လုံအော်ထျန်း၏ မကျေနပ်မှု
Vol. 44 Ch. 611
သိထားရမည့်တစ်ချက်မှာ လပေါင်းများစွာ ဆက်တိုက် တိုက်ပွဲဝင်ခဲ့ပြီးနောက် လီဝူကျယ်၏၏ ကျင့်ကြံမှုသည် မသေမျိုးဘုရင်အဆင့်ဆီသို့ တိုးတက်ရောက်ရှိခဲ့ပြီးဖြစ်၏။ သူ၏ ပိုမိုပြောင်မြောက်လာသော ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒနှင့် နတ်ဆိုးသွေးဆက်၏ တည်ငြိမ်သောနိုးထမှုတို့နှင့် ပေါင်းစပ်လိုက်သောအခါ ရှုပ်ထွေးကြမ်းကြုတ်သော ဓားကွက်ဓားချက်များဖြင့် သာမန်မသေမျိုးဧကရာဇ်တစ်ပါးကိုပင် ခုတ်ချနိုင်စွမ်းရှိသည်။
သို့သော် ဤအရှိန်အဝါကို ခံစားမိသောအခါ လီဝူကျယ်သည် သူကိုယ်တိုင် မည်မျှပင် အားကောင်းပါစေ၊ ဤရန်သူကိုတော့ လက်နက်ချအရှုံးပေးရတော့မည့် ခံစားချက်ဖြင့် နှလုံးသားသည် ကြောက်ရွံ့တုန်လှုပ်သွားခဲ့ရသည်။
“မင်းတို့ ဘာရပ်နေတာလဲ၊ အမြန်သွားကြစမ်း” လီဝူကျယ်သည် ရင်ထဲမှ မလုံမလဲကြောက်စိတ်ကို အတင်းဖုံးကာ အော်ဟစ်ငေါက်ငမ်းလိုက်သည်။
“ဟုတ်ကဲ့” နောက်လိုက်များသည်လည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အပြစ်သားများကို အလျင်အမြန် ခေါ်ဆောင်၍ ဧရာမဂူကြီး အပြင်ဘက်သို့ အပြေးအလွှား ထွက်သွားကြပြီး ထိုနယ်မြေမှ လျင်မြန်စွာ ထွက်ခွာခဲ့ကြသည်။
“ဒါ...ဒါက အစစ်အမှန် နဂါးမျိုးနွယ်က အင်အားကြီးသတ္တဝါပဲ။ ဒီလိုအဆင့်ရှိတဲ့ သတ္တဝါမျိုး ခွင်းလွင်ကမ္ဘာမှာ ကျန်ရှိနေလိမ့်မယ်လို့ မထင်ထားဘူး...”
ချင်းယန်အကြီးအကဲသည် နဂါးဟိန်းသံကို ကြားလိုက်သောအခါ ဦးရေပြားမှာ ကျင်တက်သွားသည်အထိ ကြောက်လန့်ခဲ့ရပြီး ကိုယ်ခန္ဓာအတွင်းရှိ ကြောက်စိတ်သည် ရေလွှမ်းသကဲ့သို့ ပေါက်ကွဲထွက်လာတော့၏။
နဂါးမျိုးနွယ်သည် ယာအိုမျိုးနွယ်များကြားမှ ဧကရာဇ်မျိုးနွယ်ဝင်အဆင့် ဖြစ်သည်။ တစ်နည်းအားဖြင့် သူတို့သည် နတ်သားရဲအမျိုးအစားတွင် အကျုံးဝင်ထားသော အဆင့်မြင့်ယာအိုများ ဖြစ်ကြ၏။
ဤအဆင့်ရှိသော သတ္တဝါများသည် သူတို့၏ မျိုးနွယ်စုပါရမီကြောင့် ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
