← Chapters

အခန်း (၆၀၅)

Vol. 44 Ch. 605

အခန်း (၆၀၅)

Vol. 44 Ch. 605

ဝှစ်!

ရွှေရောင်ဓားပျံတစ်လက်သည် တောက်ပပြီး ခိုင်မာပြတ်သားသော အလင်းတန်းကို သယ်ဆောင်ကာ အရှေ့အရပ်မှ နေမင်းထွက်ပြူလာသကဲ့သို့ ရုတ်တရက် မြင့်တက်လာကာ နှိုင်းယှဥ်လို့မရသော တောက်ပမှုကို ပြသနေသည်။ ယဲ့ကျွင်းလင်သည် လက်ကိုမြှောက်၊ စန်းယွမ်ဓားကို ဆွဲကိုင်လိုက်ပြီး ခေါင်းပေါ်သို့ ပင့်တင်ကာ တစ်ဖက်လူအား အားပါးတရ ခုတ်ချလိုက်သည်။

ဝှစ်!

စိုက်မကြည့်နိုင်လောက်အောင် တောက်ပသော ဓားအလင်းသည် လေဟာနယ်ကို ဆုတ်ဖြဲ၊ ကောင်းကင်ပြင်ကို ချိုးဖျက်ကာ အဆုံးမဲ့ စွမ်းအားဖြင့် ရိုက်ခတ်လာသည်။ ထိုဓားချက်သည် တစ်ဖက်မှ နီညိုရောင် အလင်းတန်းကို မတုံ့မဆိုင်းစွာဖြင့်သာ အတိဖြတ်တောက်သွား၏။

ထက်ရှသော ဓားသွားမြိမြိဖြင့် တိုဖူးကို လှီးဖြတ်လိုက်သကဲ့သို့။ အဆုံးမဲ့ရှည်လျားသော ဓားစွမ်းအင်သည် လေမုန်တိုင်းကဲ့သို့ ပြင်းစွာတိုက်ခတ်သွားပြီး သမုဒ္ဒရာအလား ကျယ်ပြန့်အားကောင်းသည့် ဓားစိတ်ဆန္ဒမှာ ဆူသံတပွက်ပွက်ကိုထုတ်လွှတ်လျက်ရှိသည်။

ဖားပြုပ်အရှင်မြတ်၏ မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး မျက်လုံးများကို အစွမ်းကုန်ပြူးကျယ်လျက် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ?!!!”

ငွေဖြူရောင်ဆံပင်ရှိသော ထိုလူငယ်သည် ဓားသွားကို တစ်ချက်တည်းသာ ဝှေ့ယမ်းလိုက်သော်လည်း မဟာတာအိုလမ်းကြောင်းကိုပင် ဖြတ်တောက်နိုင်သည့် အဆုံးမဲ့စွမ်းအား ပါရှိနေဟန်ပေါ်သည်။ သူ အင်မတန်ဂုဏ်ယူဝင့်ကြွားရသော ဖျက်ဆီးရေးအလင်းတန်းကြီးပင် မည်သည့်ခုခံမှုကိုမှ မပြသလိုက်နိုင်ဘဲ ချက်ချင်း ပြိုကွဲပျောက်ကွယ်သွားခဲ့ရသည်။

“ဟာ မကောင်းတော့ဘူး၊ ထွက်ပြေးမှ ဖြစ်မယ်”

ဖားပြုပ်အရှင်မြတ်၏ ဦးရေပြားမှာ ကြောက်စိတ်ဖြင့် ကျိန်းစပ်သွားပြီး တစ်ကိုယ်လုံးတွင် ကြက်သီးမွှေးညင်းများ တဖြန်းဖြန်းထလျက် နီးကပ်လာသော သေမင်း၏အငွေ့အသက်က သူ၏ နှလုံးသားထဲသို့ စိမ့်ဝင်လာသလို ခံစားရသည်။ ဓားချက်ဖြင့် ထိဖြတ်ခံရခါနီး သီသီကလေးတွင် သူ၏ ကြီးမားသော ခန္ဓာကိုယ်ကို အလျင်အမြန် လှုပ်ရှားရွေ့လျားလျက် ရှောင်တိမ်းလိုက်သည်။

ရွှိ!

