ဟုန်ချန်ယဲ့ ကံဆိုးမိုးမှောင်ကျ
Vol. 44 Ch. 613
ထိုက်ရွှမ်းပြည်နယ်။ ရွှယ်ထျန်းသူတော်စင်နယ်မြေ။
“တော်သေးလို့ အဲ့နဂါး နောက်ကလိုက်မလာဘူးပဲ” လီဝူကျယ်သည် ယခုမှ စိတ်သက်သာရာရသွားဟန်ဖြင့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ပြေပျောက်သွားသလို သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
သူ့ဘက်သို့ လမ်းလျှောက်လာသော ဟုန်ချန်ယဲ့သည် ထိုမြင်ကွင်းကို မြင်လိုက်ရချိန်၌ မျက်မှောင်ကြုတ်လိုက်သည်။ “ဘယ်ကကောင်လဲ။ မင်းလိုလူမျိုးကို ဒီလောက်ကြောက်အောင် ဘယ်သူကခြောက်နိုင်တာလဲ။"
လီဝူကျယ်၏ စွမ်းအားအဆင့်ကို သူကောင်းကောင်းသိသည်။ ထိုသူသည် နတ်ဆိုးသွေးဆက်ကို ထုတ်အသုံးပြုလျှင် အားကောင်းသော မသေမျိုးဧကရာဇ်တစ်ပါးကိုပင် သတ်နိုင်လောက်ပေဦးမည်။ ထို့အပြင် သူသည် အကြီးအကဲယဲ့၏ တပည့်ဟူသော ဘွဲ့ထူးဂုဏ်ထူးကိုလည်း လက်ခံရရှိထားသေး၏။ အပြင်လောကမှ မည်သည့်သတ္တဝါက ဒီလူကို ရန်စရဲပါမည်နည်း။
ထို့ကြောင့် လီဝူကျယ်၏ ရှားရှားပါးပါး ကြောက်ရွံ့စိုးထိတ်မှုကိုမြင်သောအခါ ဟုန်ချန်ယဲ့မှာ အကြောင်းကို မစဥ်းစားတတ်တော့ချေ။
“ဟူး ပြောမပြောချင်ပါဘူး"
လီဝူကျယ်သည် စိတ်ပျက်လက်ပျက်ဖြင့် ကျောက်စားပွဲတွင် ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည်အိုးကို ယူကာ တစ်ခွက်စောင်းငှဲ့၍ တစ်ဂွတ်တည်းဖြင့် အကုန်ကုန်အောင် မော့သောက်ချပစ်လိုက်သည်။
“အမြန်ပြောစမ်းပါ၊ ငါ့ကို ရင်တုန်အောင်မလုပ်စမ်းနဲ့” ဟုန်ချန်ယဲ့မှာ စိတ်ဝင်စားလွန်း၍ နေမထိထိုင်မသာဖြစ်ကာ တွန်းအားပေးနေလိုက်သည်။
“အေးပါ ပြောပါ့မယ်၊ သေချာနားထောင်” လီဝူကျယ်လည်း အချိန်ထပ်ဆွဲမနေတော့ဘဲ အခုလေးတင်မှ သူကြုံခဲ့ရသောသတ္တဝါအကြောင်း အကုန်ပြန်ဖောက်သည်ချလိုက်သည်။
“မဟုတ်မှလွဲရော...”
