ဖားပြုပ်ကို ဘာလို့အထင်သေးကြတာလဲ
Vol. 44 Ch. 604
ချင်းလျန် ဓားမသေမျိုးသည် ထိုထိပ်တိုက်တွေ့မှုမှ ကြီးမားသော ခြားနားမှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
တိုတိုပြောရလျှင် ထိုဓားချက်၏စွမ်းအားသည် သာမန် မသေမျိုးဧကရာဇ်တစ်ပါးကိုပင် သတ်ရန်လုံလောက်ပြီး နျိုပါ့ထျန်းကဲ့သို့သော အားကောင်းသော ကျင့်ကြံသူပင်လျှင် သေဆုံးနိုင်ဖွယ်ရှိသည်။ ရလဒ်အနေဖြင့် ဖားပြုပ်အရှင်မြတ်သည် ပေါ့ပေါ့ပါးပါး လက်တစ်ဖက်ကိုမြှောက်ကာ သူ အလွန်ဂုဏ်ယူဝင့်ကြွားရသော ဓားချက်ကို ချိုးဖျက်လိုက်လေသည်။
ပြိုင်ဘက်၏ ခွန်အားသည် နျိုပါ့ထျန်းထက် အများကြီး သာလွန်နေသည်ပင်။
“စိတ်ဝင်စားစရာ၊ အရမ်း စိတ်ဝင်စားစရာကောင်းတယ်။ မသေမျိုးဘုရင်တစ်ပါးအနေနဲ့ ဒီလိုစွမ်းအားမျိုးကို ထုတ်နိုင်တယ်ဆိုတော့ ဒီအရှင်က မင်းကို အင်အားအကြီးဆုံး လူသားမျိုးနွယ် မသေမျိုးဘုရင်အဖြစ် သတ်မှတ်ရတော့မှာပဲ။”
ဖားပြုပ်အရှင်မြတ်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ တောက်ပလာပြီး ဆိုသည်။ “ဒါပေမယ့် ဒါကြောင့်ပဲ မင်း သေရမယ်။ မင်းလို အားကောင်းတဲ့ ကျင့်ကြံသူ ဒီ့ထက်ပိုကြီးထွားလာမှာကို ငါလုံးဝခွင့်မပြုနိုင်ဘူး။"
ချင်းလျန် ဓားမသေမျိုး၏ ထိုဓားချက်က ဖားပြုပ်အရှင်မြတ်ကို သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခုအား ခံစားမိစေခဲ့သည်။ ထိုသို့သောကျင့်ကြံသူ အရင်ကျင့်ကြံဆင့်ကိုများ ပြန်ရသွားခဲ့လျှင် မည်မျှအင်အားကြီးမားလောက်မလဲဆိုတာ စိတ်ကူးရန်ပင်ခက်ခဲသည်။ ထို့ကြောင့် ဤနေရာတွင် သေကိုသေရမည်။
“သားရဲကောင်…” ချင်းလျန်ဓားမသေမျိုး၏ မျက်နှာသည် အလွန်တင်းမာနေပြီး သူ၏နဖူးပေါ်တွင် ချွေးအေးများစို့နေသည်။ ထိုဓားချက်သည် အသစ်ပြည့်စုံထားသော ကျင့်စဥ်၏ အမြင့်ဆုံးတိုက်ကွက်ဖြစ်လေရာ သူ့စွမ်းအား အားလုံးနီးပါးကို ကုန်ခမ်းသွားစေသည်ဟု ဆိုရမည်ပင်။ ယခုမှတော့ နောက်ဆုတ်စရာလမ်းမရှိတော့။
ဟုန်ချန်ယဲ့ မျက်မှောင်ကြုတ်လိုက်သည်။ မူလက သူဝင်ကူရန်ကြံခဲ့သေးသော်လည်း ဤမြင်ကွင်းကိုမြင်မပြီး သူဝင်ပါလည်း ဘာမှထူးခြားတော့မည်မဟုတ်ကြောင်း သိလိုက်သည်။