မည်မျှပင် မြန်မြန်သွက်သွက် လှုပ်ရှားပါစေ၊ အချိန်မမီလိုက်ဘဲ ခန္ဓာကိုယ်တစ်ဝက်ကျော်သည် ရက်စက်စွာ တိခနဲပြတ်တောက်သွားပြီး အနက်ရောင်သွေးများသည်ကား ရေတံခွန်ကဲ့သို့ အရှိန်ဖြင့်ပန်းထွက်လာလျက် မြေပြင်ပေါ်သို့ ပက်ကျသွားချိန်၌ ပူပြင်းသော ရေနွေးငွေ့များ လှိုက်ထွက်လာသည်။

“အားးး”

ဖားပြုပ်အရှင်မြတ်သည် စူးနင့်သောနာကျင်မှုဖြင့် အာခေါင်ကွဲမတတ် ဟစ်အော်လိုက်မိသည်။ ထိုအခိုက်အတန့်တွင် အနိုင်အရှုံးမှာ ဆုံးဖြတ်ပြီးသားဖြစ်လုလေပြီ။

ယဲ့ကျွင်းလင်သည် ဓားကိုစွဲကိုင်လျက် မတ်မတ်ရပ်နေသည်။ နှင်းဖြူရောင်ဆံပင်များက လေနှင့်အလိုက် ဝဲလွင့်နေလျက် သူ၏ ခန့်ညားသောမျက်နှာသည် တုန်လှုပ်ခြင်းစိုးစဥ်းမရှိ ပကတိ တည်ငြိမ်အေးဆေးနေပြီး ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒက သူ့ကိုယ်ပတ်လည်တွင် ဝန်းရံကာဆီးထားသည်။ ဓားစိတ်ဆန္ဒ၏ စွမ်းအင်စီးကြောင်း တစ်မျှင်ချင်းစီတွင်ပင် ပါဝင်သော စွမ်းအားပမာဏက များပြားလွန်းသဖြင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်သည်ပင် မနည်းရုန်းကန်တောင့်ခံနေရဟန်ဖြင့် လှိုင်းတွန့်များထလျက်သားရှိ၏။

“မဟာမိတ်ခေါင်းဆောင်ယဲ့၊ သူ…”

ချင်းလျန် ဓားမသေမျိုးသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သာမန်လူတစ်ဦးမှ မှော်အတတ်ပညာတစ်ခုခုကို မြင်လိုက်ရသကဲ့သို့ နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားသည်။ ထို့နောက် နှုတ်ခမ်းများ တရွရွလှုပ်နေပြီးမှ ခက်ခက်ခဲခဲ ဖွင့်ဟလာ၏။

“သူက ဒဏ္ဍာရီလာ တာအိုအဆင့် ဓားစိတ်ဆန္ဒကို ပိုင်ဆိုင်ထားတာကိုး”

သူသည်လည်း နားလည်နိုင်စွမ်းအလွန်မြင့်မား၍ ဉာဏ်ရည်ထက်သော ဓားကျင့်ကြံသူတစ်ဦးပင် ဖြစ်သည်။ သူကိုယ်တိုင်မှာတော့ ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒကို ခက်ခက်ခဲခဲ နားလည်တတ်ကျွမ်းခဲ့ရပြီး ၎င်းကို ပြီးပြည့်စုံသောအဆင့်သို့ ရောက်သည်အထိ အထပ်ထပ်အခါခါ ပြန်လည်သုံးသပ်သင်ယူရသည်မှာ အလွန်ခဲယဥ်းပေ၏။

သို့သော် ဤအသန်မာဆုံးသော အမြင့်မားဆုံးသော တာအိုအဆင့် ဓားစိတ်ဆန္ဒကို မျက်မြင်တွေ့လိုက်ရချိန်တွင် ချင်းလျန်ဓားမသေမျိုးမှာ ကူကယ်ရာမဲ့စွာ အားနည်းချိနဲ့သွားရသလို ခံစားရကာ မိမိမရောက်နိုင်သော တောင်ထွတ်တစ်နေရာအား လှမ်းမျှော်ကြည့်နေရသလို ခံစားမိသည်။ ထိုခံစားချက်မှာ သာမန်လူတစ်ဦးသည် မြေပြင်ပေါ်တွင် ရပ်နေရင်းဖြင့် ကျယ်ပြန့်သောကောင်းကင်အား မော့ကြည့်မိလျက် မိမိကိုယ်ကို မည်မျှသေးငယ်မှုန်ဝါးလှကြောင်း သတိပြုလိုက်မိသကဲ့သို့။

