အခန်း (၆၁၂)
Vol. 44 Ch. 612
ရှေးခေတ်တုန်းက သူသည် မသေမျိုးဧကရာဇ်တစ်ပါး၏ အဆင့်တွင်ပင် မသေမျိုးသူတော်စင်တစ်ပါးအား နှိမ်နင်းသတ်ဖြတ်ခဲ့သော သမိုင်းကြောင်းတစ်ခု ပိုင်ဆိုင်ထားသေး၏။
ထိုအောင်မြင်မှုသည် ခွင်းလွင်ကမ္ဘာတစ်ခုလုံးကို လှုပ်ခါစေခဲ့ပြီး သူ၏ ကြောက်မက်ဖွယ် ဂုဏ်သတင်းမှာလည်း အဆုံးအစမဲ့ကျယ်ပြန့်ကာ ကမ္ဘာတစ်ဝှမ်းရှိ ကျင့်ကြံသူအများမှာ ထိုနာမည်ကိုကြားရုံမျှဖြင့် နေစရာမရှိအောင် ထိတ်လန့်ကြောက်ရွံ့ခဲ့ရသည်။
သို့သော် ထိုအင်အားကြီး မသေမျိုးသူတော်စင်သည် မကြာသေးခင်ကမှ အဆင့်သစ်ချိုးဖျက်ထားသူဖြစ်သဖြင့် စွမ်းအားနှင့်အဆင့်ကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးပဲ မတည်မငြိမ်ဖြစ်နေကာ အားနည်းချိနဲ့နေခဲ့ကြောင်း သိထားသူ လူအနည်းစုသာရှိမည်။
ထိုတိုက်ပွဲသည် လုံအော်ထျန်းအတွက် မယုံနိုင်လောက်အောင် ခက်ခဲခဲ့သည်။ သူသည် သွေးဆာရူးသွပ်နေသောစိတ်ဖြင့် အားတင်းတိုက်ခိုက်ခဲ့ရပြီး အသက်အန္တရာယ်ရှိစေနိုင်သော ဒဏ်ရာပေါင်းများစွာကို လက်ခံရရှိခဲ့ပြီးမှ ထိုမသေမျိုးသူတော်စင်ကို သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုအောင်မြင်မှုသည် ကျင့်ကြံရေးလောကသမိုင်းကြောင်းတွင် အလွန်ထူးခြားနေဆဲ ဖြစ်သည်။
စကြဝဠာအရှင်တစ်ပါး မထွက်ပေါ်သေးသရွေ့ မသေမျိုးသူတော်စင်များကသာ ကျင့်ကြံရေးလောက၏ ဘုရားသခင်များ ဖြစ်သည်မဟုတ်လော။
ထို့ကြောင့် လုံအော်ထျန်း၏ ထိုအောင်မြင်မှုကို ပြင်ပလောကမှ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းတင်ထားခဲ့ကြ၏။
သို့သော် ယခု အသစ်ပြန်လည်နိုးထလာသော လုံအော်ထျန်းသည် သူ၏ ယခင်ကျင့်ကြံဆင့်ကိုသာ ပြန်လည်ရောက်ရှိပါက ထိုအချိန်က မသေမျိုးသူတော်စင်ကို လွယ်ကူစွာချေမှုန်းနိုင်လိမ့်မည်ပင်။
ထိုသို့သော စိတ်ပျက်ဖွယ်အခြေအနေမျိုး သူ့ဘဝတွင် ထပ်ရှိလာလိမ့်မည်မဟုတ်။
“ဟမ့် ဒီခွင်းလွင်ကမ္ဘာရဲ့ အင်အားအကြီးဆုံးနေရာက ငါလုံအော်ထျန်းအတွက်ပဲဖြစ်ရမယ်"
လုံအော်ထျန်း၏ လေသံသည် ခိုင်မာပြတ်သားကာ မျက်လုံးများတွင် မရှုံးနိမ့်နိုင်သော ယုံကြည်ချက်တို့ထင်းလင်းတောက်ပနေခဲ့သည်။
ထိုနေ့က ဟုန်ချန်ယဲ့နှင့်နှုတ်ဆက်စဉ် သူ့ဘက်ကပေးခဲ့သော တစ်ဖက်သတ်ကတိကို သူမမေ့သေးပါချေ။
သူသည် နောက်ဆုံးတွင် ဤလောက၏ အထွတ်အထိပ်တွင် ရပ်တည်ရင်း ထိုမိန်းကလေးကို ပြန်ဆုံတွေ့ရမည်။
“ချန်ယဲ့၊ ငါတို့ ပြန်တွေ့တဲ့အခါ မင်း ဘယ်လိုအမူအရာရှိမနေလဲ၊ ငါအခုတောင် တွေ့ချင်လှပါပြီ"
