် ကျန်းရီမှ ဂိုဏ်း၏တပည့် အများအပြားကို သတ်ခဲ့သည့်အပြင် ကျန်းယွင်ဟိုင်မှလည်း ဂိုဏ်း၏ ခရမ်းရောင် နန်းတော်ရှင်အဆင့် လူများကို သတ်ခဲ့သောကြောင့် အမြောက်အမြား ဆုံးရှုံးနေခဲ့ပြီ ဖြစ်သည်။ ကျန်းယွင်ဟိုင်သည် အကြောင်းပြချက်မရှိဘဲ လျော်ကြေး လိုချင်နေသေးသည်။
"ဟား..ဟား..”
ကျန်းယွင်ဟိုင်သည် တကယ်လည်း မာဂိုဏ်း၏ ချမ်းသာမှုများကို လုယက်ရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် အေးစက်စွာ ရယ်မောလိုက်သည်။
"မြေကမ္ဘာအဆင့် ဆေးလုံး ငါးထောင်၊ ခရမ်းရောင်ရွှေ တေးလ်ငါးသိန်း ... ဒါဆိုရင် ငါက မာဂိုဏ်းကို ဆံဖျား တစ်ထောက်စာတောင် မထိပါးတော့ဘူးလို့ ကတိပေးတယ် ... ဘယ်လိုလဲ”
"ဘာ”
မာခွေနှင့် အခြားမာဂိုဏ်းမှ အကြီးအကဲများ၏ မျက်နှာများသည် ပျက်ယွင်းသွားကြသည်။ ကျန်းယွင်ဟိုင် ဘယ်လောက်တောင် အကြင်နာ ကင်းမဲ့လိုက်ပါသနည်း။ မြေကမ္ဘာအဆင့် ဆေးလုံး တစ်လုံးသည် ရွှေစတစ်ရာ ကုန်ကျသည်။ ရွှေစငါးထောင်ဆိုလျှင် ခရမ်းရောင်ရွှေ တေးလ်ငါးသိန်း ကုန်ကျသည်။ လျော်ကြေးတန်ဖိုးသည် စုစုပေါင်း ခရမ်းရောင်ရွှေ တေးလ်တစ်သန်း တန်ဖိုးရှိသည်။
ဂိုဏ်းမှာ လုံလုံလောက်လောက် ရှိပါ့မလား။
ဒါပေါ့ ... သေချာပေါက်ကို ရှိတယ်။
သို့သော် ဂိုဏ်း၏ ပိုင်ဆိုင်မှု အမြောက်အမြားကို ရောင်းချပစ်ရန် လိုလေသည်။ ကျန်းယွင်ဟိုင်သည် မာဂိုဏ်းကို အခွံဖြစ်သွား စေချင်သည်မှာ ထင်ရှားသည်။ ခရမ်းရောင်ရွှေ တေးလ်တစ်သန်းသည် မာဂိုဏ်းအတွက် အကြီးမားဆုံးသော ထိုးနှက်ချက်ကြီး ဖြစ်သည်။ သူတို့၏ မူလ ပိုင်ဆိုင်မှုများကို ပြန်ရရန် ရာစုနှစ်တစ်ခုစာ အနည်းဆုံး ကြာမည်ဖြစ်သည်။ ထို့ပြင် မာဂိုဏ်းသည် အခြားဂိုဏ်းများ၏ ပစ်မှတ်ထားခြင်းကို ခံရပြီး ဒုတိယတန်းစား ဂိုဏ်းအဖြစ်သို့ ရောက်အောင် ဆွဲချခြင်း ခံရပေလိမ့်မည်။
"မင်းမှာ ငါးရက်အချိန်ရမယ် ... ငါးရက်အတွင်း ဆေးတွေနဲ့ ခရမ်းရောင်ရွှေတွေကို မြို့စား အိမ်တော်ကို ပို့ပေးလိုက် ... မဟုတ်ရင်တော့ ... ဟမ့်”