“မင်း ယဲ့မျိုးရိုး၊ ချက်ချင်းထွက်လာပြီး သေခြင်းတရားနဲ့ ရင်ဆိုင်လိုက်။ ဒါဆိုရင် ဒီအရှင်က ကျန်တဲ့သူတွေရဲ့အသက်ကိုတော့ ချမ်းသာပေးလိုက်ဦးမယ်။" ဖားပြုပ်အရှင်မြတ်က လှောင်ပြုံးဖြင့် ပြောပြီး သူ၏ကိုယ်ဟန်အမူအရာမှာ အတော်လေးဘဝင်မြင့်နေဟန်ရှိသည်။ သူသည် ဤပွဲတွင် နိုင်ကိုနိုင်လိမ့်မည်ဟု အလွန်ယုံကြည်မှု ရှိသည်၊ အဘယ်ကြောင့်ဆိုသော် သူ့တွင် ပိုင်ဆိုင်ထားသောအားသာချက်မှာ ရှုံးနိမ့်နိုင်ချေမရှိသော စွမ်းအားဖြစ်သောကြောင့်။
“ဒီ သေသင့်တဲ့ ဖားပြုပ်…” ကျင့်ကြံသူများ ဒေါသထွက်ကုန်ကြသည်။
ကောင်းပုလီ သက်ပြင်းချလိုက်ပြီး သူ၏အကြည့်သည် ငွေဖြူရောင်ဆံပင်နှင့်လူငယ်ပေါ်သို့ ကျရောက်ကာ စိတ်ထဲမှဆိုမိသည်။ “မြင်လား၊ ဒါဟာ မဟာမိတ် ခေါင်းဆောင် ဖြစ်လာရခြင်းရဲ့ တန်ဖိုးပဲ။ အချိန်တိုင်း ကိုယ့်ထက်ပိုပြီးအားကောင်းတဲ့ ကျင့်ကြံသူတွေရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်၊ ဒါက အစပဲ ရှိသေးတယ်။”
ဖားပြုပ်အရှင်မြတ်တွင် ထူးခြားသောအရာတစ်ခုခု ပိုင်ဆိုင်ထားကြောင်း သူပြောနိုင်သည်။ သူသည် ကြီးမားသော အခွင့်အရေးအချို့ကို ရရှိခဲ့ပြီး ခွန်အားတိုးတက်အောင် ပုန်းအောင်းကျင့်ကြံနေခဲ့ခြင်းသာ ဖြစ်ရမည်။
ကမ္ဘာ ပြန်လည်ထူထောင်ရေးသည် နှောင်းပိုင်းအဆင့်သို့ ဝင်ရောက်လာသည်နှင့်အမျှ ရုတ်တရက် စွမ်းအားအသစ်အဆန်းများ ရရှိလာသော သတ္တဝါများလည်း ပို၍သာ ပေါများလာကြပေတော့မည်။
“ကိုယ့်နေရာမှာ လုံလုံခြုံခြုံပုန်းမနေဘဲ အပြင်ထွက်လာပြီးပြဿနာ ဖန်တီးရဲတယ်။ မင်းလိုဖားမျိုးကိုတော့ ယမမင်းကတောင် လက်မခံချင်လို့ ပြန်ပို့လောက်တယ်။” လူအုပ်ထဲမှ ယဲ့ကျွင်းလင်သည် သူ၏လက်များကို နောက်ဘက်သို့ပစ်ကာ ဖြည်းဖြည်းချင်း လျှောက်ထွက်လာပြီး လှောင်ပြောင်ဆော့ကစားလိုဟန်အပြုံးဖြင့် ပြောလာသည်။
နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော ဆံပင်ရှည်များ ခါးလယ်အထိပြန့်ဝဲကျနေသည့် ခန့်ညားသော လူငယ်ကို မြင်သောအခါ ဖားပြုပ်အရှင်မြတ်သည် အန္တရာယ်အရိပ်အယောင်ကို အလိုလို ခံစားလိုက်ရပြီး မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်သွားသည်။
"မင်းက လူသိများတဲ့ အဲ့ဒီအကြီးအကဲယဲ့၊ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို စတင်တည်ထောင်သူလား?"
