လူဖြစ်ချင်တယ်
Vol. 44 Ch. 607
မဟာမိတ်ခေါင်းဆောင်ယဲ့၏ နတ်ဘုရားဆန်ဆန် အောင်မြင်မှုကို မျက်မြင်တွေ့ရှိခဲ့ကြသူ အားလုံး လုံးဝ အထင်ကြီးလေးစားသွားကြသည်။ အထူးသဖြင့် အဖွဲ့အစည်းဝင် သုံးထောင်သော မသေမျိုးဘုရင်များသည် မဟာမိတ်ခေါင်းဆောင်ဖြစ်သူကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် အရောင်တလက်လက် တောက်ပလျက် ငေးမောမျှော်ကြည့်နေကြလျက်။
မဟာမိတ်ခေါင်းဆောင်ယဲ့သည် ရုတ်တရက် စိတ်ကူးပြောင်းပြီး သူတို့ကို လျှို့ဝှက်ထိန်းချုပ်ဖို့ကြိုးစားလာလျှင် သူတို့ အော်ဟစ်ကြမည်လော။ အော်တော့အော်လိမ့်မည်။ သို့သော် အကူအညီတောင်းသော အော်သံမဟုတ်ဘဲ ပျော်လို့အော်သည့်အသံသာဖြစ်လိမ့်မည်။
ဤအသေးစား ကြားဖြတ်အန္တရာယ်လေးတစ်ခုကြောင့် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ စိတ်ဓာတ်သည် ပိုမိုစုစည်းတည်မြဲလာခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် ဤ မဟာမိတ်ခေါင်းဆောင်သည် ရရှိထားသောနေရာနှင့် ထိုက်တန်ပါသော အကြွင်းမဲ့ခွန်အားကို ပိုင်ဆိုင်ထားကြောင်း သူတို့အားလုံး ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ကြပြီးလေပြီ။ ဒီပုဂ္ဂိုလ်ကိုသစ္စာခံလို့ နောင်တရနိုင်စရာမရှိ။
ထို့နောက် လူတိုင်း တင်းဖုန့်နန်းဆောင်တွင် တပျော်တပါး စားသောက်ကြပြီး အခါအားလျော်စွာ ချင်းလျန်ဓားမသေမျိုးကို စည်းမျဥ်းဥပဒေဆိုင်ရာ အကြံပြုချက်များ ပေးကြသည်။
ဒုတိယ မဟာမိတ်ခေါင်းဆောင်အနေဖြင့် ချင်းလျန် ဓားမသေမျိုးသည် လက်ရှိ ကျင့်ကြံရေးကမ္ဘာ၏ ရှုပ်ထွေးနေသော အခြေအနေကို အဆုံးသတ်ရန်နှင့် ထို အထိန်းအကွပ်မဲ့လှသော ရှင်သန်နိုးထလာသူများကို ထိန်းချုပ်ရန် ရည်ရွယ်၍ အမျိုးမျိုးသော ကျင့်ကြံရေးအဖွဲ့အစည်းများကို စာရင်းပြုစုခွဲခြားခဲ့သည်။ အစည်းအဝေးသည် ပျော်ရွှင်ပေါ့ပါးစွာ ခရီးဆက်လျက်။
မဟာမိတ်ခေါင်းဆောင်ဖြစ်သော ယဲ့ကျွင်းလင်၏ အခန်းကဏ္ဍကမူ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန်နှင့် လူအများကို စည်းလုံးစေရန်မျှသာဖြစ်သည်။ လက်ရှိ ခန်းမထိပ်တွင် သူသည် ပေါ့ပေါ့ပါးပါး အနားယူနေဟန်ရသော်ငြား ဤနေရာတစ်ခုလုံး တည်ငြိမ်စည်းလုံးနေရခြင်း၏ အဓိကအကြောင်းရင်းမှာ သူသာပင်။
