အခန်း (၆၁၀)
Vol. 44 Ch. 610
"အားလုံးပဲ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းက ယာအိုမျိုးနွယ်တွေကို အရမ်းအနိုင်ကျင့်ဖိနှိပ်လွန်းနေပြီ။ တန်ပြန်တိုက်ခိုက်ဖို့အတွက် နတ်ဆိုးတစ်သောင်းမဟာမိတ်တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းမှရတော့မယ်"
ရွှေရောင်အမွှေးဖွားဖွားဖြင့် ခြင်္သေ့ခေါင်းရှိသော အရပ်ရှည်ရှည် ယာအိုသတ္တဝါတစ်ကောင်က ခြေနှစ်ချောင်းထက် မတ်တပ်ရပ်ကာ အံတင်းတင်းကြိတ်၍ ဆိုသည်။
ရွှေလည်ဆံခြင်္သေ့ဘုရင် ပြောတာမှန်တယ်။ ငါတို့အရင်က လူမဆန်တဲ့မကောင်းမှုတွေကို စိတ်လွတ်လက်လွတ်လုပ်ရင်း အပူအပင်မဲ့ဘဝကို ဖြတ်သန်းနိုင်ခဲ့တယ်ဆိုပေမဲ့ ဒီအဖွဲ့အစည်း ဝင်လာတဲ့နေ့ကစလို့ အခုလို ခိုးကြောင်ခိုးဝှက် ပုန်းခိုနေခဲ့ရတာ။ အခုဆိုရင်သူတို့က အလိုရှိအပြစ်သားစာရင်းတွေပါထုတ်ပြီး ငါတို့ကို အဆုံးထိဖိအားပေးဖို့ စီစဥ်နေကြပြီ။"
ကိုယ်ခန္ဓာ ကြီးမားတုတ်ခိုင်သော တောဝက်မည်းဘုရင်ဟု လူသိများသည့် ယာအိုမျိုးနွယ်ဝင်ကြီးတစ်ဦးက ခြေချိတ်ထိုင်ရင်း ဒေါသတကြီးပြောဆိုသည်။
ဘေးနားရှိ အဖော်တစ်ဦးမှာလည်း မကျေမနပ်အကြည့်ဖြင့်ရှိသည်။ "ချီးတဲ့မှ အဲ့ဒီအဖွဲ့အစည်းရဲ့ နောက်ဆုံးထုတ်စည်းမျဥ်းတွေကို ဒီဘုရင်ဖတ်ကြည့်ပြီးပြီ၊ ဒီဘုရင် အရင်ကကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဖမ်းဆီးအကျဥ်းချခံရပြီး ကောင်းကင်လျှပ်စီးပြစ်ဒဏ်ပေးခံရမယ်တဲ့။ ရူးနေလို့ သူတို့ဆီအဖမ်းခံရမှာလား။"
ဂူထဲတွင် စုဝေးနေကြေသော ယာအိုမျိုးနွယ်စုဝင်အားလုံး မကျေနပ်ချက်များကို ခါးသီးစွာ ဖွင့်ထုတ်ပြောနေကြသည်။
ထိုအချိန်တွင်၊
ထောင့်တစ်နေရာတွင်ရှိသော ခေါင်းထက်တွင် ချိုတစ်စုံပါရှိသည့် အစိမ်းရောင်ဝတ်စုံဝတ် ယာအိုမျိုးနွယ်ဝင် အဘိုးကြီးတစ်ဦးမှာ သံသယဝင်ချင်စရာကောင်းလောက်အောင် ငြိမ်ဆိတ်နေခဲ့သည်။
"တာအိုရောင်းရင်းချင်းယန်၊ ဘာလို့ တစ်ခွန်းမှဝင်မပြောရတာပါလိမ့်၊ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို မကျေနပ်တာများ မရှိဘူးလား။"
