← Chapters

အခန်း (၆၀၈)

Vol. 44 Ch. 608

အခန်း (၆၀၈)

Vol. 44 Ch. 608

ချင်းယန်အကြီးအကဲက ကြောက်စိတ်ကိုဖိနှိပ်ကာ +သတိကြီးစွာကပ်လျက် ပြောသည်။

"မဟာမိတ်ခေါင်းဆောင်ယဲ့၊ ဒီအဘိုးကြီးက အထင်လွဲနေတာတစ်ခုကိုဖြေရှင်းချင်လို့ ရောက်လာခဲ့တာပါ"

"အို့ ဆိုစမ်းပါဦး"

ယဲ့ကျွင်းလင်၏မျက်လုံးများ တစ်ချက်လက်သွားသည်။ တစ်ဖက်လူနှင့်သူ့ကြား ဘာမှတော့ ထိပ်တိုက်တွေ့ခဲ့ခြင်းမရှိ။ ဘာအထင်လွဲစရာတွေများ ရှိနေခဲ့ပါလိမ့်။

"နတ်ဆိုးတစ်သောင်းမဟာမိတ်အဖွဲ့က ဒီအဘိုးကြီးရဲ့နယ်မြေအတွင်းမှာ တည်ထောင်ခဲ့တာဆိုပေမဲ့ ဒီအဘိုးကြီးဟာလည်း နျိုပါ့ထျန်းရဲ့တွန်းအားပေးမှုကြောင့် မဖြစ်မနေလုပ်ခဲ့ရတာပါ၊ ပြောရရင် ဒီအဘိုးကြီးကိုယ်တိုင်လည်း အဲ့သတ္တဝါနဲ့ ရှင်းရှင်းလင်းလင်းနေချင်ပါတယ်။ ဒါပေမဲ့ နျိုပါ့ထျန်းဆိုတဲ့ကောင်က အလွန်ရက်စက်သကွယ်၊ ဒီအဘိုးကြီးကို သူ့ဘက်ပါအောင် နည်းမျိုးစုံနဲ့ အကျပ်ကိုင်ထားခဲ့တာပါ။ ကောင်းကင်နဲ့တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ ဒီအဘိုးကြီးမှာ ခေါင်းဆောင်ကိုဆန့်ကျင်ဖို့ရည်ရွယ်ချက် တစ်ခုမှမရှိခဲ့ရိုးအမှန်ပါ"

ပြောရင်းဆိုရင်း ချင်းယန်အကြီးအကဲက ရိုသေသမှုဖြင့်ဦးညွှတ်ကာ တောင်းတောင်းပန်ပန်ဆိုသည်။ "မဟာမိတ်ခေါင်းဆောင်ယဲ့ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ယဲ့ကျွင်းလင်က နားလည်ပေးနိုင်ရုံမက ကရုဏာပါသက်သွားရကာ ချန်းလျန်ဓားမသေမျိုးကို တိုင်ပင်သလိုလှမ်းကြည့်သည်။

ချန်းလျန်ဓားမသေမျိုးက လေးလေးနက်နက် ဆိုလာ၏။

"မဟာမိတ်ခေါင်းဆောင်၊ သူပြောတာတွေကအမှန်အကန်ပါပဲ၊ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်အပြီး နျိုပါ့ထျန်းဟာ မသေမျိုးဧကရာဇ်အဖြစ် ကြေညာမောင်းခတ်ခြင်းမပြုမီ နောက်ဆုံးသွားခဲ့တဲ့နေရာက ချင်းလျန်တာအိုနန်းတော်ပါ။ ဒါကြောင့် ကျွန်တော်တို့ နောက်ကွယ်ကဆိတ်ယာအိုမျိုးနွယ်ဝင်အကြောင်း စုံစမ်းကြည့်လိုက်တဲ့အခါ နောက်ကွယ်က နည်းလမ်းတစ်ခုခုနဲ့ မီးလောင်ရာလေပင့်ပေးနေသူဖြစ်ကြောင်း သိလိုက်ရပါတယ်"

"ဟမ့် ဆိုတော့အခုလာပြီး အပြစ်ဝန်ခံလျှော့ပေါ့ချင်တာပေါ့လေ၊ အရမ်းနောက်ကျသွားပြီလို့ပဲ ပြောရမှာပဲ" ကျန်းချင်ကျန့်က ချင်းယန်အကြီးအကဲကိုကြည့်ပြီး လှောင်ပြောင်သည်။