“အတိအကျပဲ။”
ယဲ့ကျွင်းလင်သည် လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး လေးနက်သောအသံဖြင့် ခပ်တည်တည်ဆိုသည်။ “သားရဲကောင်၊ မင်းဟာ အလယ်ပိုင်းဒေသမှာ အပြစ်မဲ့သူတွေကို ဖရိုဖရဲသတ်ဖြတ်ပြီး မကောင်းမှုတွေ များစွာပြုလုပ်ခဲ့တဲ့အတွက်၊ ဒီနေ့မှာ ငါ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းရဲ့ မဟာမိတ် ခေါင်းဆောင် အနေနဲ့၊ နောက်လူတွေအတွက် သင်ခန်းစာချန်ထားပြီးသားလည်းရအောင် မင်းကို ဒီနေရာမှာပဲ ကွပ်မျက်မယ်။"
ကြည်လင်သောအမိန့်သံသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကြာမြင့်စွာ ပဲ့တင်ထပ်နေပြီး တရားစီရင်နေသော နတ်ဘုရားတစ်ပါး၏ ဂုဏ်အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်၊
“မဟာမိတ် ခေါင်းဆောင် အသက်ရှည်ပါစေ!” ကျန်းချင်ကျန့်နှင့် အခြားသူများသည် ထိုအမိန့်စကားအား နားထောင်ရင်း သွေးများပွက်ပွက်ဆူလာကြကာ မားမားမတ်မတ်ရပ်တည်နေသောပုံရိပ်ကို လေးစားစွာကြည့်လိုက်မိကြသည်။
ဖားပြုပ်အရှင်မြတ်သည် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်ပြီး ဆိုသည်။ “ဘယ်လောက်တောင် မိုက်မဲလိုက်လဲ၊ မင်းကိုယ်မင်း ဘယ်တော့မှ မရှုံးနိမ့်နိုင်ဘူးလို့ ထင်နေတာလား၊ ဒီအရှင် မင်းရဲ့အသက်ကို နှုတ်လိုက်ချင်ရင် အခုချက်ချင်းကိုရတာပေါ့။"
ရုတ်တရတ် ကြီးမားသော ဖားပြုပ်လက်ဖဝါးကြီးနှစ်ခုကို ဖြန့်ကားကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာပြီး ဆူပွက်နေသော အနက်ရောင် နတ်ဆိုးစွမ်းအင်များဖြင့် ယဲ့ကျွင်းလင်ကို ဝန်းရံထားလိုက်သည်။ ကျယ်ပြန့်သော ဖိနှိပ်အား တစ်ခုတည်းကပင် တင်းဖုန့်နန်းဆောင်ရှိ သုံးထောင်သော မသေမျိုးဘုရင်များ သည်းမခံနိုင်အောင် ဖိအားပေးလျက်ရှိကာ သူတို့မျက်နှာများတွင်လည်း ကြောက်စိတ်တို့လျှံတက်လာကြသည်။
“အရမ်းကောင်းတယ်၊ ငါအကြိုက်ဆုံးအပိုင်းကို ထပ်ရောက်လာပြန်ပြီ။" ယဲ့ကျွင်းလင်က ကျေနပ်အားရစွာဆိုသည်။
"တင်! ပိုင်ရှင်ဟာ မသေမျိုးဧကရာဇ် ဆဌမကောင်းကင်ကျင့်ကြံသူဆီက အတိုက်ခိုက်ခံနေရကြောင်း ခြေရာခံမိတဲ့အတွက် အင်အားကြီးသူနှင့်ရင်ဆိုင်ကာ ပိုလို့အင်အားကြီးလာခြင်း သက်ရောက်စွမ်းရည်အရ မသေမျိုးဧကရာဇ် သတ္တမကောင်းကင်အဆင့်ကို တိုးမြှင့်ပေးလိုက်ပါပြီ"
