အခန်း (၆၀၆)
Vol. 44 Ch. 606
“ဟိုကောင် ထွက်ပြေးသွားပြီ" ချင်းလျန်ဓားမသေမျိုးသည် ချက်ချင်းသတိကပ်ကာ အော်ဟစ်လိုက်သည်။
“ပြဿနာက အဲ့ဖားပြုပ်ရဲ့ မူရင်းခန္ဓာက ဘယ်တစ်ခုလဲ ခွဲခြားမရနိုင်ဘူး"
“ထွက်ပြေးမလို့လား မင်း ထွက်ပြေးနိုင်မှာတဲ့လား"
ယဲ့ကျွင်းလင်သည် သန်းပေါင်းများစွာသော ဂေါ်ဇီလာသေးသေးလေးများကိုကြည့်ရင်း အစပိုင်း နည်းနည်းအံ့သြသွားသော်ငြား အပိုင်တွက်ထားသော အပြုံးတစ်ခုက ချက်ချင်းပေါ်ထင်လာသည်။
“ဝှစ်!”
သူသည် လက်တစ်ဖက်ဖြင့် လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်၊ စန်းယွမ်ဓားသည် ညည်းသံ ပြုပြီး တုန်ခါလာကာ တောက်ပသော ရွှေရောင်သက်တံ့ခုံးတစ်ခုအဖြစ် ပြောင်းလဲပြီး ပစ်ထွက်သွားတော့၏။
“ငါ ကြည့်ပါရစေဦး၊ ဖားပြုပ်လေး၊ မင်း ဘယ်မှာရှိနေသလဲ”
ယဲ့ကျွင်းလင်သည် မျက်လုံးများကို အသာမှေးမှိတ်ကာ လက်နှစ်ချောင်းကို မတ်မတ်ထောင်ထားရင်း နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့တစ်ခုဖြင့် အာရုံခံသည်။
ပြိုင်ဘက်ကင်း ဓားနှလုံးသားကို ပိုင်ဆိုင်ထားသဖြင့် သူ၏ အာရုံခံစွမ်းရည်သည် အလွန် ပြင်းထန်ထက်ရှကာ ရွှေရောင်ဓားပျံသည် ထိုစွမ်းရည်ကို နယ်ပယ်ချဲ့ထွင်ပေးနိုင်သဖြင့် သိမ်မွေ့သော ထူးခြားမှုလေး တစ်စုံတစ်ရာကအစ ထိုအာရုံမှ လွတ်မြောက်နိုင်မည်မဟုတ်။
မကြာမီပင် ရင်းနှီးနေသော စွမ်းအင်အငွေ့အသက်တစ်ခုကို သူဖမ်းယူနိုင်ခဲ့သည်။ ယဲ့ကျွင်းလင်သည် မျက်လုံးများကို ဆတ်ခနဲဖွင့်လိုက်ပြီး ခပ်နောက်နောက်အသံဖြင့်ဆိုသည်။
"မိပြီကွ"
ဝှစ်!