မနှစ်မြို့ဟန် အကြည့်ပေါင်းများစွာကို ရင်ဆိုင်လိုက်ရသော ချင်းယန်အကြီးအကဲမှာ ချွေးအေးများရွှဲစိုနေအောင်စိမ့်ကျကာ ကြေကွဲဝမ်းနည်းစွာ အော်ဟစ်ငိုယိုတော့၏။

"မှားခဲ့ပါတယ် ဒီအဘိုးကြီးက တွန်းအားပေးခံခဲ့ရလို့ပါ ဝူးဝူး"

"ဒါဆို အရာအားလုံးကို မချွင်းမချန် အမှန်အတိုင်းဝန်ခံစမ်း၊ နျိုပါ့ထျန်းရဲ့ ချက်ချင်းအဆင့်တက်သွားတဲ့ကိစ္စက မင်းနဲ့ဆက်စပ်နေသလား။ တကယ်သာဆို ဘယ်လိုနည်းလမ်းမျိုးကို အသုံးပြုခဲ့တာလဲ။"

ချန်းလျန် ဓားမသေမျိုးက အရှေ့တက်ကာ စစ်ဆေးမေးမြန်းလိုက်သည်။

ပြန်လည်ရှင်သန်နိုးထလာသူ မသေမျိုးဘုရင်များစွာကို ထိုမေးခွန်းကို အသိချင်ကြဆုံးပင်။ သူတို့အားလုံး နှစ်တွေအကြာအကြီး အချိန်ကုန်ခံပြီး ပြန်လည်တက်လှမ်းမည့်အစား ဖြတ်လမ်းနည်းကိုသာ အလိုရှိကြပါ၏။

"ဒါက..."

ချန်းယန်အကြီးအကဲမှာ တစ်ခုခုကို ထုတ်ပြောဖို့အခက်တွေ့နေဟန်ဖြင့် ထစ်ငေါ့တွန့်ဆုတ်သွားရသည်။ ထိုအရာမှာ သူ၏အကြီးမားဆုံးလျှို့ဝှက်ချက် ဖြစ်နေသည်မဟုတ်လော။

မူလပထမက နျိုပါ့ထျန်းသေလွန်သွားခဲ့သော် ဤကမ္ဘာတွင် ထိုလျှို့ဝှက်ချက်ကိုသိနိုင်မည့်သူ ထပ်မရှိတော့ဟု ထင်ထားခဲ့သည်။ ယခုတော့ လူအများရှေ့တွင် ဝိုင်းဝန်းစစ်မေးခံနေရပြီး ထိုလျှို့ဝှက်ချက်ကိုလည်း သူကိုယ်တိုင်ဖော်ထုတ်ပြောပြရတော့မည်ပင်။ ဒီအတိုင်းဆို လူတွေအများကြီး သိသွားကြမှာမဟုတ်လား?

ချင်းယန်အကြီးအကဲ အတော်လေးအခက်တွေ့နေဟန်ကိုမြင်သော် ယဲ့ကျွင်းလင်က ပုရှောင်ရှီးကိုလှည့်မေးလိုက်သည်။

"ရှောင်ရှီးရေ ဆိတ်သားကင်ကို ပိုပြီးအရသာရှိအောင် ဘယ်လိုကင်ကြမလဲ ပြောကြည့်စမ်းပါဦး"

အစားအသောက်အကြောင်း မေးခွန်းလာသောအခါ ပုရှောင်ရှီးမှာ ချက်ချင်းဆိုသလိုတက်ကြွသွားပြီး လက်ချောင်းလေးများကို တစ်ချောင်းချင်းစီချိုးလျက် ကြည်လင်သာယာသော ကလေးသံလေးဖြင့် စတင်ရှင်းပြလာလေသည်။

"ပထမအဆင့် ဆိတ်သားကိုခုတ်ထစ်ပါ၊ ခုတ်ပြီးတဲ့အခါ ရေနွေးပွက်ပွက်ဆူထဲစိမ်ပြီး အမွေးတွေစင်အောင်ဖယ်ပေးရပါမယ်။ နောက်တစ်ဆင့်အနေနဲ့ အတွင်းအင်္ဂါတွေကို ရှင်းလင်းဖယ်ရှားပြီး သန့်စင်နေအောင်ဆေးကြောပါ။ ဆိတ်ဗိုက်သားကို အတုံးသေးသေးလေးတွေရအောင်လှီးဖြတ်ပြီး ပေါင်သားတွေကိုလည်း ဓားရာနက်နက်လေးပေးထားရပါမယ်။"

