ကောင်းကင်ကိုးထပ်အလယ်က ပြိုင်ဘက်ကင်းတိုက်ပွဲ
Vol. 44 Ch. 616
သတင်းအချက်အလက် အလွန်စုံလင်သော ကောင်းပုလီပင်လျှင် လုံအော်ထျန်း၏ အောင်မြင်မှုကို မြင်လိုက်ရချိန်၌ ကြက်သေသေအံ့သြသွားခဲ့ရသည်။
ဆယ်ပတ်လည် မသေမျိုးစက်ဝန်း၏ စစ်မှန်သော တန်ဖိုးကို သူကောင်းကောင်းသိသည်။ ၎င်း၏ခက်ခဲမှုသည် မသေမျိုးသူတော်စင် အဆင့်သို့ ဖြတ်ကျော်ခြင်းထက်ပင် ကျော်လွန်ကြောင်း သူနားလည်သည်။
နတ်ဆိုးကဲ့သို့ တိုက်ခိုက်သတ်ဖြတ်လိုစိတ်ပြင်းပြသော သတ္တဝါများသာလျှင် မသေမျိုးဧကရာဇ်အဆင့်၏ အဆုံးစွန်ဆီသို့ ဖြတ်ကျော်နိုင်ပေလိမ့်မည်။
မျက်စိရှေ့မှ ထိုသတ္တဝါကား ကြောက်ခမန်းလိလိ အားကောင်းသည်။
“ဆယ်ပတ်လည် မသေမျိုးစက်ဝန်း၊ ဟုတ်လား” ယဲ့ကျွင်းလင်၏ မျက်လုံးများက စိတ်ဝင်စားမှုပြင်းပြလာဟန်ဖြင့် တလက်လက်တောက်ပလာသည်။
ယခုအချိန်တွင် သူ၏ မသေမျိုးစက်ဝန်းသည် ပထမတစ်ပတ်လည်တွင်သာ ရှိသေးသည်။ သို့သော် ၎င်းသည် သူ၏ခွန်အားကို အဟန့်အတားမဖြစ်စေခဲ့ပါ။
အဘယ်ကြောင့်ဆိုသော် သူ့၌ အားကိုးစရာ နည်းလမ်းများစွာ ရှိနေသေးသောကြောင့်ဖြစ်သည်။ မသေမျိုးစက်ဝန်းကို အသုံးမပြုလျှင်တောင်မှ အဆင့်တူကျင့်ကြံသူတိုင်းကို သူကောင်းကောင်းလွှမ်းမိုးနေနိုင်ဆဲပင်။
ယခု လုံအော်ထျန်း ထုတ်ပြလိုက်သော ဆယ်ပတ်လည် မသေမျိုးစက်ဝန်းကို မြင်သောအခါ ထိုစွမ်းအားအဟုန်၏ ခြိမ်းခြောက်နိုင်စွမ်းသည် ယဲ့ကျွင်းလင်ကို ရုတ်တရက် စိတ်ဝင်စားလာစေ၏။ ထိုဒဏ္ဍာရီလာအဆင့်၏ စွမ်းအားကို သူစမ်းသပ်ချင်လာသည်။
“မင်းတို့ ပုရွက်ဆိတ်တွေ တုန်လှုပ်ကြစမ်း"
သူ့ပတ်ဝန်းကျင်မှ မနားတမ်းထွက်ပေါ်လာသော အာမေဋိတ်သံများကို နားထောင်ရင်း လုံအော်ထျန်း၏ အမူအရာသည် မာန်မာနဖြင့်ဝင့်ထည်နေတာ အတွင်းစိတ်ထဲမှ အလွန်ကျေနပ်ပီတိဖြစ်လျက်ရှိ၏။
လူတိုင်း၏ တုံ့ပြန်မှုများမှာ သူမျှော်မှန်းစိတ်ကူးထားခဲ့သည့်အတိုင်းဟု တွေးတော့မည့်ဆဲဆဲ၊
နောက်တစ်စက္ကန့်တွင် လူသားတို့အပေါ် အထင်အမြင်သေးစွာ ဝေ့ဝဲစစ်ဆေးနေသော သူ့အကြည့်သည် ယဲ့ကျွင်းလင်အပေါ်သို့ ကျရောက်လာသည်။ တစ်ဖက်လူ၏ တည်ငြိမ်အေးဆေးစွာ အကဲဖြတ်နေဟန် ပုံစံကို မြင်သောအခါ လုံအော်ထျန်းမျက်မှောင်ကြုတ်မိသည်။ သူစိတ်နည်းနည်းရှုပ်သွားရ၏။
ဒီကောင် တမင်သက်သက် တည်ငြိမ်ဟန်ဆောင်နေတာလား။