ရွှေရောင်ဓားပျံသည် ဦးတည်ရာကို ပြောင်းလဲပြီး ပစ်မှတ်ကိုထိုးချိန်ကာ စတင်တိုက်ခိုက်တော့သည်။ ဓားကိုယ်ထည်သည် ပူလောင်သော အလင်းတန်းကို ထုတ်လွှတ်နေပြီး နေမင်းကြီးတစ်စင်းကဲ့သို့ ထူးခြားခမ်းနားလှ၏။ ဓားကိုယ်ထည်ကို ဖုံးအုပ်ထားသည့် တာအိုအဆင့် ဓားစိတ်ဆန္ဒမှာ အလွန်အားကောင်းသောကြောင့် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေဟာနယ်သည်ပင် တွန့်လိမ်နေအောင် ဒဏ်ခံရသည်။
တစ်ချိန်တည်းတွင်ပင် ရုပ်ဖျက်ထားသော ဖားပြုပ်အရှင်မြတ်သည် ယခု လီရှစ်ထောင်အကွာထိ ခရီးရောက်နေလေပြီ။ ဂေါ်ဇီလာပေါက်စလေး သဏ္ဌာန်ဖြင့် သွေးများရွှဲနစ်ဖုံးလွှမ်းကာ သူ၏ စွမ်းအင်သည်လည်း အားနည်းပြီး ချိနဲ့နေသည်။
သို့တိုင် အန္တရာယ်မှ လွတ်မြောက်သွားပြီဟု ခံစားရသဖြင့် ဖားပြုပ်အရှင်မြတ်၏ အားနည်းသောမျက်နှာတွင် ကျေနပ်သောအမူအရာ ပေါ်လာသည်။
ထိုထွက်ပြေးခြင်းကျင့်စဥ်သည် သူ၏ မွေးရာပါ အသက်ရှင်သန်ရေးနည်းလမ်းပင်။ ကိုယ်ပွားများစွာသည် အရေအတွက်သာများပြားပြီး တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း ရန်သူ၏ စိတ်အာရုံကို ရှုပ်ထွေးစေပြီး ဆုံးဖြတ်ချက်များ ဝေဝါးစေဖို့အတွက် အလွန်ထိရောက်လေ၏။ ထို့ကြောင့် ဖားပြုပ်အရှင်မြတ်၏ စိတ်ထဲတွင် ယဲ့ကျွင်းလင်၏ ကြိတ်မနိုင်ခဲမရမျက်နှာအား စိတ်ကူးမြင်ယောင်လျက်။
“ယဲ့မျိုးရိုး၊ ဒီတစ်ခါ မင်းပိုတော်သွားတာပေါ့ကွာ၊ လူသားမျိုးနွယ်တွေကြားမှာ စကားပုံတစ်ခု ရှိတယ်မဟုတ်လား။ 'အသက်ရှင်နေသရွေ့ ကာလပတ်လုံး မျှော်လင့်ချက်ရှိတ' တဲ့လေ။ ဒီအရှင် အခုတော့ ဆုတ်ခွာပေးလိုက်မယ်၊ နောင်တစ်ချိန်မှာတော့ ဒီရန်ငြှိုးကို ဆက်ဆက်ချေဖျက်ရလိမ့်မယ်။” ဖားပြုပ်အရှင်မြတ်သည် မုန်းတီးနာကျည်းမှုဖြင့် မျက်နှာတစ်ပြင်လုံးနီရဲလျက် ကြုံးဝါးလိုက်သည်။
နောက်တစ်စက္ကန့်တွက် လေကိုဖြတ်၍ တိုးထွက်လာသော ရွှေရောင်ဓားပျံ၏ ရွှီခနဲအသံသည် သူ၏နောက်တွင် အနီးကပ်မြည်ဟီးလာသည်မှာ သေခြင်းတရား၏ ခေါ်ယူခြင်း ခေါင်းလောင်းသံကဲ့သို့ ဖားပြုပ်အရှင်မြတ်ကို အသည်းအသန် ကြောက်လန့်စေခဲ့၏။
မဟုတ်ပါဘူး ခုနကနောက်နေတာပါကွာ ဒီလိုမလုပ်ပါနဲ့