စစ်မှန်သော နဂါးမျိုးနွယ်ဝင်တစ်ကောင် ပေါ်ထွက်လာသည်ဟု ကြားသောအခါ ဟုန်ချန်ယဲ့သည် တစ်စုံတစ်ခုကို ဆက်စပ်စဥ်းစားမိလိုက်ပုံဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။
“ဘာလဲ မင်းအဲ့လူကိုသိလို့လား"
လီဝူကျယ် တအံ့တသြ မေးလိုက်မိသည်။ နတ်ဆိုးလမ်းစဥ်မှာ မင်းအဆက်အသွယ်တွေက အဲ့လောက်တောင်ကျယ်ပြန့်သလား။ မယုံနိုင်ဘူး။
“မင်းမေ့သွားပြီလား၊ ငါအရင်က မင်းကို ထူးဆန်းတဲ့လူတစ်ယောက်အကြောင်း ပြောပြဖူးတယ်လေ။ နာမည်က လုံအော်ထျန်းတဲ့၊ မင်းအခုတွေ့ခဲ့တာလည်း သူပဲဖြစ်မယ်လို့ထင်တယ်" ဟုန်ချန်ယဲ့က အတည်ပေါက်တွက်ချက်၍ ထုတ်ပြောလိုက်သည်။
ပျစ်တိပျစ်ချွဲအသံဖြင့် သူ့ကိုခေါ်ဝေါ်သော ကြက်သီးထစရာနာမည်ကြီးကို ပြန်လည်ကြားယောင်မိသောအခါ ဟုန်ချန်ယဲ့ အတော်လေးမသက်မသာခံစားလိုက်ရသည်။ ရွံစရာကောင်းလိုက်တောနော်၊
"အေး မင်းပြောမှ ငါမှတ်မိပြီကွ"
လီဝူကျယ်သည် သူ့ပေါင်သူ အားရပါးရထရိုက်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ "ဟုတ်တယ် အဲ့တစ်ယောက်ပဲဖြစ်ရမယ်"
“တကယ်ထူးဆန်းတယ်။ သူကဘာလို့ အခုမှပေါ်လာတာလဲ။ အရင်စွမ်းအားအဆင့်ကို ပြန်ရောက်သွားလို့များလား။" ဟုန်ချန်ယဲ့ မသဲမကွဲ ရေရွတ်မိသည်။
စင်စစ် လုံအော်ထျန်းသည် တစ်ချိန်က သူ၏အသက်သခင်ကျေးဇူးရှင်ပင် ဖြစ်ပါသော်ငြား နေရာတိုင်းတွင် ပြဿနာကိုမီးထွန်းရှာတတ်သူဟု နာမည်ကြီးလေရာ ယခုတစ်ခါ ထွက်ပေါ်လာခြင်းသည်လည်း မုန်တိုင်းကြီးတစ်ခု ကောင်းကောင်းထမွှေဖို့ဖြစ်မည်ဟု ဟုန်ချန်ယဲ့ ကောက်ချက်ချမိသည်။
ထိုသူ၏ မောက်မာပြီး နိုင့်ထက်စီးနင်းဆန်လှသော ကိုယ်ကျင့်စရိုက်အရ လက်ရှိကာလတွင် ဟုန်းဟုန်းတောက်နာမည်ကြီးနေသော မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ရာမှာ အလွန်ဖြစ်နိုင်ချေရှိပေ၏။
“ဘာကြောက်စရာရှိလဲ၊ ငါတို့သူတို့မနိုင်ရင်တောင် ဆရာသခင်ရှိတယ်တလေ” လီဝူကျယ်က တက်တက်ကြွကြွ ပြောလာသည်။
"အဲ့နည်းတစ်ခုပဲ ကျန်တော့တာပဲ" ဟုန်ချန်ယဲ့က တွေးတွေးဆဆပြောသည်။
"ငါ့ဘယ်သူခေါ်တာလဲ"
ယဲ့ကျွင်းလင်သည် လွတ်လပ်ပေါ့ပါးသောဟန်ပန်ဖြင့် ကောင်းကင်မှနတ်သက်ကြွေလာသော နတ်သားတစ်ပါးအလား လမ်းလျှောက်လာ၏။
သူ၏နောက်တွင် လူကဲ့သို့ ပုံပန်းသွင်ပြင်ရှိသော်လည်း အမူအရာက ခွေးနှင့်တူသော အသက်ကြီးကြီး ဆံဝါအဘိုးကြီးတစ်ယောက် ကပ်ပါလာကာ တစ်စုံတစ်ခုကို ပြင်းပြင်းပြပြတောင်းဆိုလျက်ရှိသည်။
“တာအိုမိတ်ဆွေယဲ့၊ ကျေးဇူးပြုပြီး ဒီအဘိုးကြီးကို နောက်ထပ်နည်းနည်းလောက် ထပ်လျက်ခွင့်ပြုပါ။ ဒီအဘိုးကြီး အဲ့ဒါကိုမလျက်ဘဲ တစ်စက္ကန့်လေးတောင် မနေနိုင်တော့လို့ပါ...”