ဟုတ်တယ်၊ အဲ့ဒီလိုပဲဖြစ်လိမ့်မယ်။ အတွင်းစိတ်ထဲမှာတော့ ကြောက်လွန်းလို့ သေလုနီးပါးဖြစ်နေလောက်ပြီ။
ထိုသို့တွေးလိုက်မိသောအခါမှ လုံအော်ထျန်း၏ မျက်ခုံးများ ပြေလျော့သွားသည်။ ထို့နောက် လှောင်ပြောင်သရော်သံဖြင့် ဆိုသည်။ “မင်း၊ ယဲ့မျိုးရိုးနဲ့လူ၊ မင်းခုနက ငါ့ကို ဖြေရှင်းချက်ပေးစေချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား"
“ဘယ်လောက် ရယ်စရာကောင်းလိုက်တဲ့ ဟာသလဲ"
“ငါ လုံအော်ထျန်း ဒီဘဝမှာ စိတ်ကြိုက်နေထိုင်ဖို့ ပြန်လည်ရှင်သန်လာတာ၊ မင်းလိုကောင်ကို ဘာကိစ္စရှင်းပြနေရမှာလဲ"
ခမ်းနားသောအသံသည် ကောင်းကင်ထက်မှ မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တလွှားတွင် ကြာရှည်စွာ ပဲ့တင်ထပ်နေသည်။ ထိုအသံအတွင်းမှာ သြဇာကြီးမားသော အရှိန်အဝါကို လူတိုင်းခံစားမိလိုက်ကြပြီး စိတ်နှလုံးတို့ အားငယ်တုန်လှုပ်သွားရ၏။
လုံအော်ထျန်း၏ ဆံပင်နက်နက်များက ရိုင်းစိုင်းစွာ လွင့်ပျံလျက် သူ၏မျက်လုံးများက တောက်ပစွာ လင်းလက်နေသည်။ ကိုယ်ခန္ဓာမှ သဘာဝအလျောက် ထုတ်လွှတ်နေသော ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါနိုင်သည့် ကြောက်မက်ဖွယ်အရှိန်အဝါသည် သူ့ခေါင်းအထက်ရှိ နေနှင့်လကိုပင် သူ့ကိုမူတည်၍ လည်ပတ်နေစေသကဲ့သို့။
ပြောရမည်ဆိုလျှင် ဤကမ္ဘာ၏ အထက်အောင် ကောင်းကင်နှင့်မြေကြီးတွင် သူတစ်ဦးသာလျှင် အမြင့်ဆုံးဘုရင်ဖြစ်၏။
"မိုက်တယ်ဟေ့"
အင်အားအပြည့် ကြွေးကြော်သံကိုနားထောင်ရင်း စန်းလန်ကျွင်း၏ သွေးများ ဆူပွက်လာကာ လက်ခုပ်တီးအားပေးလိုက်မိသည်။
“ဟမ်”
လူတိုင်း သူ့ကို မယုံသင်္ကာ လှည့်ကြည့်လာကြသည်။
“အဘိုးကြီး၊ ခင်ဗျားက ဘယ်ဖက်ကလဲ” လီဝူကျယ်သည် စန်းလန်ကျွင်း၏နံဘေးသို့ လျှပ်တပြက်ရောက်ရှိသွားကာ ဓားရှည်ကိုဆွဲထုတ်လျက် တစ်ဖက်လူ၏လည်ပင်းထက်တေ့ထားရင်း အံကြိတ်သံဖြင့်မေးလိုက်သည်။
စန်းလန်ကျွင်းမှာ သူ့အမှားသူ ယခုမှသဘောပေါက်မိဟန်ရှိကာ ကျောပြင်ထက် ချွေးများစိမ့်ကျလာသည်။
ထို့နောက် ငိုချတော့မတတ်မျက်နှာဖြင့် အလျင်အမြန်ရှင်းပြလာသည်။
“မဟုတ်ပါဘူး၊ နားလည်မှုမလွဲပါနဲ့၊ ငါနည်းနည်းစိတ်ယိုင်သွားမိလို့ပါ။ ငါ့ကိုယ်ပိုင်ရပ်တည်ချက်ကတော့ အရမ်းကိုရှင်းလင်းပါတယ်ကွာ”