ဝုန်း
ပိုမို အားကောင်းသော စွမ်းအင်တစ်ခုသည် ယဲ့ကျွင်းလင်၏ခန္ဓာမှ ထွက်ပေါ်လာပြီး ငွေဖြူရောင်ဆံပင်သည် ရိုင်းစိုင်းကြမ်းတမ်းစွာ ဝေ့ဝဲနေလျက် မသေမျိုးအလင်းဖြင့် တောက်ပလျက်ရှိသော မျက်လုံးအစုံမှာ တိုက်ရိုက်စိုက်ကြည့်ဖို့ပင် ခက်ခဲစေ၏။
ချက်ချင်းဆိုသလိုပင် သူသည် အင်္ကျီလက်ဖျားစကို ဝှေ့ယမ်းလိုက်ပြီး ဒေါသထွက်နေသော နဂါးကဲ့သို့ နှိုင်းယှဥ်လို့မရနိုင်သော ကျယ်ပြန့်သည့်စွမ်းအားကို ထုတ်လွှတ်လိုက်ကာ ဖားပြုပ်လက်ဖဝါးရာနှစ်ခုအား တိုက်ရိုက်ကွဲလွင့်ထွက်သွားစေသည်။
“ဘာ” ဖားပြုပ်အရှင်မြတ်၏ မျက်လုံးများမှာ မယုံကြည်နိုင်သကဲ့သို့။ မူလက သူ၏ ကျင့်ကြံခြင်းသည် တစ်ဖက်လူထက် အများကြီးသာလွန်နေပြီးသားဟု ထင်မှတ်ထားပါသော်ငြား ပြိုင်ဘက်မှဖုံးကွယ်ထားသော ကျင့်ကြံဆင့်ကား သူ့ထက်မြင့်မားနေခဲ့လေသည်။
“လူသားမျိုးနွယ်၊ ဘဝင်မြင့်မနေနဲ့။ မင်းရဲ့ ကျင့်ကြံဆင့်က ငါ့ထက်ပိုမြင့်ရင်တောင် ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။ အလွန်ဆုံးမှ မင်းကိုသတ်ဖို့ နည်းနည်းလောက်ပိုခက်သွားရုံပဲပေါ့”
ဖားပြုပ်အရှင်မြတ်သည် ကြောက်ရွံ့မှု ကင်းမဲ့စွာဖြင့် ကြိမ်းဝါးလိုက်သည်။ သူ၏နောက်တွင် အနက်ရောင် မသေမျိုးစက်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီး ပြင်းထန်သော အမှောင်ရိပ်ကိုထုတ်လွှတ်ကာ ထူးဆန်းသည့် အေးစက်စက်ခံစားချက်ကို ပေးစွမ်းနေခဲ့၏။
ဝှစ်
မသေမျိုးစက်ဝန်းသည် လျင်မြန်စွာ ခုနစ်ကြိမ်တိတိ လှည့်ပတ်သွားသည်။ ထိုအခိုက်အတန့်တွင် သာမန် မသေမျိုးဧကရာဇ် ခုနစ်ရာ၏ ကျယ်ပြန့်သော စုပေါင်းစွမ်းအားသည် ဖားပြုပ်အရှင်မြတ်၏ ခန္ဓာကိုယ်အတွင်း၌ ဆူပွက်လာသည်။
ဒုန်း…
ဖားပြုပ်အရှင်မြတ်သည် ထိုမသေမျိုးစက်ဝန်း၏ အထောက်အပံ့ဖြင့် ကောင်းကင်တမျှမြင့်မားသောစွမ်းအင်ကို အရယူလိုက်နိုင်ကာ သူ၏ ကြောက်မက်ဖွယ်စူးတောက်နေသော မျက်လုံးများသည် မျက်စိရှေ့ရှိ အရာအားလုံးကို အသွေးတခြား အသားတခြား ဆုတ်ဖြဲတော့မည့်အလား ထင်ရ၏။
သူသည် လှောင်ပြုံးပြုံးကာ ဆိုလိုက်သည်။ "မင်း ငါ့ကို မနိုင်နိုင်ပါဘူး"
မသေမျိုးဧကရာဇ် အနည်းငယ်သာ မသေမျိုးဘီး ခုနစ်ကြိမ် လှည့်ပတ်ခြင်းအဆင့်ကို ရောက်နိုင်ကြသည်။ ထို့ကြောင့် လက်ရှိတိုးတက်လာသော စွမ်းအားပမာဏဖြင့် ယဲ့ကျွင်းလင်ကို ရှင်းမထုတ်နိုင်စရာ အကြောင်းမရှိ။