“မက်မွန်သီးကွတ်ကီး ရပြီ” ပုရှောင်ရှီးသည် ခြေထောက်တိုတိုလေးများဖြင့် စိတ်လှုပ်ရှားစွာ ပြေးလာပြီး ချစ်စရာ ပုံသဏ္ဌာန်အမျိုးမျိုး ရှိသော မက်မွန်သီးကွတ်ကီးမုန့်များ ပြည့်နေသည့် ပန်းကန်ကို သယ်ဆောင်လာသည်။
“ညီမလေး၊ မင်း အရမ်းချစ်စရာကောင်းတာပဲ” ကိုယ်လုံးကိုယ်ပေါက် လှပပြည့်ဖြိုးသော မသေမျိုးဘုရင်မတစ်ပါးက ခါးကိုင်းကာ ချစ်စနိုးပြောလိုက်သည်တွင် ဆွဲဆောင်မှုရှိသော ကောက်ကြောင်းတစ်ခုက မြင်သာစွာပေါ်လွင်လာသည်။
“မမ၊ ရှုရှုလုပ်ထားတဲ့ မက်မွန်သီးကွတ်ကီးမုန့် စားကြည့်ပါဦးလား?” ပုရှောင်ရှီး၏ မျက်လုံးလေးများ တလက်လက် တောက်ပလာပြီး ပန်းကန်ကို သူမ၏ခေါင်းပေါ်ထိ မြှောက်ပေးထားကာ ချိုသာစွာ ပြောလိုက်သည်။
“စားမှာပေါ့" မသေမျိုးဘုရင်မသည် အသည်းပုံသဏ္ဌာန်ရှိသော မက်မွန်သီးကွတ်ကီးတစ်ချပ်ကို ကောက်ယူကာ သေချာလေး အရသာခံစားလိုက်သည်။ ကြွပ်ရွပြီး နို့ရနံ့သင်းပျံ့နေသော အနံ့အရသာကြောင့် သူမ၏အရသာခံဖုများမှာ သာယာမှုအပေါင်းဖြင့် ပြည့်စုံသွားသလိုခံစားရပြီး အံ့အားသင့်စွာပြောမိသည်။
“ဘုရားရေ၊ ဒါကို ဘယ်လိုလုပ်ထားတာလဲ”
သာမန်ကွတ်ကီးလေး တစ်ခုမျှသာဖြစ်သည်ဟု သူမ ထင်ခဲ့သော်လည်း စိတ်ခံစားမှုကိုပင် လွှမ်းမိုးနိုင်သည့် နက်နဲသော အရသာတစ်ခု ပါဝင်နေမည်ဟု သူမလုံးဝမမျှော်လင့်ခဲ့။
“ဒါက ရှုရှတီထွင်ထားတဲ့ အထူးကွတ်ကီးပါ၊ စားလိုက်ရင် အရသာပါမက ခံစားချက်ကိုပါ ကောင်းမွန်စေလိမ့်မယ်" ပုရှောင်ရှီးက ရိုးသားစွာ ပြောသည်။
“ဘယ်လောက် အံ့သြစရာ ကောင်းလိုက်သလဲ" မသေမျိုးဘုရင်မက အာမေဋိတ်ပြုပြီးနောက် သူမ၏ မိတ်တွေသူငယ်ချင်းများကို ချက်ချင်းခေါ်ကာ ဤ မှော်ဆန်သော ကွတ်ကီးလေးကို မြည်းစမ်းစေသည်။
အမျိုးသမီးလှလှလေးတစ်စု စုဝေးလာကြပြီး ပုရှောင်ရှီး လုပ်ထားသော မက်မွန်သီးကွတ်ကီးများကို ဝိုင်းစားကြရင်း သူတို့၏ မျက်နှာများ ပျော်ရွှင်မှုဖြင့် လန်းဆန်းချိုမြိန်လာကြသည်။ စားပြီးနောက် သူတို့သည် အရေးကြီးကိစ္စတစ်ခုကို သတိရလိုက်ကြသကဲ့သို့ ပုရှောင်ရှီးအား အမီဆွဲထားကာ မရပ်မနား မေးလာကြသည်။
“ညီမလေး၊ မင်းက မဟာမိတ်ခေါင်းဆောင်ယဲ့ရဲ့ တပည့်ရင်းလို့ ကြားတယ်”
“ဟုတ် ဘာဖြစ်လို့လဲရှင့်”
“ဒါဆို မမမေးပါရစေ၊ မဟာမိတ်ခေါင်းဆောင်ယဲ့ရဲ့ ပုံမှန်ဝါသနာတွေက ဘာတွေလဲ?”
