← Chapters

အခန်း (၆၁၇)

Vol. 44 Ch. 617

အခန်း (၆၁၇)

Vol. 44 Ch. 617

“စစ်မှန်သောနဂါးတိုက်ပွဲ ကျင့်စဥ်"

လုံအော်ထျန်းမှာ ဒေါသအလိပ်လိုက်ထွက်ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ကျယ်ပြန့်၍ ရှေးဦးဆန်သော ရိုင်းစိုင်းကြမ်းတမ်းပါသည့် နဂါးမျိုးရင်းအရှိန်အဝါများကို ထုတ်လွှတ်လာသည်။ တိုက်ကွက်များမှာ တမုဟုတ်ချင်း အဆရာပေါင်းများစွာ ပို၍ အားကောင်းလာကာ ထိုသူ၏လက်သီးချက်နှင့် ကန်ချက်များက လေထုထဲတွင်ပင် ပုံပျက်နေသော တွင်းနက်ကြီးများဖြစ်ပေါ်စေ၏။

ရန်သူ၏ဖိအား ရုတ်တရက်တိုးလာသည်ကို ခံစားရသော်လည်း ယဲ့ကျွင်းလင်မှာ တည်ငြိမ်မှုအခြေမပျက်ရုံသာမက ပို၍ပင် စိတ်လှုပ်ရှားလာသည်။

သူ၏ ကြာမြင့်စွာ အပျင်းတစ်နေသော ခန္ဓာကြွက်သားများ ဆန့်ထွက်ကြီးထွားလာသည်ကို ခံစားမိကာ သူ၏ခန္ဓာကိုယ်တွင် ပတ်လည်စီးဆင်းနေသော သွေးများမှာ မီးတောင်ချော်ရည်ကဲ့သို့ ပွက်ပွက်ဆူလာသည်။

“ဟုတ်ပြီ၊ ဒီခံစားချက်ပဲ၊ ကြာရှည်စွာ ပျောက်ဆုံးနေခဲ့တဲ့ ဒီခံစားချက်”

ယဲ့ကျွင်းလင်၏ စိတ်ခံစားချက်များ အတိုင်းအဆမဲ့လှုပ်ခတ်လာကာ ရှည်လျားဖြောင့်စင်းသော ဆီးနှင်းဖြူရောင် ဆံပင်များသည်လည်း အရိုင်းဆန်စွာ ကခုန်လွင့်ပျံလျက်။ ရွှေချည်ထိုး အနက်ရောင်ဝတ်ရုံမှာ လေတိုးသံဖြင့် တရွှမ်းရွှမ်းမြည်နေခဲ့သည်။

“သေလိုက်စမ်း ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လုံအော်ထျန်းမှာ တိုက်ပွဲပိုကြာလေ သူ၏နှလုံးသား ပို၍တုန်ယင်လာလေဖြစ်ပြီး စိတ်ဖိစီးမှုဖြင့် ဦးရေပြားတို့ထုံကျင်လာသည်။ မျက်စိရှေ့ရှိ လူပုံသဏ္ဌာန်စင်စစ်ဖြင့် လူသားစစ်မှန်ပါသော လူငယ်လေးသည် သူ့ထက်ပို၍ နတ်ဆိုးဆန်နေကြောင်း သဘောပေါက်သိရှိလာရ၏။

သိထားရမည့်တစ်ချက်မှာ သူသည် ဧကရာဇ်အဆင့်အတန်း သန့်စင်မြင့်မြတ်ပါသော နဂါးမျိုးနွယ်ဝင် ဖြစ်သည်။ နဂါးမျိုးနွယ်တို့၏သမိုင်းတွင် အရှားပါးဆုံး အသန်မာဆုံး မျိုးစပ်သွေးနှောတစ်ကောင်လည်းဖြစ်သည်။