ချင်းယန်အကြီးအကဲက ခေါင်းယမ်းပြသည်။ "ဒီလူအိုကြီးကတော့ မဟာမိတ်ခေါင်းဆောင်ယဲ့ကို ပြောဆိုပြစ်တင်ဖို့ မရဲပါဘူး"
"အောင်မာ ဆိတ်အိုကြီး၊ ခင်ဗျားကသူ့ကို မဟာမိတ်ခေါင်းဆောင်တွေဘာတွေတောင် ခေါ်လို့ပါလား။ ဒါဘာသဘောလဲ" တောဝက်မည်းဘုရင်က ရန်လိုသောအမူအရာဖြင့် မေးခွန်းထုတ်သည်။
ချင်းယန်အကြီးအကဲက သင်ပြင်းတစ်ချက်ချသည်။
"ဟူး မဟာမိတ်ခေါင်းဆောင်ယဲ့ရဲ့ အင်အားက ခန့်မှန်းရခက်ခဲပေတယ်။ နောက်ပြီး လူသားမျိုးနွယ် အရေအတွက်အများအပြားက သူ့နောက်လိုက်အဖြစ် တစ်အုပ်တစ်မကြီး ထောက်ခံနေကြတာ။ ငါတို့ယာအိုမျိုးနွယ်တွေလည်း အတူပေါင်းစည်းဖို့ ကမ်းလှမ်းလိုက်မှသာ အသက်ကိုကယ်တင်ရာရောက်ပေမယ်။ ဒီလူအိုကြီးကတော့ မင်းတို့အားလုံးကို လက်နက်ချအရှုံးပေးပြီး အကျင့်ဟောင်းတွေလည်း အကုန်ဖျောက်စေချင်လှပါပြီ။ ငါတို့ ယာအိုကောင်းတွေအဖြစ်ပဲ ဆက်လက်ရှင်သန်သွားကြရအောင်"
ထိုစကားအဆုံးတွင် ဂူတစ်ခုလုံး ဆူညံအော်ဟစ်ကုန်ကြသည်။
သတ်ဖြတ်လိုစိတ်များက ချင်းယန်အကြီးအကဲထံ စုပုံဦးတည်လာကြကာ ပတ်ပတ်လည်အပူချိန်မှာလည်း ရေခဲမှတ်ဆီသို့ ထိုးဆင်းကျသွားတော့သည်။
သို့တိုင် ချင်းယန်အကြီးအကဲမှာ သေးသေးလေးပင် မတုန်လှုပ်ခဲ့။
ရွှေလည်ဆံခြင်္သေ့ဘုရင်က မတ်တပ်ထရပ်လိုက်ပြီး ချင်းယန်မသေမျိုးအကြီးအကဲကိုငုံ့ကြည့်ကာ အမိန့်သံဖြင့် မေးခွန်းထုတ်သည်။ "မင်းဘာတွေပြောနေမှန်းရော မင်းသိသေးရဲ့လား။ အသက်မရှင်ချင်တော့ဘူးနဲ့တူတယ်။"
ချင်းယန်အကြီးအကဲက အလျင်မလိုစွာပင် ရှင်းပြလာသည်။ "ဒီလူအိုကြီး စုံစမ်းခဲ့ပြီးပြီ။ မင်းတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေဟာ သေလောက်တဲ့အထိ ပြစ်ဒဏ်မကျနိုင်ဘူး၊ ဒါပေမဲ့ ခေါင်းမာမာနဲ့ ဆက်ပြီးခုခံချင်နေသေးတယ်ဆိုရင် သေလမ်းကလွဲလို့ တခြားမရှိတော့ဘူး။ ဒါမင်းတို့အတွက် ဆက်ရှင်သန်ဖို့ နောက်ဆုံးအခွင့်အရေးပဲ"
"သူ့ကိုသတ်ကြ"
ယာအိုတစ်ကောင်က ဒေါသမထိန်းနိုင်တော့ဟန်ဖြင့် အော်ဟစ်လာသည်။
"သတ်ကြ"
ယာအိုအတော်များများလည်း ပေါက်ကွဲထွက်လာကြကာ သူတို့၏ကြွေးကြော်အော်ဟစ်သံများကား ဂူတစ်ခုလံးသို့ ပဲ့တင်ထပ်နေခဲ့သည်။