“ခဏလေး၊ ဒီမမ မေးခွန်းကို အရင်ဖြေပါဦး၊ မဟာမိတ်ခေါင်းဆောင်ယဲ့က အချိုးအစားပြေပြစ်တဲ့ အမျိုးသမီးတွေကို ကြိုက်တာလား”
“ငါလည်းသိချင်တယ်၊ သူက ဖြူစင်ပြီး ရှက်တတ်တဲ့သူတွေကို ပိုကြိုက်တာလား? ဒါမှမဟုတ် သွက်သွက်လက်လက်လေးတွေကို ပိုကြိုက်တာလား?”
“ဟေး၊ ဟေး၊ ဟေး၊ တစ်ယောက်ချင်းစီမေးပါ၊ ဝိုင်းအုံမနေကြပါနဲ့“
"ဘယ်သူက ငါ့ခြေထောက်ကို နင်းလိုက်တာလဲ?!”
...
ဒီလို မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးသည့် ပုရှောင်ရှီးလေးခမျာ ရှေ့နောက်ဆွဲယမ်းခံနေရပြီး မျက်လုံးပြူးလေးဖြင့် ထိတ်လန့်နေရဟန်ရှိ၏။
“နတ်သမီးအပေါင်းတို့၊ ကျွန်တော့်ကိုလည်း မေးနိုင်ပါတယ်။ ကျွန်တော်ကလည်း ဆရာသခင့်ရဲ့ တပည့်ရင်းပါ”
လီဝူကျယ်သည် ချောင်းအနည်းငယ်ဟန့်ကာ အရှေ့တက်လာပြီး ခပ်တည်တည်ဆိုသည်။ သူ၏ နှလုံးသားထဲတွင် ဝိုင်းအုံခံရသည့် ခံစားမှုကို ကြုံတွေ့ချင်ဖူးလှ၏။ လာကြစမ်းပါ၊ အရှင်လီ စောင့်ကြိုနေတယ်။
ရလဒ်အနေဖြင့် အမျိုးသမီးတစ်ဦးက သူ့ခါးထက်ရှိဓားကိုမြင်ပြီး မျက်နှာမဲ့သွားလျက် ပြောသည်။ “ညီအစ်မတို့၊ သူ့နားမကပ်ကြနဲ့၊ သူက ဓားကျင့်ကြံသူပဲ”
“ဓားကျင့်ကြံသူလား၊ ဒါဆို သူနဲ့ အဆက်အဆံ မလုပ်ကြနဲ့”
“ဟုတ်တယ် ဟုတ်တယ် ဓားကျင့်ကြံတဲ့ ယောက်ျားတွေအားလုံးက နည်းနည်းတော့…”
အမျိုးသမီးများ အချင်းချင်း တိုးတိုးကြိတ်ကြိတ် ပြောဆိုကြပြီး လီဝူကျယ် အနားကပ်လာမည်ကို ကြောက်သည့်အလား ဝေးဝေးခွာကုန်ကြသည်။
လီဝူကျယ်: "???"
