စကြဝဠာအရှင် အလောင်းအလျာ
Vol. 44 Ch. 614
လုံအော်ထျန်း အံ့အားသင့်သွားသည်။ ချန်ယဲ့ကဘာကြောင့် ငါ့ကိုတွေ့တာနဲ့ အနောက်ဆုတ်သွားရတာလဲ။
သို့သော် သူ့ကို ရုတ်တရက် မြင်လိုက်ရသဖြင့် လန့်သွားခြင်းလည်း ဖြစ်နိုင်သည်ပင်။ တစ်ဖက်လူမှာ သူ့ကိုရင်ဆိုင်ဖို့ အသင့်မပြင်ထားရသေးသောကြောင့်ပေလော။
“အင်”
လီဝူကျယ်သည် ပထမ လုံအော်ထျန်းကို တစ်ချက်ကြည့်သည်၊ ထို့နောက် ဟုန်ချန်ယဲ့ကို တစ်ပြန်ကြည့်သည်။ ထို့နောက် သူ၏ ကြောင်တောင်တောင်မျက်နှာတွင် အဓိပ္ပာယ်ပါသော အမူအရာတစ်ခု ပေါ်လွင်လာ၏။
“ကျွန်တော် အရမ်းကိုမှ အဆင်ပြေပါတယ်၊ ခင်ဗျား စိတ်ပူပေးစရာမလိုပါဘူး!” ဟုန်ချန်ယဲ့ အားတင်းလျက် ဆိုလိုက်သည်။
“ဒါဆိုကောင်းတာပေါ့။ မင်းကိုပြန်တွေ့ရတာ ကိုယ်တကယ်ပျော်ပါတယ်။” လုံအော်ထျန်းသည် နူးညံ့သောမျက်လုံးများဖြင့် စစ်မှန်သောခံစားချက်များကို ဖွင့်ဟလိုက်သည်။
ပုံမှန်အားဖြင့် သူ၏ ထိပ်တန်းလက်ရွေးစင် နူးညံ့ပျော့ပျောင်းသည့် ထိုစကားလုံးများဖြင့် တိုက်ခိုက်လိုက်ပါလျှင် အပြင်လောကတွင် မရေမတွက်နိုင်သော အမျိုးသမီးများ မျက်နှာနီမြန်း ရင်ခုန်စိတ်လှုပ်ရှားကာ ရှက်သည်းဖိုသွားကြတတ်သည်ပင်။
ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင်တော့ ပစ်မှတ်မှားကို ရွေးချယ်ခဲ့မိလေသည်။
“အရှင်က ဟာသပြောတတ်သားပဲ ဟဲဟဲ” တစ်ဖက်လူ၏ နက်ရှိုင်းသောအကြည့်ကို ခံစားမိသောအခါ ဟုန်ချန်ယဲ့ အတွင်းစိတ်ထဲတွင် မသက်မသာဖြစ်လှကာ လေသံတောင့်တောင့်ကြီးဖြင့် တုံ့ပြန်လိုက်မိသည်။
“ဟင်”
လုံအော်ထျန်း မျက်မှောင်ကြုတ်သည်။
ထို့နောက် တစ်ခုခုကို သတိရမိလိုက်ပြီး သူ၏ တွန့်ချိုးနေသောမျက်ခုံး တဖြည်းဖြည်းပြေလျော့သွားသည်။ နှုတ်ခမ်းထောင့်တွင် မိမိကိုယ်ကို အထင်ကြီးဂုဏ်ယူသော အပြုံးတစ်ပွင့် ချိတ်ဆွဲနေလျက်။
နတ်သမီးလေးက သူ့ကို ဉာဏ်ရည်ထက်မြက်သူဟု ချီးမွမ်းနေခြင်း ဖြစ်ရမည်။
“ချန်ယဲ့၊ မင်းနဲ့ငါ ဒီလောက်မြန်မြန် ပြန်တွေ့နိုင်တာ ကောင်းကင်ကစီစဥ်ပေးတဲ့ ဖူးစာပဲဖြစ်ရမယ်၊ မင်းရော အဲ့လိုမထင်ဘူးလား"
လုံအော်ထျန်း၏ လေသံမှာ ပျော့ပျောင်းညင်သာလျက်ရှိသည်။
