← Chapters

အခန်း (၆၁၅)

Vol. 44 Ch. 615

အခန်း (၆၁၅)

Vol. 44 Ch. 615

ချင်းလျန်ဓားမသေမျိုးသည် ရှေးခေတ်အချိန်က ဩဇာကြီးမားသူများစွာနှင့် ခင်မင်ခဲ့သူ ဖြစ်သောကြောင့် တစ်ဖက်လူ၏ ပုံပန်းသဏ္ဌာန်ကိုလည်း တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် မှတ်မိနိုင်သည်ပင်။

သူတို့ကြားမှ မတော်တဆ တွေ့ဆုံမှုတစ်ခုကိုပင် သတိရမိသည်။ ချင်းလျန်ဓားမသေမျိုး လုံအော်ထျန်း၏ အဆင့်အတန်းကို မြင့်မြတ်မြင့်မားလှသည်ဟု သတ်မှတ်ထားခဲ့သဖြင့် ထိုသူနှင့် မိတ်ဆွေဖွဲ့ရင်းနှီးရန် ဆန္ဒရှိခဲ့သည်ပင်။ မမျှော်လင့်ဘဲ တစ်ဖက်လူက သူ့ကို လုံးဝ လျစ်လျူရှုသွားခဲ့သည်။ ဦးညွှန်ဂါရဝပြုမှုကိုပင် အသိအမှတ်မပြုဘဲ ဖြတ်လျှောက်သွားခဲ့ဟန်မှာ လူတိုင်းကို အထင်သေးသော မာန်မာနထောင်လွှားမှုကို သိသိသာသာ ဖော်ပြနေခဲ့လျက်။

ထိုအချိန်က ချင်းလျန်ဓားမသေမျိုးသည် အထွတ်အထိပ်အချိန်တွင် ရှိနေခဲ့ရာ ထိုသို့သော မလေးမစားမှုကို မည်သို့မျှသည်းမခံနိုင်ခဲ့ပေ။ ထို့ကြောင့် ဓားကိုချက်ချင်းဆွဲထုတ်လျက် ရန်ပြုမည်ပြင်၏။

သို့သော် ဓားတစ်ဝက်မျှ ဆွဲထုတ်လိုက်မိသည်နှင့် ရုတ်တရတ် အန္တရာယ်ကြိုတင်ခံစားမှုအာရုံက သူ့ကို အကြီးအကျယ် သတိပေးလာခဲ့သည်။ အကယ်၍ ထိုလူရှေ့ ဓားဆွဲထုတ်ကာ ရမ်းကားမိပါက စိတ်ကူးပင်မယဥ်နိုင်သော ပြစ်ချက်ဆိုးကျိုးများကို ခံစားရလေမည်ဟု?

ချင်းလျန်ဓားမသေမျိုးသည် သူ၏ ကြည်လင်သော ဓားနှလုံးသားနှင့် ထက်မြက်သော အလိုလိုသိစိတ်ကို အမြဲယုံကြည်ခဲ့သည်ပင်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ အလိုလိုသိစိတ် ပေါ်လာသည့်အခါတိုင်း ပြိုင်ဘက်မှာ သူမယှဥ်နိုင်လောက်အောင် အားကောင်းနေသည်ကို အမြဲကြုံတွေ့ခဲ့ရ၍ပင်။

ထို့ကြောင့် ချင်းလျန်ဓားမသေမျိုး အားမတန်မာန်လျှော့ ဒေါသကို မျိုချလိုက်ရသည်။ ထိုပုံရိပ် တဖြည်းဖြည်း အဝေးသို့ရောက်ကာ မှေးမှိန်ပျောက်ကွယ်သွားသည်အား ဘာမှမတတ်နိုင်ဘဲ ထိုင်ကြည့်နေလိုက်ရသည်။ မကြာမီတွင် သူသည် လုံအော်ထျန်းဆိုသူမှ မသေမျိုးသူတော်စင်တစ်ပါးကို သတ်ဖြတ်ခဲ့သော ဒဏ္ဍာရီလာအောင်မြင်မှုအကြောင်း ကြားသိခဲ့ရ၏။ ထိုသတင်းကို ကြားလျှင်ကြားချင်း သူ့ကျောပြင်တွင် ချွေးများစိမ့်ထွက်လာကာ ထိုအချိန်က ဓားမထုတ်ခဲ့မိသည်ကို သူ့ကိုယ်သူ ကျေးဇူးတင်မိသည်။