"လှီးထားတဲ့ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ စီချွမ်ငရုတ်ကောင်း၊ ငရုတ်ပွင့်နဲ့ စမုန်စေ့ထောင်းကို ဆိတ်ဗိုက်ထဲသွတ်ပြီး အကုန်လုံးအရသာဝင်အောင် ဆားနဲ့နယ်ပါမယ်။ ဆိတ်ခြေထောက်တွေ လက်တွေကိုလည်း ဆားနဲ့ ဟင်းခတ်အရသာမှုန့်သုံးပြီး အရသာဝင်အောင်ပွတ်သုတ်ပါမယ်"

"ဆိတ်အမြှီးကို ဗိုက်ထဲပြန်သွင်းပြီး ရင်ဘတ်ထိ တံစို့ထိုးသလိုဆွဲတင်လိုက်ပါ။ နောက်ပြီး ခြေလက်လေးချောင်းကို တုတ်မှာချည်တုပ် တန်းလန်းဆွဲပြီး အသားကိုတော့သံချိတ်နဲ့ချိန်၊ အကုန်ပြီးမှ ပဲငံပြာရည်လေးနှံ့အောင်လိုက်သုတ်၊ သကြားညိုနဲ့အရောင်ထည့်၊ နှမ်းဆီလေးပါဆမ်း အကုန်ပြီးရင် ဆိတ်အရေခွံ ရွှေရောင်သမ်းပြီးကြွပ်လာတဲ့အထိကင်ပါ။ ကင်လို့ပြီးစီးချိန်မှာ နူးညံ့ပြီးအရည်ရွှမ်းတဲ့ ဆိတ်သားကင်မွှေးမွှေးကို သုံးဆောင်နိုင်ပါပြီ။"

ထိုဟင်းချက်နည်းကို အစအဆုံးနားထောင်ပြီး‌သော်၊

လူတိုင်း၏အမူအရာက ထူးဆန်းနေသည်။

လီဝူကျယ်က မေးစေ့ကိုအသာပွတ်ကာ လေတစ်ချက်ချွန်သည်။ "အားလားလား အကြားနဲ့တင် စားချင်စိတ်ပေါက်အောင်လုပ်နေပြီ"

ဆိတ်ကောင်လုံးကင်၏ ဟင်းချက်နည်းအပြည့်အစုံကို ကြားလိုက်ရပြီးနောက်တွင် ချင်းယန်အကြီးအကဲ၏ခြေထောက်များမှာ ကြောက်စိတ်ဖြင့်ကျုံ့ဝင်သွားကာ မြေပြင်ပေါ်သို့ တိုက်ရိုက်လဲကျသွားလေတော့၏။ သူ့ကိုယ်သူ ဝံပုလွေအုပ်ထဲပစ်ချခံလိုက်ရသော ဆိတ်သူငယ်လေးလိုခံစားရသည်။ ပတ်ပတ်လည်ရှိအကြည့်များမှာ ချက်ချင်းပင် ခုန်အုပ်အမဲဖြတ် စားသောက်ပစ်ကျတော့မည့်အလား။

ကောင်းပုလီမှာ လဲကျသွားသောရောင်းရင်းကို ကိုယ်ချင်းစာနာစွာကြည့်ရင်း သူကိုယ်တိုင်လည်း ခွေးသားဟော့ပေါ့အဖြစ်မှ သီသီလေးလွတ်မြောက်ခဲ့ရကြောင်း ပြန်အတွေးဝင်မိသည်။

"ချမ်းသာပေးကြပါဗျာ။ ဒီအဘိုးကြီးက အသက်လည်းကြီးလှပါပြီ။ အသားတွေက ရင့်ထောက်ပြီး အိုစော်လည်းနံလှပါပြီ။ အရသာရှိတော့မှာ မဟုတ်ပါဘူးဗျာ"

ချန်းယန်အကြီးအကဲမှာ သူ့ကိုသူ စတင်ပြစ်တင်ရှုတ်ချရတော့၏။

ယဲ့ကျွင်းလင်က အတည်ပေါက်ကြီးပြန်ပြောလာသည်။ "တကယ်လား သိပ်တော့မယုံရဘူးနော်"

ချင်းယန်အကြီးအကဲ: "..."