"ဒီလူအိုကြီးစကားကို နားထောင်ကြစမ်းပါဦး၊ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းဆိုတာ ငါတို့လို မျိုးနွယ်စုအဖွဲ့အစည်းမဟုတ်ဘူး၊ မျိုးနွယ်စုတိုင်းရဲ့ မသေမျိုးတွေကို စုစည်းထားတဲ့တပ်ဖွဲ့ပဲ။ မသေမျိုးတွေအားလုံး သူတို့ရဲ့အုပ်ချုပ်မှုအောက်မှာ စည်းကမ်းတကျနေထိုင်နိုင်လိမ့်မယ်။ အားလုံးပဲ စောစောစီးစီး အရှုံးပေးလိုက်ပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်ခံယူပြီးရင် အနာဂတ်မှာ ကောင်းကောင်းနေထိုင်နိုင်တော့မှာပါ။ ဘာလို့ သူတို့ကိုဆန့်ကျင်ပြီး ဒီလိုပုန်းလျှိုးကွယ်လျှိုးဘဝမှာ သက်တမ်းကုန်ဆုံးချင်ကြတာလဲ"
ချင်းယန်အကြီးအကဲက ရိုးသားပွင့်လင်းစွာပင် ဆုံးမစကားဆိုသည်။
“ထပ်မပြောနဲ့တော့။ မင်းကြည့်ရတာ မဟာမိတ်အဖွဲ့အစည်းကို ဟိုးအရင်ကတည်းက လက်နက်ချ လက်အောက်ခံခဲ့ပြီးလောက်ပေါ့။ ဒီ အစည်းအဝေးကိုလာရတဲ့ အကြောင်းရင်းကလည်း သူတို့ဘက်ကနေ ဝါဒဖြန့်စည်းရုံးပေးချင်လို့ပဲ မဟုတ်လား"
ရွှေလည်ဆံခြင်္သေ့ဘုရင်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုဖြင့် လင်းလက်နေကာ အရှိန်အဝါကလည်း ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာသည်။
"ဒါပေမဲ့ မင်းအစီအစဥ် ကျရှုံးသွားပြီလို့ပဲ ဆိုရတော့မယ်။ ငါတို့ရဲ့ အနိုင်မခံမရှုံးမပေး စိတ်ဓာတ်ကို မဖြိုလှဲနိုင်ဘူးကွ"
"မှန်တယ်ဟေ့"
အားလုံး ခေါင်းညိတ်ထောက်ခံကြသည်။
"ကဲ ဒါဆိုလည်း မင်းတို့ထိုက်နဲ့ မင်းတို့ကံပဲ"
ချင်းယန်အကြီးအကဲသည် ဖြည်းညင်းစွာ ထရပ်လိုက်သည်။ သူ၏လေသံတွင် နောင်တရိပ်များ စွဲကပ်နေသည်၊ “တကယ်တော့ လာခါနီးမှာ ဒီလူအိုကြီးက မင်းတို့ပုန်းခိုရာနေရာကို သတင်းပို့ခဲ့လိုက်ပြီးပြီ။ အခုဆို မဟာမိတ်တပ်ဖွဲ့ လမ်းမှာရောက်နေကြလောက်ပြီထင်ရဲ့"
"ဘာပြောလိုက်တယ်"
ယာအိုအားလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားကြသည်။
“သစ္စာဖောက်၊ သေစမ်း” ရွှေလည်ဆံခြင်္သေ့ဘုရင်သည် ထိတ်လန့်မှုနှင့်ဒေါသတို့ ရောယှက်လျက် လက်တစ်ဖက်မြှောက်ကာ ရိုက်ချဖို့ပြင်သည်။
ထိုအချိန်မှာပင် အုပ်စုတစ်စုက ဂူအတွင်းသို့ ကျူးကျော်ဝင်ရောက်လာကြ၏။