ရှေးခေတ်ကမမများ၏ အတွေးအမြင်တွင် ထိုသို့ ခွဲခြားခွဲခြား အကန့်အသတ်များရှိနေလိမ့်မည်ဟု သူလုံးဝမမျှော်လင့်ထားခဲ့။
ဘာကြောင့်လဲ?! ငါတို့ ဓားကျင့်ကြံသူတွေက မင်းတို့အိမ်မှာ ထမင်းတက်စားနေလို့လား။ ဒါမှမဟုတ် မင်းတို့ ဘိုးဘွားသင်္ချိုင်းကို တူးဖော်ခဲ့လို့လားမိလို့လား။
လီဝူကျယ် ဒေါပွသွားပြီး မျက်လုံးပြူးပြူးဖြင့် ရှေ့တိုးလာကာ သာတူညီမျှမှုကို တောင်းခံသည်။ “ဟေး၊ မင်းတို့ ရှင်းပြလိုက်ရင် ပိုကောင်းမယ်။ ဘာလို့ ငါတို့ဓားကျင့်ကြံသူတွေကို ဒီလိုခွဲခြားဆက်ဆံရတာလဲ"
လီဝူကျယ် ဒေါဖောင်းနေသည်ကို မြင်သောအခါ အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက စိတ်ကို တင်းကာ အသံပျော့လေးဖြင့် ရှင်းပြသည်။ “ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ခေတ်မှာ ဓားကျင့်ကြံသူတွေက ဘယ်အမျိုးသမီးကိုမှ စိတ်မဝင်စားကြဘူးလေ။ သူတို့ပြောကြတာ နှလုံးသားထဲမှာ ဘယ်မိန်းမမှမရှိရင် ဓားတာအိုက ပိုနေရာယူနိုင်တယ်တဲ့။ အရင်ကဆို သူတို့ကိုနှစ်သက်တဲ့အမျိုးသမီးရှိရင်တောင် သူတို့ရဲ့ ဓားတာအိုနှလုံးသားကို ပျက်စီးအောင်ကြံရွယ်တယ်ဆိုပြီး ဓားနဲ့လိုက်ခုတ်ကြတာ…”
လီဝူကျယ်၏မျက်နှာကြီး စိမ်းပုပ်သွားသည်။ ဘုရားရေ၊ ဓားကျင့်ကြံသူတွေရဲ့ ဂုဏ်သတင်းက ဒီလောက်တောင် ဆိုးရွားတာလား?
တစ်ဖက်တွင် တာအိုကျင့်ကြံသူများမှာ အမျိုးသမီးများ၏ မျက်စိကျခြင်းကို အမြဲတစ်ပုံလိုက် လက်ခံယူရလေ့ရှိပြီး သူတို့ဓားကျင့်ကြံသူများမှာတော့ တစ်သက်လုံး မိန်းမမရနိုင်ဖွယ် ကံကြမ္မာကို သယ်ပိုးထားရ၏။ ဒါက တရားမျှတပါရဲ့လား။
“ဟားဟားဟား၊ စိတ်ဝင်စားစရာပဲ၊ မင်းတို့လောကက တော်တော်ပျော်ဖို့ကောင်းတယ်။” မနီးမဝေးမှ ဟုန်ချန်ယဲ့သည် လက်ခုပ်လက်ဝါးတီးကာ သေမတတ်ရယ်မောနေရင်း မျက်ရည်များပင်စီးကျလျက်။ လီဝူကျယ် စိတ်အပျက်ကြီးပျက်နေသည်ကို မြင်ရခြင်းသည် သူ၏ အကြီးမားဆုံး ပျော်ရွှင်မှုများထဲမှ တစ်ခုပင်။
“ဘာကို ရယ်တာလဲ။ ငါကအဲ့ဒါတွေကို ဂရုစိုက်နေမယ်ထင်လား။ အားကောင်းတဲ့ယောက်ျားတွေက ဘယ်အမျိုးသမီးကိုမှ မလိုအပ်ဘူးကွ။" လီဝူကျယ်က မျက်နှာကြီးမည်းလျက် ပြန်ပက်သည်။