ယဲ့ကျွင်းလင်၏ မျက်နှာမှာကား အပြုံးမပျက် ရွှင်ပျလျက်သာရှိကာ လူပြက်တစ်ဦးကို ကြည့်နေသကဲ့သို့ လေတစ်ချက်ချွန်လိုက်သည်။ “ဘဝကြီးက ပျင်းစရာကောင်းလိုက်တာ။ ဖားပြုပ်ကလူကို မှတ်ချက်ပေးနေရတယ်လို့"
“ဖားပြုပ်တစ်ကောင်က ဒီလိုစကားမျိုးတွေပြောဖို့ ထိုက်တန်ရဲ့လား"
သူ၏ စကားလုံးများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေပြီး နောက်မှလူတိုင်းကလည်း လိုက်လံရယ်မောကြသေးသည်။ အဘယ်ကြောင့်ဆိုသော် ဖားပြုပ်အရှင်မြတ်ဟု ဂုဏ်ပုဒ်ကြီးရထားပေသည့် တစ်ကယ်တမ်း ဖားပြုပ်တစ်ကောင်ထက် ဘာမှမပိုသော မူရင်းနောက်ကြောင်းရှိသောကြောင့်ပင်။ လေထုတင်းမာနေသော ထိပ်တိုက်တွေ့ဆုံပွဲမှာ ချက်ချင်းကို ပြဇာတ်ကနေသလို ရယ်သံများဖြင့် စီစီညံသွားတော့၏။
ဖားပြုပ်အရှင်မြတ်မှာ လှောင်ပြောင်မှုများအလယ်တွင် မာနထိခိုက်သွားဟန်ဖြင့် ဒေါသတကြီး ဟစ်အော်သည်၊ “မင်းလို လူသားမျိုးနွယ်ကများ ဘာသိလို့လဲ။ ဒီအရှင်ဟာ ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံးဖားပြုပ်ပဲ။ မင်းပြောလိုက်တဲ့ စကားနဲ့လုပ်ရပ်အတွက် ကြီးလေးတဲ့တန်ဖိုးကို သေချာပေါက် ပေးဆပ်ရလိမ့်မယ်။"
ထို့နောက် ဖားပြုပ်အရှင်မြတ်၏ ပုံရိပ်သည် လက်ခနဲ ပြောင်းလဲသွားပြီး သူ၏ ဖားပြုပ်လက်ဖဝါးများမှ စွမ်းအားများသည်လည်း ဒီရေတက်သကဲ့သို့ တဝုန်းဝုန်းမြင့်တက်ရိုက်ခတ်လာကြသည်။ လက်ဖဝါး တစ်ချက်ချင်းစီသည် မသေမျိုးဧကရာဇ်တစ်ပါးကို ပွဲချင်းပြီးသတ်ရန် လုံလောက်သည်အထိ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည်။
“ရယ်စရာပဲ။” ယဲ့ကျွင်းလင်သည် ခေါင်းခါလိုက်ပြီး သူ၏ လက်သီးကို ဆုပ်ကာ ရိုးရိုးရှင်းရှင်း ဝှေ့ယမ်းပစ်ထိုးလိုက်သည်။ တောက်ပသော အရိပ်အယောင် တစ်ခုမှပင် ပါဝင်မသွားသော်လည်း ထိုလက်သီးအား၏ ကြီးမားသော ခြိမ်းခြောက်မှုကို လူတိုင်းခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် နဝမအဆင့် မသေမျိုးစွမ်းအား ပါဝင်နေသောကြောင့်ပင်။
အုံး အုံး အုံး အုံး
နားကွဲမတတ် ပေါက်ကွဲသံများ ဆက်တိုက်ဖြစ်ပေါ်လာပြီး ယှက်နွယ်နေသော ဖားပြုပ်လက်ဖဝါးပုံရိပ်များ ကွဲကြေပျက်စီးသွားခဲ့သည်။
“အား”