ရှေ့ဆုံးမှဦးဆောင်လာသူ လီဝူကျယ်သည် သူတို့ဘက်ကို ဓားသွားဖြင့် ထိုးညွှန်ကာ အော်ဟစ်လိုက်သည်။
"တစ်ယောက်မှမလှုပ်နဲ့၊ အားလုံးလက်မြှောက်၊ လှုပ်ရဲတဲ့ကောင်ရှိရင် တစ်ခါတည်း နှစ်ပိုင်းပိုင်းပစ်မယ်"
ထိုအုပ်စုကို မြင်သောအခါ ရွှေလည်ဆံခြင်္သေ့တို့အဖွဲ့သည်လည်း ကြောက်လန့်တုန်လှုပ်စွာဖြင့် မျက်နှာတစ်ပြင်လုံးစိမ်းပုပ်လျက် လက်များမြှောက်ပေးထားလိုက်ကြတော့၏။
ရောက်လာသူမှာ ဓားနတ်ဆိုးလီဝူကျယ်ပင်။ သူတို့ ဘာကိုမှ လက်လွတ်စပယ် မလုပ်ဆောင်ရဲပါ။ တစ်ဖက်လူမှာ အသတ်အဖြတ်ကြမ်းရာတွင် ကျော်ကြားလှသည်မဟုတ်လော။
"တာအိုရောင်းရင်း ဒီလူအိုကြီးကိုမှတ်မိရဲ့မဟုတ်လား။ အရင်တစ်ခါက တွေ့ခဲ့ကြဖူးတယ်လေ" ချင်းယန်အကြီးအကဲက အမြန်ထရပ်ကာ မိတ်ဆက်လာသည်။
လီဝူကျယ်က ခေါင်းညိတ်သည်။ "မှတ်မိတယ် ခင်ဗျားသတင်းပေးလိုက်တာလား။ တော်တယ်"
ချင်းယန်အကြီးအကဲက ရယ်သွမ်းသွေးသည်။ "မြှောက်နေပြန်ပါပြီ၊ ဒီလူအိုကြီးလည်း ရှင်သန်ဖို့လုပ်ရရုံပါ"
မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းသည် အင်အားအပြည့်အဝ ထူထောင်သတ်မှတ်နိုင်နေပြီဖြစ်ပြီး ထို အသိဉာဏ်မရှိသော ယာအိုများကတော့ ယခုထိတိုင် ခုခံဆန့်ကျင်လိုကြဆဲပင်။ သေလမ်းကိုရှာနေသည်နှင့် မခြား။
ထို့ကြောင့် မိမိပါ တစ်ပါတည်းဆွဲခေါ်ခံရမည်စိုးသဖြင့် ချန်းယန်အကြီးအကဲသည် မတွန့်ဆုတ်စွာ သတင်းပေးအကြောင်းကြားခဲ့ခြင်းဖြစ်၏။
"ဒီကောင်တွေအကုန် ကြိုးနဲ့တုပ်ပြီး ခေါ်သွားကြတော့" လီဝူကျယ်က အမိန့်ပေးသည်။
"ဟုတ်ကဲ့"
ရွှေလည်ဆံ ခြင်္သေ့ဘုရင်နှင့် အခြားသူများမှာ မျက်ရည်များကျလုကျခင် ဝမ်းနည်းနေကြသော်ငြား ပြန်လည်ခုခံဖို့ စိတ်မရှိလေတော့။
"ဝေါင်း"
ရုတ်တရက် အပြင်ဘက်မှ နဂါးဟိန်းသံတစ်ချက် ကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်မှာ အင်အားကြီးရန်သူတစ်ဦး ချဥ်းကပ်လာခြင်းအား သတင်းပေးဖော်ပြနေသကဲ့သို့။
"ဘာတွေဖြစ်နေတာလဲ"
ဖိအားပြင်းသော နဂါးအရှိန်အဝါကို ခံစားမိသောအခါ လီဝူကျယ် ဆံပင်များပင်ထောင်ထသွားလျက် မျက်လုံးများတွင် ထိတ်လန့်မှုနှင့်သံသယတို့ ရောယှက်ဖော်ပြလာကြသည်။