ယခု ထိုနဂါးမျိုးနွယ်မှ အင်အားကြီး သတ္တဝါတစ်ကောင် ရုတ်တရတ် ပေါ်ထွက်လာချိန်တွင် ချင်းယန်အကြီးအကဲသည် တစ်ဖက်လူကား နောက်တစ်ချိန်တွင် မုန်တိုင်းကြီးတစ်ခုကိုတော့ တိုက်ခတ်မွှေနှောက်စေလိမ့်ဦးမည်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။
သူကိုယ်တိုင်ကတော့ ယာအိုအချင်းချင်းပင် နီးကပ်ခင်မင်လိုစိတ်မရှိလှပါ။ နဂါးမျိုးနွယ်မှ အင်အားကြီး သတ္တဝါများသည် ယေဘုယျအားဖြင့် အလွန်မောက်မာကြပြီး သူတို့၏ သွေးသားထဲတွင် မြင့်မြတ်ခမ်းနားသည်ဟုသော ခံယူချက်က နက်နက်ရှိုင်းရှိုင်း စွဲထင်နေတတ်သည်။ နွေးထွေးသော ကြိုဆိုမှုပင်လျှင် အေးစက်စက် အဖက်မလုပ်မှုနှင့် ကြုံတွေ့ရနိုင်ပြီး ကံဆိုးပါက တစ်ဖက်လူကို စိတ်အနှောင့်အယှက်ပေးမိကာ နေရာတွင်ပင် ပွဲချင်းပြီးအသတ်ခံရနိုင်ချေရှိ၏။
ထို့ကြောင့် တတ်နိုင်သမျှ ဝေးဝေးခွာနေရမည်။ ဝေးလေကောင်းလေပင်။
မလိုလားအပ်သော ထိပ်တိုက်ရင်ဆိုင်မှုမျိုး ကြုံတွေ့ရာမှ အခြေအနေပြောင်းပြန်လှန်မိသွားမည်ကို စိုးသဖြင့် လီဝူကျယ်တို့အဖွဲ့သည်လည်း နေရာတွင် ကြာကြာမဆိုင်းရဲဘဲ ဆုတ်ခွာသွားကြတော့၏။
မိုင်တစ်ထောင်အကွာတွင် ဧရာမ အနက်ရောင်နှင့်ရွှေရောင်စပ် နဂါးတစ်ကောင်သည် ကောင်းကင်သို့ ပျံဝဲတက်သွားပြီး ၎င်း၏ ကြောက်မက်ဖွယ် နဂါးစွမ်းအားဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းမိုးဖြန့်ကျက်လိုက်သည်။
ဝှစ်ခနဲ အသံဖြင့်။
ဤအနက်ရောင်နှင့် ရွှေရောင်စပ်နဂါး၏ ကိုယ်ပေါ်တွင် တောက်ပသော အလင်းလွှာတစ်ထပ်ဖုံးလွှမ်းနေပြီး ပျံဝဲနေရင်းဖြင့်ပင် ချက်ချင်းဆိုသလို လူ့ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားသည်။
ကျယ်ပြန့်သော ကောင်းကင်ထက်တွင် ထိုနဂါးလူသား၏ ဆံပင်ရှည်များ လေထဲတွင် လွင့်ဝဲလျက်ရှိသည်။ လက်များကို နောက်သို့ပစ်လျက် မတ်မတ်ရပ်နေကာ ခေါင်းပေါ်တွင် လှပသန်မာသော အနက်ရောင်ချိုနှစ်ချောင်း ပါရှိသည်။ ထိုသူ၏ မျက်လုံးများမှာ နတ်ဘုရားတစ်ပါးကဲ့သို့ ရွှေရောင်တလက်လက်တောက်လျက် အောက်ဘက်မှ သက်ရှိအပေါင်းအား အထင်အမြင်သေးစွာ ငုံ့ကြည့်လျက်ရှိ၏။
သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားရှစ်ခုသည် စကျင်ကျောက်ဖြင့် ပန်းပုထုထားသကဲ့သို့ ယောက်ျားပီသစွာ အချိုးအဆစ်ကျနပြီး လူ့အရေပြား၏ တချို့အစိတ်အပိုင်းများတွင် အနက်ရောင်နှင့် ရွှေရောင်စပ် နဂါးအကြေးခွံများ ဖုံးလွှမ်းနေကာ ထူထဲသော နဂါးအမြီးတစ်ချောင်းသည် အနောက်ဘက်တွင် တွဲလွဲကျနေလျက် မွေးရာပါ မောက်မာသောဟန်ပန်ကို အတားအဆီးမရှိ ထုတ်လွှတ်နေသည်။
“ဟဲဟဲ၊ နောက်ဆုံးတော့ ကန့်သတ်ချက်ကို ဖြတ်ကျော်ပြီး မသေမျိုးစက်ဝန်းကို ဒဏ္ဍာရီလာ ဆယ်ပတ်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီ”
“လောကတစ်ခုလုံးမှာ ဘယ်သူက ငါ့ပြိုင်ဘက်ဖြစ်နိုင်သေးလဲ”
ထိုစကားကိုပြောရင်း လုံအော်ထျန်းသည် သူ၏ လက်များကို ဘေးနှစ်ဘက်ဆီသို့ ဖြည်းဖြည်းချင်း ဖြန့်ကားလိုက်သည်။ နှုတ်ခမ်းထောင့်တွင် ဖြစ်ပေါ်လာသော ခပ်ကွေးကွေးအပြုံးမှာ မာန်မာနတို့ပြည့်နှက်နေလျက်။
သူ၏ နောက်ကျောဘက်တွင် တောက်ပပြီး မပျက်စီးနိုင်သော မသေမျိုးစက်ဝန်းတစ်ခု ပျံဝဲနေသည်။ ထိုစက်ဝန်းမှာလည်း အနက်ရောင်နှင့်ရွှေရောင်စပ် အရောင်အသွေးရှိကာ ဧရာမ ကျောက်ကြိတ်စက်ကြီးကဲ့သို့ အင်အားအပြည့်ဖြင့် ရှေးဆန်သောအရှိန်အဝါများအား ထုတ်လွှတ်နေသည်။
ဟုန်ချန်ယဲ့နှင့် ခွဲခွာလာပြီးနောက် လုံအော်ထျန်းသည် ပုန်းအောင်းကျင့်ကြံရန် နေရာတစ်ခုကို ရှာ၍ အခြားရှင်သန်နိုးထလာသူများထက် ပိုသာလွန်သည့် တစ်နေရာသို့ တက်ရောက်ဖို့ စီစဥ်ခဲ့သည်။ လုံအော်ထျန်း၏ ရည်ရွယ်ချက်မှာ မသေမျိုးဧကရာဇ် ကျင့်ကြံဆင့်၏ အထွတ်အထိပ်ဆီသို့ တက်ရောက်ကာ မသေမျိုးစက်ဝန်းကို ဒဏ္ဍာရီလာအဆင့်ဟု သတ်မှတ်ထားကြသော ဆယ်ပတ်အထိ ကျင့်ကြံရန်ဖြစ်သည်။
မသေမျိုးစက်ဝန်းမှာ တစ်ပတ်မှ ကိုးပတ်အထိရှိပြီး မသေမျိုးဧကရာဇ်တစ်ပါးအနေဖြင့် တိုက်ခိုက်ရေးစွမ်းရည်ကို အမြင့်ဆုံးထိ တိုးတက်နိုင်မည့်လမ်းဖြစ်သည်။
မသေမျိုးစက်ဝန်း တစ်ပတ်လည်တိုင်း သာမန် မသေမျိုးဧကရာဇ်တစ်ရာ ပေါင်းစည်းထားသော စွမ်းအားကို အလိုအလျောက် ပေါင်းဖြည့်ပေးနိုင်သည်။