ကျန်းယွင်ဟိုင်၏ မျက်ဝန်းတွင် အဓိပ္ပာယ် အပြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူသည် ကျန်းဟွိုက်ကို ခေါင်းညိတ်ပြကာ ခြံဝန်းအပြင်သို့ ထွက်လာခဲ့သည်။
ခြံဝန်းတံခါးသို့ ရောက်သောအခါ ကျန်းယွင်ဟိုင်သည် ရပ်လိုက်ပြီး အနောက်ဘက် မြို့စောင့်တပ်ကို အဝေးသို့ လက်ယမ်းပြ၍ နှင်ထုတ်လိုက်သည်။ ထို့နောက် ကျန်းဟွိုက်ကို တိုးတိုး ပြောလိုက်သည်။
"စစ်သူကြီး ကျန်းဟွိုက် ... မင်းအမြင်မှာ မှားနေနေ၊ မှန်နေနေ ငါဂရုမစိုက်ဘူး ... ပြီးတော့ ငါလည်း ရှင်းမပြချင်ဘူး ... မင်းဘာမှ မမေးဖို့ ငါမျှော်လင့်တယ်”
"ကောင်းကင်တောင်ပံ မြို့မှာ ဖြစ်ခဲ့တာတွေ အပြင်ကို ပေါက်ကြားသွားခဲ့ရင် မင်းအတွက်လည်း မကောင်းဘူး ... မာဂိုဏ်းရဲ့ ခရမ်းရောင်ရွှေ တေးလ်ငါးသိန်းက မင်းအတွက် ဖြစ်ပြီးတော့ မင်းလူတွေကို မင်းစိတ်ကြိုက် ချီးမြှင့်နိုင်တယ် ... ငါမင်းကို မငြင်းဖို့ မေတ္တာရပ်ခံပါတယ် ... မင်းလူတွေကို ပြန်ခေါ်သွားနိုင်ပါပြီ ... ကျန်တာတွေကို ငါရှင်းလိုက်မယ်”
"ကောင်းပါပြီ ... အရှင်ဟိုင် ... တစ်ခုခု လိုအပ်လာရင် တောင်းဆိုနိုင်ပါတယ်”
ကျန်းဟွိုက်သည် ခေါင်းညိတ်၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ သူ့တွင် လေးစားမှုမှ တစ်ပါး မည်သည့် အမူအရာမှ ရှိမနေပေ။
"လူတိုင်းကို ပြောလိုက် ... ကိုယ့်ရဲ့တပ်စု အသီးသီးဆီ ပြန်သွားကြပြီး မြို့စားအိမ်တော်က အမိန့်ကို စောင့်နေလို့”
ကျန်းယွင်ဟိုင်ထွက်သွားသည်ကို ကြည့်ရင်း ကျန်းဟွိုက်၏ မျက်ခုံးတန်းတို့သည် ကွေးသွားကြသည်။ သူသည် တစ်ခုခုကို အသည်းအသန် စဉ်းစားနေခဲ့သည်။
လော့ကဲအရှင်၏ အိမ်တော်တွင် အမှုထမ်းနေသော သူ့ဝမ်းကွဲသည် သူ့ကို အကြောင်းကြားလာခဲ့သည်။ သူ့စကားအရ လော့ကဲအရှင်တွင် သားတစ်ယောက်သာ ရှိသည်။ လော့ကဲအရှင်တွင် မည်သည့် တရားမဝင် ကလေးမှ မရှိကြောင်း ထင်ရှားနေခဲ့သည်။ ကျန်းရီက သူ၏ တိတ်တိတ်ပုန်း ကလေးမဟုတ်ရင် ဘယ်သူ့ ကလေးများလဲ ... ကျန်းယွင်ဟိုင် ကျေးဇူးကြွေး တင်နေသူက အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင် မဟုတ်ရင် ဘယ်သူများလဲ။
***