တာအိုအဆင့် ဓားစိတ်ဆန္ဒကို နားလည်နိုင်သည့် တည်ရှိမှုများသည် ခွင်းလွင်ကမ္ဘာမှ ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီဟု သူ မူလက အထင်ရှိခဲ့သော်လည်း တစ်နေ့တွင် ထိုရှားပါးတည်ရှိမှုတစ်ခုကို သူ၏ မျက်လုံးအစုံရှေ့ တည့်တည့်မြင်တွေ့ရလိမ့်မည်ဟု ထင်မထားမိခဲ့။

“မဟာမိတ်ခေါင်းဆောင်ယဲ့ဟာ အစစ်အမှန် မဟာဓားမသေမျိုးပဲ” ချင်းလျန် ဓားမသေမျိုး၏ မျက်လုံးများတွင် မျက်ရည်များ စို့နစ်လာပြီး စိတ်ခံစားချက်အပြည့်ဖြင့်ရေရွတ်ကာ မျက်ရည်များ တလိမ့်လိမ့်စီးကျလာသည်။

“ဟူး၊ အဲ့ဒီလူမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်များများ ရှိနေသေးတာလဲ…” ကောင်းပုလီ၏ ခွေးမျက်လုံးများ တောက်ပလာပြီး လေအေးအေးတစ်ရှိုက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။

ကမ္ဘာကို လှုပ်ခါစေနိုင်သည့် ဓားချက်ကြောင့် သူလည်း ထိတ်လန့်သွားကြောင်း သိသာသည်။ ခွင်းလွင်ကမ္ဘာ၏ ရွှေခေတ်အချိန်တွင်ပင် တာအိုအဆင့် ဓားစိတ်ဆန္ဒကို နားလည်တတ်ကျွမ်းနိုင်သည့် ဓားကျင့်ကြံသူများသည် အလွန်ရှားပါးခဲ့သည်မဟုတ်လော။

နောက်ဆုံးတွင် သူတို့အားလုံးသည် မသေမျိုးဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြပြီး မိမိကိုယ်ကို ဓားဧကရာဇ်များဟု ကြေညာခဲ့ကြသည်။ ထိုသို့သော မသေမျိုးဧကရာဇ်များသည် မွေးရာပါ အားကောင်းသည့် တိုက်ရည်ခိုက်ရည်ကို ပိုင်ဆိုင်ထားပြီး ဓားတစ်ချက်တည်းဖြင့် ကန့်သတ်ချက်အားလုံးကို ချိုးဖောက်ဖျက်ဆီးနိုင်သည့် ဥပဒေအထက်မှ စွမ်းအားရှင်များအဖြစ် သတ်မှတ်ခံခဲ့ကြရ၏။

ယခု ယဲ့ကျွင်းလင်မှ တာအိုအဆင့် ဓားစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်အား မျက်မြင်တွေ့ရှိရသောအခါ ကောင်းပုလီသည် ဤခေတ်သစ်၏ တိုးတက်မှုရေစီးကြောင်းကို လက်ရှိအချိန်ထိ နားမလည်နိုင်ခဲ့သေးသလို ခံစားရသည်။ တစ်ဖက်လူသည် ကောင်းကင်တာအို၏ ချစ်မြတ်နိုးခံ သားတော်တစ်ပါးဖြစ်သည် အသေအချာပင်။

“အခုဆို အဲ့ဖားပြုပ်တော့ ဖားပြုတ်‌တောက်တောက်စင်းဖြစ်‌နေလောက်ပြီ" လီဝူကျယ်က စိတ်လှုပ်ရှားစွာ ဆိုသည်။

“ဟဲဟဲ၊ ကိုယ့်လမ်းကိုယ်ဆက်မသွားမှတော့ ဒီလိုအဆုံးသတ်ပဲ ကြုံရမှာပေါ့” ဟုန်ချန်ယဲ့ လှောင်ပြုံးပြုံးလျက် ပြောသည်။