မသေမျိုးစက်ဝန်း ကိုးပတ်လည်ပါက ထိုစွမ်းအားရှင်သည် သာမန်မသေမျိုးဧကရာဇ် အယောက်ကိုးရာပေါင်း စွမ်းအားကို ရရှိပေမည်။
သို့ပေသည့် ဒဏ္ဍာရီလာဟု သတ်မှတ်ထားသော အစွန်းရောက်အခြေအနေတစ်ခုလည်း ရှိသေးသည်။
သမိုင်းတစ်လျှောက် မသေမျိုးဧကရာဇ်တိုင်း အိပ်မက်မက်ခဲ့သော အဆင့်တစ်ခုဆိုလည်း မမှားပေ။
အဘယ်ကြောင့်ဆိုသော် မသေမျိုးစက်ဝန်းသည် ဆယ်ပတ်ဆီသို့ ရောက်ရှိသောအခါ သာမန် မသေမျိုးဧကရာဇ်တစ်ထောင်ပေါင်းစွမ်းအားပင် မကတော့ချေ။
တစ်သိန်းအပြည့်စွမ်းအား ဖြစ်၏။
ဤသို့သော ကြောက်မက်ဖွယ်စွမ်းအားတိုးမြှင့်မှုသည် အရေအတွက်သက်သက်မှ အရည်အသွေးသို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။
မသေမျိုးဧကရာဇ်၏ အထွတ်အထိပ်အဆင့်အား ဖြတ်ကျော်ပြီးသော စွမ်းအားရှင်များကို မဟာမသေမျိုးဧကရာဇ်များဟု ဘွဲ့နာမည်တပ်ခေါ်ဆိုကြ၏။
ထိုဘွဲ့နာမည်၏ တန်ဖိုးကား အလွန်မြင့်မားသည်။
အဘယ်ကြောင့်ဆိုသော် မသေမျိုးဧကရာဇ် အထွတ်အထိပ်ဆင့်ကို ဖြတ်ကျော်နိုင်စွမ်းရှိသော သတ္တဝါတိုင်းသည် ထိပ်တန်းပါရမီရှင်များ ဖြစ်ကြပြီး နောက်ပိုင်း ကျင့်ကြံဆင့်များ ဆက်လက်တိုးတက်သောအခါ ၎င်းတို့၏ မွေးရာပါ တိုက်ခိုက်ရေးစွမ်းအားများပါ အတူမြင့်တက်ပေဦးမည်ဖြစ်ရာ အဆုံးမရှိသော အကျိုးကျေးဇူးများကို လက်ခံယူရမည်ဖြစ်၏။
ထိုအကြောင်းရင်းများကြောင့် လုံအော်ထျန်းတစ်ယောက် မသေမျိုးဧကရာဇ် အထွတ်အထိပ်အဆင့်ကို ကျော်ဖြတ်ပြီး ဤမျှမာန်တက်နေရခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ သူသည်လည်း ငြင်းဆိုမရအောင် အရည်အချင်းရှိသူ ဖြစ်သည်။
“ဒီကာလအတွင်း ကျင့်ကြံဆင့်ကတော့ မသေမျိုးဧကရာဇ် တတိယကောင်းကင်သာရှိသေးပေမဲ့ ခွန်အားအရာမှာ အရင်လုံအော်ထျန်း လိုက်မမီနိုင်တဲ့အဆင့်ကို ရောက်ရှိနေပြီ"
“ငါ့ကျင့်ကြံဆင့်သာ အရင်အဆင့်ကို ပြန်တက်လှမ်းနိုင်သွားမယ်ဆိုရင် မသေမျိုးသူတော်စင်အဆင့် စွမ်းအားရှင်ထွက်လာရင်တောင် ငါ့လက်အောက်မှာ ဦးချိုးပေးရလိမ့်မယ်"
လုံအော်ထျန်း၏ လေသံသည် သံသယဝင်စရာ မရှိလောက်အောင် ခိုင်မာသည်။