“ဪ" ဟုန်ချန်ယဲ့က အဓိပ္ပာယ်ပါပါ ပြောသည်။ “ကိုယ့်အားကိုယ်ကိုးချင်တာပေါ့လေ"
လီဝူကျယ် မျက်နှာပျက်သွားပြီး ဆတ်ဆတ်ထိမခံဖြစ်လာသည်။ "ငါက ဖြောင့်မတ်တဲ့ဓားကျင့်ကြံသူ၊ မင်းပြောနေတာတွေ တစ်ခုမှနားမလည်ဘူး"
ဟုန်ချန်ယဲ့က သူ့ကို လူလိမ်ဟု စွပ်စွဲနေဟန် ရယ်ချင်ပက်ကျိအကြည့်ဖြင့်သာ ပြန်ကြည့်နေသည်။
မသေမျိုးဘုရင်မများကတော့ ဟုန်ချန်ယဲ့ကို ရုတ်တရတ်သတိထားမိသွားကြကာ တအံ့တသြ အနားကပ်လာပြီး ရင်းနှီးလိုဟန် မိတ်ဆွေဖွဲ့ကြ၏။ "ဒီက နတ်သမီးလေးကရော အကြီးအကဲယဲ့ရဲ့ တပည့်ပဲလား"
ချက်ချင်းဆိုသလို၊ ဟုန်ချန်ယဲ့၏ မျက်နှာမှ အပြုံးက ဖျတ်ခနဲပျောက်ကွယ်သွားပြီး လီဝူကျယ်၏မျက်နှာက စပ်ဖြဲဖြဲဖြစ်သွားသည်။ ထို့နောက် ဗိုက်ကိုအုပ်ကိုင်ကာ ခွက်ထိုးခွက်လန်ရယ်မောရင်း ပြန်ပြောင်သည်။ “မေးနေတယ်လေ ဖြေလိုက်ပါဦး နတ်သမီးလေး"
ဟုန်ချန်ယဲ့၏ မျက်နှာ မည်းမှောင်သွားသည်။ “ဒီအရှင်က မသိတဲ့သူတွေနဲ့ အဆက်အဆံ မလုပ်ဘူး။ မင်းတို့ အားလုံး ဝေးဝေးနေကြ!”
ပြောရင်း ဖိအားတစ်ခုကိုပါ တမင်သက်သက် ထုတ်လွှတ်လိုက်သည်။
“တောင်းပန်ပါတယ်၊ နှောင့်ယှက်မိလို့။” မသေမျိုးဘုရင်မလေးများသည် ထိတ်လန့်သွားကြဟန်ဖြင့် ထိုသဘောမကောင်းသော နတ်သမီလေးဘေးမှ မြန်မြန်ခွာပြေးသွားကြရာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုဖိအားမှတစ်ဆင့် ကြီးမားသော ခွန်အားကွာဟမှုကို ခံစားမိသောကြောင့်ပင်။ တစ်ချိန်တည်းတွင်ပင် ဟုန်ချန်ယဲ့ကို သွားမထိသင့်သောသူဟု တံဆိပ်ကပ်လိုက်ကြတော့၏။
ရုတ်တရက် တင်းဖုန့်နန်းဆောင် အပြင်ဘက်မှ စွမ်းအင်လှိုင်းတစ်ခု ရိုက်ခတ်လာသည်။ ဟုန်ချန်ယဲ့၏ မျက်လုံးများတွင် အေးစက်သော အလင်းတဖျတ် တောက်ပလာပြီး ခပ်မဲ့မဲ့ပြုံးလျက် ကြိမ်းတါးသည်။ “နောက်ထပ်တစ်ကောင် ပြဿနာလာရှာပြန်ပြီလား”
“မပြီးကြတော့ဘူးလား၊ ငါခုတ်သတ်ပစ်ဦးမယ်" လီဝူကျယ်သည် ဓားရှည်ကို ဆွဲထုတ်ပြီး အရှိန်အဝါ အပြည့်ဖြင့် ပြေးထွက်သွားသည်။