ယခု၊

ကြာရှည်သော အချိန်ကာလများစွာ ကုန်လွန်ပြီးနောက်။

ဤကြောက်မက်ဖွယ် နဂါးမျိုးနွယ် စွမ်းအားရှင်ကို ထပ်မံတွေ့ရှိရသောအခါ ချင်းလျန်ဓားမသေမျိုး၏ နှလုံးသားမှာ ခံစားချက်ပေါင်းစုံ လျှံထွက်လာခဲ့သည်။ ထိတ်လန့်မှု၊ အံ့အားသင့်မှုနှင့် ပြင်းထန်သော စိုးရိမ်ပူပန်မှု တို့ဖြင့်။

တစ်ဖက်လူ၏ ခွန်အားသည် ထိုအချိန်ကထက်ပင် ပို၍ ကြီးမားနေသည်ကို သူခံစားမိသည်။

ထိုအချိန်တွင်၊

နဂါးလက်သည်းကြီးမှာ ဓာတ်လိုက်သွားသည့်အလား အနောက်သို့ တွန့်ခနဲဆုတ်ဆိုင်းသွားခဲ့၏။

အနည်းငယ် တုန်ယင်နေသော လက်ဖဝါးနှင့် ထုံကျင်နေသည့် ခံစားမှုကို သတိထားမိလိုက်သောအခါ လုံအော်ထျန်း၏မျက်နှာမှာ တမုဟုတ်ချင်း တင်းမာသွားခဲ့သည်။

ဤပျက်စီးယိုယွင်းနေသော ပုရွက်ဆိတ်အုပ်အတွင်းမှာ မည်သူက သူ့လက်ကို ထိုမျှခံစားရအောင် ခုခံနိုင်သနည်း။

သူထုတ်သုံးလိုက်သော နဂါးလက်သည်းတိုက်ကွက်သည် အနည်းဆုံး မသေမျိုးဧကရာဇ်များ၏ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ခုခံနိုင်စွမ်းမရှိစွာ ပွဲချင်းပြီးသေဆုံးသွားနိုင်ချေရှိကြောင်း သူတစ်ဦးတည်းသာ ကောင်‌ကောင်းသိထား၏။

ဒါကို တိုက်ရိုက်တားဆီးလိုက်တာ ဘယ်သူ့လက်လဲ။

“ဆရာသခင် အင်အားကြီးမားပါပေသည်” အနောက်တွင် ပုန်းနေသော လီဝူကျယ်က ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်လိုက်သည်။

“ပါးစပ်ပိတ်” ယဲ့ကျွင်းလင်က စိတ်ပျက်လက်ပျက် ဆိုသည်။

တိုက်ကွက်တစ်ကွက် ဖလှယ်အပြီးတွင် လုံအော်ထျန်း၏ ကျင့်ကြံဆင့်သည် မသေမျိုးဧကရာဇ် တတိယကောင်းကင်တွင် ရှိနေကြောင်း သူသဘောပေါက်လိုက်ရသည်။ သူ့ထက်မမြင့်သောကြောင့် စနစ်က မတုံ့ပြန်ခဲ့ခြင်းပင်။

သို့သော် ထို ထိုးချက်တစ်ချက်သည် နျိုပါ့ထျန်းကို တစ်ခါတည်း အမဲကြိတ်သားဖြစ်သွားအောင် စွမ်းဆောင်နိုင်လိမ့်မည်။

“မင်းကဘယ်သူလဲ”