ထိုသို့ အဓိပ္ပာယ်နက်နဲလှသော စကားများက လီဝူကျယ်နှင့် ဟုန်ချန်ယဲ့ကို ပါးစပ်အဟောင်းသား ပွင့်သွားစေခဲ့သည်။
သူတို့သည် ယဲ့ကျွင်းလင်ကို မယုံနိုင်စွာ ပြိုင်တူကြည့်လိုက်ကြပြီး တုန်ယင်စွာ ခေါ်မိလိုက်ကြသည်? “ဆရာသခင်...”
ယဲ့ကျွင်းလင်လည်း မျက်နှာကြီးချက်ချင်းမည်းသွားကာ အနောက်သို့လှည့်၍ ဆူငေါက်လိုက်သည်။ “အဘိုးကြီး၊ ဒီ့ထက်ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပါ့လား။ အခု ငါ့တပည့်တွေ အထင်လွဲကုန်ကြပြီ၊ မင်းအရိုးလျက်ချင်တာမလား ရော့ ယူ"
စကားပြောနေစဥ်ပင် ကြီးမားချောမွေ့သော ကျောက်စိမ်းဖြူကဲ့သို့အရိုးတစ်ချောင်းက ယဲ့ကျွင်းလင်၏လက်ထဲတွင်ထွက်ပေါ်လာပြီး သန့်စင်မွှေးကြိုင်သောရနံ့ကို ထုတ်လွှတ်နေသည်။
ထို့နောက် သူ လက်ကိုမြှောက်ပြီး ဝေးရာသို့ လှမ်းပစ်လိုက်သည်။
“သွားကောက်”
ထိုအရိုးချောင်းကြီးမှာ စနစ်မှပေးသော ဆိုင်းအင်ဆုလာဘ်တစ်ခုဖြစ်ပြီး မည်သည့်ခွေးမျိုးနွယ်ဝင် သတ္တဝါကိုမဆို မလျက်ဘဲမနေနိုင်အောင် သေစေလောက်သောဆွဲဆောင်မှုကို ထုတ်လွှတ်ပေးလေသည်။
ထို့ကြောင့် ကောင်းပုလီတစ်ယောက် ယဲ့ကျွင်းလင်ကို အသည်းအသန်ကပ်ပူဆာနေရခြင်းပင်။
အဘယ်ကြောင့်ဆိုသော် သူ၏မူလဇာစ်မြစ်မှာ ခွေးစင်စစ်ဖြစ်သောကြောင့်ပင်။
“ဝုတ်”
အရိုးကြီးပျံတက်လွင့်စင်သွားသည်ကို မြင်သော် ကောင်းပုလီ၏တစ်ကိုယ်လုံးနီးပါး ခွေးအဖြစ်ပြန်ပြောင်းသွားပြီး မျက်လုံးများမှာလည်း တဖျတ်ဖျတ်အရောင်တောက်လာကြသည်။
ထို့နောက် သူသည် အလျင်အမြန် ပြေးလိုက်သွားပြီး အရိုးကို ပါးစပ်ဖြင့်တင်းတင်းကိုက်ကာ လက်ထဲတွင် အသေအချာနေရာချထားပြီးမှ ပြင်းပြင်းထန်ထန် စလျက်တော့သည်။ မျက်နှာအမူအရာမှာ အတော်လေးပျော်ရွှင်ကျေနပ်နေဟန်ပင်။
“အယ်”
ဟုန်ချန်ယဲ့နှင့် လီဝူကျယ်တို့၏ အမူအရာများမှာ ပြူးကြောင်ကြောင်နိုင်လှ၏။
ငါတို့ထင်ခဲ့သလို မဟုတ်ဘူးပဲ...