“ကျွန်တော်...” ဟုန်ချန်ယဲ့မှာ ကျိန်ဆဲချင်စိတ်ကို အတင်းအကျပ် ထိန်းချုပ်ထားရသည်။ တစ်ဖက်လူမှာ မိမိအသက်ကို တစ်ကြိမ်တစ်ခါ ကယ်တင်ခဲ့ဖူးသူပင်။ သူရိုင်းရိုင်းစိုင်းစိုင်း ပြန်ပက်လိုက်လို့မဖြစ်။
သို့သော် စိတ်ထဲမှတော့ ကြိတ်ပြောမိသည်။ "ကျွန်တော်တော့ခင်ဗျားကို ငအကြီးလို့ပဲထင်တယ်"
“ခွီး"
လီဝူကျယ်သည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ထိုနေရာမှာပင် ထရယ်ချလိုက်တော့၏။
ဗိုက်ကိုဖိ၍ ခါးကုန်းရယ်ရင်း သူ၏မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်။ နောက်တစ်ခဏတွင် မြေကြီးပေါ် လှိမ့်ချလိုက်တော့မည့်အလား။
“မင်းက ဘာရယ်တာလဲ” ဟုန်ချန်ယဲ့ ဒေါသတကြီး အံကြိတ်သံဖြင့် မေးလိုက်သည်။
“ရယ်မိလို့တောင်းပန်ပါတယ်၊ ဆက်ပြောပါ၊ ဆက်ပြောပါ...” လီဝူကျယ် သူ၏အမှားကို သဘောပေါက်စွာဖြင့် ရယ်သံကို အတင်းပြန်ထိန်းချုပ်ကာ တောင်းပန်လိုက်သည်။
လုံအော်ထျန်း၏ မျက်နှာသည်လည်း မည်းမှောင်သွားပြီး မျက်လုံးများကိုမှေးစင်းကာ ဝါးဦးထုပ်နှင့်လူကို စိုက်ကြည့်လိုက်သည်။
“မင်းကငါ့ကို အရမ်း ရယ်စရာကောင်းတယ်လို့ ထင်သလား”
သူ၏ နူးညံ့မှုသည် သူသဘောကျသူများအတွက်သာ သီးသန့်ဦးစားပေးမှုပင်။ အခြားလူအားလုံးမှာ သူ့အမြင်တွင် ပုရွက်ဆိတ်များထက်မပိုပေ။
ထို့ကြောင့် တစ်ဖက်လူ၏ လုပ်ရပ်သည် လုံအော်ထျန်းအတွက်တော့ သေခြင်းကိုဖိတ်ခေါ်နေခြင်းသာဖြစ်၏။
ရုတ်တရက်။
လေထဲရှိ အပူချိန်မှာ ခဲသက်သွားတော့မတတ် ထိုးကျသွားသည်။
လီဝူကျယ် သူ၏ကျောရိုးမှ စိမ့်တက်လာသောကြက်သီးကို ခံစားလိုက်မိချိန်တွင် ရယ်ချင်နေသောစိတ်သည်လည်း ချက်ချင်းပျောက်ကွယ်သွားတော့၏။
“ခဏလေး”
ဝှစ်ခနဲဆိုသလိုပင် လီဝူကျယ် ယဲ့ကျွင်းလင်၏ နောက်သို့ လျှပ်တပြက် ပြေးဝင်သွားသည်၊ ထို့နောက်မှ စိတ်အေးချမ်းမှုကို ခံစားလိုက်ရဟန်ဖြင့် သက်ပြင်းချလိုက်ပြီး အနောက်မှ ခေါင်းထိုးထွက်ကာ မကြောက်မရွံ့အော်လိုက်သည်။
“ဟုတ်တယ်ကွာ ရယ်စရာကောင်းလွန်းလို့ရယ်တာ”
ထိုစကားများ ထွက်လာသည်နှင့်၊
လုံအော်ထျန်း ပထမတော့ နေရာတွင် တောင့်ခဲသွားမိသည်။ သူ၏နားကိုပင် သံသယဝင်မိသည်အထိ၊ ထို့နောက် ဒေါသငယ်ထိပ်တက်ကာ ကြောက်မက်ဖွယ်ပြင်းထန်သော ချီစွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာတော့၏။