“တာအိုရောင်းရင်း၊ စိတ်အေးအေးထားပါ” အစိမ်းရောင်လေပြင်းတစ်ခု ကွဲထွက်သွားပြီး ချင်းယန်အကြီးအကဲ၏ ပုံသဏ္ဌာန်ကို ဖော်ပြလိုက်သည်။ လီဝူကျယ် ဓားမြှောက်၍ ခုတ်ချတော့မည်အပြု ထိုပုံကိုမြင်သောအခါ အလန့်တကြား အာမေဋိတ်ပြုလိုက်မိသည်။
"ဟ ဆိတ်တစ်ကောင်ပဲ”
လီဝူကျယ်သည် သွားအဖြီးသားဖြင့် ပြောလိုက်သည်။ “အချိန်ကိုက်ပဲ၊ ငါ ဆိတ်သားဟင်းစားချင်နေတာ။ ဖမ်းပြီး ဆရာတူအစ်မကို ချက်ခိုင်းမယ်"
ထိုစကားကို ကြားသောအခါ ချင်းယန်အကြီးအကဲသည် နျိုပါ့ထျန်း၏ ကံကြမ္မာကို သတိရမိလိုက်ပြီး သူ၏ ဦးရေပြားသည် ကြောက်ရွံ့မှုဖြင့် ပေါက်ကွဲလုနီးပါး တင်းကျပ်သွားကာ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထမိသည်။
ချက်ချင်းလှည့်ပြီး ထွက်ပြေးလိုသော ဆန္ဒကို ဖိနှိပ်ထားရင်း မျက်နှာငယ်ဖြင့် ဆိုရသည်။ “တာအိုရောင်းရင်း၊ ဒီအဘိုးကြီးမှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး။ လက်ရှိ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းရဲ့ မဟာမိတ်ခေါင်းဆောင်ကို အရိုအသေပေးဖို့ လာရောက်တာပါ"
“ဪ” လီဝူကျယ်သည် မျက်ခုံးပင့်ကာ နှိမ့်ချရိုကျိုးသော ချင်းယန်အကြီးအကဲကို စူးစမ်းစွာ ကြည့်လိုက်ပြီး အနည်းငယ် ယုံကြည်လာသည်။
"ဆရာသခင်က ဘယ်မျိုးနွယ်နေနေ စိတ်ကောင်းရှိရင် မိတ်ဆွေပဲလို့ပြောဖူးတယ် ဝင်ခဲ့"
“ကျေးဇူးပါ၊ တာအိုရောင်းရင်း” ချင်းယန်အကြီးအကဲသည် ကြိတ်၍ သက်ပြင်းချလိုက်သည်။ သူသည် ဒီတစ်ခါ ရဲစွမ်းသတ္တိအပြည့် ဖြည့်လာခဲ့ခြင်းပင်၊ ကျားဂူတွင်းဝင်မိသော သိုးသူငယ်ကဲ့သို့ ဖြစ်မည်ကို သူ ကြောက်သော်လည်း နောက်ပိုင်းတွင် ဘုမသိဘမသိ ရှင်းလင်းခံရမည်ကို ပိုကြောက်သည်။
ပင်ကိုယ်အသိစိတ်အရ ချင်းယန်အကြီးအကဲသည် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း တည်ထောင်ပြီးနောက် နောက်ဆက်တွဲ ကြီးမားသော ရှင်းလင်းရေးစီမံကိန်းများ သေချာပေါက် ရှိလာမည်ဟု ခံစားမိသည်။ သူတို့လက်မှလွတ်အောင် မိမိပုံစံအမှန်ကိုဖုံးကွယ်ကာ လှည့်ဖျားကောက်ကျစ်၍လည်း မနေလို။