“ဟေး၊ စိတ်ဓာတ်ညစ်ညမ်းတဲ့ကောင်တွေ၊ ဒီကိုထွက်လာပြီး အရိုက်ခံစမ်း" ယဲ့ကျွင်းလင်က လက်ကိုရွယ်ကာ ဒေါသတကြီးလှမ်းပြောသည်။
ဟုန်ချန်ယဲ့နှင့် လီဝူကျယ်တို့လည်း ခေါင်းမဖော်ရဲစွာ တွင်တွင်ငုံ့ထားကြပြီး ဘာစကားမှလည်းပြန်မပြောရဲ။
ဒီလိုအထင်လွဲထားပြီးမှတော့ ဘယ်လောက်ပဲမျက်နှာပြောင်ပြောင် ခေါင်းငုံ့ထားရမှာပဲ။
“ထားလိုက်ပါတော့၊ ပါးစပ်သာလျှောက်မဖွာကြနဲ့" တပည့်နှစ်ကောင်လုံး ဆောင်းရာသီပုရစ်များကဲ့သို့ တိတ်ဆိတ်နေကြသည်ကိုမြင်သောအခါ ယဲ့ကျွင်းလင် စိတ်မသက်မသာဖြင့် လက်ဝှေ့ယမ်းပြကာ ခွင့်လွှတ်လိုက်သည်။
“ဟုတ်ကဲ့”
ဟုန်ချန်ယဲ့နှင့် လီဝူကျယ်တို့သည် တိတ်တိတ်လေးဝမ်းမြောက်ရင်း လျင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။
“အကြီးအကဲကောင်း၊ သူကတော့...”
ထို့နောက် သူတို့သည် ကောင်းပုလီရှိရာဘက်သို့ တစ်ပြိုင်တည်း လှည့်ကြည့်မိလိုက်ကြသော် တစ်ဖက်လူ၏ စစ်မှန်သောခွေးသဘာဝအား ထင်းထင်းကြီးမြင်လိုက်ရလေတော့၏။ အကြီးအကဲကောင်းမှ ကြီးမားသော အရိုးကို ချစ်ခင်စွာပွေ့ဖက်ပြီး ရူးသွပ်စွာ ပျော်ပျော်ကြီးလျက်နေလေသည်။
ဘုရားရေ၊ အကြီးအကဲကောင်းက တကယ်ကြီးကို ခွေးအစစ်ပါလား။
“အဟမ်း အဟမ်း" ယဲ့ကျွင်းလင်က ချောင်းအနည်းငယ်ဟန့်ပြီး ဝင်တားလိုက်သည်။
“သူ့ကို လျစ်လျူရှုထားလိုက်ကြ။ ဒီအခြေအနေမှတော့ သွားတားလို့မရတော့ဘူး"
“ပြောပါဦး ခုနက မင်းတို့နှစ်ယောက် ဘာတွေဆွေးနွေးနေကြတာလဲ"
ယဲ့ကျွင်းလင်သည် စကားဝိုင်းခေါင်းစဉ်ကို ကျွမ်းကျင်လျင်မြန်စွာ ပြောင်းလိုက်သည်။
“ဆရာသခင့်ကို အစီရင်ခံပါတယ်၊ ဒီနေ့ ကျွန်တော် တာဝန်တစ်ခုထမ်းဆောင်နေတုန်းမှာ နဂါးမျိုးနွယ် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ကျွန်တော်နဲ့ ဆရာတူအစ်ကို ဆွေးနွေးပြီးသလောက်တော့ အဲ့ဒီလူက လုံအော်ထျန်းပဲဖြစ်ဖို့များပါတယ်” လီဝူကျယ်က လေးနက်စွာ လျှောက်တင်လိုက်သည်။
“ဒါ့အပြင် အဲ့ဒီလူရဲ့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတတ်တဲ့ စိတ်အခံအရဆိုရင် ဆရာသခင့်ကို ထိပ်တိုက်လာစိန်ခေါ်နိုင်ချေရှိပါတယ်" ဟုန်ချန်ယဲ့က ဖြည့်စွက်ပြောကြားသည်။