ထိုအသံအဆုံးတွင် မြွေတစ်ကောင်လို အဆိပ်ပြင်းသော သတ်ဖြတ်လိုစိတ်က လျင်မြန်စွာနီးကပ်လာသည်။ ဖားပြုပ်အရှင်မြတ်၏ အမူအရာသည် ငိုချတော့မည့်ဟန်ဖြင့် မာန်လည်းမတင်းနိုင်တော့ကာ အော်ဟစ်ငိုယိုလေသည်။
“အကြီးအကဲယဲ့ သနားညှာတာပါဦးဗျာ"
ထိုအသံအဆုံးတွင် တောက်ပသော ဓားအလင်းသည် သူ့ကိုယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားသည်၊ ကျယ်ပြန့်သော ဓားစိတ်ဆန္ဒသည် ဆူပွက်နေသော ချော်ရည်သမုဒ္ဒရာကဲ့သို့ ပေါက်ကွဲထွက်လာပြီး အရှေ့မှအကောင်သေးသေးလေးအား ဖုံးအုပ်သွားလေတော့၏။
“အား…” ထိုအော်သံတွင် နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုနှင့် သေခြင်းတရားကို ကြောက်ရွံ့စိတ်များ အဆုံးစွန်ပြည့်နှက်နေလျက် ကောင်းကင်နှင့်မြေကြီးကြားတွင် ထာဝရဆိတ်သုဥ်းသွားတော့သည်။
စန်းယွမ်ဓားသည် ပစ်မှတ်ကို ဖယ်ရှားသုတ်သင်ပြီးနောက် ဓားထိပ်ကိုပြန်လှည့်ကာ လေပြင်းတစ်သုတ် ဖြတ်တိုက်သွားသည့်အလား လာရာလမ်းကြောင်းအတိုင်း ပြန်လာသည်။ လူတိုင်းမှာ နေရာတွင်ပင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြလျက်။
စန်းလန်ကျွင်းတစ်ယောက်သာ တည်ငြိမ်ပြီး အေးဆေးပုံပေါ်သည်။ သူက လက်ကိုဝှေ့ယမ်းကာ အတိအကျဆိုလာ၏။ “အားလုံးပဲ မစိုးရိမ်ကြနဲ့။ ဒီဖားပြုပ် ဒီဓားချက်အောက်က ပြေးမလွတ်နိုင်ဘူးရယ်"
ချင်းလျန်ဓားမသေမျိုးသည် မယုံတယုံဖြင့် မေးခွန်းထုတ်လာ၏။ “မင်း ဘယ်လိုသိသလဲ"
သူ၏အမြင်တွင် ဖားပြုပ်အရှင်မြတ်၏ ကိုယ်ပွားတစ်သန်းအဖြစ် ကွဲထွက်ခြင်း အဆင့်မြင့်စွမ်းရည်သည်ကား ယဲ့ကျွင်းလင်၏ တာအိုအဆင့် ဓားစိတ်ဆန္ဒဖြင့်ပင် တိုက်ဖျက်ဖို့ခက်ခဲပေမည်။ တစ်သန်းလုံးကို တစ်ပြိုင်တည်းဖယ်ရှားဖို့ မဖြစ်နိုင်သည်ကို အသာထား၊ သူတို့ကြားတွင် ခန္ဓာကိုယ် အစစ်အမှန်ကို ရှာဖွေခြင်းသည်ကား ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသကဲ့သို့ ဖြစ်ပေမည်။
“ငါ ဘယ်လိုသိတာတဲ့လား”
စန်းလန်ကျွင်းသည် နှာခေါင်းကိုပွတ်လိုက်ပြီး မနေတတ်သလိုရယ်မောကာ ဆိုသည်။ “ဒီတိုင်း မှန်းကြည့်ရုံပါကွာ"