လီဝူကျယ်သည် ထိုသနားစဖွယ်ရှင်းပြချက်ကို နားထောင်ရန်စိတ်ကူးမရှိ။ သူ တစ်ဖက်သို့လှည့်၍ ယဲ့ကျွင်းလင်ကိုလှမ်းကြည့်ကာ အလေးအနက်မေးသည်။ “ဆရာသခင်၊ ဒီလို သစ္စာဖောက်ကို ကျွန်တော်ဘာလုပ်လိုက်သင့်လဲ"
“ထားလိုက်စမ်းပါ" ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းပြီး စိတ်မဝင်စားဟန်ဖြင့်ပြောသည်။
“အဘိုးကြီး၊ နောက်တစ်ခါကျရင် ပါးစပ်ကထွက်မဲ့စကားကို သေချာဆန်းစစ်” လီဝူကျယ်က စူးစူးဝါးဝါး စိုက်ကြည့်ရင်း သတိပေးသည်။
ဓားသွားမြမြ သူ၏လည်ပင်းမှ ထွက်ခွာသွားသည်ကို ခံစားရသောအခါမှ စန်းလန်ကျွင်းသက်ပြင်းချနိုင်ကာ မျက်နှာချိုသွေးလျက်ဆိုသည်။
“နောက်တစ်ခါမဖြစ်စေရပါဘူးဗျာ"
ထိုအချိန်တွင်၊
လုံအော်ထျန်း၏ လေတစ်လုံးမိုးတစ်လုံးဖြင့် ပစ်ပေါက်ခံနေရသောယဲ့ကျွင်းလင်က ခေါင်းကိုဖြည်းဖြည်းခါသည်။ “ငါ့ရှေ့မှာ ကြွားလုံးထုတ်ဖို့ မင်းကိုဘယ်သူကခွင့်ပြုပေးလိုက်တာလဲ"
ထိုသို့ပြောရင်း လူက လျှပ်တပြက် ရှေ့သို့တိုးသွားကာ လုံအော်ထျန်းကို လက်သီးဖြင့် တည့်တည့်ကြီးထိုးချလိုက်သည်။
ထိုလက်သီးသည် ရွှေရောင်အလင်းဖြင့် ဖုံးလွှမ်းနေကာ အရောင်အဝါမှာ နေမင်းကြီးကဲ့သို့ တောက်ပသည်။ ကြောက်မက်ဖွယ်စွမ်းအား နှင့် ပြိုင်ဘက်ကင်းတိုက်ခိုက်လိုစိတ်များ ပါဝင်နေသော တိုက်ကွက်တစ်ခုပင်။
“အချိန်ကိုက်ပဲ”
လုံအော်ထျန်းက အော်ဟစ်ကြွေးကြော်လိုက်ပြီး သူ့မျက်လုံးများက တိုက်ခိုက်လိုစိတ်ဖြင့် မီးပွင့်တော့မတတ် တောက်ပလာသည်။
ဤအခွင့်အရေးကို အရယူ၍ ယဲ့ကျွင်းလင်ကို အပြီးအပြတ်နှိမ်နင်းကာ မသေမျိုးတာအိုမဟာမိတ်၏ ခေါင်းဆောင်အသစ်နေရာကို သိမ်းပိုက်ရမည်။
ဝှစ်ခနဲဆိုသလိုပင် သူ၏လက်ဖဝါးသည် နဂါးလက်သည်းအဖြစ် ပြောင်းလဲသွားပြီး အလျှံတငြီးငြီးမီးတောက်များဖြင့် ဖုံးလွှမ်းလာကာ တစ်ဖက်လူ၏လက်သီးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
ဝုန်းခနဲ အသံများပေါက်ကွဲထွက်လာသည်။
တိုက်ကွက်နှစ်ခု တေ့ဆုံရာမှာ ပေါက်ကွဲမှုသည် ကမ္ဘာကို တုန်လှုပ်စေလျက် ကြီးမားသော မှိုပုံသဏ္ဌာန်ဖုန်လုံးကြီးက ကောင်းကင်သို့တိုင် မြင့်တက်သွားခဲ့၏။
“ဟင်" ယဲ့ကျွင်းလင် မျက်ခုံးပင့်မိသည်။ တစ်ဖက်လူ၏လက်ဝါးက အံ့အားသင့်ဖွယ်ပင် သူ့လက်သီးကို ပိတ်ဆို့နိုင်ခဲ့လေသည်။
အကယ်၍ သူ့နေရာတွင် အခြား မသေမျိုးဧကရာဇ်တစ်ပါးဆိုလျှင် ချက်ချင်းမသေလျှင်တောင်မှ သေလုမြောပါးဒဏ်ရာရလျက် ခြေခိုင်ခိုင်မရပ်နိုင်တော့ဘဲရှိမည်။ အစောကဖုန်လုံးကြီးနှင့် အတူပေါက်ကွဲလွင့်ပါသွားခြင်းလည်း ဖြစ်နိုင်၏။