ဖားပြုပ်အရှင်မြတ်သည် ပေရာပေါင်းများစွာ လွင့်ထွက်သွားပြီးမှ ငြိမ်ငြိမ်ပြန်ရပ်နိုင်ဖို့ မနည်းထိန်းချုပ်ကာ အနက်ရောင် သွေးတစ်ပွက်ကို ထွေးထုတ်လိုက်ပြီး ရန်သူအား မယုံကြည်နိုင်စရာမော့ကြည့်မိသည်။ ဒီခွန်အားတွေ ဘယ်ကရောက်လာတာလဲ။
ယဲ့ကျွင်းလင်၏ နဝမအဆင့် မသေမျိုးစွမ်းအားကို ထိန်းချုပ်သုံးစွဲနိုင်မှုသည် သူ ပထမဆုံး ရရှိခဲ့ချိန်ထက် ပိုပြီး အားကောင်းနေပြီဖြစ်သောကြောင့် ထို ရိုးရိုးရှင်းရှင်း လက်သီးချက်တစ်ခုတွင် ပါဝင်နေသော ရှုပ်ထွေးနက်နဲမှုများအား လူအနည်းအကျဥ်းလောက်ကသာ ကောင်းကောင်း သတိထားနိုင်ပေမည်။
ချင်းလျန် ဓားမသေမျိုးနှင့် အခြားသူများ၏ မျက်လုံးထဲတွင် ယဲ့ကျွင်းလင်သည် ရိုးရှင်းသော လက်သီး တစ်ချက်ကိုသာ ပစ်ထိုးလိုက်ခြင်း ဖြစ်သော်လည်း ထိုတစ်ချက်တည်းဖြင့် ဖားပြုပ်အရှင်မြတ်ကို လွင့်ထွက်ပျံသန်းစေနိုင်သည့် ရလဒ်သည်ကား သူတို့အားလုံးကို မှင်တက်မိသွားစေသည်။
“ပြောစမ်းပါဦး၊ မင်းက ဘာလို့ ဖားပြုပ် ဖြစ်နေရတာလဲ။ အရင်က ဟိုးနွားသိုးကိုသတ်ပြီး ချက်စားလို့ရသေးတယ်။ ဒါပေမယ့် မင်းကိုတော့ တကယ်မစားချင်ဘူး။” ယဲ့ကျွင်းလင်သည် လေဟာနယ်ထက်တွင် ခြေလှမ်းလှမ်းကာ လေပြင်းကဲ့သို့ လက်ခနဲရောက်လာပြီး ပြန်လည်မတည်ငြိမ်နိုင်သေးသော ဖားပြုပ်အရှင်မြတ်အား စိတ်ပျက်လက်ပျက်ကြည့်ကာ ပြောလာသည်။
ဖားပြုပ်အရှင်မြတ်သည် ဒေါသထွက်လွန်းသဖြင့် ဒွာရခုနှစ်ပေါက်မှပင် မီးခိုးများ တရှူးရှူးထွက်လာသည်။ မင်းတို့ ဘာလို့ ဖားပြုပ်တွေကို အဲ့လောက်တောင် အထင်သေးရတာလဲ?
“သေစမ်း"
ဖားပြုပ်အရှင်မြတ်သည် အားကုန်တစ်ချက်ဟစ်အော်လိုက်စဥ်တွင် သူ၏ ခန္ဓာကိုယ်မှ လှိုင်းထန်နေသော အနက်ရောင်မြူခိုးများ ထွက်ပေါ်လာကာ ရေတွက်မရနိုင်သော အနီရောင် လျှပ်စီးမီးများကလည်း ခြုံလွှမ်းယှက်နွယ်နေသည်။ အေးစက်ပြီး ကြမ်းကြုတ်သော စွမ်းအင်တစ်ခု ပျံ့နှံ့သွားပြီး ထိုက်ရွှမ်းပြည်နယ် တစ်ခုလုံးရှိ ကျင့်ကြံသူအားလုံးကို နက်ရှိုင်းသော ချောက်နက်ကြီးထဲ ပြုတ်ကျသွားသကဲ့သို့ ခံစားရစေပြီး လူသားအားလုံး နေစရာမရှိအောင် ကြောက်လန့်ပြေးလွှားကုန်ကြတော့၏။