လုံအော်ထျန်းသည် အံ့အားသင့်မှုနှင့်အတူ စိုးရိမ်ပူပန်မှုပါ အနည်းငယ်ရောယှက်နေသော အကြည့်ဖြင့် သူ့အရှေ့မှ နုနုဖတ်ဖတ် ဆံဖြူလူငယ်လေးကို အသံနက်ကြီးဖြင့် မေးလိုက်သည်။

ယဲ့ကျွင်းလင်က လက်များကိုနောက်ပစ်ရပ်ရင်း လှောင်ရယ်သည်။ “ဟဲဟဲ၊ မင်းပဲငါ့ကိုလာရှာတာမဟုတ်ဘူလား။ ငါဘယ်သူလဲ မေးနေသေးတယ်"

ဤစကားကို ကြားသောအခါ၊

လုံအော်ထျန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံကြိတ်သံဖြင့် တစ်လုံးချင်းရေရွတ်သည်။

“ယဲ့ ကျွင်း လင်”

တစ်ဖက်လူမှ ထိုမျှကြီးမားသော ခွန်အားပိုင်ဆိုင်နေရခြင်းမှာ အံ့သြစရာမရှိတော့? သူသည် လက်ရှိ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်နေသည်ပင်။ သူ့ဘက်မှ ဦးတည်ရည်ရွယ်ထားသော အဓိကပြိုင်ဘက်ဆိုလည်းမမှား။

သို့သော် တစ်ဖက်လူသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေမည်ဟု ထင်မထားခဲ့။ အသိသာကြီးပင် နာမည်ကျော်ချင်ရုံသက်သက် လိမ်စားနေသော လူညံ့မဟုတ်ခဲ့။

“မင်းက ခွင့်ပြုချက်မတောင်းဘဲ ငါ့နယ်မြေထဲကို ကျူးကျော်ဝင်ရောက်တယ်၊ ငါ့တပည့်ကိုပါ တိုက်ခိုက်တယ်။ ငါ့ကို တမင်သက်သက်ဆန့်ကျင်ဖို့ ကြိုးစားနေတာလား၊ မဟုတ်ရင်တော့ ကျိုးကြောင်းဆီလျော်တဲ့အကြောင်းပြချက် ပေးဖို့လိုလိမ့်မယ်” ယဲ့ကျွင်းလင်၏ လေသံက ပို၍အေးစက်လာသည်။

သူ၏မျက်လုံးများတွင်လည်း အထင်အမြင်သေးမှု အရိပ်အမြွက် ပါဝင်နေသည်။

တစ်ဖက်လူမှာ သူ့အတွက်အကျိုးအမြတ်ယူလာပေးသော လက်ဆောင်ထုပ်ဖြစ်လိမ့်မည်ဟု ထင်ထားသော်ငြား ကျင့်ကြံဆင့်က သူ့ထက်ပင်နိမ့်ပါးနေခဲ့သည်လေ။ ဘာလို့များ တက်တက်ကြွကြွ ကြိုဆိုနေရမှာတဲ့လဲ။

ကျေးဇူးတင်စရာလည်းမရှိဘူး၊ စိတ်လည်းမဝင်စားဘူး။

ချင်းလျန်ဓားမသေမျိုးသည် ယဲ့ကျွင်းလင်၏စကားကို ရင်တုန်တုန်ဖြင့်နားထောင်ရင်း တံတွေးတစ်ချက် ဂလုခနဲမျိုချမိသည်။ “ဒီလောကမှာ ခေါင်းဆောင်ယဲ့တစ်ဦးတည်းသာ လုံအော်ထျန်းလို ကြမ်းတမ်းတဲ့ကောင်နဲ့ ဒီလိုစကားပြောရဲတာပဲ"

“မင်းဘာပြောလိုက်တာလဲ”