အနီးကပ်တိုက်ခိုက်မှုတွင် မသေမျိုးဧကရာဇ်အဆင့်ရှိသော မည်သည့်သတ္တဝါမှ သူ့လက်ဝါးတစ်ချက်စာကို ခံနိုင်ရည်မရှိ။ ဖုန်မှုန့်အဖြစ် ကွဲလွင့်ထွက်သွားစမြဲသာ။

ထို့ပြင် လက်ရှိအချိန်တွင် သူသည် ဆယ်ပတ်လည် မသေမျိုးစက်ဝန်း၏ စွမ်းအားမြှင့်တင်မှုကိုလည်း ရရှိထားသည်။ ထို့ကြောင့် ကျင့်ကြံရေးလောက၏ ယုတ္တိအကျဆုံးအယူအဆအရ ကောက်ချက်ချရမည်ဆိုလျှင် သူ၏တိုက်ရည်ခိုက်ရည်သည် ဤကမ္ဘာတွင် ပြိုင်ဘက်ကင်းသင့်နေလေပြီ။

သို့သော် မျက်စိရှေ့မှရန်သူသည် သူ့တိုက်ကွက်များကို ပိတ်ဆို့နိုင်ရုံသာမက ဤမျှအတိုင်းအတာအထိ သူ့ကို တန်ပြန်တိုက်ခိုက်နိုင်နေသည်။ ဤအခြေအနေကား မကြုံစဖူး အံ့ဖွယ်တစ်ရပ်ဟု ဆိုရမည်ပင်။

“ကောင်းတယ်၊ အရမ်းအားကောင်းတာပဲ...”

နံ‌ဘေးမှ ပွဲကြည့်နေသော ချင်းလျန်ဓားမသေမျိုး၏ အသက်ရှူသံသည် ဖားဖိုကဲ့သို့ ပြင်းပြမြန်ဆန်လာကာ မျက်စိသူငယ်အိမ်များပင် စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေသည်။ လက်ထဲရှိဓားကိုပင် မြဲမြဲမကိုင်နိုင်တော့ဟန်။

ဤကာလအတွင်း သူ၏ကျင့်ကြံမှုသည် မသေမျိုးဧကရာဇ်အဆင့်သို့ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ပိုမိုပြည့်စုံစွာ လေ့လာနိုင်ခဲ့သောသော ချင်းလျန်ဓားကျင့်စဥ်ဖြင့် မသေမျိုးဧကရာဇ် စွမ်းအားရှင်များ ကြားတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်ခံရမည့် အခြေအနေဖြစ်သည်။

သို့သော် ပြိုင်ဘက်ကင်းနှစ်ဦး၏ တိုက်ပွဲကို သူ၏မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ရပြီးနောက် ချင်းလျန်ဓားမသေမျိုးမှာ ထင်ယောင်ထင်မှား ဝိုးတဝါးအတွေးဝင်မိသည်။ အကယ်၍ သူသာ ထိုတိုက်ပွဲကြားသို့ ပစ်ချခံလိုက်ရပါက တစ်စက္ကန့်ပင် မခံနိုင်လောက်စွာ စိစိညက်ညက်ကြေကုန်လိမ့်မည်ဟု။

“ဘယ်သူနိုင်မယ်လို့ မင်းတို့ထင်လဲ”

“မေးဖို့တောင် လိုသေးလား။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ယဲ့ပဲ နိုင်ရမှာပေါ့"

“ဟုတ်တယ်၊ နဂါးမျိုးနွယ် အရမ်းအားကောင်းပေမယ့် ကျွန်တော်တို့ကတော့ ခေါင်း‌ဆောင်ယဲ့နိုင်မယ်လို့ပဲတွေးတယ်"

"လုပ်ထား ခေါင်းဆောင်ယဲ့၊ အဲ့နဂါးစုတ်ကို အနိုင်ယူပစ်လိုက်"