“လုံအော်ထျန်းလား”
ရင်းနှီးသောနာမည်ကို ပြန်ကြားလိုက်ရသောအခါ ယဲ့ကျွင်းလင်သည် တစ်ဖက်လူ၏နောက်ကြောင်းရာဇဝင်ကိုပါ တစ်ပါတည်း သတိရလိုက်မိ၏။
ထိုသူသည် ရွှေနဂါးမျိုးနွယ်နှင့် နဂါးနက်နဂါးမျိုးနွယ်တို့၏ ပေါင်းစည်းခြင်းမှ မွေးဖွားလာသော ထူးခြားသည့်မျိုးစပ်ဖြစ်ပြီး ရှားပါး၍ အင်အားအရာတွင် ပြစ်ချက်မရှိသည့် မျိုးနွယ်ပါရမီနှစ်ခုကို ပိုင်ဆိုင်ထားသည်။ ထက်မြက်အားကောင်းသော တိုက်ရည်ခိုက်ရည်ဖြင့် လူတိုင်းက ထိပ်တန်းပါရမီရှင်ဟုသတ်မှတ်ထားသော သွေးနှောသတ္တဝါပင်။
“မင်းတို့ သိပ်စိတ်ပူစရာမလိုဘူး။ ငါလည်း သူနဲ့သွားတွေ့မလို့ စဥ်းစားထားတာ"
"တွေ့ကြတဲ့အခါ သူ့ကျင့်ကြံဆင့် ငါ့ထက်ပိုမြင့်နေဖို့ မျှော်လင့်ပါတယ်"
ယဲ့ကျွင်းလင်၏ မျက်လုံးများသည် အလင်းတစ်ပြက်ဖြင့် ဖျတ်ခနဲတောက်ပသွားကာ နှုတ်ခမ်းထောင့်တွင် ခပ်မြူးမြူးအပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။
သူ့ထက် ကျင့်ကြံဆင့်ပိုမိုမြင့်မားပြီး သူ့ဆီ တမင်သက်သက် လာရောက်ပြဿနာရှာသော ရန်သူအပေါင်းမှာ သူ့အတွက်တော့ ဒလီခပင်ကုန်စရာမလိုသည့် အိမ်အရောက်အခမဲ့လက်ဆောင်ထုပ်ကြီးများသာ ဖြစ်ပေ၏။
ယဲ့ကျွင်းလင်သည် နောက်ထပ်ရောက်လာမည့် ပြဿနာကောင်ကိုလည်း လိုလိုလားလားပင် ကြိုဆိုချင်ပါသည်။
သို့သော် ထိုစကားများကို ကြားလိုက်ရသော ဟုန်ချန်ယဲ့နှင့်လီဝူကျယ်အတွက်တော့ အဓိပ္ပာယ်တစ်မျိုးထွက်လျက်။
"ဒီလောက်အကြာကြီး ပြိုင်ဘက်ကင်းဘဝမှာနေလာရတာ အရမ်းကိုမှအထီးကျန်မှာပဲ။ လုံအော်ထျန်းက သူ့အတွက် အားထုတ်တိုက်ခိုက်ဖို့ ထိုက်တန်တဲ့စိန်ခေါ်မှုတစ်ခု ဖြစ်စေချင်တဲ့ပုံပေါ်တယ်"
"ဒါ...ဒါက စစ်မှန်တဲ့ ကျင့်ကြံသူတစ်ဦးရဲ့ အသိအမြင်ပဲ"
နှစ်ဦးလုံး အထင်ကြီးလေးစားစွာ တွေးတောမိကြသည်။
ထိုအခိုက်အတန့်တွင်၊
ထိုက်ရွှမ်းပြည်နယ်တစ်ခုလုံး၏ ကောင်းကင်သည် ရုတ်တရက်မှောင်မိုက်သွားပြီး ခမ်းနားသော နဂါးဟိန်းသံတစ်ခုသည် ကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်လာကာ နေမင်းကိုခြွေချတော့မည့်အလား ကောင်းကင်ကို လှုပ်ခါယိမ်းထိုးစေသည်။