မကြာမီပင် ချင်းယန်အကြီးအကဲမှာ စိတ်ပိုင်းဆိုင်ရာခိုင်မာမှုများ လုံးလုံးပြိုလဲသွားခဲ့ရပြီး လေလျော့သွားသော‌ဘောလုံးလေးကဲ့သို့ ရွေးချယ်စရာမရှိစွာ သူ၏လျှို့ဝှက်ဇာတ်ကြောင်းကို ထုတ်ဖော်ပြောပြရတော့၏။

ဆိတ်တစ်ကောင်၏ ချိုမှ လုပ်ဆောင်ပေးနိုင်သောအရာများအား ကြားလိုက်ရချိန်တွင် လူတိုင်း အံ့အားသင့်ကုန်ကြသည်။

သူတို့ကို ပို၍ဆွံ့အစေသည်မှာတော့ ထိုမာနကြီးကာ အထိန်းအကွပ်မဲ့သော နျိုပါ့ထျန်းဟူသောလူတွင်လည်း ချစ်ရေးချစ်ရာ အရှုပ်အထွေးများ ရှိနေခဲ့ခြင်းပင်။

"ငါ့ကောင်ကတော့ နွားမျိုးနွယ်ပီသပါပေတယ်ကွာ၊ တကယ်ချီးကျူးမိတယ်" ယဲ့ကျွင်းလင်မှာ အံ့သြခြင်းကြီးစွာ ဂုဏ်ပြုစကားဆိုပေးဖို့သာ တတ်နိုင်တော့၏။

သို့ဆိုလျှင် ‌ရှောင်မေဆိုသော ထိုဆိတ်မလေးက ဤဆက်ဆံရေးနောက်ကွယ်မှ ကြိုးကိုင်သူပေလော။

ဆိတ်မတွေလည်း အဲ့လိုဉာဏ်များကြတာပဲလား။

"မင်းခေါင်းပေါ်ကချိုတွေ ဒီလောက်ကျိုးပဲ့နေတာ မအံ့သြတော့ပါဘူး။ လတ်စသတ်တော့ နွားသိုးဆီက ရန်ပြုခံခဲ့ရတာကိုး"

ချင်းယန်အကြီးအကဲက ခပ်ဟဟရယ်သည်။ "မဟာမိတ်ခေါင်းဆောင် အဲ့ဒါကြီးကို ထည့်မပြောလည်းရပါတယ်"

ထို့နောက် တစ်ခုခုကိုသတိရလိုက်သကဲ့သို့ ခါးသီးစွာအသနားခံလာသည်။

"ခေါင်းဆောင်တို့ ဒီအဘိုးကြီးရဲ့လျှို့ဝှက်ချက်ကို ကူညီထိန်းသိမ်းပေးနိုင်ကြမလားခင်ဗျာ၊ အဲ့သတင်းသာ အပြင်ကိုပေါက်ကြားသွားရင် ဒီအဘိုးကြီး အေးအေးချမ်းချမ်းနေနိုင်တော့မှာ မဟုတ်ပါဘူး"

ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းပြလိုက်သည်။

"စိတ်မပူပါနဲ့၊ မင်းဆိတ်ချိုတွေက ယာအိုမျိုးနွယ်တွေအတွက်ပဲ အသုံးဝင်တာမလား။ ငါတို့ကလည်း သူများအကြောင်းလျှောက်ပြောရမှာ ပျင်းပါတယ်နော်။ ပြောတော့လည်း ဘာအကျိုးရှိမှာမလို့လဲ"

"ကဲ မင်းလည်း ဖိအားပေးခံခဲ့ရတာဆိုတော့ ဒီပြဿနာကို ဒီမှာတင်အပြီးရှင်းလိုက်ကြတာပေါ့"

ချင်းယန်အကြီးအကဲမှာ ရင်ထဲတုန်ယင်လှုပ်ရှားသွားပြီး မျက်ရည်များပင်အိုင်ထွန်းလာတော့၏။

"ကျေးဇူးတင်ပါတယ် မဟာမိတ်ခေါင်းဆောင်ယဲ့၊ ခေါင်းဆောင်ရဲ့ အမြင်ကျယ်မှုကို ဒီအဘိုးကြီး နက်နက်ရှိုင်းရှိုင်း ချီးကျူးလေးစားမိပါတယ်"