လုံအော်ထျန်းနှင့် ယဲ့ကျွင်းလင်တို့၏ တိုက်ပွဲသည် ရွှယ်ထျန်းသူတော်စင်နယ်မြေတစ်ခုလုံး၏ အာရုံစိုက်ရာ ဖြစ်ရုံသာမက ထိုက်ရွှမ်းပြည်နယ်တခွင်လုံး၏ အာရုံစိုက်ရာလည်း ဖြစ်နေသည်။

ရေတွက်မရနိုင်သောလူများ ဝိုင်းအုံလာကာ ဒဏ္ဍာရီလာတိုက်ပွဲကို သူတို့မျက်လုံးဖြင့် ရိုက်ကူးမှတ်တမ်းတင်နေသည့်အလား အသက်ပင်ရဲရဲမရှူဝံ့စွာ ငေးမောနေကြသည်။

ထိုသူများထဲတွင် ဒေသခံ ဂိုဏ်းခေါင်းဆောင်တစ်ဦးက စားပွဲကိုရိုက်ချကာ အံကြိတ်သံဖြင့်အော်သည်။

“ကျက်သရေမရှိလိုက်တာ၊ ဘာအံ့မခန်းနဂါးမျိုးနွယ်လည်း၊ တိရိစ္ဆာန်ကတိရိစ္ဆာန်ပဲ။ ငါတို့ ခေါင်းဆောင်ယဲ့ကိုများ ဒုက္ခပေးရဲတယ်‌ပေါ့လေ၊ ဂိုဏ်းသားများ အမိန့်နာခံကြ၊ ငါတို့ဒေါသကို ဖြေဖျောက်ဖို့ ဒီညတည်းခိုခန်းမှာ နဂါးအဆင့်ဝန်ဆောင်မှုကိုမှာယူကြမယ် ကြားလား"

“ဂိုဏ်းချုပ်က ဉာဏ်ပညာကြီးမားလှပါပေတယ်"

လက်အောက်ခံဂိုဏ်းသားများ လက်မြှောက်၍ ဝမ်းသာအားရ အော်ဟစ်ကြသည်။

ဝုန်း ဝုန်း ဝုန်း

တိုက်ပွဲသည် တဖြည်းဖြည်း ပြင်းထန်သောအဆင့်သို့ ရောက်ရှိလာသည်။

ထိုပုံသဏ္ဌာန်နှစ်ခုသည် ကောင်းကင်ကိုးထပ်အမြင့်သို့ တဖြည်းဖြည်းတက်ကာ တိုက်ခိုက်ကြသည်။ ပြင်းထန်သော စွမ်းအင်စီးကြောင်းများ မွှေနှောက်ရောယှက်ကာ မိုင်ပေါင်းများစွာကျယ်ဝန်းသော ကောင်းကင်အထပ်အလွှာများကို ဖျက်ဆီးဆုတ်ဖြဲဖို့ ကြိုးစားနေသည်မှာ ကြောက်မက်ဖွယ်မြင်ကွင်းသာပင်။

တိုက်ပွဲတစ်လျှောက်လုံးတွင် ယဲ့ကျွင်းလင်သည် မြင့်မြတ်သန့်စင်သော အရိုးခန္ဓာ၊ မသေဆုံးနိုင်သော အရှင်သခင် ခန္ဓာကျင့်စဥ်၊ တိုက်ပွဲသူတော်စင်လက်သီးနှင့် နဝမအဆင့်သော မသေမျိုးစွမ်းအားတို့၏ ပေါင်းစပ်အားဖြည့်မှုဖြင့် တိုက်ပွဲတွင် အရေးမနိမ့်စေခဲ့။ သို့သော် တိုက်ခိုက်စမ်းသပ်နေသည့် တစ်လျှောက်လုံးတွင် ဆယ်ပတ်လည် မသေမျိုးစက်ဝန်း၏ ကြောက်မက်ဖွယ် သဘောသဘာဝကို ပိုမို ရှင်းလင်းစွာ နားလည်သဘောပေါက်လာခဲ့သည်။