တစ်ချိန်က သူလည်း ထိုနည်းတူအမှားတစ်ခုကို ပြုလုပ်မိမလို ဖြစ်ခဲ့ဖူး၏။ ကံကောင်းစွာဖြင့် လမ်းကြောင်းမှန်ကို အချိန်မီ ပြန်လည်တွေ့ရှိခဲ့ပြီး ဆရာသခင်ကို စိတ်ရင်းဖြင့် လေးစားကြည်ညိုခဲ့ရာ ထိုအချိန်မှစ၍ သူ၏စွမ်းရည်နှင့် ဂုဏ်သတင်းသည်လည်း တစ်ပါတည်း အကန့်အသတ်မဲ့ တိုးတက်လာခဲ့ခြင်းပင်။ ဆရာသခင်၏ ကြောက်မက်ဖွယ်ဖြစ်တည်မှုကို သူ့ထက်ပိုနားလည်နိုင်မည့်သူမရှိ။ ကံကောင်းထောက်မ၍ အချောင်စွမ်းအားတက်လာသော ဖားပြုပ်တစ်ကောင်က ဆရာသခင်ကို လာရောက်စိန်ခေါ်ရဲသည်မှာ သူ့အတွက်တော့ ပြက်လုံးတစ်ခုသာ။

ထိုအခိုက်အတန့်တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော ဖားပြုပ်အရှင်မြတ်သည် ကြောက်စိတ်ဖြင့် ကူကယ်ရာမဲ့ဖြစ်လျက်ရှိ၏။

သူ နောင်တရသည်။ ဒီနေရာအထိ ကိုယ့်ခြေနှင့်ကိုယ်လာရောက်ပြီး ဟိတ်ဟန်ထုတ်ကြွားဝါမိသည်ကို သူ နောင်တရသည်။ အကြီးအကဲယဲ့သည် ကောလဟာလများထဲအတိုင်း အမှန်တကယ် ပြိုင်ဘက်ကင်းသည်ကို သူမယုံခဲ့မိ။ သူသာ စောစောသိနားလည်ခဲ့ပါက ဤနယ်မြေကို ခြေပင်ချဝံ့မည်မဟုတ်။

“ဒီလူကို အနိုင်ယူဖို့တော့ မဖြစ်နိုင်တော့ဘူး။ ငါထွက်ပြေးရတော့မယ်" ထိုအတွေးသည် လက်ခနဲ ပေါ်လာသည်နှင့် တစ်ပြိုက်နက် ဖားပြုပ်အရှင်မြတ်သည် ဒဏ်ရာများမှ ပြင်းထန်သော နာကျင်မှုကို သည်းခံကာ သူ၏ စွမ်းအင်ရင်းမြစ်ကို လောင်ကျွမ်းစေလျက် လျှို့ဝှက်နည်းလမ်းဖြင့် ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားလိုက်သည်။

ဝှစ်၊ ဝှစ်၊ ဝှစ်!

တစ်စက္ကန့်မျှလောက်သော အချိန်အတွင်း ထိုဧရာမ ဂေါ်ဇီလာကောင်ကြီးသည် အလွန်သေးငယ်သော ကိုယ်ပွားတစ်သန်းအထိ ရုတ်တရက် ကွဲထွက်သွားပြီး အနက်ရောင် ဒီရေကဲ့သို့ နေရာတစ်ခုလုံးအား ဖုံးလွှမ်းပျံ့နှံ့သွားစေခဲ့သည်။

ကိုယ်ပွားများကြားတွင် ရောနှောပြေးလွှားနေသော ဖားပြုပ်အရှင်မြတ်သည် အသက်ရှင်ဖို့အရေးသာ အဓိကထားရုန်းကန်ရတော့၏။ သူသည် ဤခေတ်သစ်ကမ္ဘာ ပြန်လည်တိုးတက်ဖွံ့ဖြိုးလာချိန်အထိ ခက်ခက်ခဲခဲ သည်းခံခဲ့ရသောကြောင့် ဤမျှ စောစောစီးစီး အသေမခံလိုက်နိုင်။

ဤတိုက်ပွဲအပြီး ထွက်ပြေးလွတ်မြောက်နိုင်လျှင်ပင် သူ၏ကျင့်ကြံဆင့်မှာ ဆိုးဆိုးရွားရွားကျဆင်းသွားဦးမည် ဖြစ်သော်ငြား အသက်ရှင်နေသရွှေ့ မျှော်လင့်ချက်ရောင်ခြည်တစ်ခုတော့ ကျန်ရှိပါသေး၏။

အနာဂတ်တွင် ဘာဖြစ်လာမည်ကို မည်သူ ကြိုပြောနိုင်မည်နည်း။ ဤသို့ဖြင့် အသက်ရှင်ချင်စိတ်ကို မြဲမြဲဆုပ်ကိုင်ထားသော ဖားပြုပ်အရှင်မြတ်သည် လူအများ၏ အံ့သြတကြီးအကြည့်များကြား လွတ်ရာသို့ အမြန်ပြေးတော့သည်။

All Chapters