သူ့စိတ်ထဲတွင် မမေ့နိုင်မဖျောက်နိုင် စွဲကျန်ရစ်သော အနီရောင်ဝတ်ရုံဝတ်ပုံရိပ်ကို ပြန်လည် သတိရရင်း လုံအော်ထျန်း၏မျက်လုံးများ အနည်းငယ်နူးညံ့သွားကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ထို့နောက် သူ၏ စိတ်ခံစားချက်များကို ပြန်လည်ထိန်းချုပ်ပြီး ပတ်ဝန်းကျင်သို့လှည့်လည်ကာ နောက်ဆုံးရသတင်းများကို စတင်စုဆောင်းသည်။
လုံအော်ထျန်းသည် သူ၏ သီးသန့်ကျင့်ကြံရေးကာလအတွင်း အလယ်ပိုင်းဒေသ ကျင့်ကြံရေးကမ္ဘာတွင် တစ်ခုခု ဖြစ်ပျက်ခဲ့သည်ဟု ခံစားနေရသည်။ လက်ရှိ အင်အားလွှမ်းမိုးနေသောသူကို သူသိချင်သည်။ ထိုသူသည် သူ၏ နောက်လာမည့်ပြိုင်ဘက် ဖြစ်လိမ့်မည်။
ဤဘဝတွင် လုံအော်ထျန်းသည် ခွင်းလွင်ကမ္ဘာတွင် အင်အားအကြီးဆုံး ဖြစ်ကိုဖြစ်လာရမည်ဟု သစ္စာဆိုထားခဲ့သည်။
မည်သူ့ကိုမှ သူ့ခေါင်းထက် နင်းတက်ခွင့်ပြုမည်မဟုတ်။
ထို့နောက် လုံအော်ထျန်းသည် အလယ်ပိုင်းဒေသတစ်လျှောက် ရွေ့လျားလှည့်လည်နေရင်း သူမရှိခဲ့သော ကာလအတွင်း ဖြစ်ခဲ့သမျှ၏ နောက်ဆုံးသတင်းစကားများက သူ့နားထဲ ဆက်တိုက်ဝင်ရောက်လာကြသည်။
“ဘာရယ် မသေမျိုးတာအိုမဟာမိတ်အဖွဲ့အစည်း တည်ထောင်ပြီးပြီလား”
“မဟာမိတ်ခေါင်းဆောင်က ယဲ့ကျွင်းလင်လို့ခေါ်တဲ့လူလား"
"နောက်ခံသမိုင်းကြောင်းက ရှေးခေတ်က ထိပ်တန်းစွမ်းအားရှင်တစ်ဦး ဖြစ်နိုင်ပြီး ဖုံးကွယ်ဇာတ်မြှုပ်ထားတဲ့ မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်နိုင်တယ်တဲ့လား"
ထိတ်လန့်စရာ သတင်းထူးတစ်ခုကို ကြားသိလိုက်ရပြီးနောက်တွင် လုံအော်ထျန်း၏မျက်လုံးများဝယ် မယုံကြည်နိုင်မှုများပြည့်နှက်လျက် သံသယများလည်း အတူဝင်ရောက်လာတော့၏။
အစစ်လား အတုလား။
မသေမျိုးဧကရာဇ်အဆင့်ဟု သံသယဖြစ်ဖွယ်ရှိသော စွမ်းအားရှင်တစ်ပါးက မသေမျိုးဘုံသို့ လိုက်မတက်ဘဲ ခွင်းလွင်ကမ္ဘာတွင် ဘာလုပ်ဖို့ကျန်ခဲ့ပါသနည်း။
လုံအော်ထျန်းသည် ဤသတင်းမှာတော့ ယုံကြည်စိတ်ချဖို့မဖြစ်လောက်သေးဟု မှတ်ချက်ချခဲ့လိုက်သည်။
မသေမျိုးဧကရာဇ်များဆိုသည်မှာ ယေဘုယျအားဖြင့် မသေမျိုးတာအို၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်သည်။ ဘာကြောင့် မသေမျိုး အခွင့်အရေးများကို ယှဉ်ပြိုင်လုယူရန် ခွင်းလွင်ကမ္ဘာတွင် နေထိုင်ကျန်ရစ်ခဲ့ရမည်နည်း။ အခြားပြင်ပဘုံများတွင် ပိုလို့ အခွင့်အလမ်းများနိုင်သည် မဟုတ်လော။