စနစ်၏ ရှင်းလင်းပြောပြမှုအရ ဆယ်ပတ်လည် မသေမျိုးစက်ဝန်းသည် သာမန် မသေမျိုးဧကရာဇ် တစ်သိန်း၏ ပေါင်းစပ်ထားသော စွမ်းအားနှင့် ညီမျှသည်။

ဆိုလိုသည်မှာ တစ်နည်းအားဖြင့် သူသည် မသေမျိုးဧကရာဇ် တစ်သိန်းကို တစ်ဦးတည်းအားဖြင့် တိုက်ခိုက်နေရခြင်းပင်?

ထိုထက်မကပါ။ အဘယ်ကြောင့်ဆိုသော် ဤကျယ်ပြန့်သော စွမ်းအားသည် အရေအတွက်သာမက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကိုလည်း ရယူထားသေးသောကြောင့် မသေမျိုးဧကရာဇ်တစ်သိန်းပေါင်းစွမ်းအားထက် ပို၍အဆင့်မြင့်သည်ဟု ဆိုရပေမည်။

ထို့ပြင် ပြိုင်ဘက်သည် နဂါးမျိုးနွယ်၏ အဆိပ်အပြင်းဆုံး မျိုးစပ်သွေးနှောဖြစ်သည်။ အနီးကပ်တိုက်ပွဲများတွင် အငြင်းပွားဖွယ်မရှိ ဘုရင်ဟုခံယူထားကြသော စွမ်းအားရှင်ဖြစ်သည်။ ယဲ့ကျွင်းလင်သည် လူသားမျိုးနွယ် ကျင့်ကြံသူတစ်ဦးအနေဖြင့် တစ်ဖက်လူအား ဤမျှအချိန်ဆွဲယှဥ်ပြိုင်နိုင်နေခြင်းသည်ကား အများသူငှာ၏အမြင်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ပုံရိပ်ဖြစ်တည်နေခဲ့လေသည်။

“လုံအော်ထျန်းက အရင်ကျင့်ကြံဆင့်ကို ပြန်မရောက်သေးဘူးပဲ...” ကောင်းပုလီ လက်ထဲရှိအရိုးကြီးကို အသာချကာ လေးနက်စွာရေရွတ်သည်။

ရိုးရိုးသားသားပြောရလျှင် ယဲ့ကျွင်းလင်သာ ပေါ်ပေါက်မလာခဲ့ပါက သူသည် လုံအော်ထျန်းကို ကောင်းကင်တာအို၏ ချစ်သားမျက်ရှုအဖြစ် သတ်မှတ်တွေးထင်မိလိမ့်မည်။ ခွင်းလွင်ကမ္ဘာ၏အနာဂတ်ကို ထိုနဂါးလူသား၏လက်တွင်အပ်နှံကာ နောက်လိုက်အဖြစ် သစ္စာခံထမ်းရွက်မိပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ရှေးခေတ်ကတည်းက စတင်လာသော လုံအော်ထျန်း၏ အတွေ့အကြုံများသည် အံ့ချီးဖွယ်ဒဏ္ဍာရီများဖြင့်သာ ပြည့်နှက်နေကာ အရှုံးမရှိသော တာအိုလမ်းစဥ်ကိုသာ မော်ကြွားစွာလျှောက်လှမ်းခဲ့သူဖြစ်၏။

ထို့ကြောင့် ခွင်းလွင်၏ခေတ်သစ်တွင် လုံအော်ထျန်းပြန်ပေါ်လာပါက အငြင်းပွားဖွယ်မရှိ ပြိုင်ဘက်ကင်းဘုရင်သာဖြစ်လိမ့်မည်ဟု သူတွက်ဆခဲ့သည်။