အခြေအနေ ပြေလည်သွားပြီးနောက် ဘယ်သူမှ ထိုအကြောင်းကို ထပ်အစမဖော်ကြလေတော့။

"ခင်ဗျားက ပထမဆုံးလက်နက်ချပြီး ဒီအဖွဲ့အစည်းနဲ့ ပြေလည်လိုတဲ့ ပထမဆုံး ရှေးဟောင်းယာအိုမျိုးနွယ်ဝင်ဆိုတော့ ရှေ့ဆောင်းလမ်းပြတစ်ယောက်အနေနဲ့ နေထိုင်ပါ။ ဒီအချိန်ကစပြီး မျိုးနွယ်တိုင်းက ခေတ်‌ဟောင်းခေတ်သစ် မသေမျိုးအဆင့်ဖြစ်တည်မှုတွေဟာ မသေမျိုးမဟာမိတ်အဖွဲ့အစည်းရဲ့ အုပ်စိုးမှုအောက်မှာပဲ ရှိနေရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့...."

ယဲ့ကျွင်းလင်က တစ်ချက်တန့်လိုက်ပြီး လေးနက်သောအသံဖြင့် ဆိုသည်။

"ငါ့ဥပဒေက ခွင်းလွင်ရဲ့ဥပဒေပဲ"

ထိုသူ၏အမိန့်သံတွင် ငြင်းပယ်မရနိုင်သော နက်နဲမှုများနှင့် ဖိနှိပ်မှုခံစားချက်တစ်ခု ပါဝင်နေသည်။

လူတိုင်း၏အမြင်တွင် ထိုလူငယ်၏ပုံရိပ်ကို မည်သူတစ်ဦးတစ်ယောက်မှ အမီလိုက်နိုင်မည်မဟုတ်တော့။ သူသည် ကောင်းကင်အားလုံးအထက်မှ ကောင်းကင်ပင်။

ချန်းယန်အကြီးအကဲ၏ဦးရေပြားမှာ ထုံကျဥ်သွားရသည်။ "ဟုတ်ကဲ့..."

"ဘာများပြောစရာ ရှိသေးလို့လဲ"

ကိစ္စပြီးသွားတာတောင် တစ်ဖက်လူက ပြန်ဦးမည့်ပုံမပြသဖြင့် ယဲ့ကျွင်းလင်မျက်ခုံးပင့်လျက် မေးလိုက်သည်။

"မဟာမိတ်ခေါင်းဆောင်ယဲ့၊ ဒီအဘိုးကြီး ရှေးဟောင်းသားရဲဆိုးတစ်ကောင်အကြောင်း သတင်းပေးခင်လို့ပါ။ အလယ်ပိုင်းဒေသမှာ ပြစ်မှုတွေအများကြီးကျူးလွန်ခဲ့ပြီး မရေမတွက်နိုင်တဲ့သက်ရှိတွေကို မပြတ်စားသုံးနေပါတယ်။ ဒီသားရဲကိုသာမရှင်းနိုင်ရင် ကောင်းကင်ဘုံကိုယ်တိုင် မခံမရပ်နိုင် ပြိုဆင်းရပါလိမ့်မယ်"

ချင်းယန်အကြီးအကဲက သတ္တိကိုစုစည်းက အော်ဟစ်လျှောက်တင်လိုက်သည်။

"ဘယ်သူတဲ့လဲ"

"ဖားပြုပ်အရှင်မြတ်ပါတဲ့ခင်ဗျာ"

ထိုစကားလုံးများကိုကြားသော် အားလုံး၏မျက်နှာမှာ မချိုမချဥ်ဖြစ်သွားရသည်။

"မင်းနဲ့သူ့ကြား ရန်ငြှိုးတွေများရှိခဲ့ဖူးသလား" ယဲ့ကျွင်းလင်က စူးစမ်းစွာမေးသည်။

ချင်းယန်အကြီးအကဲက အားတင်းလျက်ဖြေသည်။ "ဒီသားရဲကောင်ဟာ အလွန်ဆိုးရွားကြမ်းကြုတ်တဲ့ ဂုဏ်သတင်းရှိလို့ ကျွန်တော်တို့အသိုင်းအဝိုင်းမှာတော့ အလွန်နာမည်ကြီးပါတယ်။ ဒီအဘိုးကြီးကြောက်တာက အဲ့ဒီကောင် အနာဂတ်မှာ အရမ်းကြီးထွားအစွမ်းထက်လာရင် ကမ္ဘာကြီး ဒီ့ထက်ပိုပြီး ဆုတ်ယုတ်ပျက်စီးကုန်မှာကိုပါ။ စောစောစီးစီး အမြစ်ဖြတ်လိုက်နိုင်ရင် ကျင့်ကြံရေးကမ္ဘာအတွက် ပိုအကျိုးအမြတ်ရှိပါလိမ့်မယ်"