သူတို့ဇာတ်လမ်းမှာ အင်အားအကြီးဆုံး အဆင့်အမြင့်ဆုံး ဧကရာဇ်တစ်ပါးက နဂါးဝတ်ရုံကိုချွတ်ကာ တောရွာဧနပုဒ်တွင် ရွာသူရွာသားများဖြင့် ဖက်လှဲတကင်း အခြေချနေထိုင်နေသကဲ့သို့။
မရယ်ရဘူးလား
မသေမျိုးဧကရာဇ်က ဧကရာဇ်ဖြစ်ရတာ ငြီးငွေ့လွန်းလို့ သာမန်ပြည်သူတွေကြား အပျော်လာရှာတာလား။
ယဲ့ကျွင်းလင်၏ နောက်ခံသမိုင်းကြောင်းကိုလည်း ကောလဟလတစ်ခုသာဖြစ်ရမည်ဟု သူယုံကြည်သည်။ တစ်ဖက်လူက မသေမျိုးတာအို မဟာမိတ်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်လိုသည့်အတွက် ထိုအဆင့်အတန်းနှင့် ကိုက်ညီသောဂုဏ်ပုဒ်တစ်ခုကို ကောလဟလအဖြစ် ရည်ရွယ်ချက်ရှိရှိ ဖြန့်ကျက်ခဲ့ခြင်းဖြစ်ရမည်။
“ဒီ ယဲ့ကျွင်းလင်ဆိုတာ တော်တော်ကိုမောက်မာနေပုံပဲ၊ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကိုတောင် တည်ထောင်ဝံ့သတဲ့လား။ တစ်ချိန်က ငါကိုယ်တိုင်တောင် မဖြစ်နိုင်လို့စွန့်လွှတ်ခဲ့ရတဲ့ နေရာကို သူကအပိုင်သိမ်းထားချင်ရအောင် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလှပြီထင်နေသလား"
လုံအော်ထျန်း၏ မျက်လုံးများ ပြင်းပြစွာ တလက်လက်တောက်ပလာပြီး ခပ်မဲ့မဲ့ပြုံးသည်။ "တကယ်ပဲ တောထဲမှာ ကျားမရှိတော့ မျောက်ကဘုရင်တက်လုပ်ချင်တာပေါ့"
"မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို ငါလုံအော်ထျန်းရဲ့ ခွင့်ပြုချက်မရဘဲ တည်ထောင်ရဲတယ်ပေါ့လေ"
အုံး...
စကားအဆုံးတွင် မိုးခြိမ်းသံအကျယ်ကြီးတစ်ချက် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
တစ်ခဏအတွင်း လေပြင်းများ တိုက်ခတ်ကာ လျှပ်စီးများ တဖျတ်ဖျတ်လက်ကုန်သည်။ လုံအော်ထျန်းသည် ကြီးစွာသောရည်မှန်းချက်ကို ရင်ဝယ်ပိုက်၍ အဝေးတစ်နေရာအား လှမ်းမျှော်ကြည့်ကာ အေးစက်စက်ဆိုသည်။
"အဲ့ဒီယဲ့ကျွင်းလင်က ဘယ်သူလဲ၊ မဟာမိတ်ခေါင်းဆောင်နေရာမှ ထိုင်နေရအောင် ဘာအရည်အချင်းတွေ စွမ်းအားတွေများ ပိုင်ဆိုင်ထားသလဲ ကြည့်ချင်လှသေးတယ်။
ထိုသို့ပြောပြီးနောက် သူ၏ ပုံသဏ္ဌာန်သည် နေရာမှ ရိပ်ခနဲပျောက်ကွယ်သွားသည်။
လုံအော်ထျန်းသည် ထိုလူကို သူ၏ ပြိုင်ဘက်ကင်းလမ်းကြောင်းပေါ်မှ အကြီးမားဆုံး အတားအဆီးအဖြစ် သတ်မှတ်လိုက်လေပြီ။
သူသည် ဤခေတ်တွင် အင်အားအကြီးဆုံးနေရာကို အရယူမည်။ ဤသည်မှာ သူခွင်းလွင်ကမ္ဘာတွင် ကျန်နေခဲ့ရသည့် အဓိကရည်ရွယ်ချက်ပင်။ ပြန်လည်ရှင်သန်လာပြီးချိန်တွင် မည်သူတစ်ဦးတစ်ယောက်မှ သူ့ကို လက်အောက်ခံအဖြစ် ဖိနှိပ်ထားနိုင်တော့မည်မဟုတ်။