သို့သော် လုံအော်ထျန်းအမည်ရှိ ဤနဂါးတစ်ပိုင်းလူသားတွင်ကား သာမန်မဟုတ်သောလှည့်ကွက်များ ပိုင်ဆိုင်ထားဟန်တူသည်။
ယဲ့ကျွင်းလင် မသိသည်မှာ လုံအော်ထျန်းက သူ့ထက်ပို၍ ထိတ်လန့်နေရခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ခုနက လက်သီးချက်သည် သူ့ကို သွေးအန်လုနီးပါး ထိခိုက်စေခဲ့သောကြောင့်။
“ငါ့မှာ ဆယ်ပတ်လည် မသေမျိုးစက်ဝန်းရဲ့ ကောင်းချီးပေးမှုနဲ့ စွမ်းအားရှိတယ်၊ ငါ လုံးဝ မရှုံးနိုင်ဘူး။ ဒါ..ဒါပေမဲ့ ဟိုလူက သူ့မသေမျိုးစက်ဝန်းကိုတောင် ထုတ်မသုံးသေးဘဲတိုက်နေတာပဲ"
လုံအော်ထျန်း မြင့်တက်လာသောထိတ်လန့်မှုကို ဖိနှိပ်ကာ စိတ်နှင့်ခန္ဓာကို တည်ငြိမ်အောင် ပြန်လည်ညှိယူပြီး ဆက်လက်တိုက်ခိုက်ဖို့ပြင်သည်။
ဝှစ် ဝှစ် ဝှစ်
သူ၏ပုံသဏ္ဌာန် ကြိုတင်ခန့်မှန်းမရနိုင်စွာ တစ်ခုပြီးတစ်ခု ပြောင်းလဲလာသည်။ အမြင်နှင့်ပင် ဖမ်းဆုပ်ဖို့ခက်ခဲသည့် အလှည့်အပြောင်းများဖြင့် ထွက်ပေါ်လာသောအရှိန်အဝါသည်ကား အလွန်နူညံ့သိမ်မွေ့ကာ မှော်ဆန်သည်။
၎င်းသည် ထိပ်တန်းအဆင့် နဂါးမျိုးနွယ်၏ လှုပ်ရှားမှုကျင့်စဥ်၊ နဝမကောင်းကင် နဂါးခြေလှမ်း။
ရုတ်တရက် ပြင်းထန်သော အရေခွံဆုတ်ဖြဲသံများ လေထုထဲမှ ထွက်ပေါ်လာ၏။
ထို့နောက် သိပ်သည်းလွှမ်းမိုးသော နဂါးလက်သည်းတိုက်ကွက်များ တရစပ်ပေါက်ကွဲထွက်လာသည်။ ၎င်းတို့၏အရှိန်အဟုန်သည် အရိပ်အယောင်မပြဘဲ တိုက်ခတ်လာသော ပင်လယ်ပြင်မှမုန်တိုင်းအလား ပြင်းထန်ကာ ရန်သူအား အသက်ရှူပေါက်ပင်မပေးလိုစွာ ပိတ်ဆို့ညှပ်တိုက်သည်။
အားကောင်းသော ထိုးစစ်သည် ထိပ်တန်းကျင့်စဥ်လှုပ်ရှားမှုနှင့် ပေါင်းစပ်လိုက်ချိန်တွင် အပြစ်အနာအဆာကင်းစွာ အားကောင်းလျက်ရှိ၏။
“စိတ်ဝင်စားစရာပဲ” ယဲ့ကျွင်းလင်သည် အနည်းငယ်မျှပင် မထိတ်လန့်မိစွာ အလွယ်တကူ ကိုင်တွယ်ဖြေရှင်းသည်။
ဝုန်း ဝုန်း ဝုန်း
ရွှေရောင်လက်သီးအလင်းများ ပျံသန်းထွက်ပေါ်လာသည်နှင့် တစ်ဖက်မှ နဂါးလက်သည်းတိုက်ကွက်များနှင့် ထိပ်တိုက်ဆုံကာ လေထုထဲတွင် ကြီးစွာသောပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လေတော့၏။
နှစ်ဖက်စလုံး အားမလျှော့စတမ်း အပြန်အလှန် ထိုးသတ်တိုက်ခိုက်ကြသည်။