“ဘာတွေဖြစ်နေတာလဲ" ပြည်နယ်တွင်းမှ ကျင့်ကြံသူအများ ဆောက်တည်ရာမရစွာ ကြောက်လန့်အော်ဟစ်ကြကုန်၏။
အထူးသဖြင့် ငှက်များနှင့် သားရဲတိရိစ္ဆာန်များပင် တုတ်တုတ်ပင်မလှုပ်ဝံ့အောင် မြေထက်ပိပြားဖိကပ်နေကြရသည်။ ထိုအရှိန်အဝါမှာ ၎င်းတို့၏ သွေးဆက်ဘုရင်ထံမှ ဖိအားပေးခြင်းပင်။
ဝုန်း
အဆုံးမဲ့ ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည့် ပုံရိပ်မှာတော့ အရွယ်အစား ကြီးမားထွားကျိုင်းသော နဂါးတစ်ကောင်၊ အနက်ရောင်နှင့် ရွှေရောင်အကြေးခွံများက တစ်ကိုယ်လုံးဖုံးလွှမ်းနေလျက် ကိုယ်ထည်က ကွေ့ကောက်ပြီး တွန့်လိမ်နေသည်။ ၎င်း၏ အစွယ်များနှင့် ခြေသည်းများကို ထုတ်ဖော်ပြသလျက် ကြောက်မက်ဖွယ်အရှိန်အဝါအား အကန့်အသတ်မဲ့ထုတ်လွှင့်ကာ ရွှယ်ထျန်းသူတော်စင်နယ်မြေဘက်သို့ ဦးတည်ပျံသန်းသွားလေသည်။
ထိုသတ္တဝါ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အာမေဋိတ်သံများ ကြီးစွာဆူပူထကြွကုန်ကြ၏။
“ဘုရားရေ၊ ဒါ နတ်နဂါးပဲ” ရေတွက်မရသော လူအများမှာ မိုးတိမ်များကြား ကွေ့ပတ်ပျံသန်းနေသော နဂါးကိုယ်ထည်ကြီးကို ခေါင်းမော့ကြည့်ကြရင်း ကြောက်စိတ်ဖြင့် အော်ဟစ်လန့်ဖျပ်ကုန်ကြသည်။
“ဒီအရှိန်အဝါ၊ ဒါ ဒါသူပဲ" လီဝူကျယ်မှာ အကြီးအကျယ်မျက်နှာပျက်ကာ ဆံပင်မွေးများပင် ထောင်မတ်လာသည်။ သူ၏ ညာဘက်လက်သည် အကာအကွယ်ယူဟန်ဖြင့် ဓားရိုးကိုအသင့်ဆုပ်ကာ ဘယ်အချိန်မဆို ဆွဲထုတ်ခုတ်ပိုင်းလိုက်ဖို့ အသင့်ပြင်ထားသည်။
ဟုန်ချန်ယဲ့လည်း သတိကပ်နေဟန်ရှိ၏။ "ငါအရင်တစ်ခေါက် တွေ့ခဲ့တုန်းကထက် အဆတစ်ရာလောက် ပိုပြီးအားကောင်းလာပြန်ပြီ"
မျက်တောင်တစ်ခတ်မျှ အချိန်အတွင်း အနက်ရောင်နှင့်ရွှေရောင်နှောသော နဂါးသည် ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ တောင်တံခါးဝရှေ့သို့ ရောက်ရှိလာသည်။ ၎င်း၏မျက်လုံးများက နေကဲ့သို့ ပူပြင်းတောက်လောင်ကာ ခမ်းနားမှုအပြည့်ဖြင့် အလယ်ပိုင်းဒေသတစ်လွှား နာမည်ကြီးလှသော ထိုကျင့်ကြံရေးနယ်မြေအား အထက်စီးမှ ငုံ့ကြည့်နေခဲ့၏။