ဖားပြုပ်အရှင်မြတ်သည် သူ၏ မူရင်းပုံစံကို ဖော်ပြလိုက်ခြင်းပင်။ တောင်ကဲ့သို့ ခုံးထနေသော နောက်ကျောတွင် ချွန်ထက်သောဆူးများ ဖုံးလွှမ်းနေပြီး သူ၏ခေါင်းသည် ပုတ်သင်ညိုနှင့်ဆင်ဆင်တူကာ မျက်လုံးများတွင် ပြင်းထန်သော စွမ်းအားအလင်းတန်းများ ပြည့်နှက်နေပြီး အစွယ်များမှာလည်း သွားရည်တစက်စက် ယိုစီးကျနေသည်။ ရှေ့တွင် လက်သေးသေးလေး နှစ်ဖက် ထွက်လျက်ရှိပြီး နောက်တွင် လေးလံသောအနက်ရောင်အမြီးတစ်ချောင်း ပါရှိကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သတ္တုဖြင့်သွန်းလောင်းထားသလို မာကျောပြောင်လက်သော အမည်းရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားလျက်။
“ဘုရားဘုရား၊ မင်းဘိုးဘေးတွေက ဂေါ်ဇီလာလား။" ယဲ့ကျွင်းလင်က အံ့အားသင့်စွာ ရေရွတ်သည်။ ဖားပြုပ်အရှင်မြတ်၏ အသွင်ပြောင်းမှုကြောင့် သူလည်း အံ့အားသင့်သွားရသည်အမှန်ပင်။ သို့ဆိုလျှင် တွေ့ရှိခဲ့သော ရတနာတစ်ခုမှ သူ့ကို သွေးသားရင်းမြစ်အထိ ပြောင်းလဲပေးလိုက်ကာ ထိုမျှအထိ ခွန်အားကြီးစေခဲ့ခြင်းကြောင့် သတ္တိကောင်းစွာဖြင့် ဤနေရာအထိ အရောက်လာရဲခဲ့ခြင်းဖြစ်ပေမည်။
“သေသင့်တဲ့ လူသားမျိုးနွယ်၊ ဒီအရှင်ရဲ့ အင်အားအကြီးဆုံး တိုက်ကွက်ဆိုတာဘာလဲ ပြပေးမယ်”
ဂေါ်ဇီလာပုံဖြင့် သားရဲသည် ယဲ့ကျွင်းလင်အား နီရဲသောမျက်လုံးများဖြင့် စူးစိုက်ကြည့်လျက် ခြိမ်းခြောက်လာ၏။ ထို့နောက် အဆုံးမရှိသော နီညိုရောင်စွမ်းအင်တန်းများသည် သူ၏ပါးစပ်တွင် စုဝေးလာပြီးနောက် ပါးစပ်ကိုဖွင့်ဟကာ လေဟာနယ်ကို ချိုးဖျက်ကြေမွသွားစေနိုင်သော ဖျက်ဆီးရေးအလင်းတန်းတစ်ခုကို ပစ်ထုတ်လိုက်သည်။ ဤ နီညိုရောင် ဖျက်ဆီးရေးအလင်းတန်းတွင် ပါဝင်သော စွမ်းအားသည် စိတ်ကူးမှန်းဆလို့ မရနိုင်ပေ။ မြေပြင်ပေါ်သို့ တိုက်ရိုက်ကျရောက်ပါက မိုင်ပေါင်းတစ်သောင်းပတ်လည်ရှိ သက်ရှိသတ္တဝါအားလုံးကို ချက်ချင်းအငွေ့ပျံပျောက်ကွယ်သွားစေနိုင်သည်။
“မကောင်းတော့ဘူး" လူတိုင်း အလွန် ထိတ်လန့်သွားကြသည်။
“စိတ်ဝင်စားစရာပဲ။” ယဲ့ကျွင်းလင်သည် တစ်ချက်ရယ်သွမ်းသွေးကာ မျက်လုံးများကို မှေးမှိတ်လိုက်ပြီးမှ ရုတ်တရက် ဖွင့်လိုက်သည်။
ထိုအခိုက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နှိုင်းယှဥ်လို့မရနိုင်သော စွမ်းအင်ဖြင့် ပေါက်ကွဲဖြာထွက်လာကာ နတ်ဘုရားဓားသွားတစ်လက်ကဲ့သို့ အရာအားလုံးကို မညှာမတာ ခုတ်ပိုင်းဖြတ်ချမည့်သဘောအား ပေးစွမ်းနေသည်။