ဤလူအုပ်ထဲတွင် သူတစ်ယောက်သာ ယဲ့ကျွင်းလင်၏ လူလိုက်ဖမ်းခြင်း အထူးစွမ်းရည်ကို ကိုယ်တိုင် တွေ့ကြုံခဲ့ဖူးသည်ပင်။ စန်းလန်ကျွင်းသည် ထိုအချိန်က လျှို့ဝှက်နည်းလမ်းကို အသုံးပြု၍ မြစ်ကြောင်းများထဲ ရှုပ်ယှက်ခတ်အောင် ခြေရာဖျောက်ထွက်ပြေးခဲ့သည့်တိုင် သူဘယ်နေရာကိုပြေးပြေး ရွှေရောင်ဓားပျံ တစ်လက်က အနောက်မှ ထပ်ကြပ်မကွာလိုက်လာနိုင်ခဲ့သည်အား မှတ်မိနေပါသေး၏။
ကံကောင်းစွာဖြင့် သူသည် အသိဝင်ကာ ချက်ချင်းလက်နက်ချခဲ့လို့သာပင်။
ထို့ကြောင့် စန်းလန်ကျွင်းသည် ဖားပြုပ်အရှင်မြတ်သည်လည်း လုံးဝ မလွတ်မြောက်နိုင်ကြောင်း အပြည့်အဝယုံကြည်ထားသည်။
ထိုအချိန်တွင် တစ်စုံတစ်ဦးက အော်ဟစ်လိုက်သည်။ “ကြည့်လိုက်ကြစမ်း၊ ကိုယ်ပွားတွေအကုန် ပျောက်သွားကြပြီ"
လူတိုင်း ဆတ်ခနဲလှမ်းကြည့်လိုက်ကြ၏။
“တကယ်ပဲ၊ ကိုယ်ပွားတွေအကုန် ပျောက်ကွယ်သွားပြီ!” ချင်းလျန် ဓားမသေမျိုးသည် ဤမြင်ကွင်းကို မြင်ပြီးနောက် အံ့အားသင့်လို့မဆုံးတော့။ ဖားပြုပ်အရှင်မြတ်သည် ဤမျှအချိန်တိုအတွင်း အဆုံးသတ်ခံလိုက်ရလေပြီလား။
ဝှစ်၊ ဝှစ်၊ ဝှစ်!
ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်များစွာ ယဲ့ကျွင်းလင်ထံသို့ ဆိုက်ရောက်လာကြသည်။
“အဲ့ကောင်ကို ဖမ်းလိုက်နိုင်ပြီထင်တယ်" ကျန်းချင်ကျန့်က စိတ်လှုပ်ရှားစွာ ဆိုသည်။
“မဟာမိတ်ခေါင်းဆောင်ယဲ့ဟာ မရှုံးနိမ့်နိုင်တဲ့ စွမ်းအားရှင်ပဲ။ အခုပဲ ငါတို့ရဲ့ ကျင့်ကြံရေးကမ္ဘာအတွက် ကြီးမားတဲ့ ဘေးဥပဒ်တစ်ခုကို ဖယ်ရှားလိုက်ပြီ” လူတိုင်း စိတ်လှုပ်ရှားစွာ လက်ခုပ်တီးကြွေးကြော်ကြသည်။
ဤသို့သော ထူးခြားပြီး နှိုင်းယှဥ်လို့မရနိုင်သည့် ဓားကျင့်စဥ်ပညာများကို သူတို့တစ်သက်တွင် ပထမဆုံးအကြိမ် မြင်ဖူးရခြင်းပင်။
“ပြီးပြီ၊ လက်ဖက်ရည်သောက်ကြစို့။" ယဲ့ကျွင်းလင်သည် အကျင့်အတိုင်း ဝတ်ရုံလက်စကို ဖတ်ခနဲခါကာ ပြန်ရောက်လာသော စန်းယွမ်ဓားကို ပြန်သိမ်းဆည်းသည်။ ထို့နောက် လက်များကို အနောက်ဘက်သို့ပစ်ကာ တင်းဖုန့်ခန်းမတွင်းသို့ ခပ်တည်တည်ပြန်လျှောက်သွားလေတော့၏။ ထိုအမူအရာကား အမှိုက်တစ်စကိုဖယ်ပြီး ကိုယ့်လမ်းကိုယ်ဆက်သွားခြင်းနှင့် မခြား။
ဤဇာတ်လမ်းကို အမည်ပေးရလျှင်...
နန်းဆောင်ငယ်ထက် လေတဖြူးဖြူးဖြင့် စကားစမြည်ဆို လက်ဖက်ရည်သောက်ရင်း လီရှစ်ထောင်အကွာမှ နတ်ဆိုးသားရဲကို အမြစ်ဖြတ်သုတ်သင်ခြင်း ဒဏ္ဍာရီ။