"နဂါး၊ ဒဏ္ဍာရီလာ အစစ်အမှန် နဂါးမျိုးနွယ်က နဂါးပဲ"
ရွှယ်ထျန်းသူတော်စင်နယ်မြေသည် ခြေချင်းလိမ်ရှုပ်ထွေးသွားကာ အာမေဋိတ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုစဥ် အလင်းတစ်ချက်လက်သွားပြီး အနက်ရောင်နှင့်ရွှေရောင်စပ် အကြေးခွံအုပ်သောနဂါးမှာ အရပ်ရှည်ရှည် လူတစ်ယောက်သဏ္ဌာန်အဖြစ် ပြောင်းလဲသွားခဲ့သည်။
လုံအော်ထျန်းသည် မောက်မာသော ပုံစံဖြင့် လေထဲတွင် ရပ်တည်နေရင်း ထိတ်လန့်ပျာယာခတ်နေကြသော ကျင့်ကြံသူများကို လှောင်ပြုံးဖြင့် ငုံ့ကြည့်နေသည်။
"ဒီလူသားမျိုးနွယ်လေးတွေက အားနည်းလှချည်လား၊ ယဲ့မျိုးရိုးနဲ့လူက ဒီလိုအားနည်းတဲ့အုပ်စုတွေနဲ့ ပေါင်းစည်းနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ မသေမျိုးတာအို မဟာမိတ်ခေါင်းဆောင်ဆိုတဲ့နာမည်ကို သိက္ခာချနေတာပဲ"
"အဲ့လူရှိသလား တစ်ချက်ကြည့်ရအောင်"
လုံအော်ထျန်းသည် သူ၏ ကျယ်ပြန့်သော နတ်ဘုရားအာရုံကိုထုတ်လွှင့်ကာ ထိုနယ်နိမိတ်အတွင်း လှည့်ပတ်ရှာဖွေလိုက်သည်။
ရုတ်တရက် သူသည် တစ်ခုခုကို မြင်လိုက်ရသကဲ့သို့ တအံ့တသြအကြည့်ဖြင့် ရေရွတ်လာ၏။ “ချန်ယဲ့၊ မင်းလား?”
ဝှစ်
လုံအော်ထျန်းသည် အစီအရင်များဖြင့် ဖွဲ့စည်းထားသော အတားအဆီးများကို လျစ်လျူရှုပြီး ဂိုဏ်းပရဝုဏ်ထဲသို့ လျှပ်တပြက် ခုန်ဝင်လိုက်သည်။ သူ၏ရှေ့တွင် ရှိနေသော ကြော့ရှင်းသွယ်လျသည့် အနီရောင်ဝတ်ရုံပိုင်ရှင်ကို ထပ်ခါထပ်ခါ ခြေစခေါင်းဆုံးကြည့်သည်။ ထိုသို့ အထပ်ထပ်စစ်ဆေးပြီးနောက် အတည်ပြုလိုက်မိချိန်တွင် သူအကြီးအကျယ် အံ့အားသင့်သွားခဲ့ရ၏။
“ချန်ယဲ့၊ ကိုယ်မင်းကို ဒီနေရာမှာတွေ့ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ကိုယ်မရှိတဲ့အချိန်အတွင်းမှာ နေလို့ထိုင်လို့ ကောင်းပါရဲ့လား"
“ချီး"
တစ်ဖက်လူမှ သူ့ထံတည့်တည့်လာကာ ကြက်သီးထစရာနာမည်ကြီးကို ခေါ်ဝေါ်လျက် ကြက်သီးထစရာစကားများ ပြောနေသည်ကိုမြင်သော် ဟုန်ချန်ယဲ့ မသက်မသာဖြင့် အနောက်သို့ဝေးဝေးဆုတ်ခွာသွားလိုက်သည်။ ထို့နောက် တိုးတိုးရေရွတ်မိ၏။
"ငါ့နှယ် ကံဆိုးလိုက်တာနော်"