“ပုရွက်ဆိတ်၊ မင်းကတော့ စောစောစီးစီး သေချင်နေတာပဲ"
ထိုမျှအဆင့်နိမ့်သော သတ္တဝါတစ်ကောင်က သူ့ကို လှောင်ရယ်ရန်စရဲလေသလော။
ဝုန်း
လက်ကြီးတစ်ဖက်သည် နဂါးလက်သည်းအဖြစ် ပြောင်းလဲသွားပြီး ဆန့်ထွက်လာသည်။ ပါဝင်လာသော အကန့်အသတ်မဲ့စွမ်းအားမှာ ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖိကြိတ်ချေမွှပစ်တော့မည့်မလား။
“ငါ့ဆရာသခင် ဒီမှာရှိနေတာကို မင်းမာနကြီးရဲသေးလား" လီဝူကျယ်သည် ကျောနောက်တွင် ဆက်ပုန်းနေရင်း အားရပါးရအော်ဟစ်သည်။
“ဟူး” တပည့်သူရဲကောင်းမှ သူ့ကျောနောက်တွင်ကပ်ပုန်းရင်း တစ်ဖက်ရန်သူကိုဆွပေးနေသည်အားမြင်သော် ယဲ့ကျွင်းလင် ပြောစရာစကားမရှိစွာ သက်ပြင်းသာချမိရသည်။
သူ ဘာပြောရမှန်း မသိသော်လည်း သေချာသည်မှာတော့ လုံအော်ထျန်းကို ရန်ဆွပေးခြင်းသည် သူ့ကိုလည်း အကျိုးပြုမည့်အချက်ပင်။
လုံအော်ထျန်း၏ ဒေါသတကြီး တိုက်ခိုက်လာသောကြောင့် ယဲ့ကျွင်းလင်၏နောက်တွင် ကပ်ပုန်းနေသော လီဝူကျယ်သည်လည်း နဂါးလက်သည်း၏ တိုက်ခိုက်မှုဖြင့် လွှမ်းခြုံခံလိုက်ရတော့သည်။
စနစ်သည်လည်း အလိုအလျောက်စွမ်းအားမြှင့်သော လုပ်ဆောင်ချက်ကို အသက်ဝင်စေရတော့မည်ပင်။
သို့သော် ယဲ့ကျွင်းလင် မမျှော်လင့်ထားသည်မှာ စနစ်တုံ့ပြန်မှုက ရုတ်တရတ်ဆန်ဆန် နှေးကွေးသွားခဲ့ခြင်းပင်။
မဖြစ်နိုင်တာ စနစ်များပျက်သွားတာလား။
အတွေးများရှုပ်ထွေးနေစဥ် ယဲ့ကျွင်းလင် လက်တစ်ဖက်ကို မတတ်သာစွာမြှောက်ကာ ထိုးနှက်လိုက်ရသည်။ သူ့လက်သီးက ဧရာမ အနက်ရောင်နှင့်ရွှေရောင်စပ် နဂါးလက်သည်းကြီးဖြင့် ထိခတ်မိလိုက်ရ၏။
ဝုန်း
ကျယ်ပြန့်သော စွမ်းအင်စီးကြောင်းများ ပျံ့နှံ့ထွက်ပေါ်လာပြီး ပတ်ပတ်လည်ရှိ မသေမျိုးတောင်ထိပ်များ ကြံ့ကြံ့မခံနိုင်တော့သကဲ့သို့ တုန်လှုပ်သွားသည်။
“အရမ်း အားကောင်းတာပဲ” ကျန်းထျန်းမင်နှင့် အခြားသူများမှာ ဦးရေပြားများ ထုံကျဥ်အေးခဲလျက် တိုက်ပွဲကိုချောင်းမြောင်းကြည့်နေရင်း ရင်တဒိတ်ဒိတ်တုန်နေရသည်။
တစ်ချိန်တည်းမှာပင် သတင်းကြား၍ အဖွဲ့နှင့်အတူ အလျင်အမြန်ရောက်လာသော ချင်းလျန်ဓားမသေမျိုးသည် လုံအော်ထျန်းစတင်လှုပ်ရှားလိုက်သည်ကို မြင်လိုက်သည်နှင့် အထိတ်တလန့် ထအော်လိုက်သည်။
“အဲ့ဒါသူပဲ"