ထို့အပြင် သူသည် ဟွမ်ကျင်းကျိုးပြည်နယ်ရှိ ယာအိုမျိုးနွယ်ဝင်များ၏ ခေါင်းဆောင်ဖြစ်ပြီး မိမိမျိုးနွယ်ကို ပဋိပက္ခ ဝဲဂယက်ထဲတွင် နစ်မြုပ်သွားမည်အား စိုးရိမ်မိသည်။ ထို့ကြောင့် သူသည် ရပ်တည်ချက်ကို အချိန်မီဖော်ပြကာ မဟာမိတ်ခေါင်းဆောင်ယဲ့ကျွင်းလင်နှင့် ရင်းနှီးမှုရယူထားရန် စဥ်းစားမိ၏။
“ဆရာ၊ ယာအိုမျိုးနွယ်ဝင်တစ်ဦးက ဆရာ့ကို အရိုအသေပေးလိုပါတယ်တဲ့” လီဝူကျယ် အော်ဟစ်လိုက်သည်။
လူတိုင်း၏ စူးစမ်းသောအကြည့်များအလယ်တွင် ချင်းယန်အကြီးအကဲသည် အထိတ်ထိတ်အလန့်လန့်ဖြင့် လျှောက်ဝင်လာရသည်။ တစ်ချိန်တည်းတွင်ပင် သူသည် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ လက်ရှိ အတိုင်းအတာကို နားလည်သွားခဲ့ရ၏။
“ဒီနေရာမှာ တကယ်ကို ရှင်သန်နိုးထလာသူ ထောင်ပေါင်းများစွာရှိတယ်။ ဒီအင်အားတွေ စုစည်းရင် တကယ်ကို ကမ္ဘာကြီးကို အစအဆုံး ပြောင်းလဲနိုင်မှာပဲ၊ ဒီဆိတ်အိုကြီး အရောက်လာခဲ့မိတာ အလကားမဖြစ်ပါဘူး"
“ဪ ဆိတ်တစ်ကောင်လား?” ယဲ့ကျွင်းလင်သည် ခန်းမထိပ်မှ ထိုင်ခုံကြီးထက်ထိုင်ကာ လက်ဖက်ရည်ခွက်ကိုချလိုက်ပြီး မျက်လုံးများကို မှေးစင်းလျက် ချင်းယန်အကြီးအကဲကို စူးစမ်းသည်။
ချက်ချင်းဆိုသလို ချင်းယန်အကြီးအကဲ၏ နှလုံးသားထဲ ထိတ်လန့်သွားသည်။ တစ်ဖက်လူ၏အကြည့်မှာ ဆိတ်ကုလားပဲဟင်းကို မြည်းစမ်းချင်စိတ်ဖြင့် ကြည့်နေသကဲ့သို့။
“ချင်းယန်နန်းတော်သခင်၊ မဟာမိတ်ခေါင်းဆောင်ယဲ့ကို အရိုအသေပေးပါတယ်!” ချင်းယန်အကြီးအကဲသည် သူ၏ လက်များကို စနစ်တကျထပ်ဆုပ်ကာ လေးစားစွာ အရိုအသေပေးသည်။
“ပြော၊ မင်း ဘာလုပ်ဖို့ ဒီရောက်လာတာလဲ? တစ်ခု သတိပေးရဦးမယ်။ မင်းရဲ့အဖြေက ငါ့ကို စိတ်ကျေနပ်မှု မပေးနိုင်ဘူးဆိုရင် စားပွဲပေါ်အတင်ခံရဖို့သာ စောင့်နေလိုက်ပေတော့။” ယဲ့ကျွင်းလင်က တည့်တည့်ပြောလာသည်။
စားပွဲပေါ်လား? ချင်းယန်အကြီးအကဲ ရုတ်တရက် မော့ကြည့်လိုက်မိသည်။
ထိုင်ခုံထက်ရှိ လူငယ်၏ နက်ရှိုင်းသော အဓိပ္ပာယ်ရှိသည့် အကြည့်နှင့် ဆုံသောအခါ သူသည် ချက်ချင်းပင် သူ့ဘဝသူနားလည်လျက် နှလုံးသားတစ်ခုလုံး ခါးသီးနာကျင်သွားရတော့၏။
လူဖြစ်ခဲ့ရင် အကောင်းသား။