ကံမကောင်းစွာဖြင့် သူ၏တွက်ဆမှုကို ချိုးဖျက်ကျော်လွန်သူတစ်ဦး ပေါ်ထွက်လာခဲ့သည်။

ကောင်းပုလီ၏ မျက်လုံးထဲတွင် ယဲ့ကျွင်းလင်သည် ထူးဆန်းသော သတ္တဝါဖြစ်သည်။ ထိုသူသည် မသေမျိုးဧကရာဇ် မဖြစ်မီကပင် ဒဏ္ဍာရီလာ နဝမအဆင့်မသေမျိုးစွမ်းအား အရည်အသွေးကို ပိုင်ဆိုင်ထားသည်။ သူ့အတွက်တော့ မကြုံစဖူးသော‌ လောကအမြင်သစ်တစ်ခုပင်။

ထို့ကြောင့် ကောင်းပုလီသည် ယဲ့ကျွင်းလင်သည်သာ ခွင်းလွင်ကမ္ဘာ၏အနာဂတ်အတွက် အားကိုးမှီခိုထိုက်သော ခေါင်းဆောင်အစစ်ဖြစ်ကြောင်း ယုံကြည်လက်ခံခဲ့လိုက်၏။

“ငါ လုံအော်ထျန်း၊ မရှုံးနိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး”

လုံအော်ထျန်း၏ စိတ်ခံစားချက်များ ထိန်းမနိုင်သိမ်းမရပေါက်ကွဲလျက် ဒေါသမီးတောက်လို့နေသည်။

ဆယ်ပတ်လည် မသေမျိုးစက်ဝန်း၏ ကောင်းချီးပေးမှု အောက်တွင်ပင် ဤလူသားမျိုးနွယ်ကို သူမနိုင်နိုင်သေးချေ။ ရှက်ဖွယ်လိလိအခြေအနေပင်။ အမှန်ကိုဆိုရလျှင် သူတစ်ပန်းရှုံးနေပြီသာဖြစ်၏။

ဒုတ် ဒုတ် ဒုတ် ဒုတ်...

လုံအော်ထျန်း၏ နှလုံးသားသည် ဗုံတီးသကဲ့သို့ ခုန်လှုပ်နေကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ နဂါးသွေးများမှာ ချော်ရည်ကဲ့သို့ ဆူပွက်နေလျက် ‌ရွှေရောင်မှိုင်းသော နဂါးချီစွမ်းအင်များက သူ့ပတ်ပတ်လည်တွင် လွှမ်းခြုံလျက်ရှိသည်။

ခမ်းနားအေးစက်သော မျက်လုံးများမှ တောက်ပသော အလင်းတန်းနှစ်ခု ထွက်ပေါ်လာကာ လေဟာနယ်ကိုဖြဲဆုတ်လိုက်ချိန်တွင် စူးရှအက်ကွဲသော နဂါးဟောက်သံတစ်ခုလည်း ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာတော့၏။

“ဝေါင်း...."

အဆုံးမဲ့ဒေါသဖြင့် ပြည့်နှက်နေသော နဂါးဟောက်သံသည် တိမ်တိုက်များကို ထိုးဖောက်ကာ ကမ္ဘာတစ်ခုလုံးကို အခြေပျက်တုန်လှုပ်စေသည်။

၎င်းသည် ထိပ်တန်းအဆင့် မွေးရာပါ နတ်ဘုရားစွမ်းအင် နဂါးသွေးဆူပွက်ခြင်းကို အသက်သွင်းလိုက်ခြင်းသာ။

တိုက်ပွဲအရှိန်တက်နေသော အခြေအနေတွင် သူ ဒေါသထွက်လေ စွမ်းအားပိုတက်လေဖြစ်သည်။ လက်ရှိအချိန်တွင် လုံအော်ထျန်း၏ ဒေါသအမှတ်သည်ကား ၁၀၀အပြည့်တွင်ရှိ၏။

မသေမျိုးသူတော်စင်တစ်ပါးကိုပင် ဆုပ်ချေသတ်ဖြတ်နိုင်သည့် နဂါးဒေါသ။

စာစဉ်ပြီး၏

All Chapters