အရေးအကြီးဆုံး အကြောင်းရင်းမှာ ထိုဖားပြုအရှင်မြတ်သည် သူ့မျိုးနွယ်သူပင်မချန် တွေ့ကရာသတ်ဖြတ်စားသောက်နေတတ်သောကြောင့်ပင်။ ထိုသားရဲဆိုး ဟွမ်ကျင်းကျိုးပြည်နယ်သို့ နယ်ကျူးလာကာ သန်းနှင့်ချီစုစည်းနေထိုင်နေကြသော ယာအိုမျိုးနွယ်စုတို့ကြား ဝင်ရောက်မွှေနှောက်မည် စိုးကြောက်သောကြောင့် ယဲ့ကျွင်းလင်ထံ အားကိုးတကြီး တိုင်တန်းလျှောက်တင်ရခြင်းပင်။

ယဲ့ကျွင်းလင်က ခေါင်းကိုအသာယမ်းသည်။ "သတ်ဖို့မလိုတော့ဘူး။ မင်းရောက်မလာခင်လေးတုန်းကပဲ ဖားပြုပ်က ငါ့ဓားချက်နဲ့ကိစ္စတုံးပြီ"

"ခင်ဗျာ"

ချန်းယန်အကြီးအကဲမှာ ထိုအဖြေစကားကို မျှော်လင့်မထားသောကြောင့် လွန်စွာတုန်လှုပ်သွားရတော့၏။

"အရင်နားထောင်ဦး၊ အဲ့ကောင်ကို ငါကသွားရှာတာတောင်မဟုတ်ဘူး။ သူ့ခြေနဲ့သူလာပြီး ငါ့ကိုစိန်ခေါ်တာလေ"

ယဲ့ကျွင်းလင်က ခပ်မဲ့မဲ့ဆိုသည်။

"သူကဖြင့် နျိုပါ့ထျန်းလောက်တောင်အသုံးမဝင်ဘူး၊ ဖားပြုပ်သားကျ ငါလည်းမစားချင်ဘူးလေ"

"ဆရာသခင်ပြောတာမှန်တယ်" သူ့နောက်က တပည့်တစ်သိုက်ကလည်း အားပါးတရထောက်ခံသည်။

ချင်းယန်အကြီးအကဲမှာ တံတွေးကိုခက်ခက်ခဲခဲမျိုချလျက် အားတင်းပြောရသည်။

"ဒီလိုဆိုတော့လည်း ဒီအဘိုးကြီးမှာ တခြားကိစ္စမရှိတော့ပါဘူး။ သွားပါဦးမယ်"

"ဒီလောက်အဝေးကြီးလာခဲ့ရတာ၊ တစ်ခုခုစားသွားပါဦးလား" ယဲ့ကျွင်းလင်က ဖိတ်ခေါ်သည်။

"မဟုတ်တာဗျာ။ ကြာကြာဆက်နေရင် အစားတောင်မစားနိုင်တော့မှာစိုးပါတယ်" ချင်းယန်အကြီးအကဲက နဖူးထက်မှချွေးစက်များကိုသုတ်ဖယ်လျက် တဟဲဟဲရယ်ရင်းဆိုသည်။

ထိုဆရာတပည့်တစ်သိုက် ရုတ်တရတ်စိတ်ပြောင်းကာ သူ့ကိုဆိတ်ကောင်လုံးကင်လုပ်ပစ်လျှင် ခက်ချေမည်။

သို့မဟုတ် ခြေတစ်ချောင်းလောက်ဖြုတ်ပေးဖို့လည်း တောင်းဆိုလာနိုင်၏။

လောလောဆယ်တော့ ကိုယ့်အိမ်ကိုယ်ပြန်ပြေးတာ ကောင်းမည်။

(မူရင်းက ဆိတ်လို့ရေးလိုက် သိုးလို့ရေးလိုက် ဖြစ်နေပေမဲ့၊ ချိုပါတယ်ဆိုတော့ ဆိတ်လို့ပဲပြန်ရေးထားပါတယ်။)

All Chapters