လုံအော်ထျန်း၏ မျက်လုံးများမှ အေးစက်သော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ သူ၏ဆံပင်နက်နက်တို့သည် လေမတိုက်ဘဲ လှုပ်ရှားယိမ်းနွဲ့ကာ ယှက်နွယ်နေသော အနီရောင်လျှပ်စီးများက လေဟာနယ်ကိုဆုတ်ဖြဲလျက် သူ့ကိုဝန်းရံကာဆီးလာသည်။

သူ့နောက်တွင် ရွှေရောင်လင်းသော မသေမျိုးစက်ဝန်းကြီးတစ်ခု ပေါ်ထွက်လာသည်။

ချက်ချင်းဆိုသလို ထိုမသေမျိုးစက်ဝန်းသည် သူတို့မျက်စိရှေ့တွင် ဆယ်ကြိမ် လှည့်ပတ်သွားလေသည်။

ဝုန်း

ကောင်းကင်နှင့်မြေကြီး အရောင်ပြောင်းသွားပြီး နေနှင့်လမှာ အလင်းရောင်မကျန်သည်အထိ မှိန်ဖျော့ကုန်ကြ၏။

သာမန် မသေမျိုးဧကရာဇ်တစ်သိန်း စုစုပေါင်း၏၏ စွမ်းအားသည် လုံအော်ထျန်း၏ကိုယ်တွင်းမှ တိုးထွက်လာကာ သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်ကြမ်းတမ်းသော ဖိနှိပ်မှုအရှိန်အဝါသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ လွတ်ထွက်လာပြီး ပတ်ဝန်းကျင် အရပ်မျက်နှာအားလုံးကို လွှမ်းခြုံလိုက်သည်။

ဘေးပတ်ပတ်လည်ရှိလူများ အသက်ရှူကြပ်ရုံမျှမက နှလုံးသားများကိုပင် ဆုပ်ညှစ်ခံထားရသလို ခံစားလိုက်ရပြီး အကုန်ကြောက်လန့်စိုးထိတ်ကုန်ကြသည်။

“ဒါ ဒါက ဒဏ္ဍာရီလာ ဆယ်ပတ်လည် မသေမျိုးစက်ဝန်းပဲ” ချင်းလျန်ဓားမသေမျိုးတို့ ရှေးဟောင်းစွမ်းအားရှင်တစ်စု လွန်စွာထိတ်လန့်သွားရသည်။ မျက်စိဖြင့် ကိုယ်တွေ့မမြင်ရလျှင် ယုံနိုင်မည်ပင်မဟုတ်။

ကိုးပတ်လည် မသေမျိုးစက်ဝန်းသည်ပင် မသေမျိုးဧကရာဇ်တစ်ဦး၏ အဆုံးစွန်သော လုပ်နိုင်စွမ်းဟု သတ်မှတ်ခဲ့ကြသည်။ ဤပုဂ္ဂိုလ်ကား အဆုံးစွန်သောလမ်းကို မည်သို့ဖောက်ထွက်ကျော်ဖြတ်ခဲ့လေသနည်း။

သမိုင်းတစ်လျှောက် ဤစွမ်းအားအဆင့်ကို အောင်မြင်ခဲ့သော သတ္တဝါအရေအတွက်သည် မသေမျိုးသူတော်စင်အဆင့်သို့ တက်လှမ်းခဲ့သူများထက်ပင် ရှားပါးသေးသည်။

ဤအရှိန်အဝါကို ခံစားမိသောအခါ ကောင်းပုလီသည် အရိုးဆက်မလျက်နိုင်တော့ဘဲ ပြူးကျယ်နေသောမျက်လုံးများဖြင့် တအံ့တသြလှမ်းကြည့်ပြီး ရေရွတ်မိလိုက်၏။

“ဆယ်ပတ်လည် မသေမျိုးစက်ဝန်း၊ ဒါက ပြိုင်ဘက်ကင်း မသေမျိုးဧကရာဇ်တစ်ဦးရဲ့ သင်္ကေတပဲ။ ဒီကလေးမှာ စကြဝဠာသခင်ဖြစ်လာနိုင်မဲ့ အလားအလာရှိနေတယ်။"

All Chapters